← Chapters

လေးစားစရာ ဘော့စ်

Vol. 42 Ch. 630

လေးစားစရာ ဘော့စ်

Vol. 42 Ch. 630

“ငါ့တံခါးနောက်ကို လာခဲ့ပါလား”

ဖုန်းမျက်နှာပြင်ပေါ်ရှိ စာလုံးတိုင်းသည် မုန်းတီးမှုများဖြင့် စိုရွှဲနေ၏။ ယင်းကို ကြည့်လိုက်ရရုံနှင့်ပင် နောက်တစ်စက္ကန့်၌ မိမိ၏လက်ကို တစ်စုံတစ်ယောက်က ဝါးမြိုတော့မည့်နှယ် ကျောချမ်းဖွယ် ကောင်းလှသည်။ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးတွင် သွေးမြို့တော် ၁၃ မြို့ ရှိသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဘောစ့်သည် ထိုမြို့များထဲမှတစ်မြို့နှင့် ဆက်နွှယ်နေနိုင်သည်ဟု ကောင်းမင် သံသယရှိသည်။ ထို့ကြောင့်ပင် သူက ထိုလူနှင့် ဆက်သွယ်ချင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် လူတစ်ယောက်သည် မိမိဖုန်းထဲသို့ သွေးမက်ဆေ့တစ်ဆောင် မြင်လိုက်ရပါက ထိုဖိတ်ခေါ်မှုကို လက်ခံရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ဘောစ့်က ရှင့်ကို တန်ဖိုးထားပုံရတယ်”

အမျိုးသမီးက စပ်စုလိုစိတ်ဖြင့် သူမဦးခေါင်းကို ရှေ့သို့ ပြူကြည့်လိုက်သည်။ သူမလည်ပင်းမှ ချုပ်ရိုးများက ပြတ်ထွက်တော့မလို ဖြစ်နေသည်။

“သူ့တံခါးက ဘယ်မှာလဲ”

“ကျိုကျန်းမြို့က ပန်းခြံတစ်ခုရဲ့ အိမ်သာထဲမှာလေ”

အမျိုးသမီးက ရှက်ကိုးရှက်ကန်းဖြင့် သူမ၏လည်ပင်းကို ကုတ်လိုက်ရင်း ပြောသည်။

“ဘော့စ်က သူ့သရဲအိမ်ကို ကြော်ငြာရတာ ဝါသနာပါတယ် ၊ ဒါပေမဲ့ သူက တံခါးအကြောင်း သီးသန့်ထုတ်ပြောတယ်ဆိုတော့ ရှင့်ကို အရေးကြီးတာတစ်ခုခု ပြောစရာရှိနေလို့ ဖြစ်ရမယ်”

“ဒါက အရမ်းဝေးလွန်းတယ် ၊ ငါ့မှာ အချိန်မရှိဘူး”

ကောင်းမင်သည် အလွန်သတိထားသူ ဖြစ်သည်။ ထို့ထက် သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဘောစ့်နှင့် မဟာမိတ် မဟုတ်ပေ။ သူတို့၏ ရပ်တည်ချက်များ ကွဲပြားသဖြင့် အတွေးအခေါ်ချင်းလည်း ကွဲပြားပေလိမ့်မည်။ ကောင်းမင်အတွက် ကိုယ်ကျင့်တရားနှင့် ညီညွတ်သော အရာသည် အခြားသူများအတွက် မညီညွတ်သည်လည်း ဖြစ်နိုင်သည်။

ကောင်းမင် ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်နှင့် ဖုန်းထဲရှိ သွေးနံပါတ်များသည် အရိပ်များအဖြစ် ပြောင်းလဲသွားသည်။ လိုင်းထစ်နေသော အသံများ ထွက်ပေါ်လာ၏။ လျှို့ဝှက်ဆန်းကြယ်သော ဘောစ့်သည် တံခါးနောက်ရှိကမ္ဘာမှ သူ့အသံကို အတင်းအကျပ် ပို့ဆောင်နေပုံရသည်။ အစွမ်းထက်ဆုံးသော အိပ်မက်သရဲပင်လျှင် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ပေ။

