← Chapters

ဆန္ဒ

Vol. 42 Ch. 619

ဆန္ဒ

Vol. 42 Ch. 619

ဧည့်ခန်းရှိ မီးအလင်းရောင်သည် အဝါနုရောင် စားပွဲခင်းပေါ်သို့ ကျရောက်နေ၏။ ယင်းသည် အိမ်တစ်လုံး၏ နွေးထွေးမှုကို အပြည့်အဝ ပေးစွမ်းနေလေသည်။ ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်သံများ ထွက်ပေါ်နေ၏။

“မိုးသည်းညလူသတ်သမား ပြန်လည်ထွက်ပေါ်လာခြင်း၊ ကျွန်တော်တို့မြို့တော်ရဲ့ မြို့ဟောင်းအပိုင်းမှာ တတိယမြောက် လူသတ်မှုဖြစ်ပွားခြင်း”

“ရဲတပ်ဖွဲ့က သံသယရှိသူကို ဝိုင်းဝန်းပိတ်ဆို့ထားပါပြီ၊ မိဘပြည်သူများအနေနဲ့ ထိတ်လန့်ခြောက်ခြားခြင်းမရှိကြဖို့ အကြံပြုပါတယ်၊ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို သေသေချာချာ ပိတ်ထားကြပါ၊ ညဘက် အပြင်မထွက်ကြပါနဲ့”

မုန်တိုင်းသည် ပြတင်းပေါက်များကို ရိုက်ခတ်နေပြီး အပြင်ဘက်တွင် လေပြင်းများ တဟူးဟူးတဝူးဝူး တိုက်ခတ်နေသည်။ သို့သော် ကောင်းမင်မှာမူ အတွင်းဘက်ရှိ နွေးထွေးမှုထဲတွင် နစ်မြုပ်နေလေသည်။ သူသည် အလင်းရောင်အောက်တွင် ရေချိုးနေသကဲ့သို့ ခံစားနေရသည်။ သူသည် သူနှင့်ရင်းနှီးလှသော အိမ်ကို လေ့လာကြည့်ရှုနေမိသည်။ မှတ်ဉာဏ်များသည် ပဟေဠိအပိုင်းအစများကဲ့သို့ နေရာတကျ ဖြစ်သွားတော့သည်။

သူ၏လက်ချောင်းများသည် အသံလုံအောင် ပြုလုပ်ထားသော နံရံများကို အသာအယာ ပွတ်သပ်လိုက်သည်။ သူ့အကြည့်များက ဧရာမရေခဲသေတ္တာကြီးဆီသို့ ရောက်ရှိသွား၏။ သူသည် ခြေလှမ်းပြင်၍ မီးဖိုချောင်လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ ဆာရန်ထုတ်အိတ်ခွံများသည် စဉ်းတီတုံး ပတ်ပတ်လည်တွင် ပျံ့ကျဲနေ၏။ စင်အောက်တွင်မူ အသားများကို အပုပ်မြန်စေရန် ပြုလုပ်ထားသော အပူပေးစက်များ ရှိနေသည်။

ဤအိမ်သည် လျိုယီ၏အိမ်နှင့် မတူပေ။ ၎င်းတို့၏ အနှစ်သာရမှာ ကွဲပြားခြားနားလှသည်။

“အိမ်ပြန်လာပါပြီ၊ အိမ်မှာ လူရှိကြလား”

တုံ့ပြန်မှုမျှ မရှိပေ။ အသံလုံအောင် ပြုလုပ်ထားသဖြင့် ကောင်းမင်သည် သူ့ကိုယ်ပိုင်အသံ၏ ပဲ့တင်သံကိုပင် မကြားရပေ။ သူသည် တစ်အိမ်လုံးကို ပတ်ကြည့်သော်လည်း မည်သူ့ကိုမျှ ရှာမတွေ့သောကြောင့် နောက်ဆုံးတွင် ထမင်းစားပွဲတွင် ထိုင်လိုက်သည်။ ပူနွေးသော အစားအစာများ မရှိသော်လည်း ကိတ်မုန့်တစ်လုံး ရှိနေသည်။

