← Chapters

ရှည်လျားသော ညတာ၏အဆုံးသတ်

Vol. 42 Ch. 626

ရှည်လျားသော ညတာ၏အဆုံးသတ်

Vol. 42 Ch. 626

သေခြင်းတရား၊ ကံကြမ္မာနှင့် ဘေးကပ်ဆိုးကဲ့သို့သော အရာများသည် ဤကမ္ဘာကြီးထဲတွင် အဖန်တလဲလဲ လည်ပတ်နေကြသည်။ ကောင်းမင်သည် ဖူရှု၏ စကားများကို နားထောင်ရင်း သူကြုံတွေ့ခဲ့ရသမျှသည် အဖန်တလဲလဲဖြစ်နေသော မှားယွင်းသည့် အိပ်မက်တစ်ခုဟုပင် သံသယဝင်လာမိသည်။ ဖြစ်နိုင်သည်မှာ သူသည် သံသရာတစ်ခုခုတွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီး ကျန်ရှိသမျှအရာအားလံးသည် သူ၏စိတ်ကူးယဉ်မှုများသာ ဖြစ်နေနိုင်ပေသည်။

“နံပါတ် ၂က အဲ့ဒီမှာ ပုန်းနေတာ ၊ ကြည့်ရတာတော့ အဲ့ဒီနေရာက မသေဆေးကုမ္ပဏီရဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေသိမ်းထားတဲ့ နေရာလည်း ဖြစ်ပုံရတယ်”

ဖူရှုသည် ကောင်းမင်၏ အခြေအနေကို သတိမပြုမိပေ။ မသေဆေးကုမ္ပဏီအပေါ် ထားရှိသော မုန်းတီးမှုများဖြင့် သူက မည်းမှောင်စွာ ပြောလိုက်သည်။

“အစစ်အမှန်နဲ့ အတုအယောင်ကြားမှာ ရှိနေတဲ့ အဲ့ဒီအခန်းကို ရောက်ဖို့ ခက်ခဲပေမဲ့ ငါကတော့ လမ်းကြောင်းတစ်ခုကို သိထားတယ်”

“ဘယ်လိုလမ်းလဲ”

“လူတွေရဲ့ နှလုံးသားအောက်ခြေမှာရှိတဲ့ အိပ်မက်ဆိုးတွေကနေတစ်ဆင့် လက်တွေ့ဘဝရဲ့ အစွန်းမှာရှိတဲ့ တစ်ခုတည်းသော တံခါးကို မင်းရှာတွေ့နိုင်တယ် ၊ ရှင်းရှင်းပြောရရင် အဲ့ဒီအခန်းဆီ သွားတဲ့လမ်းဟာ မသေဆေးကုမ္ပဏီရဲ့ ရွေးချယ်ခံထားရတဲ့ အထက်လူကြီး အနည်းငယ်ရဲ့ အိပ်မက်ထဲမှာ ဝှက်ထားတာပဲ”

ဖူရှုသည် ပြန်လည်မှတ်မိရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

“ဘယ်သူလဲဆိုတာတော့ ငါအတိအကျ မပြောနိုင်ဘူး၊ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူစာရင်းကိုတော့ ငါပေးလို့ရတယ် ၊ သူတို့ကတော့ တုကျင်း၊ နံပါတ် သုည၊ လီရှင်းချန် ၊ ထန်လင်းနဲ့ ဝမ်ကျားတို့ပဲ”

“တုကျင်းက ငါ့အဖိုးရဲ့ သူငယ်ချင်းပဲ ၊ သူက ရှင်းလုမြို့မှာ သက်တမ်းအရှည်ဆုံး လူအဖြစ်လည်း လူသိများတယ်၊ သူ ဘယ်လောက်ထိ အသက်ရှင်ခဲ့နေလဲဆိုတာ ဘယ်သူမှ အသေအချာမသိဘူး ၊ အခုလောလောဆယ်တော့ သူက အဆင့် (၅) စမ်းသပ်ခန်းမှာ စမ်းသပ်မှုတစ်ခုကို ပူးပေါင်းဆောင်ရွက်နေတယ်”