“သတိထားပါ… ဒေါက်တာကောင်းကို…”

ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော အသံများသည် ချောက်နက်ကြီး၏ အက်ကွဲကြောင်းထဲမှ တိုးထွက်လာသကဲ့သို့ပင်။ ကောင်းမင်ဖုန်းပေါ်ရှိ အနီရောင်အားလုံးသည် ထူးဆန်းသော သွေးတံခါးတစ်ချပ်၏ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ဒေါက်တာကောင်းကို သတိထားရမှာလား၊ ငါက အကြီးစားရာဇဝတ်ထောင်တစ်ခုရဲ့ စိတ်ဆရာဝန်တစ်ယောက်လေ၊ သူက ငါ့ကို ဒေါက်တာကောင်းဆိုတဲ့ လူတစ်ယောက်ကို သတိထားခိုင်းနေတာလား”

ကောင်းမင်သည် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုရှိနေသည်ဟု ခံစားရသည်။

“ဒါမှမဟုတ် ဒေါက်တာကောင်းလို့ ခေါ်တဲ့ အရမ်းအန္တရာယ်များတဲ့ လူတစ်ယောက်ရှိပြီး ငါက သူ့ကို သတိထားရမှာလား”

သွေးများ ပျောက်ကွယ်သွားသည်နှင့် ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသည်။ ဘောစ့်က မည်သည်ကို ကြံစည်နေကောင်း ခန့်မှန်းရခက်ခဲလှသည်။

“ကျွန်မကတော့ ဒုတိယအချက်လို့ ထင်တယ်”

အမျိုးသမီးသည် ကြောက်စရာကောင်းသော လူတစ်ယောက်ကို သတိရသွားပုံရသည်။ သူမသည် သူမ၏စီးကရက်ကို ချိုးမိလုနီးပါး ဖြစ်သွားပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ “ရှင့်ဖုန်းပေါ်က သွေးတံခါးပုံစံကွက်က သရဲပုံပြောသူအဖွဲ့အစည်းရဲ့ ဖိတ်ခေါ်မှုပဲ ၊ ဘောစ့်က ရှင့်ကို အဲ့ဒါ ပို့ပေးတယ်ဆိုတော့ ရှင့်ကို တကယ်သဘောကျလို့ ဖြစ်ရမယ်”

“ငါ့ကို တစ်ခါမှ မတွေ့ဖူးဘဲ ဘယ်လိုသဘောကျနိုင်မှာလဲ”

ကောင်းမင် ဖုန်းမျက်နှာပြင်ကို ထိတွေ့လိုက်သည်။ တံခါးပုံစံကွက်သည် တဖြည်းဖြည်း ပွင့်လာပြီး ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ အတိအကျပြောရလျှင် ထိုကောင်လေးသည် အနီရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းက ဧရာမပင့်ကူကြီးတစ်ကောင်နှင့် ဆက်နေလေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော ပုံစံကွက်များရှိသည့် သွေးတံခါးတစ်ခု စိုက်ဝင်နေ၏။

ကောင်းမင်၏ မျက်ဆံများ တုန်ခါသွားသည်။ သူသည် ထိုပင့်ကူကောင်လေးကို အရင်က မြင်ဖူးသည်။ သူ ဟန်ဟိုင်း၏ ဥမင်လိုဏ်ခေါင်းမှ ထွက်ပြေးရန် ကြိုးစားစဉ်က သူ့ကို တားဆီးရန် ကြိုးစားသော မကောင်းဆိုးဝါးအချို့နှင့် ဆုံတွေ့ခဲ့ရသည်။ ထိုပင့်ကူသည် ၎င်းတို့ထဲမှ တစ်ဦးပင် ဖြစ်သည်။

