← Chapters

ကျေးဇူးတင်ပါတယ်

Vol. 42 Ch. 627

ကျေးဇူးတင်ပါတယ်

Vol. 42 Ch. 627

“နောက်ဆုံးတော့ နေထွက်လာတော့မယ်”

ကောင်းမင်က ကျန်းမင်လီဘေးတွင် ရပ်သည်။သူက မိုးကုပ်စက်ဝိုင်းကို လက်ညှိုးထိုးပြလိုက်သည်။

“တစ်နေ့ကျရင် အိပ်မက်ဆိုးတွေ အားလုံးဟာ အလင်းရောင်အောက် ရောက်လာလိမ့်မယ်”

သားစားကြူးနတ်ဘုရားသည် သူ့စွမ်းအားဖြင့် စမ်းသပ်သူများကို ပုံမှန်ဖြစ်အောင် လုပ်ပေးလိုက်သည်။ သို့သော်လည်း သူတို့ပြန်လည်ရရှိလာသော ဝိညာဉ်များသည် သူတို့ကိုယ်ပိုင် မဟုတ်တော့ပေ။ သူတို့ဦးနှောက်ထဲရှိ မှတ်ဉာဏ်များကို အိပ်မက်သရဲက ဖန်တီးပေးထားခြင်း ဖြစ်သည်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် ကောင်းမင်သည် ဝိညာဉ်ဘုရားကျောင်း အပျက်အစီးနေရာသို့ ပြန်သွားလိုက်သည်။ သူသည် ကောင်းကင်ဘုံတံခါးကို တစ်ချက်ကြည့်လိုက်၏။ ဘုရားကျောင်းပိုင်ရှင်သည် အဟတစ်ခုသာ ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်ချက်ကြည့်ရုံနှင့်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ကောင်းမင်သည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သားစားကြူးနတ်ဘုရားကို သူ့အား နတ်ဘုရားတံခါးဆီသို့ ခေါ်သွားခိုင်းလိုက်သည်။ သူတို့သည် တံခါးဟနေသော နေရာရှေ့တွင် ခေတ္တရပ်လိုက်ကြသည်။ ကောင်းမင်က ရှေ့တစ်လှမ်းတိုးရန် ပြင်လိုက်သော်လည်း သားစားကြူးနတ်ဘုရားက သူ့ကို တားဆီးလိုက်သည်။ မျက်နှာလေးခုလုံးက တူညီသော တုံ့ပြန်မှုမျိုး ပြုလုပ်နေကြ၏။ ၎င်းတို့သည် ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော်တက်တူးကို ထိန်းချုပ်၍ နတ်ဘုရားတံခါး၏ကံကြမ္မာကို ပိတ်ချလိုက်သည်။

“မင်း ဘာမြင်လိုက်လို့လဲ”

ကောင်းမင်သည် သူ့လက်ကို သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ တင်လိုက်သည်။ သူတို့၏ နှလုံးသားချင်း ချိတ်ဆက်သွား၏။ ကောင်းမင်သည် သားစားကြူးနတ်ဘုရားထံမှ နာကျင်မှုအရိပ်အယောင်တစ်ခုကို အာရုံခံမိသည်။ လွတ်နေသော လက်များက လေထဲတွင် အရူးအမူး ဝေ့ယမ်းပြပြီးနောက် သားစားကြူးနတ်ဘုရားသည် ကမ္ဘာကြီး၏ သွေးများကို သယ်ဆောင်ကာ ကောင်းမင်၏နှိပ်စက်ခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ ဆုတ်ခွာမှုမှာ အလွန်လျင်မြန်လှသည်။ သူသည် ကောင်းမင်အား ထပ်မမေးရန်၊ ထပ်မပြောရန်နှင့် ခန့်မှန်းဖို့ မကြိုးစားရန် သတိပေးနေခြင်း ဖြစ်သည်။

“လောလောဆယ် ငါတို့အလုပ်ကိုပဲ အာရုံစိုက်ကြတာပေါ့”

