ငါ့ရည်းစားက ချစ်မိနေပြီ
Vol. 42 Ch. 628
“မင်းရဲ့ တာဝန်ခံဆရာဝန်မလေးက သူ့လူနာကို တကယ့်ကို ဂရုစိုက်တာပဲ”
ကားထဲတွင် ထိုင်နေသော ထန်လင်းသည် စမ်းသပ်သူတိုင်း၏ ကိုယ်ရေးမှတ်တမ်းများကို ဖတ်ရှုနေသည်။ ကောင်းမင်၏ မှတ်တမ်းတစ်ခုတည်းသာ အဆင့် (၅) စမ်းသပ်မှုတွင် လုံးဝမပါဝင်ခဲ့သလိုမျိုး ဗလာဖြစ်နေလေသည်။
“ငါ သိချင်မိတယ် ၊ အဲ့ဒီအခန်းထဲမှာ ရွှမ်ဝမ်က မင်းကို ဘာတွေပြောလိုက်တာလဲ”
“ဆက်ပြီး ခန့်မှန်းနေလိုက်ပေါ့”
ကောင်းမင်သည် စမ်းသပ်ခန်းဝတ်စုံကို လဲလှယ်ပြီးပြီ ဖြစ်သည်။ သူ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏။
ထန်လင်းသည် အစီရင်ခံစာများ တဖျတ်ဖျတ်လှန်၍ ဖတ်နေခြင်းကို ရပ်လိုက်ပြီး ကောင်းမင်ကို ကြည့်လိုက်သည်။ ကောင်းမင်ထံမှ ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ရလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“မင်းက ငါ့ကို မနာလိုဖြစ်အောင် လုပ်နေတာပဲ ၊မင်းသူနဲ့ ဆုံတာ မိနစ်ပိုင်းပဲ ရှိသေးတာကို သူ့ဘက်ကနေ ကာကွယ်ပေးနေပြီပဲ ၊ မင်းနဲ့ မင်းဆရာဝန်ကြားက ဆက်ဆံရေးက တော်တော်လေး ကောင်းတယ်ထင်တယ်”
ကားထဲတွင် ကင်မရာများ ရှိနေသည်။ ထန်လင်းသည် ကောင်းမင်ကို အတင်းအကျပ် မမေးသလို သူမ၏အနေအထားကိုလည်း ထုတ်မပြပေ။ သူမ၏ လေသံက လုပ်ငန်းပိုင်းဆန်လှသည်။
“မင်းတို့ စမ်းသပ်သူအုပ်စုက မမျှော်လင့်ထားလောက်အောင် ထူးချွန်ကြတယ် ၊ ၃၀ ရာခိုင်နှုန်းနီးပါးက ပြုပြင်မွမ်းမံခြင်းနည်းလမ်းကို ကျွမ်းကျင်သွားကြတယ် ၊ အရင်တုန်းကဆိုရင် ၁၅ ရာခိုင်နှုန်းပဲ အိပ်မက်ချိုးဖျက်မြို့ကနေ ဘေးကင်းကင်းနဲ့ ထွက်လာနိုင်တာ”
“ကျန်တဲ့ ၈၅ ရာခိုင်နှုန်းကတော့ အစားအစာတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ဖြစ်သွားကြတာပေါ့ ဟုတ်လား”
ကောင်းမင်သည် ထန်လင်း၏ မျက်လုံးများကို တည့်တည့်မကြည့်ပေ။ သူသည် သူ့လက်များကိုသာ ငုံ့ကြည့်နေ၏။ သွေးမြို့တော်တက်တူးသည် သူ့အရေပြားအောက်တွင် ပုန်းကွယ်နေလေသည်။ သာမန်လူများက ယင်းကို မြင်နိုင်မည်မဟုတ်ပေ။ သူကိုယ်တိုင်သာ သူ့သွေးထဲတွင် ကိန်းဝပ်နေသော စွမ်းအားကို အာရုံခံနိုင်ခြင်း ဖြစ်သည်။ အကယ်၍ တစ်ခုခုဖြစ်လာပါက သူသည် ဘေးကင်းစွာ ထွက်ပြေးနိုင်သည်… မဟုတ်သေး၊ သူက ထွက်ပြေးမည့်သူ မဟုတ်ပေ။