ပြန်စဉ်းစားကြည့်လျှင် အခြားသူများနှင့် နှိုင်းယှဉ်ပါက ပင့်ကူကောင်လေးသည် ကောင်းမင်အတွက် များစွာ ခက်ခဲအောင် မလုပ်ခဲ့ပေ။ သူသည် ဟန်ပြသက်သက်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။မည်သူ့ကိုမျှ မထိခိုက်စေခဲ့ပေ။

“ဥမင်လိုဏ်ခေါင်းကို တခြားသွေးမြို့တော်တွေက သရဲတွေက အလှည့်ကျ စောင့်ကြည့်နေကြတာလား”

ကောင်းမင်သည် သူ့ကိုယ်သူ ‘The Truman Show’ ကမ္ဘာထဲ ရောက်နေသကဲ့သို့ ခံစားရသည်။ ဟန်ဟိုင်းသည် အဖွဲ့အစည်းများစွာ၏ စောင့်ကြည့်ခြင်းကို ခံနေရသော စင်မြင့်တစ်ခု ဖြစ်သည်။ သူသည် အရေးမပါသော ဇာတ်ပို့တစ်ယောက် ဖြစ်သင့်သော်လည်း များစွာသောသေဆုံးမှုများမှတဆင့် ပင်မဇာတ်ဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။

“မင်းရဲ့ဘော့စ်က ငါ့ကို ဒီပင့်ကူပုံ ပြနေတာက… အဲ့ဒီအချိန်ကတည်းက သူက ငါ့ကို ကူညီနေခဲ့တာလို့ ပြောချင်တာလား”

သူ သတိလစ်မသွားမီက သူ့ကို လိုဏ်ခေါင်းထဲမှ ဆွဲထုတ်သွားခဲ့သည်မှာ အနီရောင် ချိန်းကြိုးတစ်ချောင်းဖြစ်ကြောင်း ကောင်းမင်မှတ်မိသည်။ ထိုချိန်းကြိုးတွင် အပြစ်နှင့် နာကျည်းမှုများ ဖုံးလွှမ်းနေခြင်းဖြစ်သည်။ ယင်းသည် အနီရောင်တစ္ဆေတစ်ကောင်၏ လက်နက်နှင့် တူသည်။

“ဖြစ်နိုင်ခြေ ရှိပါတယ်”

အမျိုးသမီးက မျက်တောင်ခတ်ရင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော ဖုန်းကို ကြည့်လိုက်သည်။ သူမက ကျယ်လောင် ကြေညာလိုက်သည်။

“ကျွန်မတို့ ဘောစ့်က ဉာဏ်ကောင်းပြီး ကိစ္စတွေ အများကြီးကို ကြိုတင်ဟောကိန်း ထုတ်နိုင်တယ် ၊ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ ဉာဏ်ကောင်းတဲ့သရဲတွေ အများကြီးရှိတယ်၊ ရှင် သူပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ဘာမှမမှားနိုင်ဘူး”

“မင်းပြောပုံက ငါ့အတွက် ပြောတာမဟုတ်ဘဲ သူ့အတွက် ပြောနေသလို ခံစားရတယ် ၊ ဒါအပြင် မင်းရဲ့ ဖော်ပြချက်တွေက အနီရောင်တစ္ဆေတစ်ယောက်နဲ့ မလိုက်ဖက်ဘူး၊ ငါသိသလောက်တော့ အနီရောင်တစ္ဆေတွေက အရာအားလုံးကို ဆုတ်ဖြဲပစ်ဖို့ပဲ ကျွမ်းကျင်ကြတာ ၊ သူတို့က အရမ်းသန်မာလွန်းလို့ ဦးနှောက်သုံးဖို့ အခွင့်အရေးတောင် သိပ်မရကြရှာဘူး”

ကောင်းမင်က အလွန်ကြင်နာတတ်သူဖြစ်သည်။ အနီရောင်တစ္ဆေအများစုသည် ပြောဆိုဆက်သွယ်၍ပင် မရနိုင်ကြပေ။

