← Chapters

အခန်း ၂၅၉-၂၆၀

Vol. 24 Ch. 259-260

အခန်း ၂၅၉-၂၆၀

Vol. 24 Ch. 259-260

အခန်း (၂၅၉) ကောင်းကင် အာဏာရှင် ခန္ဓာ၏ ထိန်းချုပ်မှုကင်းလွတ်ခြင်း

"ဘုန်း"

ကြီးမားလှသော ပေါက်ကွဲသံကြီးက ဝမ့်ယွဲ့လှိုဏ်ဂူတစ်ခုလုံးကို ချက်ချင်းပင် ဟိန်းထွက်သွားစေသည်။

သခင်လေးယွီ၏ ခပ်ပေါ့ပေါ့ တိုက်ကွက်တစ်ခုကပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထွက်ပေါ်စေခဲ့သည်။

ဤကဲ့သို့ စွမ်းအား မျိုးကို သာမန် ဆန်းကြယ်အင်မော်တယ် များပင်လျှင် ခုခံရန် အတော်လေး ရုန်းကန်ရမည် ဖြစ်သည်။

"ထန်ထျန်း ဘယ်လိုဖြစ်သွားပြီလဲ"

"သူက အစစ်အမှန် အင်မော်တယ် အထွတ်အထိပ်အဆင့် ပဲ ရှိသေးတာ မဟုတ်လား၊ ဒီလောက် ပြင်းထန်တဲ့ စွမ်းအားကို တောင့်ခံနိုင်ပါ့မလား"

"တစ်ချက်တည်းနဲ့တင် အသတ်ခံလိုက်ရပြီလား မသိဘူး"

လူတိုင်းက ထန်ထျန်း ရှိရာဘက်သို့ စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

ခဏအကြာတွင် ဖုန်မှုန့်များ ဖြည်းဖြည်းချင်း လွင့်စင်သွားသည်။

ထန်ထျန်း၏ ပုံရိပ်က လူအများရှေ့တွင် ပြန်လည် ထွက်ပေါ်လာ၏။

သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ထားပြီး လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကာထားသည်။

ကြည့်ရသည်မှာ ပြင်းထန်သော ဒဏ်ရာရရှိသွားသည့် ပုံစံမျိုး မတွေ့ရပေ။

"တကယ်ပဲ တားဆီးနိုင်ခဲ့တာလား"

"နေဦး... သူက ကောင်းကင်အင်မော်တယ် အဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားပြီပဲ"

"မထူးဆန်းတော့ပါဘူး၊ ဒါပေမဲ့ ကြည့်ဦး... ထန်ထျန်း ခြေထောက်အောက်က တောင်ကုန်းက မီတာဝက်လောက် နက်တဲ့ ကျင်းကြီး ဖြစ်သွားတယ်"

"သခင်လေးယွီကတော့ တကယ်ကို သခင်လေးယွီပါပဲ၊ ခပ်ပေါ့ပေါ့ တိုက်ကွက်တစ်ခုကတင် ဝမ့်ယွဲ့တောင်ထိပ်ရဲ့ မြေမျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်တာပဲ"

"ထန်ထျန်းလည်း မဆိုးဘူးဟ၊ ငါကတော့ တိုက်ပွဲက ချက်ချင်း ပြီးသွားပြီလို့ ထင်နေတာ"

လူအုပ်ကြီး စိတ်လှုပ်ရှားလာကြသည်။

ကြည့်ရသည်မှာ ထန်ထျန်းက သခင်လေးယွီ၏ ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိသည်တော့ မဟုတ်ပေ။

ဤသို့ဆိုလျှင်တော့ ကြည့်ကောင်းမည့် ပွဲတစ်ပွဲ ဖြစ်လာချေပြီ။

လူအများ ပြော နေကြစဉ်မှာပင် ထန်ထျန်းက သူ၏ လက်မောင်းများကို ပြန်ချလိုက်သည်။

လက်မောင်းများမှာ အနည်းငယ် ထုံကျဉ်နေ၏။

သခင်လေးယွီ၏ တိုက်ကွက်က တကယ်ပင် ကြောက်စရာကောင်းလှသည်။ ခုနက တိုက်ကွက်မှာ သူ ယခင်က တွေ့ခဲ့ဖူးသော ရွှေအင်မော်တယ် တစ်ဦး၏ အစွမ်းနှင့် နီးပါးပင် တူညီနေသည်။

ပါရမီရှင်ဟု ခေါ် ထိုက်ပေသည်။

သို့သော်လည်း...

