ပြောလို့မရတဲ့ နာမည်
Vol. 42 Ch. 623
“ဖူရှု ငါ့ကို ပြောပြခဲ့တဲ့ အချက်တွေအရဆိုရင် မသေဆေးကုမ္ပဏီက သူတို့ရဲ့ အရင်းအမြစ်တွေကို အစီအစဉ်နှစ်ခုပေါ်မှာပဲ အာရုံစိုက်ထားတယ်၊ တစ်ခုက အိပ်မက်ချိုးဖျက်မြို့ ၊ နောက်တစ်ခုက ဟန်ဟိုင်းပဲ။
“ငါ ဟန်ဟိုင်းက စုံစမ်းစစ်ဆေးရေးဌာနနဲ့ ရင်ဆိုင်ရတုန်းက ရှင်းလုကနေ လာတဲ့ လုံခြုံရေးအဖွဲ့ဝင် အများကြီးနဲ့ တွေ့ခဲ့တယ်၊ အဖွဲ့ခေါင်းဆောင် ဝမ်ကျားက အဲ့ဒီထဲက တစ်ယောက်ပဲ၊ တကယ်တော့ သူက မသေဆေးကုမ္ပဏီရဲ့ ပရောဂျက်မန်နေဂျာတစ်ယောက် ဖြစ်ရမယ်၊ ကြည့်ရသလောက်တော့ မသေဆေးကုမ္ပဏီဟာ ဟန်ဟိုင်းထဲကို ဝင်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ထားပုံရတယ် ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်ဘဲ အိပ်မက်ထဲကနေတစ်ဆင့် သွားတာမျိုးပေါ့။
“ဟန်ဟိုင်းကို ဟန်ဟိုင်းမြို့ထက် ပိုကြီးတဲ့ နက်ရှိုင်းအဆင့် အိပ်မက်ဆိုးတစ်ခုအဖြစ် ရှုမြင်လိုက်ရင် နားလည်ရ ပိုလွယ်သွားပြီ၊ အဲ့ဒီလုံခြုံရေးအဖွဲ့ဝင်တွေဟာ ကစားသမားတွေလိုပဲ ဟန်ဟိုင်းထဲကို ဝင်ဖို့ ကိရိယာတချို့ကို သုံးခဲ့ကြတာပဲ၊ သူတို့တွေက ဟန်ဟိုင်းထဲမှာ အရင်းအမြစ်တွေ စုဆောင်းပြီး သရဲတွေအကြောင်း အချက်အလက်တွေရအောင် စမ်းသပ်မှုတွေ လုပ်နေကြတာပဲ”
ကောင်းမင် မှတ်ဉာဏ်များ ပြန်ရလာပြီးနောက်မှာ အကြောင်းအရာအတော်များများကို ချက်ချင်း သတိရသွားခဲ့သည်။
“ဒီနေရာမှာ ဖြစ်ပျက်နေတာတွေက ကြီးမားလွန်းတယ်၊ ဒါပေမဲ့ မသေဆေးကုမ္ပဏီနဲ့ တိုက်ရိုက်ရင်ဆိုင်ဖို့က အချိန်မကျသေးဘူး၊ ငါကတော့ အမှောင်ထဲမှာပဲ ဆက်ပုန်းနေချင်သေးတယ်”
ကောင်းမင်သည် သူ့မှတ်ဉာဏ်များ ပြန်ရနေပြီကို တခြားသူများ မသိစေချင်သေးပေ။
“ငါ အိပ်မက်ချိုးဖျက်မြို့ကို ချိတ်ပိတ်ထားပြီး လူတွေ အပြင်ထွက်မသွားနိုင်အောင် လုပ်ရမယ်၊ ငါ တတ်နိုင်သမျှ အချိန်ဆွဲထားရမယ်”
တကယ်တမ်းတွင် ကောင်းမင်မှာလည်း သံသယတချို့ ရှိနေသေးသည်။ စကားပြောစက်ကို ထုတ်ယူလိုက်သည်။ သားစားကြူးနတ်ဘုရား အိပ်မက်သရဲတစ်ကောင် ဖြစ်လာပြီးနောက် စကားပြောစက်ထဲက အသံအားလုံး ပျောက်ကွယ်သွားခဲ့သည်။