အမျိုးသမီးမှာ ဆွံ့အသွားသည်။ ကောင်းမင်က သူမကို ချီးကျူးနေခြင်းလား သို့မဟုတ် လှောင်ပြောင်နေခြင်းလားကို သူမမသိတော့ပေ။ ထိုသူသည် အလွန်ကောက်ကျစ်စဉ်းလဲလှသည်။

“အခွင့်အရေး ရမယ်ဆိုရင် မင်းရဲ့ဘော့စ်နဲ့ ငါတွေ့မှာပါ ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”

ကောင်းမင်က အဓိကအကြောင်းအရာသို့ ဝင်လိုက်သည်။

“မင်းတို့က ဘာလို့ ဉာဏ်ပညာမြို့တော်ကို ပြောင်းလာကြတာလဲ ၊ မင်းတို့ရဲ့ ဟောကိန်းထုတ်တတ်တဲ့ ဘော့စ်က ဘာသတင်းအချက်အလက်တွေ ရထားလို့လဲ”

“ဧည့်သည်တစ်ယောက်ပျောက်ဆုံးသွားတဲ့ အမှုအတွက်ပါ”

အမျိုးသမီးသည် သူမ၏လည်ပင်းမှ ချုပ်ရိုးတက်တူးကို ကစားရင်း ခေတ္တစဉ်းစားလိုက်သည်။

“ကျိုကျန်းမြို့က ရာစုသစ်ပန်းခြံကို ရှင်းလုမြို့ကနေ လာလည်ကြတဲ့သူတွေ အများကြီးရှိတယ် ၊ အဲ့ဒီထဲက တစ်ယောက်က ရှင်းလုကို ပြန်တဲ့လမ်းမှာ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့တယ် ၊ ဘော့စ်က အဲ့ဒီလူကို တွေ့အောင်ရှာမယ်လို့ ကျိန်ဆိုထားတယ်”

“မင်းတို့ရဲ့ သရဲအိမ်အလုပ်နယ်ပယ်က တော်တော်ကျယ်ပြန့်တာပဲ”

ကောင်းမင်သည် သရဲအိမ်တွင် ထိုသို့ အရောက်ပို့ဝန်ဆောင်မှုမျိုး ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ မင်းပျောက်သွားပါက သူတို့ လိုက်ရှာပေးပေမည်။

“သူ ရှင်းလုကို ပြန်ရောက်လာပြီးတော့ ရှန်ဟိုင်းစိတ္တဇဆေးရုံသရဲအိမ်ကို သွားခဲ့တယ်တဲ့ ၊ ကျွန်မတို့ ပိုစုံစမ်းစစ်ဆေးကြည့်တဲ့အခါ ရှန်ဟိုင်းစိတ္တဇဆေးရုံကို သွားလည်ပြီးတဲ့နောက်မှာ ဧည့်သည်အတော်များမျာက ထူးထူးဆန်းဆန်း ပြုမူလာကြတာကို တွေ့ရတယ် ၊ အစပိုင်းကတော့ ရှင်းလုရဲ့ သရဲတွေက စည်းကမ်းမလိုက်နာတာလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ တစ်ယောက်ယောက်က သူတို့ကို ထိန်းချုပ်နေတာလို့ ကျွန်မတို့ သိလိုက်ရတယ်”

အမျိုးသမီးသည် ကောင်တာပေါ်ရှိ ဓာတ်ပုံဘောင်များကို စီလိုက်သည်။

“ဘော့စ်က ဒီကို လူကိုယ်တိုင်လာချင်ခဲ့တာ၊ ဒါပေမဲ့ အနက်ရောင်မြူခိုးတွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တယ် ၊ နတ်ဆိုးနတ်ဘုရားတွေ ပေါက်ကွဲသွားကြတယ် ၊ သူတို့က သွေးမြို့တော် တစ်မြို့ကို ဖျက်ဆီးပစ်ချင်နေကြတာလေ”

