မဖြစ်နိုင်သော လူ
Vol. 42 Ch. 624
“မပြောသင့်သူ ၁၂ယောက်လုံးလား”
ထိုနာမည်အစစ်ကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်စီတိုင်းမှ အကြည့်ဖြင့်လည်း ကြည့်၍မရ၊ အနံ့ဖြင့်လည်း ခံစား၍မရသော မပြောသင့်သူတို့၏ တည်ရှိမှုအရှိန်အဝါများ ထွက်ပေါ်နေသည်။ အကယ်၍ ကောင်းမင်သာ သားစားကြူးနတ်ဘုရား၏ အကာအကွယ်ကို မရရှိထားပါက သူရူးသွပ်သွားလောက်ပြီ ဖြစ်သည်။
“အိပ်မက်ဘုန်းတော်ကြီးက ငါ့နောက်ကို လိုက်လာပြီးမှ ဘာလို့ ထွက်ပြေးဖို့ ကြံလဲဆိုတာ မဆန်းတော့ဘူး၊ သူက ငါ့ကို ချည်နှောင်ထားတဲ့ ကမ္မနှောင်ကြိုးတွေကို မြင်သွားတာကိုး”
ဘုန်းတော်ကြီး၏ မျက်လုံးထဲမှ သွေးမြူများ ပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းသည် ဘယ်သောအခါကမှ မဖြစ်ခဲ့သလိုမျိုး မှေးမှိန်သွား၏။ သို့သော်လည်း ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့ကမူ အရာအားလုံးကို မြင်တွေ့လိုက်ရသည်။ ဧရာမခန္ဓာကိုယ်ကြီးက ငုံ့ကြည့်လာ၏။ သားစားကြူးနတ်ဘုရား၏ မျက်နှာလေးခုသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလာသည်။ ဤသည်မှာ အလွန်ပင် ရှားပါးလှသော ဖြစ်ရပ်ပင်။ မျက်လုံးရှစ်လုံးက ကောင်းမင်ကို စိုက်ကြည့်နေပြီး ဧရာမလက်ကြီးများက သွေးမြို့တော်တက်တူးကို ထိတွေ့လိုက်သည်။ သူသည် ကောင်းမင်အား သတိပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
“သူ ဘာပြောချင်တာလဲ၊ ငါ့ကိုယ်ပေါ်မှာ သွေးမြို့တော် တက်တူးတွေ ဖုံးလွှမ်းနေတယ် ၊ သွေးနီရောင်မြို့တော်က ၁၃ မြို့ ရှိတယ်၊ ငါ့နာမည်ကို ဆုပ်ကိုင်ထားတာက သွေးလက် ၁၂ ဖက်ပဲ၊ သားစားကြူးနတ်ဘုရားက အခု ငါဟာ ၁၃ မြို့မြောက် မြို့တော်ကို ကိုယ်စားပြုတယ်လို့ ပြောချင်တာလား ၊ ၁၃ မြို့မြောက် မြို့တော်ဟာ တစ်ချိန်က ကျန်တဲ့ ၁၂ မြို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တာလား”
ကောင်းမင်အနေဖြင့် အခြားသောရှင်းပြချက် ရှိနိုင်မည်ဟု မထင်မိပေ။ သူသည် ရန်သူများစွာ ဝန်းရံခံရမည့် ကံကြမ္မာဖြင့် မွေးဖွားလာသူ ဖြစ်သည်။ သူ တစ်ယောက်တည်းဖြင့် မပြောသင့်သူ ၁၂ ပါးကို ရန်စနိုင်မည်ဟု သူတွေးမထားပေ။
“ကြည့်ရတာ ငါက ၁၃ မြို့မြောက် မြို့တော်ရဲ့ စွမ်းအားတင်မကဘဲ သူ့ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကြောင်းကိုပါ ဆက်ခံလိုက်ရတာပဲ”
ကောင်းမင်သည် အိပ်မက်ဘုန်းတော်ကြီး၏ ဘယ်ဘက်မျက်လုံးကို သိမ်းဆည်းလိုက်သည်။ အကယ်၍ သူ ဘုန်းတော်ကြီးကို သတ်လိုက်ပါက မသေဆေးကုမ္ပဏီ သတိထားမိသွားမည် ဖြစ်သောကြောင့် ထိုလူ၏ အသိစိတ်ကို မချေမှုန်းခဲ့ပေ။