ကောင်းမင်သည် ကျန်းတင်းတို့အဖွဲ့ ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပြန်ဝင်လာသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ သူ့ကိုယ်ပေါ်မှ သွေးနီရောင်မြို့တော်တက်တူးကို ပွတ်သပ်လိုက်၏။ အဝေးရှိ အသားသစ်ပင်ကြီးမှ သိပ်သည်းလှသော သွေးမြူများ ထွက်ပေါ်လျက်ရှိသည်။ သူသည် အိပ်မက်ချိုးဖျက်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ မြူခိုးများ လွင့်ပျံလာပြီး ကောင်းမင်နှင့် စမ်းသပ်သူအသစ်များ၏ ခန္ဓာကိုယ်များက မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

“နိုးထကြတော့... အိပ်မက် ပြီးဆုံးသွားပြီ”

...

မောင်းသံသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ကောင်းမင် မျက်လုံးဖွင့်လိုက်၏။ ပိုင်ဖုန်းက သူ့ကို မှီလျက်ရှိနေသည်။ သူတို့နှင့် အသက်ရှင်ကျန်ရစ်သော အခြားစမ်းသပ်သူများသည် အစပိုင်းက ယဇ်ပလ္လင်အခန်းထဲတွင် ပြန်လည်ပေါ်ထွက်လာကြသည်။ ပိုင်ဖုန်းက သူ့ပုခုံးကို တွန်းလိုက်သည်။ ကောင်းမင်သည် သူမညွှန်ပြရာဘက်သို့ ကြည့်လိုက်သောအခါ အခန်းလယ်ရှိ ယဇ်ပလ္လင်ကို မြင်လိုက်ရသည်။ ယဇ်ပလ္လင်ထဲတွင် ရှိနေသည်မှာ စက္ကူရုပ်တစ်ရုပ်မဟုတ်တော့ဘဲ မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသော သားစားကြူးနတ်ဘုရား ဖြစ်နေလေသည်။

ထိုယဇ်ပလ္လင်သည် အိပ်မက်၏ ပိုင်ဆိုင်မှု ဖြစ်သည်။ အစောပိုင်းက စမ်းသပ်သူများ ထိုပလ္လင်ကို ကြည့်ချိန်တွင် တစ်ဦးနှင့်တစ်ဦး မတူညီသည်များကို မြင်ခဲ့ရသည်။ ကောင်းမင်နှင့် ပိုင်ဖုန်းတို့ကမူ ယဇ်ပလ္လင်ပြောင်းလဲသွားသည်ကို သတိပြုမိကြသည်။ ၎င်းသည် ယခုတွင် သားစားကြူးနတ်ဘုရား၏ ပိုင်ဆိုင်မှုဖြစ်သွားပြီ ဖြစ်သည်။ သူတို့နှစ်ဦးလုံး သားစားကြူးနတ်ဘုရား၏ နတ်ဘုရားရုပ်ထုကို မြင်နေရခြင်း ဖြစ်၏။ ကောင်းမင်သည် ယဇ်ပလ္လင်အနားသို့ တိုးသွားကာ တံခါးကိုပိတ်၍ အနက်ရောင်အဝတ်စကို ပြန်ဖုံးပေးလိုက်သည်။ ထို့နောက်မှသာ သူ သက်ပြင်းချနိုင်တော့သည်။

“အဆင့် (၅) စမ်းသပ်မှုဆိုတာ နေ့တိုင်းဖြစ်နေတာ မဟုတ်ဘူး ၊ မသေဆေးကုမ္ပဏီက ဒါကို ချက်ချင်း ရှာတွေ့မှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက မပြောသင့်သူတစ်ယောက် ချန်ထားခဲ့တဲ့ ယဇ်ပလ္လင်ပဲလေ၊ သာမန်လူတစ်ယောက်အတွက် အနားကပ်ဖို့ဆိုတာ အသက်အန္တရာယ် ရှိတယ်”