“နံပါတ်သုည ကတော့ မသေဆေးကုမ္ပဏီမှာ ကိန်းဂဏန်းတစ်ခုထက် ပိုတယ် ၊ အရင်က ကမ္ဘာ့ကယ်တင်ရှင်ဟာ နံပါတ် သုည ဖြစ်ခဲ့ဖူးတယ် ၊ ကယ်တင်ရှင်အားလုံး အတွင်းကမ္ဘာထဲကို ဝင်သွားပြီးတဲ့နောက် နံပါတ်သုညနေရာကို တခြားတစ်ယောက်က သိမ်းယူသွားတယ်၊ အခုလက်ရှိ နံပါတ်သုညက ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိဘူး ၊ ဝမ်းနည်းစရာကောင်းတာက ကုမ္ပဏီထဲက လူအများစုဟာ အခုလက်ရှိ နံပါတ်သုညကိုပဲ ရှင်းလုမြို့ကို ကယ်တင်ခဲ့တဲ့လူလို့ ထင်နေကြတုန်းပဲ”

“လီရှင်းချန် အကြောင်း ပြောရရင်တော့”

ဖူရှုက သွားကြားထဲက လေသံဖြင့် ပြောလိုက်သည်။

“သူက ငါ့လက်ထောက်ဖြစ်ခဲ့ဖူးပြီး ငါအယုံကြည်ရဆုံးလူပဲ ၊ ဒါပေမဲ့ သူက နံပါတ်သုညဘက်ကို ဘက်ပြောင်းသွားပြီး ကုမ္ပဏီထဲမှာ သန့်စင်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ် ၊ သူက တားမြစ်ဂိမ်းကစားသမား အားလုံးကို သတ်ပစ်ဖို့ အတည်ပြုခဲ့သူဖြစ်ပြီး ပြီးပြည့်စုံသောဘဝဂိမ်းကိုလည်း ဖျက်ဆီးပစ်ခဲ့တဲ့သူပဲ”

“ထန်လင်းကိုတော့ စီမံခန့်ခွဲရေးအဖွဲ့ဝင်လို့ သတ်မှတ်လို့မရဘူး ၊ သူက အရူးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို လူမဆန်တဲ့ စမ်းသပ်မှုတွေ အများကြီးလုပ်နေတာ၊ နံပါတ် ၂ အကျဉ်းချခံထားရတဲ့ အဓိကအကြောင်းရင်းထဲမှာ သူလည်း ပါတယ်”

ဖူရှုက သတိပေးလိုက်သည်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူက တားမြစ်ဂိမ်းကစားသမားတွေကို အမဲလိုက်ဖို့ နည်းလမ်းတွေ ရှာဖွေနေခဲ့တာ၊ သူ့မျက်လုံးထဲမှာတော့ ကစားသမားတိုင်းဟာ အံ့ဩစရာကောင်းတဲ့ စမ်းသပ်ပစ္စည်းတွေပဲ၊ သူ့သားကောင်တွေဟာ ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး၊ ပြီးတော့ ဟန်ဟိုင်းစီမံကိန်းမှာလည်း ပါဝင်ပတ်သက်နေတယ်၊ ဘာပဲဖြစ်ဖြစ် ဒီမိန်းမက အရမ်းအန္တရာယ်များတယ်”

ကောင်းမင်သည် ပထမဆုံးလူသုံးယောက်အပေါ်တွင် ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိသော်လည်း ထန်လင်း၏အမည်ကို ကြားလိုက်ရချိန်တွင် သူ့အကြည့်များ ပြောင်းလဲသွားသည်။ ရှန်ဟိုင်းစိတ္တဇဆေးရုံသရဲအိမ်တွင် နံပါတ် ၂ ၏ပြောပြချက်အရ ထန်လင်းသည် မဟာမိတ်တစ်ဦးဖြစ်သည်ဟု ကြားခဲ့ရသည်။ ဖူရှုရဲ့ သူမအပေါ် နားလည်မှုက ဘာလို့ အရမ်းကွဲပြားနေရတာလဲ။