“ငါ့ကို ဒီစက်ပေးခဲ့တဲ့ နံပါတ် (၂) က တော်တော် လျှို့ဝှက်ဆန်းကြယ်တဲ့သူပဲ၊ ဒါပေမဲ့ မသေဆေးကုမ္ပဏီမှာ သူ့ကို ဖမ်းထားနိုင်တဲ့ စွမ်းအားရှိတယ်၊ ဒါက မသေဆေးကုမ္ပဏီမှာ ဖူရှုတောင် မသိတဲ့ လှည့်ကွက်တွေ ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ကောင်းမင်က သားစားကြူးနတ်ဘုရားကို တစ်ချက်ကြည့်လိုက်သည်။ ကုန်းစီက ထိုအဓိပ္ပာယ်ကို နားလည်လိုက်သည်။ အနီရောင်အဆောက်အဦးများ တုန်ခါသွားပြီး မြေအောက်မှ သိပ်သည်းသော သွေးကြောကြီးတစ်ခု ဖြတ်သန်းသွားသည်။ ခဏအကြာတွင် အိပ်မက်ဘုန်းတော်ကြီး၊ လူဝက်ဝံ နှင့် ရေသရဲနှစ်ကောင်အပါအဝင် ရွာသားသုံးဦး (စုစုပေါင်း လေးဦး)ကို ကောင်းမင်ရှေ့သို့ ဆွဲခေါ်လာခဲ့ကြသည်။
“မသေဆေးကုမ္ပဏီက ဒီနေမှာ ဒီလောက်ပဲ လူလွှတ်ထားတာလား”
ကောင်းမင် စိတ်ပျက်သွားသည်။ သူသည် သားစားကြူးနတ်ဘုရားအား အိပ်မက်ဆိုးအတွင်းရှိ လူတိုင်းကို စုံစမ်းခိုင်းပြီး သံသယရှိသူမှန်သမျှကို သူ့ထံ ပို့ခိုင်းထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့… ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်လေ၊ ကျွန်တော် ခင်ဗျားကို လမ်းတောင် ညွှန်ပေးခဲ့သေးတယ်မဟုတ်လား”
ရှည်လျားလှသော လူဝက်ဝံကြီးက ချက်ချင်းပင် ဒူးထောက်အရှုံးပေးလိုက်သည်။ သူသည် ကောင်းမင်ရှေ့တွင် တုန်တုန်ယင်ယင်ဖြင့်
“ကျွန်တော်တို့ အိပ်မက်ချိုးဖျက်မြို့ရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်ပါဘူး၊ ကျွန်တော်တို့မှာ ဒီလို အရည်အချင်းမရှိပါဘူး၊ ကျွန်တော်တို့က ခုနစ်ရက်တစ်ကြိမ် အစီရင်ခံစာ ပေးပို့ရုံပါပဲ၊ ကျွန်တော်… ကျွန်တော်လည်း တစ်ချိန်က ခင်ဗျားလို စမ်းသပ်သူတစ်ယောက်ပါ၊ ကျွန်တော့်သူငယ်ချင်းတွေ အစတေးခံလိုက်ရတယ်၊ ကျွန်တော့်မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိခဲ့တယ်၊ မသေဆေးကုမ္ပဏီအတွက် သူလျှိုလုပ်ပေးမလား ဒါမှမဟုတ် အသေခံမလားဆိုတာပဲ”
အရုပ်ဆိုးလှသော လူဝက်ဝံသည် မျက်ရည်များကို ညှစ်ထုတ်ပြလိုက်သည်။ယင်းက အလွန်ပင် အတုအယောင်ဆန်လှသည်။
“အစီရင်ခံစာရေးတဲ့သူ ဆယ်ယောက်လောက် ရှိပါတယ်၊ ဒါပေမဲ့ အစောပိုင်း တိုက်ပွဲတွေမှာ အများကြီး အသတ်ခံလိုက်ရပါပြီ၊ ကျွန်မနဲ့ ကျွန်မမောင်လေးကတော့ ရေထဲမှာ ပုန်းနေလို့ ကံကောင်းပြီး အသက်ဘေးက လွတ်ခဲ့တာပါ”