“အိပ်မက်ချိုးဖျက်မြို့ရဲ့ နတ်ဘုရားအသစ်ရှင့် ၊ အသင့်ရဲ့ စွမ်းအားကို သုံးပြီး အိပ်မက်ဘုန်းတော်ကြီးရဲ့ ပုံစံကို တုပပြီးတော့ သူ့မှတ်ဉာဏ်တွေကို ဖတ်ကြည့်လို့ ရနိုင်ပါတယ် ၊ အဲ့ဒါကို အတည်ပြုဖို့ ကျွန်မတို့ရဲ့ မှတ်ဉာဏ်တွေကို အသင်စစ်ဆေးနိုင်ပါတယ် ၊ ကျွန်မတို့ အသင့်ရဲ့ သစ္စာရှိအစေခံတွေနဲ့ နောက်လိုက်တွေ ဖြစ်လာဖို့ ဆန္ဒရှိပါတယ် ၊ ကျွန်မတို့ရဲ့ ဝိညာဉ်နဲ့ နှလုံးသားတွေကို အသင့်ဆီမှာ အပ်နှံဖို့ အသင့်ပါပဲ”
ရေသရဲမလေးသည် သူမမောင်လေး၏ ခေါင်းကို ဖိ၍ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်သည်။ သူတို့က လူဝက်ဝံကို ကျော်ဖြတ်ပြီးနောက် ဒူးထောက်လိုက်ကြသည်။ သူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မက်ချိုးဖျက်မြို့တွင် ထားခံခဲ့ရသူများ ဖြစ်သည်။မြို့သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မသေဆေးကုမ္ပဏီသည် သူတို့အား စမ်းသပ်ခန်းများအတွင်းသို့ အတင်းထည့်၍ သူတို့၏ မှတ်ဉာဏ်များကို ခွဲစိတ်ပြီး သက်ရှိဘူးခွံများအဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။ ထိုအခြေအနေကို ရှောင်လွှဲရန် တစ်ခုတည်းသော နည်းလမ်းမှာ သားစားကြူးနတ်ဘုရားကို ကိုးကွယ်ပြီး နတ်ဘုရားအသစ်သည် ရက်စက်သော အရှင်သခင် မဖြစ်ပါစေနှင့်ဟု ဆုတောင်းရန်သာ ရှိတော့သည်။
လူဝက်ဝံသည် ရေသရဲမောင်နှမကို တစ်ချက်ကြည့်၍ သူတို့၏ အရှက်မရှိမှုကို ကျိန်ဆဲလိုက်သည်။ သို့သော် သူသည်လည်း တိတ်တဆိတ် ရှေ့တိုးလိုက်ပြီး ကောင်းမင်ထံသို့ ထိုမောင်နှမများထက် ပိုနီးကပ်သော နေရာသို့ ရောက်အောင် သွားလိုက်သည်။ အကယ်၍ ကောင်းမင်က ဘာမှမပြောပါက သူတို့သည် ထိုနေရာတွင် ထာဝရ ဒူးထောက်နေကြပေလိမ့်မည်။
တားမြစ်ဂိမ်းကစားသမားများသည် ကျန်းမင်လီထံမှ အမှန်တရားကို သိရှိသွားကြပြီ ဖြစ်သည်။ သူတို့ ပြန်လည်ဆုံတွေ့ကြပြီးနောက် ကောင်းမင်နှင့် ပတ်သက်သည့်အချက်အလက်များကို စတင် နှိုင်းယှဉ်ကြည့်ကြသည်။ သူတို့ ထိုသို့လုပ်လေလေ ပို၍ စိတ်ရှုပ်ထွေးလာလေလေပင်။ကောင်းမင်သည် အရာအားလုံးကို မည်သို့ကိုင်တွယ်ခဲ့သည်ကို ဘယ်သူမှ မသိကြပေ။
“ကောင်းမင်…”
အစ်ကိုချုံသည် ကောင်းမင်ကို မြင်သောအခါ သူ၏အကြည့်တွင် လေးစားအားကျမှုများ စွန်းထင်းနေလေသည်။ သူသည် ကောင်းမင်ထံမှ မတူညီသော အငွေ့အသက်ကို ခံစားမိနေသည်။
“ကျန်းမင်လီကို ကယ်တင်ပေးပြီး ငါတို့အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မင်း ငါတို့အတွက် လုပ်ပေးခဲ့တာတွေကို ငါတို့ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”