“အိပ်မက်ချိုးဖျက်မြို့က မင်းအပေါ် အများကြီး သက်ရောက်မှု ရှိခဲ့ပုံရတယ် ၊ မင်းအနေနဲ့ ပြန်အသားကျဖို့ အချိန်ပိုလိုတာ သေချာတယ် ၊ မင်းရဲ့ ပင်ကိုယ်စရိုက်က အရင်ကထက် အများကြီး ပိုအေးစက်သွားသလိုပဲ”
ထန်လင်းက ကောင်းမင်အတွက် ဆင်ခြေတစ်ခု ပေးလိုက်သည်။ သူမသည် စမ်းသပ်သူအချို့ကို ပေါ့ပေါ့ပါးပါး ရွေးချယ်လိုက်သည်။
“မင်း အဆင့် (၅) ဝင်ခွင့်အဆင့် ရပြီးတဲ့နောက် မသေဆေးကုမ္ပဏီရဲ့ အတွင်းပိုင်းလျှို့ဝှက်ချက်တွေကို ထိတွေ့ခွင့်ရလိမ့်မယ်၊ တကယ်တော့ မသေဆေးကုမ္ပဏီရဲ့ အဓိကစမ်းသပ်ကွင်းက တခြားမြို့တစ်မြို့မှာ ရှိနေတာပဲ”
“တခြားမြို့လား”
“မင်းရဲ့ နောက်လာမယ့် တာဝန်တွေက အဲ့ဒီမြို့နဲ့ ပတ်သက်လိမ့်မယ် ၊ ဒါပေမဲ့ မင်းမှာ ငြင်းပိုင်ခွင့်တော့ ရှိပါတယ်”
ထန်လင်းက ကောင်းမင်ကို မေးခွန်းများစွာ မေးမြန်းခဲ့သည်။ သူတို့ လှိုင်းဖြတ်တောက်ထားသော ဇုန်မှ ထွက်လာသည်နှင့် ကောင်းမင်၏ဖုန်းမှာ အဆက်မပြတ် မြည်လာတော့သည်။
“မင်းရဲ့ မိသားစုက မင်းကို တကယ်ဂရုစိုက်တဲ့ပုံပဲနော်”
ထန်လင်းက နောက်ပြောင်လိုက်သည်။
“စိတ်ဆရာဝန်တွေဟာ သူတို့ရဲ့ လူနာတွေနဲ့ ဘာလို့ ရိုမန်တစ်ဆန့်တဲ့ဆက်ဆံရေး(ချစ်သူဖြစ်ခွင့်) မရှိတာလဲ မင်းသိလား”
ကောင်းမင်သည် ပြန်ဖြေရန် ပျင်းရိနေသဖြင့် သူမကို တစ်ချက်သာ ကြည့်လိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့ရဲ့ အချစ်က မမျှတလို့ပဲ၊ ဆရာဝန်တွေဟာ ကုသမှုနဲ့ လမ်းညွှန်မှုတွေကတစ်ဆင့် လူနာအပေါ် အမြဲတမ်း ပိုထိန်းချုပ်နိုင်စွမ်း ရှိနေလို့ပဲ”
ထန်လင်းသည် တံခါးကိုဖွင့်ကာ ကောင်းမင်ကို သတိပေးလိုက်သည်။
“ငါ ဒါကို ပြောပြနေတာက ရွှမ်ဝမ်ဟာ အရမ်းအန္တရာယ်များတဲ့ လူတစ်ယောက်ဆိုတာ မင်းကို သတိပေးချင်လို့ပဲ”
လုံခြုံရေးနှစ်ဦးက ကောင်းမင်အား အခြားကားတစ်စီးဆီသို့ ပို့ဆောင်ပေးလိုက်သည်။ တစ်နာရီခန့်အကြာတွင် ကောင်းမင်သည် မြို့ဟောင်းသို့ ရောက်ရှိလာ၏။ နေဝင်ချိန် ရောက်နေချေပြီ။ သူသည် ဦးနှောက်နယ်ပယ် စမ်းသပ်မှုတွင် တစ်ရက်နှင့် တစ်ည ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