“ပြန်ရောက်ပါပြီ… အိမ်မှာ လူရှိကြလား”

သွေးနီရောင်ဖယောင်းတိုင်များကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ ၎င်းတို့၏ အနံ့မှာ အလွန်မွှေးကြိုင်လှသည်။ ကောင်းမင်သည် ၎င်းတို့ကို လှမ်းယူရန် ကြိုးစားသော်လည်း စားပွဲ၏ မညီညာမှုကြောင့် ဖယောင်းတိုင်များသည် သူ့ထံမှ လွတ်ထွက်သွားပြီး သူ့အား ရှောင်တိမ်းနေသကဲ့သို့ လိမ့်ထွက်သွားကြသည်။

ဖယောင်းတိုင်များ ကြမ်းပြင်ပေါ်သို့ မကျစေရန် ကောင်းမင် ထရပ်လိုက်ပြီး သူနှင့်အဝေးဆုံးရှိ အနီရောင်ဖယောင်းတိုင်ကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်သီးကို တင်းကျပ်လိုက်ရာ ဖယောင်းတိုင်မှာ ပိုမိုနီရဲလာ၏။ အသားနံ့ ပျံ့နှံ့သွားသည်။ ကောင်းမင်သည် ဖြေးညှင်းစွာ မျက်လုံးမှေးလိုက်၏။ သူသည် ထိုဖယောင်းတိုင်ကို ကိတ်မုန့်ပေါ်တွင် တင်လိုက်သည်။

ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းအတွင်း၌မူ သားစားကြူးနတ်ဘုရားသည် သွေးမြို့တော် တက်တူးများဖြင့် ဖုံးလွှမ်းနေ၏။ သူ၏လက်ရှစ်ဖက်သည် အနီရောင်အဆောက်အဦးများကို ထိန်းချုပ်ထားသည်။ ကျိနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသော ဘီလူးကြီးသည် ကောင်းမင်နှင့် အဝေးဆုံးတွင် ရှိနေသည်။ သူတို့၏ မခိုင်မာသော မဟာမိတ်အဖွဲ့သည် အားနည်းချက် ဖြစ်လာသည်။ အခြေအနေများ ပြောင်းလဲသွားသည်ကို သိသွားသောအခါ သူတို့သည် ထွက်ပြေးရန် ကြံစည်ကြတော့သည်။ ထိုဘီလူးကြီးသည် အပိုင်းပိုင်းကွဲထွက်သွားပြီး ကျိနတ်ဘုရားများသည် နေရာအနှံ့အပြားသို့ ထွက်ပြေးကြတော့သည်။

သားစားကြူးနတ်ဘုရားသည် အနီရောင်အဆောက်အဦးများနှင့်အတူ လက်ဆန့်လိုက်သည်။ ထိုကျိနတ်ဘုရားများကို မြေအောက်ခန်းတစ်ခုအတွင်း ပိတ်လှောင်လိုက်သည်။ သူသည် တစ်ဖက်လူကို သတ်ဖြတ်ရန် မလိုအပ်ပေ။ သူတို့ကို ကောင်းမင်၏ နှလုံးသားနှင့် နှိပ်စက်ခန်းထဲသို့ ဆွဲခေါ်ရန်သာ လိုအပ်ခြင်း ဖြစ်သည်။ ယုံကြည်မှု စွမ်းအားသည် သွေးနီရောင်မြို့တော်ကို အိပ်မက်ချိုးဖျက်မြို့၌ ပြန်လည် မွေးဖွားလာစေခဲ့သည်။ တက်တူးသည် သားစားကြူးနတ်ဘုရားနှင့် ပေါင်းစည်းသွားပြီး အလွန်ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ သူ၏ဟိန်းဟောက်သံများသည် ကောင်းကင်ဘုံတံခါးကို တုန်ခါစေပြီး ညကောင်းကင်ယံကို ကြေမွသွားစေ၏။ အခြားသော လက်များကလည်း ကျန်ရှိနေသော နတ်ဘုရားသရဲများနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။

