← Chapters

၁၃

Vol. 42 Ch. 622

၁၃

Vol. 42 Ch. 622

“ကောင်းမင်လား”

သားစားကြူးနတ်ဘုရား ဘေးတွင် ရပ်နေသော ကောင်းမင်ကို မြင်လိုက်ရသောအခါ အစ်ကိုချုံသည် သူ့မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်သွားသည်။ယင်းသည် မသေဆေးကုမ္ပဏီ၏ ထောင်ချောက်တစ်ခုလားဟု သူသံသယဝင်မိသွားသည်။

“ဘယ်လိုလုပ် သူဖြစ်နေရတာလဲ”

မုတ်ဆိတ်နှင့်လူသည် စက္ကန့်ပိုင်းအလိုကပင် ကောင်းမင်အကြောင်း အတင်းပြောနေခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အသက်က ကောင်းမင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အခြားကစားသမားများလည်း နားမလည်နိုင် ဖြစ်နေကြသည်။ ကောင်းမင်တွင် လျှို့ဝှက်ချက်များစွာ ရှိသည်ဟုသာ သူတို့တွေးခဲ့ကြသော်လည်း ကောင်းမင်တစ်ယောက်တည်းနှင့် အိပ်မက်ချိုးဖျက်မြို့ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

“ဘော့စ်… ကျုပ်မှတ်မိသလောက်ဆိုရင် ခင်ဗျားက သူ့ကို ကျုပ်တို့မိတ်ဆွေကို ကယ်ခိုင်းရုံပဲလေ၊ ခင်ဗျားနဲ့သူနဲ့ သီးသန့်သဘောတူညီချက်များ ထားခဲ့သေးတာလား”

ထိပ်ပြောင်လူက သူကိုယ်သူ တော်သည်ဟု ထင်သော်လည်း အမှန်တကယ်ဘာဖြစ်နေသည်ကို မသိတော့ပေ။

အစ်ကိုချုံသည် နည်းလမ်းမျိုးစုံ ကြိုးစားကြည့်သော်လည်း ပုံရိပ်ယောင်ထဲမှ မနိုးထနိုင်ချေ။ သူသည် သူ့ကိုယ်သူ ကျိုးကြောင်းဆင်ခြင်နိုင်ရန် အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ဤအံ့အားသင့်စရာ မြင်ကွင်းမှ အမြန်ဆုံးရုန်းထွက်နိုင်ရန် ကြိုးစားလိုက်သည်။ နောက်တစ်စက္ကန့်တွင် ခန္ဓာကိုယ် ပြန်လည်ရရှိသွားသော ကျန်းမင်လီကို သူမြင်လိုက်ရသည်။

“ကျန်းမင်လီ”

“မဖြစ်နိုင်တာ။ ကျုပ်တို့က သူ့ကို ရှာဖို့ပဲ တာဝန်ပေးထားတာလေ ၊ မသေဆေးကုမ္ပဏီ လက်ထဲကနေ သူ့ကို ကယ်ထုတ်နိုင်ဖို့ မဖြစ်နိုင်ဘူး ၊ ကျုပ်တို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး”

တားမြစ်ဂိမ်းကစားသမား တစ်ဦးကလည်း ယင်းသည် ပုံရိပ်ယောင်ဖြစ်သည်ဟု ထင်နေဆဲပင်။ သူသည် သူ၏လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ပြီး ထွက်လာသော သွေးများကို အသုံးပြု၍ ကျိန်စာများကို ဖွဲ့စည်းလိုက်လိုက်သည်။

“မသေဆေးကုမ္ပဏီက ‘အိပ်မက်’ ရဲ့ အကြွင်းအကျန်တွေကို ခိုးသွားခဲ့တာ၊ သူတို့ရဲ့ စွမ်းအားက ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုသန်မာတယ်၊ ငါ ဒီမှာ နေခဲ့မယ်၊ ကျန်တဲ့သူတွေ အမြန်ပြေးကြတော့”

“ပြေးမလို့လား”