ပိုင်ဖုန်း စကားပြောပြီးသည်နှင့် အခန်းထဲရှိ မီးများ မှေးမှိန်သွားပြီး တစ်ခန်းလုံး အမှောင်အတိ ကျသွားတော့သည်။ သူတို့ ဘာမှ မမြင်ရတော့ပေ။ ကောင်းမင်နှင့် ပိုင်ဖုန်းတို့သည် အခန်းကြီး ရွေ့လျားနေသည်ကို ခံစားမိသည်။ ထိုမှောင်မိုက်မှုသည် နာရီဝက်ခန့်ကြာမြင့်ပြီးနောက် တံခါးဖွင့်သံကို ကြားလိုက်ရ၏။

“ဂုဏ်ယူပါတယ်၊ ခင်ဗျားတို့ဟာ အဆင့် (၅) လျှို့ဝှက်ဝင်ခွင့်အဆင့်ကို ထိန်းသိမ်းပိုင်ခွင့် ရသွားပါပြီ၊ ဒီနေ့ကစပြီး ခင်ဗျားတို့ကို မသေဆေးကုမ္ပဏီက ကာကွယ်ပေးသွားမှာပါ၊ ခင်ဗျားတို့ဘဝမှာရှိတဲ့ ခက်ခဲတဲ့ မေးခွန်းမှန်သမျှကို မသေဆေးကုမ္ပဏီက ဖြေပေးသွားမှာဖြစ်သလို ခင်ဗျားတို့ရဲ့ လိုအပ်ချက်မှန်သမျှကိုလည်း ကျေနပ်အောင် ဖြည့်ဆည်းပေးသွားမှာပါ၊ ခင်ဗျားတို့ မိသားစုတွေကိုလည်း ကာကွယ်ပေးထားမှာဖြစ်ပြီး ခင်ဗျားတို့ဟာ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံစားခွင့်ရတော့မှာပါ...”

မီးများ တဖြည်းဖြည်း ပြန်လင်းလာသည်။ အဖြူရောင်ဝတ်စုံဝတ် သုတေသနသမားတစ်ဦးက စမ်းသပ်သူများအတွက် လှပသောအနာဂတ်ပုံရိပ်တစ်ခုကို ရေးဆွဲပြနေသည်။ ကောင်းမင်ပင်လျှင် ထိုစကားများကို ဆွဲဆောင်မှုရှိသည်ဟု ခံစားလိုက်ရသည်။

သူတို့၏ အဆင့်အတန်းသစ်မှ ရရှိလာမည့် အကျိုးကျေးဇူးများကို အလေးပေး ပြောကြားပြီးနောက် သုတေသနပညာရှင်က စာချုပ်အသစ်တစ်ခု ထုတ်ပေးသည်။မှန်ပါသည် ယင်းကတော့ ပြပွဲတစ်ခုသက်သက်သာ ဖြစ်သည်။ အိပ်မက်ချိုးဖျက်မြို့ကို တည်ဆောက်ခဲ့စဉ်က အခြေခံစည်းမျဉ်းတစ်ခု ရှိခဲ့သည်။ ပြုပြင်မွမ်းမံခြင်းနည်းလမ်းကို ရရှိသူများသာ ရွာထဲမှ အသက်ရှင်လျက် ထွက်ခွာခွင့်ရှိခြင်း ဖြစ်သည်။ ထိုနည်းလမ်းကို ရရှိရန် မိမိ၏အစိတ်အပိုင်းတစ်ခုကို စတေးရသည်။ တစ်နည်းအားဖြင့် ဤအဆင့် (၅) စမ်းသပ်ခံသူများသည် မသေဆေးကုမ္ပဏီမှ မည်သည့်အခါမျှ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

စာချုပ်များ လက်မှတ်ထိုးပြီးနောက် အပြစ်ဆိုဖွယ်မရှိသော ခန္ဓာကိုယ်နှင့် မျက်နှာများရှိသည့် အလုပ်သမားများက စမ်းသပ်သူများကို အခန်းအသီးသီးသို့ လိုက်လံပို့ဆောင်ပေးကြသည်။ စမ်းသပ်မှုများ ပြုလုပ်ကြပြီး သူတို့၏ ကိုယ်ရေးမှတ်တမ်းများကို ဒေတာဘေ့စ်တွင် မှတ်တမ်းတင်လိုက်ကြသည်။