ဒါက ထန်လင်း၏ ဟန်ဆောင်မှုလား၊ ဒါမှမဟုတ် နံပါတ် ၂တောင်မှ လှည့်စားခံလိုက်ရတာလား။

သူ့အိတ်ကပ်ထဲမှ စကားပြောစက်မှာ တုံ့ပြန်မှုမရှိသေးပေ။ သားစားကြူးနတ်ဘုရား အိပ်မက်သရဲ ဖြစ်လာပြီးနောက် ထိုကိရိယာက ချို့ယွင်းသွားပုံရသည်။

“တစ်ခုခုတော့ မှားနေပြီ”

ဖူရှုသည် မည်သို့ လူကဲခတ်ရမည်ကို မသိပေ။ သူသည် စစ်မှန်သော နည်းပညာရှင်တစ်ဦးသာ ဖြစ်သည်။ သူက ဆက်လက်ရှင်းပြသည်။

“ဝမ်ကျားကတော့ မသေဆေးကုမ္ပဏီရဲ့ တည်ထောင်သူအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ သူဟာ အရေးကြီးတဲ့ စမ်းသပ်မှုတွေမှာ ပါဝင်ခဲ့ဖူးတယ် ၊ သူဟာ တုကျင်းလိုပဲ ထာဝရရှင်သန်ခြင်းခေါင်းစဉ်အောက်က ပြုပြင်မွမ်းမံမှုကို ခံယူခဲ့ဖူးတယ်၊ ဒါပေမဲ့ ရလဒ်ကတော့ ထိရောက်မှုမရှိသလောက်ပါပဲ၊ သူဟာ ဟန်ဟိုင်းပရောဂျက်ရဲ့ မန်နေဂျာသုံးယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်၊ သူ ဘယ်ဘက်မှာ ရပ်တည်နေလဲဆိုတာတော့ ငါမပြောတတ်ဘူး၊ မင်းအနေနဲ့ သူ့ရဲ့ မွေးစားကလေးတွေကို ပြန်ပေးဆွဲပြီး သတင်းအချက်အလက်တွေ စစ်ဆေးမေးမြန်းလို့ ရနိုင်တယ်”

ကျန်းမင်လီသည် ထိုအကြံပေးချက်ကို ကြားလိုက်သောအခါ သက်ပြင်းကို ပိုမိုပြင်းထန်စွာ ချလိုက်မိသည်။

“ဒါနဲ့ နောက်ထပ်လူတစ်ယောက် ရှိသေးတယ်”

ဖူရှုက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရသည်။

“ငါ အိပ်မက်ချိုးဖျက်မြို့မှာ ပိတ်မိနေတုန်းက ငါ့အခြေအနေကို လာစစ်ဆေးတဲ့ အမျိုးသမီးဆရာဝန်တစ်ယောက် ရှိတယ် ၊ သူက မဟာမိတ်လားဆိုတာ မသေချာလို့ ငါဘာမှမပြောခဲ့ဘူး၊ သူ့နာမည်က ရွှမ်ဝမ်တဲ့”

“ရွှမ်ဝမ်လား”

ကောင်းမင်သည် သူ့ထိုင်ခုံပေါ်တွင် ခါးမတ်ထိုင်လိုက်မိသည်။

“သာမန်လူတစ်ယောက်က အိပ်မက်ချိုးဖျက်မြို့ထဲကို မဝင်နိုင်သလို ငါ့ကိုရှာတွေ့ပြီး စကားပြောနိုင်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်”

ဖူရှုက ယင်းကို နားမလည်နိုင်ဖြစ်နေသည်။

“ငါ သူ့ကို သေချာအကဲခတ်လို့ မရခဲ့ဘူး”

“နံပါတ် ၂ရှိတဲ့ အခန်းတံခါးက အဲ့ဒီလူတွေရဲ့ နှလုံးသားနဲ့ အိပ်မက်တွေထဲမှာ ဝှက်ထားတာလား”