ကောင်းမင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ခင်ဗျားတို့ထဲက တစ်ယောက်မှထွက်သွားမှာ မဟုတ်ဘူး”

ကစားသမားများသည် ဧရာမ ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ တင်းကျပ်သွားကြသည်။ သို့သော်လည်း အရှိတရားမှာ ကျန်းမင်လီထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာပြီဖြစ်သည်။ ကောင်းမင် သူ့ကို မလိမ်ခဲ့ပေ။ အသားသစ်ပင်ကြီးသည် ဤနက်ရှိုင်းအဆင့် အိပ်မက်ဆိုးကို မှန်တင်ခုံမှတစ်ဆင့် မရဏအဆောက်အအုံနှင့် ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ သူတို့သည် မဟာမိတ်များသာ ဖြစ်ကြသည်။

“ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ”

ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် ကျန်းမင်လီသည် အိပ်မက်ချိုးဖျက်မြို့၏ ကျိန်စာများကို ဖြည်းဖြည်းချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။

“မင်းက ကမ္ဘာပေါ်မှာ အကြမ်းဆုံးဗီလိန်တစ်ယောက်လို ဝင်လာခဲ့ပြီး တကယ်တမ်းကျတော့ ငါ့ကိုကယ်ဖို့ လာခဲ့တာလား၊ ဘာလို့ ငါ့ကို စောစောမပြောခဲ့တာလဲ”

“ကျုပ်ပြောရင်ရော ခင်ဗျားယုံမှာမို့လို့လား”

ကောင်းမင်သည် တားမြစ်ဂိမ်းကစားသမားများကို ရှင်းပြနေရန် အစီအစဉ်မရှိပေ။ သူသည် သူတို့ကို ကျန်းမင်လီထံသို့သာ ပို့ဆောင်ပေးလိုက်သည်။

လူသေဓာတ်ပုံကို ကိုင်ဆောင်ထားရင်း ကောင်းမင်သည် သားစားကြူးနတ်ဘုရားရှေ့တွင် ထိုင်လိုက်ပြီး သူ၏မှတ်ဉာဏ်များကို လွန်ခဲ့သော ရက်များဆီသို့ ပြန်လည်လှည့်ပတ်လိုက်သည်။

“အဲ့ဒီ ဥမင်လိုဏ်ခေါင်း… အနက်ရောင်မြူခိုးတွေက ဟန်ဟိုင်းမြို့ကို ဖုံးလွှမ်းသွားခဲ့တယ်၊ ငါဟာ ကျောင်းသားတွေ အပြည့်ပါတဲ့ ကျောင်းကားတစ်စီးကို မောင်းခဲ့တယ်၊ အစွမ်းထက် သရဲတွေရဲ့ တိုက်ခိုက်တာ ခံရပြီးတော့ ငါက ဥမင်လိုဏ်ခေါင်းရဲ့ အခြားတစ်ဖက်ကို ရောက်သွားခဲ့တယ်”

သူ့လက်ဖမိုးပေါ်မှ သွေးကြောများမှာ ဖောင်းကြွလာသည်။ ကောင်းမင်သည် သူ့ကို တားဆီးရန် ကြိုးစားခဲ့သော မည်သည့် သရဲတစ်ကောင်ကိုမှ မေ့မပစ်ခဲ့ပေ။ သူသည် ၎င်းတို့၏ အသွင်အပြင်ကို သူ့နှလုံးသားထဲတွင် ထွင်းထုထားခဲ့သည်။ ရန်ငြိုးနှင့် မုန်းတီးမှုများ ကြီးထွားလာ၏။ သားစားကြူးနတ်ဘုရားသည် ၎င်းတို့နောက်သို့ လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ကောင်းမင်က တားဆီးလိုက်သည်။

“အခု အချိန်မကျသေးဘူး”