ရေသရဲမလေးက သူမမောင်လေး၏လက်ကို ဆွဲထားသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက အိပ်မက်ဘုန်းတော်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“သူက မသေဆေးကုမ္ပဏီက ဒီနေရာမှာ ထားခဲ့တဲ့ မန်နေဂျာပဲ၊ သူ့ကို ဖမ်းထားလိုက်ပါ၊ ဒါပေမဲ့ မသတ်ပါနဲ့ဦး၊ အဲ့ဒါမှ သူ့ရဲ့ အသိစိတ်က အိပ်မက်ချိုးဖျက်မြို့ကနေ ထွက်မပြေးနိုင်မှာ၊ အဲ့ဒါဆိုရင် အပြင်ကလူတွေက နောက်ထပ် လေးရက်လောက်အထိ ဒီမှာ ဘာဖြစ်နေလဲဆိုတာ သိမှာမဟုတ်တော့ဘူး”
“ဘာလို့ လေးရက်လဲ။”
“ကျွန်မတို့က ခုနစ်ရက်တစ်ကြိမ် အစီရင်ခံစာတွေကို အပြီးသတ်ပြီး တင်ရပါတယ်၊ နောက်ဆုံး အစီရင်ခံစာတင်ခဲ့တာက လွန်ခဲ့တဲ့ သုံးရက်ကပါ”
ရေသရဲမလေးက သူမမောင်လေး၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
“ကျွန်မတို့ မောင်နှမက လှည့်စားခံခဲ့ရတာပါ၊ ကျွန်မတို့ ဘာအလုပ်မှာမှ ဝင်မပါခဲ့ပါဘူး ၊ သူ့ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
“ကျွန်တော့်ကိုလည်း လွှတ်ပေးပါ၊ ကျွန်တော့်ကိုလည်း”
လူဝက်ဝံက ဦးချတောင်းပန်နေသည်။
“အပြစ်မဲ့တဲ့လူတွေက မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲခံလိုက်ရတာ၊ မသေဆေးကုမ္ပဏီက ယုံကြည်ရတဲ့သူတွေပဲ ရွာထဲမှာ နေခွင့်ရတာ”
သူ ထိုသို့ပြောလိုက်သည်နှင့် ရွာသားသုံးဦးလုံး မျက်နှာပျက်သွားသည်။ အိပ်မက်ဘုန်းတော်ကြီးက ခေါင်းငုံ့ထား၏။ သူသည် တစ်ခုခုကို ကိုက်ဖြတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
ရေကြီးမှုများက အိပ်မက်ဘုန်းတော်ကြီးကို ကောင်းမင်ထံ ဆွဲခေါ်လာသည်။ ကျန်းတင်းသည် အိပ်မက်ဘုန်းတော်ကြီး၏ အရေပြားကို ဆွဲခွာလိုက်ပြီး ဘုန်းတော်ကြီး၏ ပုခုံးပေါ်သို့ သူ၏ ကိုယ်ပိုင်ခေါင်းကို တင်လိုက်သည်။ ထိုပုံစံမှာ ကြောက်စရာကောင်းလှသည်။
“ဒီလူယုတ်မာက ထွက်ပြေးဖို့ ကြံနေတာ၊ ငါ ဖမ်းမိလိုက်တယ်”
“အစ်ကိုကျန်းကို အမြဲယုံကြည်နိုင်မယ်ဆိုတာ ကျွန်တော်သိတာပေါ့”
ကောင်းမင်သည် မိတ်ဆွေဟောင်းကို ပြန်တွေ့ရသဖြင့် ပျော်ရွှင်သွားသည်။
“နေကောင်းရဲ့လား၊ ခင်ဗျားရဲ့ ဒဏ်ရာတွေ သက်သာလာပြီလား”
“ခေါင်းပြတ်သွားရုံပါပဲကွာ”
ကျန်းတင်းက ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။
“မင်းရဲ့ စစ်ဆေးမေးမြန်းတာကို ဆက်လုပ်ပါကွာ၊ ကျန်တာ ငါနဲ့ လွှဲထားလိုက်”
မြေပြင်များ အက်ကွဲသွားပြီး သွေးကြောငယ်နှစ်ခု ထွက်ပေါ်လာကာ အိပ်မက်ဘုန်းတော်ကြီးကို တုပ်နှောင်လိုက်သည်။ ကောင်းမင်သည် ထိုလူ၏ ဝေဝါးနေသော မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူသည် မသေဆေးကုမ္ပဏီနှင့် ပတ်သက်သည့်အရာများကို မမေးခဲ့ပေ။ ထိုအစား သူ့ကို အမြဲတမ်း ဒုက္ခပေးနေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
