နံပါတ်၂ ရဲ့ တည်နေရာ
Vol. 42 Ch. 625
“ကျုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့တာလား”
ကောင်းမင်၏ အပြုံးက အေးခဲသွားသည်။ သူ စကားပြန်ပြောရန် ပြင်လိုက်သော်လည်း များစွာသော အတွေးများက သူ့စိတ်ထဲသို့ ဝင်ရောက်လာ၏။ သူသည် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်ကာ သေဆုံးမှုတိုင်းသည် အသစ်တစ်ဖန် ပြန်လည်စတင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူမည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။
“ငါ အသက်ရှင်နေတာပဲဖြစ်ဖြစ်၊ သေနေတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး ၊ အရေးကြီးတာက ငါအခု ဒီမှာ ရှိနေဖို့ပဲ”
ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်မှ သွေးမြို့တော် တက်တူးများက တောက်ပလာ၏။
“ကျုပ် သူတို့နဲ့အတူ ပြန်လာခဲ့ပြီ”
ဖူရှုက သူ့လည်ပင်းကို ဆန့်လိုက်ပြီး
“မင်း ပြန်လာနိုင်ဖို့ မဖြစ်နိုင်ဘူး ၊ အဲ့ဒီမြို့က အနက်ရောင်မြူခိုးတွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မေ့လျော့ခံထားရတာ၊ ပြီးတော့ မပြောသင့်သူတွေလည်း စောင့်ကြပ်နေကြတာ”
“ခင်ဗျား မြင်နေရတာကိုတောင် ဘာလို့ မယုံကြည်နိုင်ရတာလဲ”
ကောင်းမင် ခေါင်းခါလိုက်သည်။ သူ တိုက်ရိုက်ပင် မေးလိုက်၏။
“အဲ့ဒီတုန်းက ဟန်ဟိုင်းမှာ ဘာဖြစ်ခဲ့တာလဲ ၊ အဲ့ဒီနေရာက အကြိမ်ကြိမ် သန့်စင်ခံခဲ့ရတယ်လို့ ဘာလို့ ပြောတာလဲ”
“ငါ သိသလောက်ကတော့ အနက်ရောင်မြူခိုးတွေကြားထဲမှာ သွေးနီရောင်မြို့တော် ၁၃ မြို့ ရှိခဲ့တယ်၊ ဟန်ဟိုင်းဟာ တခြား ၁၂ မြို့ရဲ့ ဖျက်ဆီးခံခဲ့ရတာ၊ ဘာကြောင့်လဲဆိုတာတော့ ငါမသိဘူး ၊ ဒါပေမဲ့ အဲ့ဒီနောက်ကွယ်က အကြောင်းရင်းက လူတစ်ယောက်ကြောင့် ဖြစ်တယ်ဆိုတာတော့ ငါနားလည်တယ်”
ဖူရှုသည် ထိုလူ၏ နာမည်ကို မမှတ်မိနိုင်တော့ပေ။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ့နှုတ်ခမ်းကိုပင် ကိုက်မိမတတ် ဖြစ်နေ၏။
“သူက ရှင်းလုမြို့ရဲ့ ကယ်တင်ရှင်အစစ်ပဲ ၊ သူက လူသားတွေနဲ့ သရဲတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတွဲပြီး နေထိုင်နိုင်မယ့် ကမ္ဘာသစ်တစ်ခု ဖန်တီးဖို့အတွက် ရှင်းလုမြို့ကို ဟန်ဟိုင်းနဲ့ ပိုနီးအောင် လုပ်ချင်ခဲ့တာ ၊ ကံဆိုးတာက သူဟာ အနက်ရောင်မြူတွေရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားခဲ့ပြီးနောက်တော့ ဘယ်တော့မှ ပြန်မလာတော့ဘူး၊ အဲ့ဒီနောက်ပိုင်း ဟန်ဟိုင်းစီမံကိန်းက ပြောင်းလဲသွားခဲ့တာပဲ”