သားစားကြူးနတ်ဘုရားသည် အိပ်မက်သရဲတစ်ကောင် ဖြစ်လာပြီးနောက် သူသည် များစွာ လျှို့ဝှက်နည်းဗျူဟာများကို ရရှိခဲ့သည်။ မိနစ်အနည်းငယ်မျှ အပြန်အလှန် ဆက်သွယ်ရုံနှင့်ပင် ကောင်းမင် မှင်သက်သွားရသည်။ အိပ်မက်သရဲတစ်ကောင်၏ စွမ်းအားကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည်။သူတို့ကို သတ်ဖြတ်၍ မရနိုင်ပေ။

“အနီရောင်တစ္ဆေတွေဆိုတာ အစွန်းရောက်တဲ့ ရူးသွပ်မှုတွေပဲ ၊ အိပ်မက်သရဲတွေကတော့ အဲ့ဒီ အနီရောင်တစ္ဆေတွေကို အိပ်မက်ထဲမှာ ပိတ်လှောင်ပြီး အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်”

ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားသည် အနီရောင်မိုးကာအင်္ကျီကို ကြည့်လိုက်ကြသည်။ ကောင်းမင်သာ အလိုရှိပါက အနီရောင်မိုးကာအင်္ကျီ၏ သားဖြစ်သူကို သူမ၏ မှတ်ဉာဏ်ထဲမှ ဆွဲထုတ်ပြီး သူ့စွမ်းအားကို အသုံးပြု၍ သူမအား လှည့်စားနိုင်လေသည်။

“အနီရောင်တစ္ဆေတွေရဲ့ နိဂုံးကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ဖျက်ဆီးခြင်းပဲ ၊ နှိုင်းယှဉ်ကြည့်ရင်တော့ ရှင်းလုမြို့ရဲ့ မပြောသင့်သူတွေက စွမ်းအားအရ ပိုပြည့်စုံတယ် ၊ သူတို့က စွမ်းအားတင်မကဘဲ တခြားအရာတွေကိုလည်း တောင့်တကြတယ်”

ကောင်းမင်သည် ဖူရှူးထံမှ ထုတ်နူတ်ထားသော သတင်းအချက်အလက်များကို ပေါင်းစပ်ပြီး သားစားကြူးနတ်ဘုရားနှင့် မပြောသင့်သူများကို နှိုင်းယှဉ်ကြည့်လိုက်သည်။ ၎င်းတို့ကြားတွင် ကွဲပြားမှုတစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။

မပြောသင့်သူများ တည်ရှိနေခြင်းကို လူတိုင်းသိကြသော်လည်း မည်သူမျှ ထုတ်မပြောရဲကြပေ။ စွမ်းအားစစ်စစ်ဖြင့် တိုင်းတာရလျှင် အိပ်မက်သရဲများသည် အားအနည်းဆုံး ဖြစ်သင့်သော်လည်း သူတို့တွင် နားလည်ရခက်ပြီး ခန့်မှန်းရခက်သော စွမ်းအားများ ရှိနေသည်။ သူတို့သည် ယဇ်ပလ္လင်များ သို့မဟုတ် စွဲလမ်းမှုများ မလိုအပ်ပေ။ သူတို့သည် စည်းမျဉ်းများကို အလွယ်တကူ ခြယ်လှယ်ထိန်းချုပ်နိုင်ပြီး အိပ်မက်ကို အရှိတရားအဖြစ် ပြောင်းလဲပစ်နိုင်သည်။ အရာအားလုံးကို အတွေးတစ်ချက်တည်းဖြင့် ပြောင်းလဲပစ်နိုင်ခြင်း ဖြစ်သည်။