ထန်ထျန်းသည် ခုနက တိုက်ကွက်ကို ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်သာ ခုခံခဲ့ခြင်း ဖြစ်သည်။

သူက သူ၏ ဟင်းလင်းပြင် ခန္ဓာ ၏ တကယ့် ကြံ့ခိုင်မှုကို စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်သည်။

ရလဒ်ကတော့ သူ့ကို ကျေနပ်စေခဲ့သည်။

တစ်ဖက်တွင် ဟင်းလင်းပြင် ခန္ဓာ၏ ကြံ့ခိုင်မှုက လုံလောက်လှသဖြင့် သခင်လေးယွီ အဆင့်လောက်နှင့်မူ သူ၏ ခုခံမှုကို မဖောက်ထွင်းနိုင်ပေ။ အလွန်ဆုံးဖြစ်လျှင် လက်မောင်းကို အနည်းငယ် ထုံကျဉ်သွားစေရုံသာ ရှိသည်။

ထို့ပြင် နတ်ဖီးနစ်ခန္ဓာ ၏ ပြန်လည်ကုစားနိုင်စွမ်းနှင့်ဆိုလျှင် ထိုဒဏ်ရာမှာ လျစ်လျူရှုထား၍ရသော အဆင့်ပင်။

အခြားတစ်ဖက်တွင်မူ... နောက်ဆုံးတော့ သူ့ကို အနည်းငယ် အားထုတ်ခိုင်းနိုင်မည့် ပြိုင်ဘက်တစ်ယောက် ပေါ်လာချေပြီ။

"မဆိုးဘူးပဲ"

ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။

သခင်လေးယွီ မျက်မှောင်ကြုတ်သွားသည်။ ထန်ထျန်းက သူ၏ တိုက်ကွက်ကို ဤမျှ လွယ်လွယ်ကူကူ ခုခံနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် သူ၏ စူးရှသော အာရုံကြောင့် ထန်ထျန်းသည် ခုနက မည်သည့် တာအိုကျင့်စဉ်ကိုမျှ အသုံးမပြုခဲ့ကြောင်း ရိပ်မိလိုက်သည်။

သို့သော်လည်း သူက စိုးရိမ်ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။

"ဒါက မင်းရဲ့ ဝှက်ဖဲပေါ့လေ"

သခင်လေးယွီက အေးစက်စွာ ပြောလိုက်သည်။

ထန်ထျန်းက ပုခုံးတွန့်ပြကာ "ဒါကြောင့် နောက်ပိုင်းကျရင်တော့ ခင်ဗျား သတိထားမှ ဖြစ်မယ်နော်။ "

"တိုက်ပွဲက ပျင်းစရာကောင်းမသွားအောင်လို့ပါ"

သခင်လေးယွီက ရှားရှားပါးပါး ပြုံးလိုက်ကာ "စိတ်ချပါ..."

"မင်းအတွက် တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်စေရမယ်"

နှစ်ဦးသား အကြည့်ချင်း ဆုံလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် ထန်ထျန်းက အရင်စတင် တိုက်ခိုက်လိုက်သည်။ သူက မြေပြင်မှ ဘုန်းကနဲ ခုန်တက်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သခင်လေးယွီ၏ ရှေ့သို့ ရောက်သွားသည်။

သဲအိတ်ခန့်ရှိသော လက်သီးတစ်ဆုပ်က သခင်လေးယွီ၏ မျက်နှာတည့်တည့်သို့ ထိုးနှက်လိုက်၏။

ဤတိုက်ပွဲတွင် ထန်ထျန်းက ခန္ဓာကိုယ်ခွန်အားနှင့် သိုင်းပညာ ကိုသာ သုံးပြီး စမ်းသပ်ရန် ဆုံးဖြတ်ထားသည်။