ကောင်းမင်သည် ထိုကယ်တင်ရှင်အကြောင်းကို လူများစွာထံမှ ကြားဖူးသော်လည်း မည်သူမျှ သူ့နာမည်ကို မမှတ်မိကြပေ။
“သရဲတွေနဲ့ လူသားတွေ ငြိမ်းချမ်းစွာ အတူနေထိုင်မယ့် ကမ္ဘာလား ၊ တကယ့်ကို လှပပြီးတော့ နုနယ်လွန်းတဲ့ အတွေးအခေါ်ပဲ”
ကောင်းမင်သည် သူ့သမိုင်းကြောင်းကို ပြန်စဉ်းစားလိုက်သည်။ အတူယှဉ်တွဲ နေထိုင်ခြင်းဟူသည်မှာ မဖြစ်နိုင်ပေ။ ပြင်းထန်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက်မှသာ နုနယ်လှသော ဟန်ချက်ညီမှုတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။
“မင်းက အဲ့ဒီကယ်တင်ရှင်ရဲ့ အယူအဆကို သဘောမတူတဲ့ပုံပဲ”
ကျန်းမင်လီသည် ကောင်းမင်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ မည်ကဲ့သို့သော လူမျိုးက ထိုသို့ကြီးမားလှသော စွမ်းအားကို ရရှိထားကြောင်း သူသိလိုသည်။ ကောင်းမင်၏ ယခုအချိန်အထိ လုပ်ဆောင်ချက်များအရ သူသည် ကမ္ဘာ့ကယ်တင်ရှင်နှင့် အလွန်ကွဲပြားသည်။ သူတို့၏ အတွေ့အကြုံများက သူတို့ကို မတူညီစွာ ပုံဖော်ထားခြင်း ဖြစ်သည်။ ကယ်တင်ရှင်၏ လုပ်ရပ်များကို ခန့်မှန်းရနိုင်သော်လည်း ကောင်းမင်မှာမူ ဖရိုဖရဲအမှောင်ထုကြားမှ ဘောလုံးတစ်လုံးကဲ့သို့ပင်။
“ဘာပဲဖြစ်ဖြစ်၊ အခုလောလောဆယ်တော့ ကျုပ်တို့က မဟာမိတ်တွေပဲ”
ကောင်းမင် အသားကုလားထိုင်ပေါ်တွင် မှီလိုက်၏။ ကမ္ဘာ့ကယ်တင်ရှင်သည် ရှင်းလုမြို့သားများ၏ ရှုထောင့်မှ ရပ်တည်ပေလိမ့်မည်။ သူသည် ရှင်းလုရှိ လူသားအားလုံးကို ကယ်တင်ရန် ဆုံးဖြတ်ချက် ချပေလိမ့်မည်။ သို့သော် ထိုအပိုင်းသည် ကောင်းမင်၏ ထည့်သွင်းစဉ်းစားမှုထဲ မရှိပေ။ သူ့မှတ်ဉာဏ်များသည် သေဆုံးသွားခဲ့ပြီဖြစ်သော ဟန်ဟိုင်းမြို့ပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။
“ကျုပ်မှာ အကြမ်းဖျင်း အစီအစဉ်တစ်ခု ရှိတယ်”
ကောင်းမင်က သူ့လက်များကို ဝေ့ယမ်းလိုက်သည်။ ပိုင်ဖုန်းသည် ကျန်းမင်လီနှင့် ဖူရှုတို့ထံသို့ လျှောက်သွား၏။