“အစွန်းရောက်ဆုံး အနီရောင်တစ္ဆေတွေတောင် သူတို့ရဲ့ နှလုံးသားကို မစွန့်လွှတ်နိုင်ကြဘူး၊ အဲ့ဒါက သူတို့စွမ်းအားရဲ့ အရင်းအမြစ်ဖြစ်သလို အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်တယ် ၊ သူတို့ရဲ့ နှလုံးသားကို ဖျက်ဆီးလိုက်ရင် သူတို့ရဲ့ စွဲလမ်းမှုတွေလည်း ပျက်စီးသွားလိမ့်မယ်၊ မပြောသင့်သူတွေမှာတော့ ယဇ်ပလ္လင်တွေ အများအပြာား ရှိတယ်၊ အဲ့ဒီပလ္လင်တွေ သိမ်းပိုက်ခံလိုက်ရရင် သူတို့ဟာ မေ့လျော့ခံရပြီး ပျောက်ကွယ်သွားလိမ့်မယ် ၊ အိပ်မက်သရဲတွေကတော့ မတူညီတဲ့ အိပ်မက်တွေကြားထဲမှာ ပုန်းကွယ်နေတတ်ကြတယ်၊ သူတို့ဟာ ဘယ်တော့မှ ကိုယ်ထင်မပြဘဲ အိပ်မက်ဆိုးတွေကို ထိန်းချုပ်ရင်းနဲ့ပဲ တိုက်ခိုက်တတ်ကြတယ်”

ကောင်းမင် စဉ်းစားမိသမျှထဲတွင် အိပ်မက်သရဲတစ်ကောင်ကို သတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသရဲအခြေပြုထားသော သွေးနီရောင်မြို့တော်ကို အမြစ်ပြတ်ချေမှုန်းပစ်ရန်သာ ဖြစ်သည်။ အန္တရာယ်ကို အမြစ်မှနေ၍ ဆွဲနူတ်ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ သို့သော်လည်း သားစားကြူးနတ်ဘုရား လုပ်ဆောင်ခဲ့သည့် အရာများအရ သွေးနီရောင်မြို့တော် ပျက်စီးသွားသည့်တိုင် သူတို့သည် အတိတ်နှင့် အနာဂတ်ကို ခြယ်လှယ်နိုင်ပြီး အချိန်အက်ကွဲကြောင်းများကြားတွင် ပုန်းကွယ်နိုင်ကြသည်။

“ကျောင်းအုပ်ဆရာမကြီး ယန်ရှီကျီးက ကျောင်းသားတွေအပေါ် အရမ်း ဂရုစိုက်လွန်းတယ်၊ အဲ့ဒါက သူရဲ့ အားနည်းချက်ပဲ၊ သူဟာ အိပ်မက်သရဲတစ်ကောင်ရဲ့ အဆုံးစွန်စွမ်းအားကို ဘယ်တုန်းကမှ အသုံးမချခဲ့ဘူး”

ကောင်းမင် ဆက်လက် စဉ်းစားနေစဉ် သားစားကြူးနတ်ဘုရားက ထပ်မံ မစောင့်ဆိုင်းနိုင်တော့ပေ။ သူသည် သူ၏စွမ်းအားအသစ်များကို ကောင်းမင်အား ဆက်လက်ပြသနေသည်။ ထိုထူးဆန်းသော အမူအရာက ကောင်းမင်၏အာရုံကို ဆွဲဆောင်သွားသည်။ နတ်ဘုရားပုံရိပ်ကို သူစိုက်ကြည့်လိုက်၏။ လက်ရှစ်ဖက်က ပွင့်ဟလာသည်။ မျက်နှာလေးခုအနက် သုံးခုတွင် မည်သည့်အမူအရာမှ မရှိပေ။ ကုန်းစီ၏ မျက်နှာတစ်ခုတည်းသာ ကောင်းမင်နှင့် ဆက်သွယ်နေခြင်းဖြစ်သည်။

“ကုန်းစီက စိုးရိမ်နေသလိုပဲ၊ တခြားမျက်နှာတွေ ငါ့အပေါ် ရန်မူလာမှာကို သူစိုးရိမ်နေတာလား၊ ဒါကြောင့်ပဲ သူသတိရှိနေတုန်းမှာ သားစားကြူးနတ်ဘုရား လုပ်နိုင်သမျှ အရာအားလုံးကို ငါ့ကို ပြောပြနေတာလား”

