ချိတ်တံဆိပ်ကိုဖွင့်ခြင်း
Vol. 42 Ch. 629
ချက်ပြုတ်နေစဉ်နှင့် သန့်ရှင်းရေးလုပ်နေစဉ်အတွင်း လျီုယီက မေးခွန်းများကို တရစပ်မေးနေခဲ့သည်။ ကောင်းမင်သည်ကား ထိုတည်ငြိမ်အေးချမ်းသော အခိုက်အတန့်လေးကို တိတ်ဆိတ်စွာ ခံစားနေလေသည်။ ကံကြမ္မာကပေးလာသော လက်ဆောင်သည် အလွန်လှပလွန်းသဖြင့် တစ်နေ့တွင် မခွဲခွာနိုင်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ယင်းကို သူလက်ခံရန် မဝံ့မရဲ ဖြစ်နေမိသည်။
တီဗွီတွင် လျိုယီနှစ်သက်သော ဖျော်ဖြေရေးအစီအစဉ်တစ်ခု ပြသနေသည်။ ထမင်းစားပွဲပေါ်တွင် အငွေ့ထောင်းထောင်းထနေသော စွပ်ပြုတ်နှင့် အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေ၏။ ပင်ပန်းနေသော ဖချိုင်လေးသည်လည်း သူ့အိပ်ရာလေးထဲတွင် ခွေအိပ်နေလေသည်။ ကောင်းမင်သည် လျိုယီနှင့်အတူ မျှဝေခဲ့ဖူးသော မှတ်ဉာဏ်များကို ပြန်လည်စားမြုံ့ပြန်နေသကဲ့သို့ အစားအစာများကို ဖြည်းညှင်းစွာ ဝါးစားနေသည်။
“ညစာစားပြီးရင် ငါပြန်သွားဖို့ လိုလိမ့်မယ်၊ ငါ့အတွက် မစိုးရိမ်ပါနဲ့ ၊ အိမ်မှာပဲ နေခဲ့ပါ”
ကောင်းမင် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
“မကြာခင်ကစပြီး ရှင်းလုမြို့ရဲ့ ညတွေက သိပ်ဘေးကင်းတော့မှာ မဟုတ်ဘူး”
သူသည် ကြောက်မက်ဖွယ်ကောင်းသော အရာများကို ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေခံရနိုင်သောကြောင့် ရှင်းလုမြို့သည် မလုံခြုံသောနေရာတစ်ခု ဖြစ်လာနိုင်ပေသည်။
“ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်”
လျိုယီ့ပန်းကန်ထဲမှ ထမင်းဟင်းများသည် ပုံစံပျက်သွားခြင်း မရှိပေ။ ယနေ့ညသည် သူမအတွက် အလွန်အရေးကြီးသော အရာတစ်ခုခု ဆုံးရှုံးရတော့မည်ဟု ခံစားနေရသဖြင့် စားသောက်လိုစိတ် ပျောက်နေခြင်း ဖြစ်သည်။
ကောင်းမင် ခေါင်းခါလိုက်သည်။ သူသည် နံရံပေါ်ရှိ သူနှင့်လျိုယီတို့၏ ဓာတ်ပုံကို ကြည့်လိုက်သည်။ အကယ်၍ လျိုယီသည် ဦးနှောက်နယ်ပယ် ဂိမ်းစမ်းသပ်မှုများနှင့် တစ်ခါမှမပတ်သက်ခဲ့ဖူးပါက ဟန်ဟိုင်းတွင် သူတွေ့ခဲ့သော လျိုယီက မည်သူနည်း။
အိပ်မက်ပြီးဆုံးသွားပြီးနောက် လျိုယီမှလွဲ၍ အခန်း ၁၃ မှ သူ့အတန်းဖော်အားလုံး ပျောက်ကွယ်သွားခဲ့သည်။ လျိုယီမှလွဲ၍ ကျန်လူအားလုံးသည် သူ့စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။ ဘယ်ဘက်က အစစ်အမှန်လဲ။ဘယ်ဘက်က အတုအယောင်လဲ။ဘယ်သူက ရူးသွပ်နေတာလဲ။
“မကြာခင် အဖြေရတော့မှာပါ ၊ အိမ်မှာပဲ ငါ့ရဲ့ သတင်းကောင်းကို စောင့်နေပါ”