“အိပ်မက်ချိုးဖျက်မြို့ထဲကို ဝင်လာတဲ့ လူတိုင်းရဲ့ နာမည်ကို မင်းမြင်နိုင်တယ်မလား၊ မင်း အရင်က ပြောခဲ့တယ်၊ ငါ့နာမည်က ‘ကောင်းမင်’ မဟုတ်ဘူးတဲ့၊ ဒါဆို ငါ့နာမည်အစစ်က ဘာလဲ”
အိပ်မက်ချိုးဖျက်မြို့တွင် လူတစ်ယောက်၏ နာမည်သည် သူတို့၏ကံကြမ္မာပင် ဖြစ်သည်။ စမ်းသပ်သူ အများအပြားသည် ကျောက်တုံးကြီးပေါ်တွင် သူတို့၏ နာမည်များ ခတ်နှိပ်ခံလိုက်ရသောကြောင့် တိရစ္ဆာန်များနှင့် အရာဝတ္ထုများအဖြစ် ပြောင်းလဲခံခဲ့ရသည်။ သူတို့သည် သူတို့ကိုယ်သူတို့ မေ့လျော့သွားပြီး အလွယ်တကူပင် ကြိုးကိုင်ခြယ်လှယ်ခံရသူများ ဖြစ်သွားကြသည်။
“အိပ်မက်က လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊ ဒီရွာရဲ့ ယုံနတ်ဘုရား၊ ရှီနတ်ဘုရားနဲ့ ကျိနတ်ဘုရားတွေက သူ့ဘဝရဲ့ အစိတ်အပိုင်းတွေပဲ ၊ မင်း သူတို့ကို စားပစ်လိုက်တယ်၊ မင်းဟာ မပြောသင့်သူရဲ့ ဘဝကို သိမ်းပိုက်လိုက်ပြီ ၊ သူက မင်းဆီမှာ ပြန်လည်မွေးဖွားလာနိုင်တယ်”
အိပ်မက်ဘုန်းတော်ကြီးသည် သူ၏ ဟန်ဆောင်မှုများကို ခွာချလိုက်သည်။
“အခု ငါတို့ပဲ မင်းကို ကူညီနိုင်မှာ ၊ ငါတို့ ပူးပေါင်းလို့ရတယ်”
ကောင်းမင်က တိတ်ဆိတ်စွာ ပြုံးလိုက်သည်။
“မသေဆေးကုမ္ပဏီဟာ အတွင်းကမ္ဘာက အမည်မသိအရာတွေနဲ့ အပေးအယူတွေ အများကြီး လုပ်ထားတာ၊ သူတို့မှာ အောက်ခြေစည်းဆိုတာ မရှိဘူး၊ သရဲတစ်ကောင်ရဲ့ ရက်စက်မှုကို မင်း လျှော့တွက်နိုင်ပေမဲ့ လူသားတွေရဲ့ ယုတ်မာမှုကိုတော့ မင်း လျှော့တွက်လို့ မရဘူး”
အိပ်မက်ဘုန်းတော်ကြီးသည် သူ့အရေပြားအောက်တွင် သွေးကြောငယ်နှစ်ခု လှုပ်ရှားနေသည်ကို ခံစားနေရသည်။ ယင်းသည် သူ့ဦးနှောက်ကို လာထိရန် ကြိုးစားနေသော လက်တံနှစ်ခုကဲ့သို့ပင်။
“မသေဆေးကုမ္ပဏီက ငါတို့ကိုယ်ပိုင် မပြောသင့်သူတစ်ယောက်ကို မွေးမြူဖို့ အိပ်မက်ချိုးဖျက်မြို့ကို တည်ဆောက်ခဲ့တာ ၊ မင်းက ငါတို့လုပ်အားရဲ့ အသီးအပွင့်ပဲ၊ ငါတို့ ပိုပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်လို့ရတယ်၊ အဲ့ဒါကို စဉ်းစားကြည့်ပါဦး”
အိပ်မက်ဘုန်းတော်ကြီး၏ ဦးနှောက်အတွင်းရှိ သွေးကြောများသည် ကွန်ရက်တစ်ခုသဖွယ် ဖြန့်ကျက်သွားသည်။ အချိန်ကျသောအခါ ကောင်းမင်သည် သူ့လက်ချောင်းများကို ဆုပ်လိုက်သည်။