“နက်ရှိုင်းအဆင့် အိပ်မက်ထဲက အချိန်စီးဆင်းမှုက လက်တွေ့ဘဝနဲ့ ကွဲပြားတယ်၊ အဲ့ဒီသဘောတရားအရဆိုရင် ဖူရှုနဲ့ ကျန်းမင်လီတို့က အဲ့ဒီမှာ အကြာကြီး ပိတ်မိနေခဲ့တာ ဖြစ်မယ်”
တိုက်ခန်းဟောင်းများကြား လျှောက်လှမ်းရင်း အပေါ်သို့ သူမော့ကြည့်လိုက်သောအခါ ရှုပ်ထွေးနေသော လျှပ်စစ်ဝါယာကြိုးများကို မြင်တွေ့ရသည်။ ကောင်းမင်သည် ကော်ရစ်ဒါထဲသို့ လှမ်းဝင်လိုက်သည်။ မှိန်ဖျော့သော အလင်းရောင်က ဖြာကျနေလေသည်။ သူ တံခါးဝသို့ ရောက်သည်နှင့် တံခါးမှာ အတွင်းမှ ပွင့်လာ၏။ လျိုယီသည် သူမပုခုံးပေါ်တွင် ကုတ်အင်္ကျီတစ်ထည်ကို ခြုံထားရင်း အားအင်ကုန်ခမ်းနေပုံရသည်။ သူမသည် ကောင်းမင် မရှိသည့်အချိန်တွင် ခြေသံကြားတိုင်း တံခါးလာဖွင့်နေခဲ့ပုံရသည်။ သို့သော် ကောင်းမင်သည် တံခါးအပြင်ဘက်တွင် တစ်ခါမှရှိမနေခဲ့ပေ။
လျိုယီက သူမမျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူမသည် အတင်းအကျပ် ပြုံးလိုက်သော်လည်း စကားလုံးများ တစ်ဆက်တည်း ထွက်ကျလာတော့သည်။
“ရှင့်ဆီကို ကျွန်မဖုန်းတွေ အများကြီးခေါ်ပြီး မက်ဆေ့ချ်တွေလည်း အများကြီး ပို့ခဲ့တယ်”
သူမသည် စိတ်ဆိုး၊ စိတ်ရှုပ်ထွေး၊ ဝမ်းနည်းပြီး မတရားခံရသလိုလည်း ခံစားနေရသည်။
“ရှင် ဘာတွေလုပ်နေလဲဆိုတာ ကျွန်မ လုံးဝမသိရဘူး၊ ကျွန်မ ရှင့်ကို အပြည့်အဝ ယုံကြည်ထားခဲ့တာ၊ ဒါပေမဲ့ ရှင်နိုးလာပြီးကတည်းက တခြားလူတစ်ယောက်လို ဖြစ်သွားတယ်၊ ကောင်းမင်… ရှင်က ကျွန်မသိတဲ့ လူတစ်ယောက်ရော ဟုတ်သေးရဲ့လား”
လျိုယီသည် ပိုပိန်သွားပုံရသည်။
ကောင်းမင်သည် သူ့ရှေ့မှ အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ လျိုယီနှင့် ပတ်သက်သော သူ့မှတ်ဉာဏ်အားလုံးသည် ခမ်းနားလှပလွန်းလှသည်။ သူတို့သည် အထက်တန်းကျောင်းမှ တက္ကသိုလ်အထိ သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ ထို့နောက် ဘွဲ့ရပြီးချိန်တွင် ခွဲခွာခဲ့ကြရပြီး အလုပ်ကြောင့် ပြန်လည်ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် တစ်ဦးပေါ်တစ်ဦး မှီခိုခဲ့ကြသည်။ သူတို့သည် အလွန်ရင်းနှီးခဲ့ကြသော်လည်း မကြာသေးမီကမှ သူတို့ကြားတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
“ရှင့်ရဲ့ရောဂါ ပြန်ထလာမှာကို ကျွန်မစိုးရိမ်နေခဲ့တာ၊ ကျွန်မ ရှင့်ရှေ့မှာ အကောင်းဆုံးပုံစံနဲ့ပဲ ရှိနေချင်လို့ မကောင်းတဲ့ခံစားချက်တွေကို အိမ်ကို တစ်ခါမှ ယူမလာခဲ့ဘူး”