တားမြစ်ဂိမ်းကစားသမားများ အားလုံးသည် ကောင်းမင်ကို လေးစားမှုနှင့် ကျေးဇူးတင်မှုများဖြင့် ကြည့်နေကြသည်။
“ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပေးအယူတစ်ခုပါပဲ ၊ ကျုပ်က ခင်ဗျားတို့ထက် အများကြီး ပိုရလိုက်တာပါ”
အသားသစ်ပင်ကြီးနှင့် သားစားကြူးနတ်ဘုရားတို့သည် ရွာကို ချိတ်ပိတ်လိုက်ကြသည်။ ကောင်းမင်သည် အိပ်မက်ဆိုးကို တဖြည်းဖြည်း စုပ်ယူနေခြင်း ဖြစ်သည်။
“အိပ်မက်ဘုန်းတော်ကြီးက လူကောင်းမဟုတ်ပေမဲ့ သူပြောတဲ့ စကားတွေကတော့ မမှားဘူး”
ကျန်းမင်လီသည် ကောင်းမင်နှင့် လုံခြုံသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသည်။
“မင်းက အိပ်မက်ရဲ့ အကြွင်းအကျန်တွေကို ဆက်ခံလိုက်ပြီ ၊ သူက မင်းကနေတစ်ဆင့် ပြန်လည်မွေးဖွားလာနိုင်တာကို သတိထားပါ”
ကျန်းမင်လီသည် အသက်ပြင်းပြင်းရှူ၍ လေးလေးနက်နက် ပြောလိုက်သည်။
“မင်း သတိမပေါ့လျှော့သင့်ဘူး ၊ မပြောသင့်သူတွေကြားထဲမှာလည်း အဆင့်တွေ ရှိတယ် ၊ အိပ်မက်က ငါတွေ့ဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံးပဲ”
“ခင်ဗျားက ကျုပ်ကို တော်တော်လေး သတိထားနေပုံရတယ်”
ကောင်းမင်သည် အသားလှေကားထစ်များပေါ်သို့ တက်လိုက်ပြီး ဘုန်းတော်ကြီး၏ ဘယ်ဘက်မျက်လုံးကို ကစားနေလိုက်သည်။
“အိပ်မက်က အရန်အစီအစဉ်တွေ အများကြီး ထားခဲ့တာ၊ ပြီးတော့ ငါ မင်းအကြောင်းကို ဘာမှမသိဘူး”
ကျန်းမင်လီသည် သူ့နှလုံးသားထဲမှ မေးခွန်းကို မေးလိုက်သည်။ သူသည် ကောင်းမင်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများက သားစားကြူးနတ်ဘုရားဆီသို့ ရောက်သွား၏။
“မင်း ဘယ်က လာတာလဲ”
ကောင်းမင်သည် နတ်ဘုရားပုံရိပ်၏ အလယ်ဗဟိုသို့ ရောက်ရန် လှေကားထစ်များပေါ်သို့ နင်းတက်သွားသည်။ သူသည် ဘုရားကျောင်း အပျက်အစီးများပေါ်တွင် ထိုင်လိုက်သည်။ အနီရောင်အဆောက်အဦးများက သူ့အောက်တွင် ထိုင်ခုံတစ်ခုသဖွယ် ဖြစ်ပေါ်လာလေသည်။ ဤမြို့သည် သူ၏ အသွေး အသားပင် ဖြစ်သည်။
“ကျုပ်တို့က မြေပုံပေါ်မှာမရှိတဲ့ မြို့တစ်မြို့က လာကြတာပဲ ၊ အဲ့ဒီအကြောင်းကို ခင်ဗျား ဖူရှုနဲ့ မသေဆေးကုမ္ပဏီဆီက ကြားဖူးပြီးသား ဖြစ်မှာပါ”