သားစားကြူးနတ်ဘုရားသည် ကောင်းမင်၏ သေဆုံးခြင်းများကြောင့် အိပ်မက်သရဲတစ်ကောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သားစားကြူးနတ်ဘုရားသည် ကောင်းမင်၏သေဆုံးမှုများအပေါ် အဓိပ္ပာယ် ဖွင့်ဆိုပေးခဲ့သည်။

“အခုတော့ ငါတို့က ခွဲလို့မရအောင် ပေါင်းစည်းသွားခဲ့ပြီ”

ကောင်းမင်သည် ဥမင်လိုဏ်ခေါင်းအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် စဉ်းစားရန် ကြိုးစားလိုက်သည်။ သူ ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ခါနီးတွင် သွေးချိန်းကြိုးတစ်ခုက သူ့ကို ရစ်ပတ်၍ ဥမင်ထဲမှ ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုချိန်းကြိုးတွင် အပြစ်များ ဖုံးလွှမ်းနေသည်။ ၎င်းသည် နှိပ်စက်ခန်းမှ ချိန်းကြိုးများထက်ပင် ပို၍ ကြောက်စရာ ကောင်းလှသည်။

“ငါ့ကို ကယ်တင်ခဲ့တဲ့ ချိန်းကြိုးက အနီရောင်ပဲ၊ အဲ့ဒါက အနီရောင်တစ္ဆေတစ်ကောင်နဲ့ သက်ဆိုင်တာ ဖြစ်ရမယ်၊ မဟုတ်ဘူး… အနီရောင်တစ္ဆေထက်တောင် ပိုကြောက်စရာ ကောင်းရမယ်”

သူ့ကို မည်သူ ကယ်တင်ခဲ့သည်ကို ကောင်းမင်မသိသော်လည်း ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ခွာစဉ် သူ့ကို တားဆီးရန် ကြိုးစားခဲ့သော သရဲအနည်းငယ်ကိုမူ သူမှတ်မိနေသည်။

“အနက်ရောင်မြူထဲက မျက်လုံးတစ်လုံး၊ မြို့တော်အရှေ့ပိုင်းက သရဲနီတွေကို ပန်းပွင့်ဖတ်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အမည်မသိမကောင်းဆိုးဝါး ၊ သွေးတံခါးတစ်ချပ်ကို သယ်ထားတဲ့ပင့်ကူ၊ ပြီးတော့ နောက်ဆုံးမှာ ပေါ်လာတဲ့ ဂူကျောက်တိုင်။ သူတို့တွေက မတူညီတဲ့ အင်အားစုလေးခုကို ကိုယ်စားပြုနေပုံရတယ်”

ကောင်းမင်သည် သားစားကြူးနတ်ဘုရား ထိန်းသိမ်းပေးထားသော ဝေဝါးနေသည့် မှတ်ဉာဏ်များကို ပြန်လည်ရရှိခဲ့သည်။ သူ ဥမင်လိုဏ်ခေါင်းထဲမှ ဆွဲထုတ်ခံရစဉ် အချို့သော အရာများကို ကြားခဲ့ရသည်။

၁၃ (တစ်ဆယ့်သုံး)၊ ကံကြမ္မာ၊ လုဇန်၊ ဂူသင်္ချိုင်းထဲက သရဲ၊ အရာအားလုံးကို ပြန်စတင်ပါ…

အတိတ်ကာလတွင် ကောင်းမင်သည် အမှန်တရားကို လိုက်လံစုံစမ်းရန် အရည်အချင်း မရှိခဲ့ပေ။ သူသည် ဟန်ဟိုင်းမြို့မှ ထွက်ခွာနိုင်ရန်အတွက်ပင် သူ့အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်လည်း သားစားကြူးနတ်ဘုရား အိပ်မက်သရဲတစ်ကောင် ဖြစ်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားပြီဖြစ်သည်။ ယခုအခါ သူသည် အစစ်အမှန် မပြောသင့်သူတစ်ဦးကိုပင် ပြန်လည် ခုခံကာကွယ်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်ပေသည်။

All Chapters