အခြားသူများ၏ အခြေအနေကို ကောင်းမင်မသိသော်လည်း သူ့စမ်းသပ်မှုများ မစတင်မီ အရာအားလုံး ရပ်တန့်သွား၏။ အလုပ်သမားများသည် အမိန့်တစ်ခုရရှိပြီး ထွက်သွားကြသည်။ ကုတင်ပေါ်တွင် ကောင်းမင်တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

ဆယ်စက္ကန့်ခန့်အကြာတွင် ဒေါက်ဖိနပ်သံများ အဝေးမှ ထွက်ပေါ်လာသည်။ တံခါးပွင့်လာပြီး အဖြူရောင်ကုတ်အင်္ကျီဝတ် အမျိုးသမီးတစ်ဦး လျှောက်ဝင်လာ၏။ သူမသည် အလျင်အမြန် လာခဲ့ပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အင်္ကျီလက်များပေါ်တွင် ဆေးဘက်ဆိုင်ရာ အရည်များမှာ စိုရွှဲနေဆဲ ဖြစ်သောကြောင့်ပင်။ သူမသည် ၎င်းတို့ကို ဆေးကြောရန်ပင် မရပ်တန့်ခဲ့ပေ။

“ကျွန်မတို့ ပြန်တွေ့ကြပြန်ပြီနော်”

ထိုအမျိုးသမီးသည် သူမ၏အလှတရားကို သူမကိုယ်တိုင် နားမလည်ပုံရသည်။ သို့မဟုတ် သူမ၏ အလှတရားမှာ သူမအတွက် ဘာအဓိပ္ပာယ်မှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ မှတ်ဉာဏ်အပိုင်းအစများ စုစည်းမိသွားပြီး နာမည်တစ်ခု ပေါ်လာခဲ့သည်။ သူသည် ထိုအမျိုးသမီးကို ထိုအဆုံးမဲ့ အိပ်မက်ဆိုးထဲတွင် အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးသည်။ ဟန်ဟိုင်းတွင် ကောင်းမင်သေဆုံးသည့် အကြိမ်တိုင်း ရွှမ်ဝမ်ကသာလျှင် မှောင်မိုက်နေသော မြို့ကြီးထဲတွင် လျှပ်စစ်ဆိုင်ကယ်တစ်စီးဖြင့် သူ့အား အိမ်ပြန်ပို့ပေးခဲ့ခြင်း ဖြစ်သည်။ သူအကြိမ်ပေါင်းများစွာ သေခဲ့သော်လည်း ယင်းက ရွှမ်ဝမ်ကြောင့် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သူမသည် သူ့ဘေးတွင် အမြဲရှိနေခဲ့ပေးသူ ဖြစ်သည်။ သူ့တွင် ပြောစရာစကားများစွာ ရှိနေသော်လည်း ရိုးရှင်းသော နှုတ်ဆက်စကားတစ်ခုသာ ထွက်လာခဲ့သည်။

“ဟယ်လို ၊ ဒေါက်တာဝမ်”

ကောင်းမင်သည် မည်သည့် အားနည်းချက်ကိုမျှ ထုတ်မပြဘဲ တတ်နိုင်သမျှ တည်ငြိမ်အောင် နေလိုက်သည်။

ရွှမ်ဝမ်က တံခါးကို မပိတ်ခဲ့ချေ။ သူမသည် စက်ပစ္စည်းများဆီသို့ လျှောက်သွားလိုက်ပြီး ကောင်းမင်၏ ကိုယ်ပေါ်တွင် တပ်ဆင်ထားသမျှ အရာအားလုံးကို ဖယ်ရှားပေးလိုက်သည်။

“အိမ်ပြန်တော့၊ မသေဆေးကုမ္ပဏီနဲ့ ထပ်ပတ်သက်မနေနဲ့တော့၊ ရှင့်ရဲ့ရောဂါ ပျောက်သွားပြီ”

“ကျွန်တော့်ကို တခြားပြောစရာတစ်ခုခု ရှိသေးလား”