“ဖူရှု… ကျုပ် ခင်ဗျားကို ရှီအိမ်တော်ကနေ ကယ်ခဲ့တယ်၊ အခု ခင်ဗျား ဘေးကင်းသွားပြီ ၊ ခင်ဗျား အိပ်မက်ချိုးဖျက်မြို့မှာပဲ နေချင်သလား၊ ဒါမှမဟုတ် ကျုပ်နဲ့အတူ မသေဆေးကုမ္ပဏီကို ပြန်လိုက်ခဲ့ပြီး ခင်ဗျားပိုင်ဆိုင်ခဲ့တာတွေကို ပြန်တောင်းချင်သလား”
အိပ်မက်ချိုးဖျက်မြို့သည် အသားသစ်ပင်ကြီး၏ သိမ်းပိုက်ခြင်း ခံထားရပြီးသား ဖြစ်သည်။ ထိုနေရာတွင် နေထိုင်ခြင်းသည် အကျဉ်းချခံရခြင်းနှင့် အတူတူပင်။ ထို့အပြင် ကောင်းမင်ပေးသော ဒုတိယရွေးချယ်မှုက ဖူရှူးအတွက် အလွန်ဆွဲဆောင်မှု ရှိနေသည်။
“စဉ်းစားကြည့်ပါ”
ကျန်းမင်လီသည် ဖူရှုက မည်မျှအရေးကြီးသည်ကို သိသည်။ ယခင် ကမ္ဘာ့ကယ်တင်ရှင်သည် ဖူရှုအား လျှို့ဝှက်ချက်များစွာ ပြောပြခဲ့ဖူးသည်။
ဖူရှုသည် ကျန်းမင်လီနှင့် ကောင်းမင်တို့ကြားတွင် မျက်လုံးကစားရင်း မျက်မှောင်ကြုတ်နေ၏။ နောက်ဆုံးတွင် သူသည် ကျန်းမင်လီ၏ လက်ထဲမှ ရုန်းထွက်ကာ မြေပြင်ပေါ်သို့ ပစ်ကျသွားပြီး ခေါင်းမာစွာဖြင့် ရှေ့သို့ တွားသွားတော့သည်။ ပိုင်ဖုန်းက ဖူရှုကို ဆွဲမလိုက်ပြီး ကောင်းမင်ထံသို့ လျှောက်သွားလိုက်သည်။
“အရမ်းကောင်းတယ်”
ကောင်းမင်သည် သူ့လက်ကို ဒဏ်ရာထဲသို့ ထိုးထည့်လိုက်သည်။ သူသည် သူ့သွေးများကို ဖူရှု၏ ခန္ဓာကိုယ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ နှိပ်စက်ခံထားရသော သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာလေသည်။ ခြေလက်အသစ်များလည်း ပြန်လည်ပေါက်ဖွားလာ၏။
“မင်း သူ့အသွေးအသားကို သုံးလိုက်ပြီ၊ အခုတော့ ပြန်လှည့်လို့ မရတော့ဘူး”
ကျန်းမင်လီသည် ခေါင်းခါရင်း သက်ပြင်းချသည်။ သူသည် ဖူရှုနှင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ဖူးမဟုတ်ပါလား။
“ဒါ သူရွေးချယ်တဲ့ လမ်းပဲ”
ကောင်းမင်သည် ဖူရှုအတွက် ခြေလက်အသစ်များ ပေါက်ဖွားစေပြီးနောက် သူ့အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သည်။
“ဒီမှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေကို ကြာကြာဖုံးကွယ်ထားလို့ မရဘူး ၊ ကျုပ်တို့ ရှာတွေ့မခံရခင် ဟန်ဟိုင်းပရောဂျက်အကြောင်းကို ပိုသိချင်တယ်”