ဤရုတ်တရက် တိုက်ခိုက်မှုကို သခင်လေးယွီက မတုန်မလှုပ်ဘဲ သူ၏ ရှည်လျားသော လက်ချောင်းများကို ဆန့်ထုတ်ကာ ထန်ထျန်း၏ လက်သီးကို ဖမ်းဆုပ်လိုက်သည်။

သို့သော် ချက်ချင်းပင် သူ မျက်မှောင် ကြုတ်သွားရ၏။

ထန်ထျန်း၏ ခွန်အားမှာ သူ ထင်ထားသည်ထက် ပို၍ ကြီးမားနေသည်။

"ဘုန်း"

ပေါက်ကွဲသံနှင့်အတူ သခင်လေးယွီက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရကာ ထန်ထျန်း၏ အားကို ခဲရာခဲဆစ် ချေဖျက်လိုက်ရသည်။

သူ၏ ခြေထောက်အောက်တွင်လည်း နက်ရှိုင်းသော ခြေရာများ ထင်ကျန်ရစ်ခဲ့၏။

သခင်လေးယွီ၏ လက်ဖဝါးဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

သခင်လေးယွီ နားလည်သွား၏၊ သူ ထန်ထျန်း၏ ခွန်အားကို လျှော့တွက်ခဲ့မိသည်။

ဤခွန်အားမျိုးမှာ သူ့ကို ယှဉ်နိုင်သည့် အဆင့်တွင် ရှိနေပြီဖြစ်သည်။

သို့သော် သူ ပြန်လည်ပြင်ဆင်ရန် အချိန်မရခင်မှာပင် ထန်ထျန်း၏ နောက်ထပ် တိုက်ကွက်များက မိုးသည်းထန်စွာ ရွာချလိုက်သကဲ့သို့ တရစပ် ရောက်ရှိလာတော့သည်။

"ဘန်း ဘန်း ဘန်း"

သခင်လေးယွီ၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှသဖြင့် ထန်ထျန်း၏ တိုက်ကွက်တိုင်းကို ခုခံနိုင်ခဲ့သည်။ သူတို့ တိုက်ခိုက်လိုက်တိုင်း ပြင်းထန်လှသော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်နေ၏။

သူတို့နှစ်ဦး၏ ပုံရိပ်များမှာ ကောင်းကင်ယံတွင် ကိုယ်ပွားများစွာ ရှိနေသကဲ့သို့ လျင်မြန်လွန်းလှသဖြင့် ကြည့်ရသူများမှာ မျက်စိပင် လည်သွားကြသည်။

"ဝိုး... ဒါက အရမ်း ကြမ်းလွန်းလိုက်တာ"

"ထန်ထျန်းရဲ့ ဝှက်ဖဲက ခန္ဓာ ကျင့်ကြံသူ လား"

"သူက သခင်လေးယွီရဲ့ အမြန်နှုန်းကို လိုက်မီရုံတင်မကဘဲ တရစပ် ဖိအားပေးနေနိုင်တာပဲ။ ဘုရားရေ... ဒါ ငါမြင်ဖူးသမျှထဲမှာ အရူးသွပ်ဆုံး ကိစ္စပဲ"

လူအများမှာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ ဤကဲ့သို့ တိုက်ပွဲမျိုးကို သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ကျန်းကျဲ့ပင်လျှင် အစောပိုင်းက အေးဆေးဖြစ်နေသည့် ပုံစံ ပျောက်ဆုံးသွားကာ လက်သီးကို တင်းတင်းဆုပ်လျက် တစ်ခုခု မှားယွင်းသွားမှာကို စိုးရိမ်နေတော့သည်။