ညစာစားပြီးနောက် ကောင်းမင်သည် လျိုယီနှင့်အတူ အိမ်ကို သန့်ရှင်းရေး လုပ်သည်။ သူသည် အရာအားလုံးကို သူအိမ်မရောက်မီက အခြေအနေအတိုင်း ပြန်ဖြစ်အောင် ထားလိုက်သည်။ ထို့နောက် သူ့အိတ်ကိုဆွဲကာ အိမ်မှ ထွက်လာလိုက်သည်။ သူသည် ဉာဏ်ပညာမြို့တော်ဆီသို့ ရထားစီးလိုက်သည်။မသေဆေးကုမ္ပဏီက အခြေအနေများ တစ်ခုခုမှားနေသည်ကို မရိပ်မိခင် ကောင်းမင်သည် ဟန်ဟိုင်းမြို့သို့ ရောက်ရှိရန်အစီအစဉ်ထဲသို့ သူကိုယ်သူ စတင်ခုန်ဝင်လိုက်တော့သည်။
ကောင်းမင်သည် ည ၈ နာရီမထိုးမီ ရှန်ဟိုင်းစိတ္တဇဆေးရုံသရဲအိမ်သို့ ရောက်ရှိလာသည်။ သူသည် လက်မှတ်တစ်စောင် ထပ်ဝယ်လိုက်သည်။ ၆ မိနစ်နှင့် ၁၁ စက္ကန့်မျှသာရှိသော အချိန်အတွင်းမှာပင် သူသည် အတွင်းပိုင်းအိပ်မက်ဟု ခေါ်သော နေရာသို့ ရောက်ရှိသွားသည်။
ဝန်ထမ်းလေးဦး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရင်း သူသည် စကားပြောစက် ရခဲ့ဖူးသော စာသင်ခန်းထဲသို့ ပြန်ရောက်လာသည်။ သူသည် နံပါတ် ၂နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သူသည် နတ်ဘုရားချင်းဆက်သွယ်မှု၊ ကျိန်စာများ၊ ထူးခြားဆန်းပြားသော နည်းလမ်းများနှင့် သွေးပူဇော်မှုများကိုပင် ပြုလုပ်ခဲ့သော်လည်း နံပါတ် ၂ ထံမှ ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။တကယ်တမ်း သူ့လုပ်ရပ်များကြောင့် ဝန်ထမ်းများမှာသာ သေမတတ် ထိတ်လန့်သွားခဲ့ကြသည်။
“ဒီနေရာကို ထန်လင်းက တည်ဆောက်ခဲ့တာ ၊ သူက မင်းကို ကူညီဖို့ လုပ်ခဲ့တာလား၊ ဒါမှမဟုတ် မင်းကို ငါးစာအဖြစ်သုံးပြီး မင်းကိုလာရှာတဲ့သူတွေကို ဖမ်းဖို့ လုပ်ခဲ့တာလား”
ကောင်းမင်သည် စတိတ်ခုံပေါ်တွင် ရပ်နေရင်း ထိုင်ခုံ ၃၀ ကျော်ကို ကြည့်လိုက်သည်။ သူသည် ကလေးများ၏ ကုတ်ခြစ်ရာများနှင့် ကြောင်ခြစ်ကျားခြစ်ပုံဆွဲထားသည်များကို လိုက်လံကြည့်ရှုနေ၏။
“သူပြောတာတော့ မင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကိုက်ညီတဲ့သူတွေကို ရှာပေးပြီး မသေဆေးကုမ္ပဏီကို အတူတူတိုက်ခိုက်ဖို့ ကူညီပေးခဲ့တယ်ဆိုပဲ ၊ ဒါပေမဲ့ ငါကတော့ အဲ့ဒီလိုလူ တစ်ယောက်မှ မတွေ့ခဲ့ရဘူး၊ အမှန်တကယ်က အိပ်မက်ချိုးဖျက်မြို့မှာ ယဇ်ကောင်အဖြစ် ပြောင်းလဲခံလိုက်ရတဲ့ အပြစ်မဲ့သူတွေကိုပဲ ငါမြင်ခဲ့ရတာ”
“မင်း အဲ့ဒါကို သိလား ၊ စကားပြောစက်က ထောင်ချောက်တစ်ခုလား၊ ဒါမှမဟုတ် အရိပ်အမြွက်တစ်ခုလား”
ကောင်းမင်က သူ့ဘာသာ ရေရွတ်နေမိသည်။ အတန်းထဲရှိ ကလေးများက ထပ်ပေါ်မလာတော့ပေ။
“ငါ ဆေးရုံမှာ နိုးလာပြီးကတည်းက အရာအားလုံးက ဟန်ဆောင်မှုတွေ ဖြစ်နေတာလား၊ ငါအလုပ်ရှာနေတုန်းက ဦးနှောက်နယ်ပယ် ဂိမ်းကစားသမားတွေ ခေါ်တဲ့ ကြော်ငြာကို တွေ့ခဲ့တယ်၊ ငါ့ကို လာတားတဲ့သူက ထန်လင်းရဲ့ မောင် ထန်ချင်းပဲ”
“ငါ့ဆီကနေ တစ်ခုခုရဖို့ ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို မျက်လုံးတစ်စုံက စောင့်ကြည့်နေခဲ့တာပဲ။ ဒါပေမဲ့ ငါ အိပ်မက်ဆိုးထဲမှာ ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ သူတို့ မသိကြဘူး။ သူတို့ ငါ့ကို တော်တော်လေး အထင်သေးထားကြတာပဲ။”