ကျန်းမင်လီ ရှိနေသောကြောင့် ကောင်းမင်သည် သူ၏ စိတ်ရင်းအမှန်ကို ထုတ်မပြောခဲ့ပေ။ ဟန်ဟိုင်းသည် အနက်ရောင်မြူများ၏ ဝန်းရံခံထားရပြီး များစွာသော လူသားများနှင့် သရဲများသည် မကြာခဏ သေဆုံးနေကြရသည်။ အကယ်၍ အခွင့်အရေးတစ်ခုရှိပါက သူသည် ဟန်ဟိုင်းမြို့သားများအတွက် မျှော်လင့်ချက်ဆောင်ကြဉ်းပေးမည့် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးချင်ပေသည်။ ဤလုပ်ရပ်သည် ရှင်းလုမြို့တော်၏ ငြိမ်းချမ်းမှုကို ပျက်ပြားစေနိုင်သောကြောင့် ကျန်းမင်လီနှင့် တားမြစ်ဂိမ်းကစားသမားများက သဘောတူမည်မဟုတ်ပေ။ မှန်ခြင်း၊ မှားခြင်းသည် ရှုထောင့်အပေါ်မှာသာ မူတည်ပေသည်။
“ငါ မင်းကို ကူညီနိုင်တယ်”
ဖူရှုသည် မြေကြီးပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သည်။ သူသည် သူ၏ခြေလက်အသစ်များနှင့် အသားမကျသေးပေ။ သူ ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများသည် ခေါင်းမာမှုတစ်စွန်းတစ်စဖြင့် ရဲရဲနီနေ၏။
“ငါက ဟန်ဟိုင်းပရောဂျက်မှာ မပါဝင်ခဲ့ပေမဲ့ ငါသိတာတစ်ခုကတော့… အိပ်မက်ချိုးဖျက်မြို့မှာ အလွန်ရှားပါးတဲ့ အရည်အချင်းရှိစမ်းသပ်သူတွေကို ပြုပြင်မွမ်းမံပြီးရင် သူတို့ကို ဟန်ဟိုင်းစီမံကိန်းရှိတဲ့ လျှို့ဝှက်ချက်အမြင့်ဆုံး စမ်းသပ်ခန်းဆီကို ပို့ဆောင်လိမ့်မယ် ၊ မင်း ဒီနက်ရှိုင်းအဆင့် အိပ်မက်ဆိုးကနေ ထွက်သွားပြီးရင် အဲ့ဒီလို ဖိတ်ခေါ်မှုမျိုး ရနိုင်တယ် ၊ ဘာပဲဖြစ်ဖြစ် ဟန်ဟိုင်းစီမံကိန်းက အမြဲတမ်း လူအင်အားလိုအပ်နေတာ ၊ အထက်လူကြီးတွေကလည်း အဲ့ဒီနေရာကို အိပ်မက်ချိုးဖျက်မြို့ထက် ပိုတန်ဖိုးထားကြတယ်”
“ဒါက အရမ်း အန္တရာယ်များလွန်းတယ်”
ကျန်းတင်းက ခေါင်းခါလိုက်သည်။
“ဒါကို ထပ်ပေါင်းထည့်ရင်ရော”
ဖူရှုသည် ကောင်းမင်ထံသို့ ယိုင်တိယိုင်တိုင် လျှောက်သွားလိုက်သည်။ သူသည် ကောင်းမင်၏ နားထဲသို့ တိုးတိုး ကပ်ပြောလာသည်။
“မသေဆေးကုမ္ပဏီက ငါ့ကို ဒီမှာပိတ်လှောင်ထားရတာက ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိတယ် ၊ ငါ့အဖိုးက တားမြစ်ဂိမ်းရဲ့ ပိုင်ရှင်ပဲ ၊ ငါ့မှာ ကမ္ဘာ့ကယ်တင်ရှင်က ပေးထားတဲ့ အမြင့်ဆုံး ဝင်ခွင့်အဆင့်ရှိတယ် ၊ တကယ်လို့ ကုမ္ပဏီက ကယ်တင်ရှင်တွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို သုတေသနလုပ်ချင်တာ ဒါမှမဟုတ် ကယ်တင်ရှင်တွေ ပြုပြင်ထားတဲ့ ဟန်ဟိုင်းကို လေ့လာချင်တယ်ဆိုရင် သူတို့ ငါ့ကို လိုအပ်လိမ့်မယ်”
“မျက်သူငယ်အိမ်တွေ၊ လက်ဗွေရာတွေနဲ့ မျိုးရိုးဗီဇကုဒ်တွေကိုတောင် ကော်ပီကူးလို့ ရနေပြီပဲ၊ ခင်ဗျား ဒီမှာ ပိတ်မိနေတာ ကြာလှပြီ ၊ ခင်ဗျားရဲ့ အဆင့်သတ်မှတ်ချက်ကို အခုထိ ထိန်းထားနိုင်သေးလို့လား”