“ငါ့မေးခွန်းကိုပဲ ဖြေစမ်း”
“မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း မသိဘူး ၊ မသေဆေးကုမ္ပဏီကို မရိုမသေလုပ်တဲ့အတွက် မင်းနောင်တရလိမ့်မယ်”
“နာမည် ၊ ငါ့ နာမည်အစစ်ကိုပဲ သိဖို့လိုတာကွ”
ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် လက်သီးများကို တင်းကျပ်စွာဆုပ်လိုက်ကြသည်။ ထောင်သောင်းချီသော အပ်များက ဘုန်းတော်ကြီး၏ ဦးနှောက်ကို ထိုးဖောက်သွားသည်။ သူ့နာမည်ကို ရှာဖွေရန်အတွက် ကောင်းမင်သည် နတ်ဘုရား၏ စွမ်းအားကို အသုံးပြု၍ ထိုလူအား အဆုံးမဲ့သော အိပ်မက်ဆိုးများထဲသို့ ဆွဲခေါ်သွားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်မက်ဘုန်းတော်ကြီးသည်သည် အဆုံးမဲ့သော ကြောက်ရွံ့မှုများကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ညှိုးနွမ်းသွား၏။
အိပ်မက်ဘုန်းတော်ကြီးသည် လူသားအရေခွံ အလွှာများစွာကို ဝတ်ဆင်ထားကြောင်း ထွက်ပေါ်လာသည်။ အလွှာတစ်ခုစီသည် သူ စ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးသော နာမည် သို့မဟုတ် ကိုယ်ပိုင်လက္ခဏာတစ်ခုစီကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
သားစားကြူးနတ်ဘုရားသည် ကြက်သွန်နီအခွံခွာသကဲ့သို့ လူသားအရေခွံအလွှာများကို ဆွဲခွာပစ်လိုက်သည်။ နောက်ဆုံးတွင် အိပ်မက်ပရောဟိတ်၏ နေရာ၌ မျက်လုံးတစ်လုံးသာ ကျန်ရှိတော့သည်။ သူ၏အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို သူ၏ ဘယ်ဘက်မျက်လုံးထဲတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မျက်သူငယ်အိမ်သည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေလေသည်။
လက်ထိပ်ဖျားက ထိုမျက်လုံးကို ထိတွေ့လိုက်သည်။ သွေးကြောများ မျက်လုံးပေါ်သို့ ပျံ့နှံ့သွား၏။ ကောင်းမင်သည် သွေးမြူများကြားတွင် သွေးလက် ၁၂ ဖက်က နာမည်တစ်ခုကို ဆွဲဖြဲပစ်ကြောင်း မြင်လိုက်ရလေသည်။
အိပ်မက်ဘုန်းတော်ကြီးသည် ကောင်းမင်၏ နာမည်အစစ်ကို မသိခဲ့ပေ။ သို့သော် သူသည် ကောင်းမင်အပေါ် ‘နာမည်အစားထိုးခြင်း နည်းလမ်း’ ကို အသုံးပြုရန် ကြိုးစားခဲ့စဉ်အတွင်း ကောင်းမင်၏ နာမည်အစစ်သည် မပြောသင့်သူ ၁၂ပါး၏ ကမ္မများနှင့် ဆက်စပ်နေသည်ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။