သို့သော် ထိုစဉ်မှာပင် ပြင်းထန်လှသော ထိပ်တိုက်တွေ့မှုတစ်ခုအပြီးတွင် ထန်ထျန်းနှင့် သခင်လေးယွီတို့၏ ပုံရိပ်များမှာ တခြားစီ ကွဲထွက်သွားသည်။

ထို့နောက်တွင် ထန်ထျန်း၏ လှုပ်ရှားမှုများမှာ ရုတ်တရက် အလွန်ပင် နှေးကွေးသွားသည်ကို လူတိုင်း မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူက ကြောက်မက်ဖွယ်ကောင်းသော ရွှံ့နွံအိုင်ကြီးထဲသို့ ကျရောက်သွားသကဲ့သို့ပင်။

သခင်လေးယွီမှာမူ ကောင်းကင်ယံတွင် ပျံဝဲနေကာ လက်ထဲတွင် ထူးဆန်းသော လက်ဟန်တစ်ခုကို ပြုလုပ်နေသည်။ ပွင့်လင်းမြင်သာသော စွမ်းအားလှိုင်းများက ထန်ထျန်း ရှိရာ ဟင်းလင်းပြင် တစ်ဝိုက်ကို လုံးဝ လွှမ်းခြုံထား၏။

"ဒါက ဟင်းလင်းပြင်စွမ်းအား ပဲ"

တစ်ယောက်က အော်ပြောလိုက်သည်။

"ဒါ သခင်လေးယွီရဲ့ အပြင်းထန်ဆုံး တိုက်ကွက် တွေထဲက တစ်ခုပဲ"

"သူက ဒီစွမ်းအားကို သုံးပြီး ရွှေအင်မော်တယ် ပညာရှင် နှစ်ယောက်ကိုတောင် ပိတ်လှောင်ထားခဲ့ဖူးတာ။"

" အဲ့ဒါက သူ့ရဲ့ အတောက်ပဆုံးသော စံချိန်တွေထဲက တစ်ခုပဲ"

"ထန်ထျန်းအနေနဲ့ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ နည်းလမ်းအောက်ကနေ လွတ်မြောက်နိုင်ပါ့မလား"

လူတိုင်းက ထန်ထျန်းအတွက် စိတ်ပူနေကြသည်။

ရွှံ့နွံအိုင်ထဲ ရောက်နေသကဲ့သို့ ဖြစ်နေသော ထန်ထျန်းသည်လည်း ဤတိုက်ကွက် ၏ ကြောက်စရာကောင်းပုံကို အပြည့်အဝ ခံစားနေရသည်။

သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လုံးဝ ပြောင်းလဲသွားကာ အရပ်မျက်နှာ အနှံ့အပြားမှ သူ့ခန္ဓာကိုယ်ကို ဖိနှိပ်နေတော့သည်။

အရေပြားပေါ်ရှိ နေရာတိုင်းတွင် ပြင်းထန်လှသော ဖိအားကို ခံစားနေရ၏။

ဤစွမ်းအားအောက်တွင် သူက အသက်ရှူရန်ပင် ခက်ခဲနေကာ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းအတွက် ခွန်အားအပြည့် ထုတ်သုံးနေရသည်။

သခင်လေးယွီ၏ ဟင်းလင်းပြင်ဆိုင်ရာ နားလည်မှုမှာ အလွန်ပင် မြင့်မားလှပေသည်။

"ရုန်းကန်မနေ နဲ့တော့၊ မင်း လွတ်မှာ မဟုတ်ဘူး။"

"ငါက ခုနက မင်းနဲ့ ဒီတိုင်း ကစားနေတယ်လို့ ထင်နေတာလား"

"တိုက်ခိုက်နေတုန်းမှာပဲ ငါက အချက်အချာ နေရာအားလုံးကို စီစဉ်ပြီးသားပဲ"

သခင်လေးယွီက အေးစက်စွာ ပြောလိုက်သည်။ "မင်းက တကယ်ပဲ သန်မာပါတယ်၊ ကောင်းကင်စာရင်းရဲ့ ထိပ်တန်း အယောက် ၅၀ ထဲမှာ မင်းအတွက် နေရာရှိနိုင်တယ်။"