မှေးမှိန်နေသော ဝိညာဉ်ဘုရားကျောင်းနှင့် ဒဏ်ရာအပြင်းအထန်ရထားသော မြွေနက်ကြီးအပါအဝင် ၎င်းတို့အားလုံးသည် များစွာသော သရဲများနှင့်ကျန်းမင်လီတို့၏ အကူအညီဖြင့် ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ထိုးထည့်ခံလိုက်ရသည်။

မှတ်ဉာဏ်ပင်လယ်ထဲတွင် ကောင်းမင်သည် စားပွဲတွင် တစ်ကိုယ်တည်း ထိုင်နေရင်း ဖယောင်းတိုင်များကို ကိတ်မုန့်ပေါ်တွင် တဖြည်းဖြည်း တင်နေလေသည်။ သူ မီးသီးအားလုံးကို ပိတ်လိုက်သည်။ မီးဖိုချောင်ထဲသို့ဝင်၍ မီးခြစ်ကိုရှာကာ ဖယောင်းတိုင် ၁၈ တိုင်စလုံးကို ထွန်းညှိလိုက်၏။

သားစားကြူးနတ်ဘုရားသည် အိပ်မက်ချိုးဖျက်မြို့ရှိ တစ္ဆေမီးတောက်များကို ဖိနှိပ်နိုင်သည့်အထိ ဆက်တိုက် ပြန့်ကားလာသည်။ အဆုံးမဲ့သော ညကား ဆင်းသက်လာချေပြီ။ သူ့ခန္ဓာကိုယ်ပေါ်မှ သွေးများသည် ညှင်းပန်းနှိပ်စက်ခန်းဆီသို့ တဟုန်ထိုး စီးဝင်သွားသည်။ တိတ်ဆိတ်နေသော အသားမီးဖိုကြီးက ညည်းတွားသံ ပေးလာသည်။ ဝိညာဉ်မီးတောက်များက အကြီးအကျယ် တောက်လောင်လာတော့သည်။

ကောင်းမင်သည် မွေးနေ့ကိတ်ရှေ့တွင် လက်ဖဝါးနှစ်ဖက်ကို ပူး၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။

မီးဖိုကြီးအတွင်း၌မူ နတ်ဘုရားသရဲများသည် အရည်ကျိုခံနေရစဉ်အတွင်း ငိုကြွေးအော်ဟစ်နေကြလေသည်။ ထိုကြေကွဲဖွယ် မြင်ကွင်းကြောင့် ကျန်းမင်လီမှာ မျက်နှာလွှဲလိုက်ရသည်။ သူသည် ဘာမှမပြောဘဲ သက်ပြင်းသာ ချလိုက်သည်။

“ငါ ဒီနေရာကို မှတ်မိပြီ ၊ ငါအားလုံး မှတ်မိပြီ”

ကောင်းမင်က ဖြည်းဖြည်းချင်း ဆို၏။ ထိုစကားလုံးများသည် သူ၏နှုတ်ခမ်းများမှ ခက်ခဲစွာ ထွက်ပေါ်လာပုံရသည်။

“ငါ ဒီနေရာကို အကြိမ်ပေါင်းများစွာ ပြန်လာခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါ့ဆန္ဒကတော့ အကြိမ်တိုင်း အတူတူပဲ”

ကောင်းမင်သည် ဤတစ်ကြိမ်တွင် သူ့ဆန္ဒကို ထုတ်မပြောခဲ့ပေ။ သားစားကြူးနတ်ဘုရားသည် ဝိညာဉ်ဘုရားကျောင်းရှိ နတ်ဘုရားသရဲများကို စိတ်ကြိုက် ပွဲတော်တည်နေ၏။