“ရှင်က ခုမှ အိပ်မက်ဆိုးထဲက နိုးလာတာ ၊ ရှင် စိတ်လှုံ့ဆော်မှုတွေ ထပ်မလိုအပ်တော့ဘူး၊ ရှင်သာ မသေဆေးကုမ္ပဏီရဲ့ ဦးနှောက်နယ်ပယ် စမ်းသပ်မှုတွေမှာ ဆက်ပါဝင်နေမယ်ဆိုရင် တစ်နေ့ကျရင် ရှင်တကယ် ရူးသွားလိမ့်မယ်”

ရွှမ်ဝမ်၏ လေသံသည် လူနာတစ်ဦးအပေါ် ဆရာဝန်တစ်ဦး၏သဘောထားကဲ့သို့ စိုးရိမ်ပူပန်မှုများ ပါဝင်နေလေသည်။ယင်းသည် သူ့မှတ်ဉာဏ်ထဲရှိ သူတို့ ဆက်သွယ်ပုံနှင့် မတူညီပေ။

အပြုံးမရှိသော ဆရာဝန်သည် စိတ်ပိုင်းဆိုင်ရာ မူမမှန်သောရာဇဝတ်သားနှင့် တွေ့ဆုံခြင်းပင်။ ကောင်းမင်သည် ရွှမ်ဝမ်၏မျက်နှာကို စိုက်ကြည့်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

“ဒါဆိုရင် ကျွန်တော် သွားတော့မယ်”

ကောင်းမင် မတ်တပ်ရပ်လိုက်သည်။ ရွှမ်ဝမ်က သူ့အား သုတေသနဝတ်စုံအသစ်တစ်ခု ကမ်းပေး၏။

“ဒါကို ဝတ်လိုက်ပါ၊ အိတ်ကပ်ထဲမှာ ဝန်ထမ်းကတ် ရှိတယ်၊ အဲ့ဒါရှိရင် ရှင့်ကို ဘယ်သူမှ တားမှာ မဟုတ်ဘူး”

ရွှမ်ဝမ်သည် စက်ပစ္စည်းများကို လုပ်ဆောင်ရန် ပြန်လှည့်သွားသည်။ ကောင်းမင်သည် သူမ၏ စေတနာကို မငြင်းဆန်ခဲ့ပေ။ သူ တံခါးဝသို့ လျှောက်သွားလိုက်သည်။ သူ ထွက်သွားခါနီးတွင် ရုတ်တရက် ရပ်လိုက်ပြီး ရွှမ်ဝမ်၏ကျောပြင်ကို လှည့်ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ယင်းသည် ရိုးရှင်းသည့် စကားလုံးလေးတစ်ခု ဖြစ်သော်လည်း ထူးခြားသည့် အဓိပ္ပာယ်တစ်ခု ရှိနေလေသည်။ ရွှမ်ဝမ်၏ လက်ချောင်းလေးများ တုန်ခါသွားသည်ကို ကောင်းမင် မြင်တွေ့လိုက်ရသည်။

ရွှမ်ဝမ်ကဲ့သို့ လူမျိုးသည် သူမ၏ စိတ်ခံစားချက်များကို အပြည့်အဝထိန်းချုပ်နိုင်သူ ဖြစ်သည်။ သူမ၏ စိတ်ခံစားချက်များ ယိုဖိတ်သွားသည်ဆိုပါက သူမသည် တစ်စုံတစ်ခုကို အမှန်တကယ် ဂရုစိုက်နေခြင်း ဖြစ်မည်။

ကောင်းမင်သည် စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက် မရပ်တန့်ခဲ့ပေ။ လုံခြုံရေးများက သူ ထွက်ပေါက်နား ရောက်ခါနီးမှသာ သူ့ကို လာနှုတ်ဆက်ကြသည်။

သူ့ကတ်ကို ပြပြီးနောက် ကောင်းမင်သည် ပြတင်းပေါက်မပါသော ကားတစ်စီးထဲသို့ ပို့ဆောင်ခံရသည်။ ကားထဲတွင် သူ့ကို စောင့်ဆိုင်းနေသော အခြားလူတစ်ဦး ရှိနေလေသည်။

All Chapters