ကောင်းမင်သည် သရဲအိမ်ထဲတွင် မည်သည့် မကောင်းသည့်စွမ်းအင်ကိုမှ အာရုံမခံမိပေ။ ထိုလျှို့ဝှက်အခန်းတွင် ကိုးကွယ်ဝတ်ပြုရာ နေရာအချို့ထက်ပင် ပိုမိုကောင်းမွန်သော စွမ်းအင်များ ရှိနေလေသည်။
“ငါးက ငါးစာကို ဟပ်လိုက်ပြီးတော့ ငါးစာကို ပြန်သိမ်းလိုက်တာလား ၊ ဒါမှမဟုတ် နံပါတ် ၂ရဲ့ ကျန်ရှိနေတဲ့အသိစိတ်ကလည်း တစ်ခုခုမှားနေပြီဆိုတာသိသွားလို့ ဆုတ်ခွာသွားတာလား”
ကောင်းမင် သရဲအိမ်ထဲမှ ထွက်လာခဲ့သည်။ တုန့်ကောက သူ့အား လက်ဆောင်ပေးရန် အပြေးအလွှား ရောက်လာသော်လည်း သူက ဓာတ်လှေကားထဲသို့ ဝင်ကာ နဝမအာရုံစူးစမ်းရှာဖွေရေးဌာနဆီသို့ ဦးတည်လိုက်သည်။
ဓာတ်လှေကား တံခါးပွင့်သွားသည်။ ကောင်းမင်သည် သာမန်အတိုင်းဖြစ်ပုံရသော ဧည့်ကြိုဌာနကို ကြည့်လိုက်ရာ ငရဲတံခါးကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
“ဒါဆို မင်းက လူမြင်ကွင်းမှာ ပုန်းနေတဲ့သူပေါ့”
ကောင်းမင် အဝင်ဝသို့ လျှောက်သွားလိုက်သော်လည်း သူသည် ဝင်ပေါက်ကို ကျော်ဖြတ်၍မရကြောင်း သိလိုက်ရသည်။ ပြင်းထန်သော ဆိုးယုတ်စိတ်စိတ်တစ်ခုက သူ့ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ အကယ်၍ သူ နောက်ထပ်တစ်လှမ်းတိုးလိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်လာတော့မည် ဖြစ်သည်။
“ဘာလို့ ငါ့ကို တားတာလဲ၊ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ဘူးလား”
ကော်ရစ်ဒါထဲမှ ခေတ်မီသောအမျိုးသမီးတစ်ဦး လျှောက်ထွက်လာသည်။ သူမ၏ လည်ပင်းတွင် ချုပ်ရိုးပုံစံ တက်တူးတစ်ခု ရှိနေလေသည်။ သူမသည် မီးမညှိရသေးသော စီးကရက်တစ်လိပ်ကို ကိုင်ထားသည်။
“ဒါဆို စီးကရက်က မင်းရဲ့ ဆင်ခြင်တုံတရားကို ထိန်းထားဖို့ သုံးတာပေါ့၊ အဲ့ဒီဆေးရွက်ကြီးကို အိပ်မက်ဆိုးကမ္ဘာက ရခဲ့တာလား”
ကောင်းမင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူသည် သူ့အိတ်ကို လွယ်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ရှင့်ဆီမှာ မယုံနိုင်လောက်အောင် အရမ်းညစ်ညမ်းတဲ့အရာတစ်ခု ပုန်းနေတယ်”
ထိုအမျိုးသမီးသည် အရင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိတော့ပေ။ သူမ၏ အကြည့်များမှာ စူးရှနေသည်။
“မင်းကိုယ်မင်း ဒီလို မခေါ်ပါနဲ့”
ကောင်းမင်၏ ဂရုမစိုက်သော ပုံစံကြောင့် ထိုအမျိုးသမီးက သတိထားလိုက်သည်။
“ကျွန်မက ရှင့်နှလုံးသားထဲကအရာနဲ့ မတူဘူး ၊ အနီရောင်တစ္ဆေတွေဟာ အစွမ်းထက်သရဲတွေထဲမှာ အသန့်စင်ဆုံးပဲ”
အမျိုးသမီး၏ ဘေးပတ်လည်ရှိ အလင်းရောင်များမှာ စတင်ပုံပျက်လာသည်။ သူမတွင် အရိပ်မရှိပေ။