သူ ထိုသို့ပြောလိုက်သည်နှင့် ညှင်းပန်းနှိပ်စက်ခန်းထဲမှ မရေမတွက်နိုင်သော သရဲများသည် ကျန်းမင်လီကို ကြည့်ရန် တွားသွား ထွက်လာကြသည်။ မျက်နှာမဲ့နောက်လိုက်များက ခေါင်းငုံ့၍ ဆုတောင်းလိုက်ကြ၏။ သန္ဓေပြောင်းမိစ္ဆာများက ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ အနီရောင်မိုးကာအင်္ကျီသည် သူမ၏ ဆင်ခြင်တုံတရားကို ပြန်လည်ရရှိသွားပြီး ကောင်းမင်ဘေးတွင် ပေါ်လာ၏။ ရေကြီးရေလျှံမှုများက ဦးခေါင်းတစ်လုံးကို ကောင်းမင်၏ အခြားတစ်ဖက်သို့ သယ်ဆောင်လာလေသည်။ လူတိုင်း၏ အရိပ်များသည် ဧရာမအမဲလိုက်ခွေးကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားကြသည်။
“အဲ့ဒီမြို့ရဲ့ နာမည်က ‘ဟန်ဟိုင်း’ လို့ ခေါ်တယ်”
“ဟန်ဟိုင်း”
ကျန်းမင်လီသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွား၏။
အပျက်အစီးများ၏ အပြင်ဘက်တွင် ပိုင်ဖုန်း၏ကျောပေါ်မှ ဖူရှုသည်လည်း တူညီသော အမူအရာ ရှိနေလေသည်။ သူသည် ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်တာ ၊ အဲ့ဒီမြို့ထဲမှာ ဘယ်သက်ရှိလူသားမှ မရှိနိုင်ဘူး…”
“ပြောစမ်း”
ပိုင်ဖုန်းသည် ဖူရှုကို သူမ၏ပုခုံးပေါ်မှ ပစ်ချ၍ မြေကြီးပေါ်သို့ ဖိချလိုက်သည်။
“နင် ငါ့သားနဲ့သမီးကို အဲ့ဒီမြို့ထဲ လှည့်စားပြီး ပို့လိုက်တာလား၊ အဲ့ဒီမြို့က ဘာလို့ သက်ရှိတွေအတွက် မသင့်တော်ရတာလဲ”
“အဲ့ဒီမြို့က စမ်းသပ်ကွင်းတစ်ခု ဖြစ်သွားခဲ့ပြီ ၊ အဲ့ဒါက မြို့သေတစ်မြို့ပဲ ၊ အဲ့ဒါကို အကြိမ်ပေါင်းများစွာ သန့်စင်ထားခဲ့ပြီးပြီ ၊ ဘယ်လူသားမှ အဲ့ဒီမှာ အသက်မရှင်နိုင်ဘူး”
ဖူရှုသည် နာကျင်မှုကို ဂရုမစိုက်ပေ။ သူသည် သွေးရွှံ့နွံထဲသို့ ကျသွားသော်လည်း ကောင်းမင်၏ အသွင်အပြင်ကို သူ့မှတ်ဉာဏ်ထဲတွင် စွဲထင်နေအောင် လုပ်လိုဟန်ဖြင့် ကောင်းမင်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
“ငါ ဒီမျက်နှာကို တစ်ခါမှ မမြင်ဖူးဘူး ၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”
ပိုင်ဖုန်းသည် သူမ၏ ကလေးများနှင့် ပတ်သက်နေသောကြောင့် ထပ်မံ တုံ့ဆိုင်းမနေတော့ပေ။ သူမသည် ဖူရှုကို ဆွဲမလိုက်ပြီး ကောင်းမင်ထံသို့ အပြေးသွားသည်။ မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများက သူမကို ကြောက်ရွံ့စေသော်လည်း သူမ၏ကလေးများအတွက် စိုးရိမ်စိတ်က တွန်းအားပေးနေခြင်း ဖြစ်သည်။
“သူက သူပြောခဲ့တာထက် ပိုသိနေတယ်”
ပိုင်ဖုန်းသည် ဖူရှုကို မြေကြီးပေါ်သို့ ရိုင်းစိုင်းစွာ ပစ်ချလိုက်သည်။
“ငါ သူ့အကြောင်းကို မေ့နေတော့မလို့ပဲ ၊ သူက ငါအိပ်မက်ချိုးဖျက်မြို့မှာ ပိတ်မိနေရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုပဲ”