ဖယောင်းတိုင်များမှာ ဖြည်းညင်းစွာ လောင်ကျွမ်းသွားသည်။ မီးဖိုအတွင်းရှိ ကုန်ကြမ်းပစ္စည်းများသည်လည်း လုံးဝသန့်စင်ခံလိုက်ရပြီ ဖြစ်သည်။

ကောင်းမင်သည် သူ့ပုခုံးပေါ်သို့ လက်တစ်စုံ လာတင်သည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ သူ့အား ကြိုဆိုနေကြသော သူ၏မိဘပေါင်းများစွာကို တွေ့လိုက်ရလေသည်။သူတို့သည် သူပြန်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့သည် ဘယ်သောအခါကမှ ထွက်မသွားခဲ့ကြပေ။

“အမေ၊ အဖေ… ကျွန်တော် အိမ်ပြန်လာပြီ”

ကောင်းမင် သူ့မိဘများကို လက်ယမ်းပြလိုက်သည်။

သားစားကြူးနတ်ဘုရားသည် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။ သူသည် အိပ်မက်ချိုးဖျက်မြို့မှ လူတိုင်းကို ဝါးမြိုပြီးနောက် သတိမေ့မြောနေသော ကောင်းမင်ကို ငုံ့ကြည့်လိုက်၏။ လက်ရှစ်ဖက်က သူ့ခန္ဓာကိုယ်ကို ဆွဲဖြဲလိုက်သည်။သားစားကြူးနတ်ဘုရားသည် သူ့အသားနက်နက်ထဲတွင် ကောင်းမွန်စွာထိန်းသိမ်းထားသော လူသေပုံတူတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုပုံသည် အလွန်ဟောင်းနွမ်းနေပြီး ထူးဆန်းသော အကြောင်းအရာများ ပါဝင်နေသည်။ပုံသည် စားပွဲတွင်ထိုင်၍ ကောင်းမင် ကိတ်မုန့်စားနေသော ပုံဖြစ်သည်။သူ့အား မိဘများစွာက ဝန်းရံထားကြသည်။

ကိတ်မုန့်၊ ပရိဘောဂများနှင့် မိဘများသည် အဖြူအမည်းပုံများ ဖြစ်နေသော်လည်း ကောင်းမင် တစ်ယောက်တည်းသာ အရောင်များ ပါဝင်နေသည်။သားစားကြူးနတ်ဘုရားက လူသေဓာတ်ပုံကို ကောင်းမင်၏လက်ထဲသို့ ကမ်းပေးလိုက်၏။

မှတ်ဉာဏ်ပင်လယ်ထဲတွင် ကောင်းမင်သည် သူ့မိဘများကို ပွေ့ဖက်ရန် လက်များကို ဆန့်တန်းလိုက်ခြင်းဖြစ်သည်။ ဝိညာဉ်ဘုရားကျောင်းအတွင်းတွင်မူ သူသည် သားစားကြူးနတ်ဘုရားထံမှ ဓာတ်ပုံကို လက်ခံရယူလိုက်သည်။

ထိုအခိုက်အတန့်တွင် မှတ်ဉာဏ်အားလုံးသည် စက်ဝန်းတစ်ခု ပြည့်သွားခဲ့ပြီဖြစ်သည်။ အတိတ်အားလုံး ပြန်လည် ရောက်ရှိလာကြသည်။ ကောင်းမင်သည် နတ်ဘုရားရှေ့မှောက်တွင် လဲလျောင်းနေ၏။ သူမျက်လုံးများ ဖွင့်လိုက်သောအခါ ထိုဓာတ်ပုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော သူ့ကိုယ်သူ မြင်လိုက်ရသည်။ ဓာတ်ပုံ၏ နောက်ကျောရှိ သတိပေးချက်ရော၊ နှိုးဆော်ချက်ပါ ပါသည့် စာသားကို သူဖတ်ရှုလိုက်သည်။