ရွှမ်ဝမ်၏အမည် ထွက်ပေါ်လာလိမ့်မည်ဟု ကောင်းမင် မမျှော်လင့်ထားခဲ့ပေ။

“မသေဆေးကုမ္ပဏီအကြောင်း ငါသိပါတယ် ၊ သူတို့က အဖိုးတန်ဆုံးအရာတွေကို လူတွေရဲ့ အိပ်မက်တွေနဲ့ နှလုံးသားတွေထဲမှာ သိမ်းဆည်းထားတတ်ကြတယ်”

“ကောင်းပြီ”

ကောင်းမင်တွင် နံပါတ် ၂ကို ရှာဖွေရန် နောက်ထပ် အကြောင်းပြချက်တစ်ခု တိုးလာခဲ့ပြီဖြစ်သည်။ နံပါတ် ၂ကို ရှာတွေ့သည်နှင့် သူ့အိမ်ကိုလည်း ရှာတွေ့ပေလိမ့်မည်။ သူ့ မိဘများကိုလည်း မြင်တွေ့ရနိုင်သည်။

“ကျုပ်တို့ အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး ၊ အခုပဲ စလှုပ်ရှားကြမယ်”

ကောင်းမင်သည် လှေကားထစ်များအတိုင်း ဆင်းလာပြီး ကျန်းမင်လီထံသို့ လျှောက်သွားလိုက်သည်။

“ဆရာကျန်း၊ ခင်ဗျား လုပ်ချင်တာကို ဆန္ဒရှိသလို လုပ်နိုင်ပါတယ်”

“မသေဆေးကုမ္ပဏီက ငါ့အပေါ်မှာ အရာအတော်များများ ထည့်သွင်းထားခဲ့တာ ၊ အဲ့ဒါတွေကို ငါ့ကိုယ်ထဲကနေ အပြည့်အဝ မဖယ်ထုတ်မပြီးမချင်း ငါဒီက ထွက်သွားမှာမဟုတ်ဘူး”

ကျန်းမင်လီသည် အိပ်မက်ချိုးဖျက်မြို့တွင် သူစိုက်ပျိုးထားခဲ့သော ကျိန်စာများကို ပြန်လည်ခေါ်ယူလိုက်သည်။

“ကောင်းမင်၊ အကြမ်းဖက်မှုဆိုတာ တစ်ခုတည်းသော ဖြေရှင်းနည်း မဟုတ်ဘူး ၊ မင်းသာ ရှင်းလုမြို့ကို ဒုတိယအိပ်မက်ချိုးဖျက်မြို့အဖြစ် ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ဟာ ရန်သူတွေ ဖြစ်လာလိမ့်မယ်”

“ကျုပ်က အပြစ်မဲ့သူတွေကို ထိခိုက်အောင်လုပ်မယ်လို့ ထင်နေတာလား”

ကောင်းမင်သည် ကျန်းမင်လီကို ကျော်ဖြတ်ကာ လျှောက်သွားလိုက်သည်။ သားစားကြူးနတ်ဘုရား၏ စွမ်းအားများက ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ဟန်ဟိုင်းမှ သရဲတစ္ဆေများသည်လည်း အသားလွှာများကြားသို့ ပြန်လည်ဝင်ရောက်သွားကြ၏။ အနီရောင်အဆောက်အဦးများ ပုံစံပြောင်းလဲသွားသည်။ အိပ်မက်ချိုးဖျက်မြို့သည် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်း မပေါ်လာမီက အခြေအနေသို့ ဖြည်းညင်းစွာ ပြန်လည်ရောက်ရှိသွားသည်။

နှိပ်စက်ခန်း တံခါးက ပွင့်ဟလာသည်။ ရင်းနှီးသော ပုံရိပ်များသည် သွေးနှင့် စိတ်ပျက်အားငယ်မှုများကြားတွင် ရေချိုးနေကြရသည်။ အသက်ရှင်ကျန်ရစ်သူ ရွာသားများစွာ ရှိနေခဲ့သည်။ ကောင်းမင်သည် သူတို့ကို ဝိညာဉ်ဘုရားကျောင်းကဲ့သို့ သုံးစွဲပစ္စည်းများအဖြစ် မဆက်ဆံခဲ့ပေ။ သားစားကြူးနတ်ဘုရားက စွမ်းအားအလုံအလောက် ရရှိပြီးနောက်တွင် သူ ရပ်တန့်လိုက်သည်။