ကျန်းမင်လီသည် ဖူရှုကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဖူရှုကို ရိုင်းစိုင်းစွာ ဆွဲမလိုက်သော်လည်း အမှန်တကယ်တွင် သူသည် ဖူရှုကို ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ဖူရှုက ကယ်တင်ရှင်အစစ်တွေကို မြင်ခဲ့ဖူးတယ် ၊ သူဟာ တစ်ချိန်က မျှော်လင့်ချက်တွေ ကိန်းအောင်းနေတဲ့ လူသားတစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ အရမ်းအစွန်းရောက်သွားခဲ့တယ်”
“ငါလား ၊ အစွန်းရောက်တာလား ၊ မင်း ဘာသိလို့လဲ ၊ မသေဆေးကုမ္ပဏီက မင်းအပေါ်မှာ စမ်းသပ်မှုတွေ အများကြီး ပိုလုပ်ချင်နေခဲ့တာ ၊ မင်းကို အိပ်မက်ချိုးဖျက်မြို့ကို ပြောင်းပေးဖို့ သူတို့ကို ဖျောင်းဖျခဲ့တာ ငါပဲ”
ဖူရှုသည် ကောင်းမင်က အရာအားလုံးကို ထိန်းချုပ်ထားသည်ကို သိလိုက်သည်။ မသေဆေးကုမ္ပဏီမှ သူလျှိုအားလုံး နှိမ်နင်းခြင်း ခံလိုက်ရပြီဖြစ်၍ သူဖုံးကွယ်မနေတော့ပေ။
“မင်းတို့အားလုံးက ငါ့ကို အပြစ်တင်ချင်နေကြတယ်၊ ဒါပေမဲ့ မင်းတို့သာ ငါ့နေရာမှာဆိုရင် ဘာကို ရွေးချယ်မှာလဲ ၊ ငါမင်းတို့ကို ကူညီဖို့ ငါ့အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ ၊ ငါသာမရှိရင် တားမြစ်ဂိမ်းကစားသမားတွေ အကုန်လုံး သေနေလောက်ပြီ”
ခြေလက်မရှိသော ဖူရှုကို ကြည့်ရသည်မှာ သနားစရာကောင်းနေသည်။ သူသည် တစ်ချိန်က အစွမ်းထက်သော လူတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါ ကျန်းမင်လီ၏လက်ထဲတွင် တီကောင်တစ်ကောင်လို ရုန်းကန်နေရသည်။
“ငါ မင်းကို ကယ်ဖို့ ကြိုးစားနေတာနော် ၊ မင်း ခေါင်းဖြတ်ခံချင်လို့လား”
ကျန်းမင်လီက ခပ်တိုးတိုး ပြောလိုက်သည်။
“ငါ မင်းအကူအညီ မလိုဘူး”
ဖူရှုက ရုန်းကန်နေခြင်းကို ရပ်လိုက်သည်။ သူသည် နောက်ထပ် အတည်ပြုချက်တစ်ခု ယူလိုဟန်ဖြင့် ကောင်းမင်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
“ခင်ဗျား ကျုပ်ဆီမှာ တစ်ခုခု မြင်နေရလို့လား”
ကောင်းမင်ကို တည့်တည့်စိုက်ကြည့်ရဲသူ သိပ်မရှိပေ။ ဖူရှုကတော့ ခြွင်းချက် ဖြစ်နေသည်။
“ငါက ဟန်ဟိုင်းစီမံကိန်းမှာ မပါဝင်ခဲ့ပေမဲ့ အဲ့ဒီမြို့အကြောင်း တချို့တလေတော့ သိတယ်”
ဖူရှုမျက်နှာပေါ်မှ အရေးအကြောင်းများ စုစည်းသွားသည်။
“ငါ အတည်ပြုနိုင်တာ တစ်ခုကတော့ အဲ့ဒီမြို့မှာ အသက်ရှင်နေတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာပဲ ၊ ဘယ်သက်ရှိလူသားမှ အဲ့ဒီမြို့ကနေ ထွက်မလာနိုင်ဘူး ၊ ဖြစ်နိုင်တာက မင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့တာ ဖြစ်နိုင်ပေမဲ့ မင်းအဲ့ဒါကို မေ့နေခဲ့တာ ၊ ဒါကြောင့်ပဲ မင်း ကိုယ့်ကိုယ်ကိုယ် အသက်ရှင်နေသေးတယ်လို့ ယုံကြည်နေတာပဲ”