အမျိုးသမီးသည် သူမဘော့စ်၏ ကောင်းမင်အပေါ် ထားရှိသော သဘောထားကို သိရပြီးနောက် ကောင်းမင်အား ပို၍ဖော်ရွေလာလေသည်။ သို့သော်လည်း သူမ၏ ရိုးသားပွင့်လင်းမှုက ကောင်းမင်ကို စိတ်မသက်မသာ ဖြစ်စေသည်။

ဟန်ဟိုင်းသည် အကြောင်းပြချက်တချို့ကြောင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းကို အခြား သွေးမြို့တော် ၁၂ မြို့၏ ပူးပေါင်းမှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော ဘော့စ်သည် မြို့တော်တစ်ခုကို ဖျက်ဆီးပစ်ချင်သော သူများကို သူတစ်ယောက်တည်း တားဆီးချင်နေလေသည်။ယင်းသည် ရူးသွပ်မှုဖြစ်သည်။

“ဒါဆို မင်းတို့မှာ ရှင်းလုရဲ့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိဘူးလို့ ဆိုလိုတာလား”

ကောင်းမင် စိတ်ပျက်သွားသည်။

“ကျွန်မတို့က ဘာလို့ အဲ့ဒီလို လုပ်ချင်ရမှာလဲ”

အမျိုးသမီးက ကောင်းမင်ကို ပြန်မေးလိုက်သည်။

“ကျွန်မတို့ သိဖို့လိုတာက ရှင်းလုမှာရှိတဲ့ သရဲတွေနဲ့ မူမမှန်ဖြစ်ရပ်တွေရဲ့ တည်နေရာပဲ ၊ တကယ်လို့ သူတို့တွေက အတိုင်းအထက်အလွန် လုပ်လာမယ်ဆိုရင် ကျွန်မတို့က သူတို့ကို တားဆီးရမှာပဲ”

အနီရောင်တစ္ဆေတစ်ကောင်၏ အတွေးအခေါ်သည် သာမန်လူများနှင့် ကွဲပြားလှသည်။ သို့သော်လည်း ကောင်းမင်သည် အမျိုးသမီး၏ စကားထဲမှ အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ရရှိလိုက်သည်။

“မင်းက ရှင်းလုမှာရှိတဲ့ မူမမှန်မှုတွေရဲ့ တည်နေရာအားလုံးကို သိတာလား”

“အားလုံးလို့တော့ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ အများစုပေါ့”

အမျိုးသမီးက ကောင်းမင်အား အာရုံခံစားမှုဌာနထဲသို့ ဝင်လာရန် လက်ယပ်ခေါ်လိုက်သည်။ ဝန်ထမ်းနားနေခန်းထဲတွင် ကောင်းမင်သည် သွေးစွန်းနေသော ရှင်းလုမြို့မြေပုံကို မြင်တွေ့လိုက်ရသည်။ နေရာအချို့ကို ပင်အပ်များဖြင့် မှတ်သားထား၏။

“ရှင်းလုရဲ့ မူမမှန်မှုတွေက ဒီနေရာတွေမှာ စုနေတာပဲ ၊ အများစုက မသေဆေးလို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ပတ်သက်နေတယ် ၊ ရှင်ယုံချင်မှ ယုံလိမ့်မယ်၊ အဲ့ဒီကုမ္ပဏီဟာ အတွင်းကမ္ဘာထဲကနေ သရဲတွေကို အဆက်မပြတ် ဆွဲထုတ်ပြီး သက်ရှိလူသားတွေရဲ့ ဦးနှောက်ထဲကို အတင်းအကျပ် ထည့်သွင်းနေကြတာ၊ သူတို့က ဒါကို အရမ်းဂုဏ်ယူနေကြပြီး သူတို့မှာ ထာဝရရှင်သန်ခြင်းကို ရရှိစေမယ့် နည်းပညာရှိတယ်လို့ ထင်နေကြတာ”

All Chapters