“မိုးသည်းညလူသတ်သမား ပြန်လည်ထွက်ပေါ်လာခြင်း၊ ကျွန်တော်တို့မြို့တော်ရဲ့ မြို့ဟောင်းအပိုင်းမှာ တတိယမြောက် လူသတ်မှုဖြစ်ပွားခြင်း”

“ရဲတပ်ဖွဲ့က သံသယရှိသူကို ဝိုင်းဝန်းပိတ်ဆို့ထားပါပြီ၊ မိဘပြည်သူများအနေနဲ့ ထိတ်လန့်ခြောက်ခြားခြင်းမရှိကြဖို့ အကြံပြုပါတယ်၊ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို သေသေချာချာ ပိတ်ထားကြပါ၊ ညဘက် အပြင်မထွက်ကြပါနဲ့”

သူ၏မျက်လုံးထဲရှိ သူရဲဘောကြောင်မှုနှင့် ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားသည်။ ဖြူစင်မှုနှင့် ကြီးမြတ်မှုကို တောင့်တသော သူ့ဆန္ဒများက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။ ကောင်းမင်သည် လူသေဓာတ်ပုံအား တဒုန်းဒုန်းခုန်ပေါက်နေသော သူ့နှလုံးသားပေါ်သို့ တင်လိုက်သည်။

“ငါ… အရာအားလုံးကို မှတ်မိသွားပြီ”

ချိတ်ပိတ်မှု ဆွဲဖြဲပစ်လိုက်ပြီး အိပ်မက်ဆိုးကို လွှတ်ထုတ်လိုက်တော့သည်။ ၎င်းသည် နှိပ်စက်ခန်းနှင့် အိပ်မက်ချိုးဖျက်မြို့ကို ထိုးဖောက်သွား၏။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိလာပြီး သရဲအားလုံးကို ဝါးမြိုပြီးနောက် ပိုးအိမ်ထဲမှ ဖောက်ထွက်လာသလို အသွင်ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရသည်။

စုံစမ်းစစ်ဆေးရေးဌာနသည် ဟန်ဟိုင်းမြို့ရှိ သရဲများကို ၎င်းတို့၏ အန္တရာယ်ရှိမှုနူန်းဖြင့် အဆင့်လိုက် ခွဲခြားထားသည်။ ယင်းတို့သည် ‘သဘာဝလွန် ဖြစ်ရပ်များ’၊ ‘သရဲများ’၊ ‘သရဲနီများ’၊ ‘ကိုယ်ပိုင်အိပ်မက်ဆိုးရှိသော သရဲနီများ’ နှင့် နောက်ဆုံးတွင် ‘အိပ်မက်သရဲ’တို့ ဖြစ်ကြသည်။

သားစားကြူးနတ်ဘုရားသည် အိပ်မက်သရဲ ဖြစ်လာရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင် သေမင်းနူတ်ခမ်းမှ လွတ်မြောက်လာခဲ့ပြီးနောက် ပြန်လည်ပေါင်းစည်းသွားသော လူနှင့် သရဲတို့သည် နောက်ဆုံး ထိုအဆင့်အတန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် မသေဆေးကုမ္ပဏီမှ ထောက်ပံ့ထားသော ရင်းမြစ်များကို စားသုံးပြီး ကောင်းကင်ဘုံတံခါးကိုပါ သိမ်းပိုက်နိုင်ခဲ့ကြသည်။

ကောင်းမင်သည် သေဆုံးခဲ့ဖူးသော သူ့ဘဝများကို အသုံးပြု၍ သားစားကြူးနတ်ဘုရားအား ယုံကြည်မှု စွမ်းအားများ ပေးအပ်ခဲ့သည်။ သူ၏ သေဆုံးခြင်းများသည် လှေကားထစ်တစ်ခုစီ ဖြစ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် သားစားကြူးနတ်ဘုရား၏ နတ်ဘုရားပုံရိပ်ကို ကိုင်စွဲ၍ နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်လေတော့သည်။

All Chapters