သွေးများကြားမှ တွားသွားထွက်လာသော ရွာသားများသည် သူတို့၏ ဆင်ခြင်တုံတရားများကို ပြန်လည်ရရှိလာကြသည်။ သူတို့၏ဒဏ်ရာများ ကောင်းမွန်လာကြပြီး ပိုမို သန်မာလာကြလေသည်။ သူတို့သည် လမ်းမများပေါ်တွင် လျှောက်လှမ်းရင်း လျင်မြန်စွာ ပြောင်းလဲနေသော အဆောက်အဦးများကို မြင်တွေ့နေရသည်။ သူတို့သည် သူတို့၏ သာမန်ဘဝများဆီသို့ ပြန်လည်ရောက်ရှိသွားကြသော်လည်း ဘေးကပ်ဆိုးနှင့် မိစ္ဆာများအတွက် စိုးရိမ်နေစရာ မလိုတော့ပေ။ အိပ်မက်ချိုးဖျက်မြို့သည် စည်းမျဉ်းအသစ်တစ်ခုကို ကြိုဆိုလိုက်ပြီ ဖြစ်သည်။

ရွာအပြင်ဘက်ရှိ မြစ်ကြီးမှာ ဖြည်းညှင်းစွာ စီးဆင်းနေ၏။ အက်ကွဲနေသော မြေပြင်များကြားမှ သစ်ပင်များ ပေါက်ထွက်လာကြသည်။ ထိုအပင်များဆီမှ သင်းပျံ့သော အသားနံ့လေးများ ထွက်ပေါ်နေလေသည်။

ရွာသားအများစုသည် ညှင်းပန်းနှိပ်စက်ခန်းထဲမှ ထွက်လာကြသည်။ နောက်ဆုံးတွင် မောင်းသံတစ်ခု ထွက်ပေါ်လာ၏။ အမွှေးတိုင်မီးခိုးများမှာ လွင့်ပျံနေသည်။ လည်ပင်းတွင် အမွှေးတိုင်သုံးချောင်း ထိုးထားသော ခါးကုန်းကုန်း အဘိုးကြီးတစ်ယောက်သည် ကြေးမောင်းတစ်ခုကို သယ်ဆောင်၍ ထွက်ပေါ်လာလေသည်။

ညကင်းစောင့်တွင် ခေါင်းမရှိသော်လည်း လူတိုင်းက သူ၏ကူကယ်ရာမဲ့မှုနှင့် ကျေးဇူးတင်မှု အငွေ့အသက်ကို အာရုံခံမိကြသည်။ သူသည် အိပ်မက်ချိုးဖျက်မြို့အသစ်ဆီသို့ အားနည်းစွာ လျှောက်လှမ်းသွားလိုက်သည်။

ယုံနတ်ဘုရားအချို့မှာ အသတ်မခံခဲ့ရပေ။ သူတို့ ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပစ်ထည့်ခံရပြီးနောက် သူတို့သည် ကောင်းမင်၏ကမ္မနှင့် ချိတ်ဆက်သွားခဲ့ပြီ ဖြစ်သည်။

မောင်းသံ ထပ်မံ မြည်ဟည်းလာသည်။ ညကင်းစောင့်အိုကြီးသည် အိပ်မက်ချိုးဖျက် မြို့သစ်တလျှောက် ဖြည်းညင်းစွာ လျှောက်သွားနေ၏။ အိုမင်းပြီး သန်မာလှသော အသံတစ်ခုက သူ၏ ဝမ်းဗိုက်ထဲမှ ထွက်ပေါ်လာလေသည်။

“ဝူကန်း အချိန်ရောက်ပြီ ၊ ညတာရှည်ကြီး ပြီးဆုံးတော့မယ် ၊ သက်ရှိအားလုံး ပြန်လည်ရှင်သန်ကြတော့မယ်”

All Chapters