ကောင်းမင်က ဖူရှုကို တစ်ချက်ကြည့်လိုက်သည်။
ဖူရှုက အသေးစိတ် ရှင်းမပြတော့ပေ။ သူသည် သူ၏လက်အသစ်ကို သုံး၍ ညာဘက်မျက်လုံးကို ဆွဲထုတ်လိုက်လေသည်။ ထူးဆန်းသည်မှာ မျက်တွင်းထဲမှ သွေးတစ်စက်မျှ ထွက်မလာခြင်းပင်။
“အိပ်မက်ဘုန်းတော်ကြီးရဲ့ ဘယ်ဘက်မျက်လုံးနဲ့ ငါ့ရဲ့ ညာဘက်မျက်လုံးက မင်းကို ဒုက္ခအများအပြားကနေ ရှောင်ကွင်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ် ၊ ဒါပေမဲ့ ဒါတွေကို မသေဆေးကုမ္ပဏီက လူတွေကိုတော့ မတွေ့စေနဲ့”
ဖူရှု၏ မျက်လုံးသည် ကောင်းမင်လက်ပေါ်တွင် လက်စွပ်ပုံစံ တက်တူးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သွေးမြို့တော် တက်တူးနှင့် နှိုင်းယှဉ်လျှင် ၎င်းက သိသာထင်ရှားမှု မရှိပေ။
“မသေဆေးကုမ္ပဏီမှာ ဝင်ခွင့်အဆင့် လိုအပ်တဲ့ နေရာမှန်သမျှကို ကျော်ဖြတ်ဖို့ ဒီမျက်လုံးကို သုံးလို့ရတယ် ၊ ဒါအပြင် ဟန်ဟိုင်းကို မင်းတစ်ယောက်တည်း ဝင်မသွားသင့်ဘူးလို့ ငါထင်တယ် ၊ မင်းနဲ့အတူ လိုက်ပေးမယ့်သူ တစ်ယောက်ယောက် ရှာသင့်တယ်၊ ငါ့မှာတော့ အသင့်တော်ဆုံး လူတစ်ယောက်တော့ ရှိတယ်”
ဖူရှုက စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ရဲ့ နာမည်အစစ်ကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ လူတိုင်းက သူ့ကို နံပါတ် ၂လို့ပဲ ခေါ်ကြတယ်”
“သူ ရှိတဲ့နေရာကို ခင်ဗျားသိနေတာလား”
ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို ဖူရှုအတွက် မျက်လုံးအသစ်တစ်စုံ ဖန်တီးခိုင်းလိုက်သည်။ သူသည် သူ့အိတ်ကပ်ထဲမှ စကားပြောစက်ကို ထိတွေ့လိုက်သည်။ ဘာတုံ့ပြန်မှုမျှ မရှိပေ။ နံပါတ် ၂သည် စကားမပြောချင်သေးပုံရသည်။
“သိတာပေါ့”
ဖူရှုမျက်နှာက မည်းမှောင်သွားသည်။
“သူက အထူးအခန်းတစ်ခုထဲမှာ ပိတ်မိနေတာ ၊ အဲ့ဒီအခန်းက အစစ်အမှန်နဲ့ အတုအယောင်ကြားမှာ တည်ရှိနေတာ ၊ အဲ့ဒါက အဓိပ္ပာယ်မဲ့မှုရဲ့ အစွန်းမှာ ရှိနေပြီး လူတိုင်းရဲ့ နှလုံးသားထဲက အမှောင်ဆုံး အစိတ်အပိုင်းနဲ့ ချိတ်ဆက်နေတာပဲ”
“ခဏလေး နေပါဦး”
ဖူရှု၏ ဖော်ပြချက်များသည် ရင်းနှီးသော နေရာတစ်ခုကို သတိရစေသလို ခံစားရသဖြင့် ကောင်းမင် ပြောလိုက်သည်။
“နံပါတ် ၂ကို ကျုပ်အိမ်မှာ ဝှက်ထားတာလား”