“ပြီးခဲ့တဲ့ ရက်တွေတုန်းက ရှင်က ဒီလိုမဟုတ်ပါဘူး ၊ ရှင် ဘာဖြစ်ခဲ့တာလဲ”
“အခုလက်ရှိငါ့ကို မလိုချင်ဘူးလား”
ကောင်းမင်သည် သတိပေးချက်များကို လျစ်လျူရှု၍ အမျိုးသမီးထံသို့ တည့်တည့် လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းတွင် သူက သရဲအိမ်ပိုင်ရှင်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
“ငါ အိပ်မက်ဆိုးကနေ နိုးလာပြီးကတည်းက အင်အားစုသုံးခုက ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတာ၊ မသေဆေးကုမ္ပဏီရဲ့ ဦးနှောက်နယ်ပယ်ဂိမ်းတွေ၊ ကျိုကျန်းမြို့က ဒီထူးဆန်းတဲ့သရဲအိမ်၊ ပြီးတော့ ထူးဆန်းတဲ့ သေမင်းတိုက်ရိုက်ထုတ်လွှင့်မှုတွေပဲ ၊ ငါသိချင်မိတယ်၊ မင်းတို့က ငါ့အကြောင်းကို ဘယ်လိုလုပ် အများကြီး သိနေရတာလဲ ၊ ငါ ဥမင်လိုဏ်ခေါင်းထဲကနေ ထွက်ဖို့ ကြိုးစားတုန်းက မင်းတို့ရဲ့ နတ်ဘုရားသရဲတွေက ငါ့ကို တားခဲ့ကြတာလား”
ဒေတာဘေ့စ်တွင် ပြဿနာရှိနေသောကြောင့် စနစ်က သူ့အား အလုပ်အကိုင်ကြော်ငြာ အနည်းငယ်ကိုသာ ထပ်တလဲလဲ ပြသနေခြင်းဖြစ်သည်ဟု ကောင်းမင် ထင်ခဲ့မိသည်။ အမှန်တကယ်တွင်မူ တစ်စုံတစ်ဦးက ထိုအရာများကို ကြိုးကိုင်နေခဲ့ခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်ရသည်။
“ရှင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ၊ ကျွန်မတို့က ဘယ်သူ့ကိုမှ သီးသန့် ပစ်မှတ်မထားဘူး၊ သဘာဝလွန်ဧည့်သည်တိုင်းက ကျွန်မတို့ရဲ့ အလားအလာရှိတဲ့ ဝန်ထမ်းတွေပဲ၊ သူတို့က ကျွန်မတို့ရဲ့ အလုပ်ခေါ်စာတွေကို မြင်နိုင်ကြတယ်”
အမျိုးသမီးက စီးကရက်ကို မီးညှိလိုက်ပြီး ကုလားထိုင်တစ်လုံးကို ဆွဲကာ ထိုင်လိုက်သည်။
“ရှင်က ကျွန်မရဲ့ဘော့စ်ကို ခေါ်နေတာလား”
“ငါ့မှာ သူ့ကို မေးစရာမေးခွန်းတချို့ ရှိတယ်”
“ရှင့်ကို စိတ်ဓာတ်ကျအောင် ပြောတာတော့ မဟုတ်ပါဘူး”
အမျိုးသမီးသည် စီးကရက်ကို မသောက်ဘဲ စီးကရက်မှ ထွက်လာသော မီးခိုးငွေ့များကိုသာ စူးစိုက်ကြည့်နေသည်။
“ရှင့်မှာ ဘောစ့်ကို တံခါးနောက်ကနေ အပြေးအလွှားပြန်လာအောင်လုပ်နိုင်တဲ့ အရည်အချင်း မရှိသေးဘူး ၊ သူ ပြန်ဖြေမှာ မဟုတ်ဘူး”
ထိုအခိုက်အတန့်တွင် ကောင်းမင်၏ ဖုန်းက သွေးနီရောင်ပြောင်းသွားသည်။ ဖုန်းထဲမှ အနက်ရောင် ဆံပင်များ တွားထွက်လာ၏။ ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့ပြီ ဖြစ်သည်။
နှစ်ဖက်လုံးသည် အလွန်ဝေးကွာလွန်းလှသည်။ ထိုနံပါတ်ထံမှ ပြင်းထန်သော မုန်းတီးမှုများ ထွက်ပေါ်နေသော်လည်း တစ်ဖက်လူ၏အသံကို သယ်ဆောင်လာနိုင်ခြင်း မရှိပေ။ နောက်ဆုံးတွင် သွေးဖြင့်ရေးသားထားသော ကြောက်မက်ဖွယ်ကောင်းသည့် စာကြောင်းတစ်ခုသာ ပေါ်လာလေသည်။
“ငါ့တံခါးနောက်ကို လာခဲ့ပါ”