လျိုယီ၏ အသံမှာ တိုးဝင်သွားပြီး မျက်လုံးများမှာ နီရဲလာသည်။
“ကောင်းမင်… အချိန်နဲ့ခွန်အားတွေတွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့၊ ကျွန်မတို့ အဲ့ဒီအိပ်မက်ဆိုးကို မေ့ပစ်လိုက်လို့ မရဘူးလား”
“ငါလည်း အဲ့ဒီအိပ်မက်ဆိုးကို မေ့ပစ်ချင်ပါတယ်၊ ဒါပေမဲ့ ဘယ်ဘက်က အိပ်မက်ဖြစ်နေတာလဲ”
ကောင်းမင်သည် နှုတ်ဆက်စကားဆိုရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် လက်တွေ့ဘဝ၏ အကောင်းဆုံးအရာများနှင့်အတူ နောက်ဆုံးအကြိမ်အဖြစ် အတူတူထမင်းတစ်နပ် စားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူဤနေရာသို့ ရောက်လာချိန်တွင် ထွက်ခွာသွားရန်မှာ အလွန်ခက်ခဲကြောင်း သိလိုက်ရသည်။ သူနှင့် သားစားကြူးနတ်ဘုရားသည် အိပ်မက်သရဲ ဖြစ်လာခဲ့သော်လည်း ထူးခြားဆန်းပြားသည့်နတ်ဘုရားစွမ်းအားမှာ သားစားကြူးနတ်ဘုရားထံတွင်သာ ရှိသည်။ ကောင်းမင်ထံတွင်မူ တောက်ပသော လူသားဆန်သည့်သဘာဝများ ရှိနေဆဲဖြစ်သည်။
ဝတုတ်လေးဖချိုင်သည် ဘောလုံးတစ်လုံးနောက်သို့ လိုက်နေရင်း တံခါးအပြင်ဘက်သို့ စပ်စုစွာ ကြည့်လိုက်သည်။ ထို့နောက် ၎င်းက အပြင်သို့ ခိုးထွက်ရန် ကြိုးစားလိုက်သည်။ ကောင်းမင်သည် ဖချိုင်၏ဂုတ်ကို ဆွဲမ၍ အခန်းထဲသို့ ဝင်လာသည်။ တံခါးပိတ်လိုက်သည့်အခိုက်အတန့်တွင် ပြင်ပကမ္ဘာမှ ဒုက္ခများနှင့် နာကျင်မှုများအားလုံးမှာ ပြတ်တောက်သွားလေသည်။လျိုယီရှိနေသည့် အချိန်တိုင်း သူ့ပြဿနာများ ပျောက်ကွယ်သွားတတ်စမြဲပင်။
“ဒီနေရာက အရမ်းလှပပြီး အံ့သြဖို့ကောင်းလွန်းတယ်၊ ဒါက တကယ်မဖြစ်နိုင်သလိုပဲ၊ ငါဟာ ဒီလိုနေရာနဲ့ မထိုက်တန်ဘူးလို့ တွေးမိတယ်”
ကောင်းမင် အမှန်အတိုင်း ပြောလိုက်သည်။ သူ့ဦးနှောက်ထဲတွင် သေဆုံးမှတ်ဉာဏ်များဖြင့် ပြည့်နှက်နေလေသည်။ သူ မျက်လုံးမှိတ်လိုက်တိုင်း သူ၏ ကိုယ်ပိုင်သေဆုံးမှုများကိုသာ မြင်တွေ့နေရသည်။
သူ့လေသံနှင့် စကားများကို နားထောင်ပြီးနောက် လျိုယီက ကောင်းမင်အလျှော့ပေးလိုက်ပြီဟု ယုံကြည်လိုက်သည်။
“လိုအပ်တဲ့အရာတွေအားလုံးက နှစ်ဖက်လုံးက ထိန်းသိမ်းဖို့ လိုတာလေ၊ ပြောပါဦး ၊ ရှင် ဘယ်တွေ ရောက်နေခဲ့တာလဲ၊ ဖုန်းကိုရော ဘာဖြစ်လို့ မကိုင်တာလဲ”
“ငါ မသေဆေးကုမ္ပဏီရဲ့ ဦးနှောက်နယ်ပယ် ဂိမ်းစမ်းသပ်မှုမှာ ပါဝင်နေခဲ့တာ၊ သူတို့က ငါ့ဦးနှောက်ကို သုံးပြီး တစ်ခုခုကိုစမ်းသပ်နေတယ်လို့ ငါသံသယရှိတယ်”
ကောင်းမင် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“အဲ့ဒါက ငါ့အိပ်မက်ဆိုးထဲမှာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေနဲ့ ပတ်သက်နေတယ်၊ ငါ သက်သေတချို့ စုဆောင်းထားပြီးပြီ”
“ရှင်က မသေဆေးကုမ္ပဏီကို စုံစမ်းနေတာလား”
လျိုယီ ထိတ်လန့်သွားသည်။
“ငါ အကြောင်းပြချက်မရှိဘဲနဲ့ အဲ့ဒီလိုတွေ ခံစားရမှာ မဟုတ်ဘူး၊ သက်သေတွေ စုဆောင်းဖို့အတွက် ငါအဲ့ဒီစမ်းသပ်မှုတွေထဲ ဝင်ခဲ့တာပဲ”
ကောင်းမင်သည် အမှန်တရား၏ အစိတ်အပိုင်းအချို့ကို ဖုံးကွယ်ထားလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ငါတခြား နစ်နာသူတွေနဲ့ ဆက်သွယ်ထားပြီးပါပြီ ၊ ငါတို့ အစီအစဉ်က… ငါတို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ပဲ”
အနက်ရောင် လက်ပတ်ကို ချွတ်လိုက်သည်။ ကောင်းမင်သည် မည်သည့်အရာကိုမှ မဖုံးကွယ်တော့ဘဲ ဂိမ်းထဲတွင် ဖြစ်ပျက်ခဲ့သည်များကို လျိုယီအား ပြောပြလိုက်သည်။
ကောင်းမင် ကြုံတွေ့ခဲ့ရသည်များကို ကြားရသောအခါ လျိုယီသည် အလွန်စိုးရိမ်မိသွားသည်။ သူမသည် ကောင်းမင်ကို တဖြည်းဖြည်း နားလည်လာ၏။ သူမသည် ကောင်းမင်နှင့်အတူ မသေဆေးကုမ္ပဏီကို တော်လှန်ရန် ကျိန်ဆိုလိုက်သည်။ သူမသည် ဧရာမအင်ပါယာကြီးကို ကြောက်ရွံ့ခြင်း မရှိပေ။ ကောင်းမင်က ပြန်လည်ပြုံးပြလိုက်သော်လည်း သူ့မျက်လုံးထဲတွင် မည်သည့် လှိုင်းဂယက်မှ ရှိမနေပေ။
ထိုကိစ္စများကို လျိုယီနှင့်မျှဝေရန် ဆုံးဖြတ်ချက်ချလိုက်ချိန်၌ ကောင်းမင်၏ နှလုံးသားထဲတွင် အပြီးသတ်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီးသား ဖြစ်သည်။ ရှင်းလုမြို့အား ကာကွယ်ပေးမည့်သူ များစွာရှိသော်လည်း ဟန်ဟိုင်းမြို့တော်အတွက်တွင်မူ သူသည်သာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေပေသည်။
လျိုယီ၏ မျက်လုံးများကို သူစိုက်ကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှ ကျောင်းဝတ်စုံနှင့် ကောင်မလေးသည် သူ့ရှေ့မှ အမျိုးသမီးနှင့် ထပ်တူကျနေလေသည်။