"ဒါပေမဲ့ ကံမကောင်းတာက မင်း ငါနဲ့ တွေ့သွားတာပဲ"

ယခုအခါ သူက အနိုင်ရပြီဟု ယုံကြည်ချက် အပြည့်ရှိနေသည်။

အကြောင်းမှာ ဤကဲ့သို့ ဟင်းလင်းပြင်ကို ထိန်းချုပ်သည့် တိုက်ကွက် မှာ ခန္ဓာ ကျင့်ကြံသူများကို နှိမ်နင်းရန် အထိရောက်ဆုံး နည်းလမ်း ဖြစ်သောကြောင့်ပင်။

သူ့ကို ယုံကြည်ချက် အပြည့်ဖြင့် ကြည့်နေသည့် သခင်လေးယွီကို ကြည့်ပြီး ထန်ထျန်းက ခေါင်းခါလိုက်သည်။

"ငါ ပြောသားပဲ... ခင်ဗျားတို့လို လူတွေက တိုက်ပွဲဆိုတာ ဘာလဲဆိုတာကို လုံးဝ မသိကြဘူး။"

"ငါ့ကို ထိန်းချုပ်ထားနိုင်ပြီဆိုရင် ဆက်ပြီး ဖိနှိပ်ပြီး အနိုင်ယူရမှာလေ။ အဲ့ဒါကို ဘေးမှာ ရပ်ပြီး လေကြောရှည်နေသေးတယ်။"

"ငါ့အိမ်က အသက် ၁၆ နှစ်အရွယ် ရှောင်းရွှယ်တောင် ခင်ဗျားတို့ထက် ဒီအသိရှိသေးတယ်"

ပြောပြီးနောက် ထန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော အနက်ရောင် အလင်းတန်းတစ်ခု ချက်ချင်း ဖြတ်ပြေးသွားသည်။

ထို့နောက်တွင် လူတိုင်း ထိတ်လန့်သွားရသည့် မြင်ကွင်းမှာ... ထန်ထျန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး သခင်လေးယွီ ထိန်းချုပ်ထားသော နယ်မြေထဲမှ အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာခဲ့ခြင်းပင်။

လမ်းလျှောက်နေစဉ်အတွင်း မည်သည့် ဖိနှိပ်မှုကိုမျှ ခံနေရသည့် ပုံစံမျိုး မတွေ့ရပေ။

"ယုံကြည်ချက် ရှိသေးလား"

ထန်ထျန်းက လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်လျက် ရိသဲ့သဲ့ မေးလိုက်သည်။

ခဏမျှ မှင်တက်သွားပြီးနောက် လူတိုင်းမှာ ဆူညံသွားတော့သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ ဒီတိုင်း လမ်းလျှောက်ထွက်လာတာလား"

"ရွှေအင်မော်တယ်တွေတောင် မရုန်းထွက်နိုင်တဲ့ နေရာလေ၊ သူ ဘယ်လိုလုပ်လိုက်တာလဲ"

"ဒါမှမဟုတ် သူ့မှာလည်း ကောင်းကင်ကို ဆန့်ကျင်တဲ့ ခန္ဓာတစ်ခု ရှိနေတာလား"

အချို့လူများကတော့ အမှန်တရားကို အနီးစပ်ဆုံး ခန့်မှန်းမိသွားကြသည်။

မမေ့ပါနှင့်... ထန်ထျန်းတွင် ဟင်းလင်းပြင် ခန္ဓာ အပြင် အခြားသော အလွန်ကောင်းမွန်သည့် ခန္ဓာများစွာ ရှိပါသေးသည်။

ဥပမာ... ကောင်းကင် အာဏာရှင် ခန္ဓာ

အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော ကောင်းကင် အာဏာရှင် ခန္ဓာမှာ ကျင့်စဉ်ပေါင်းသောင်းခြောက်ထောင်ကို မကြောက်ရွံ့ဟု တင်စားရပေမည်။

အလွယ်ဆုံး ပြောရလျှင်

ငါက ကောင်းကင်အာဏာရှင် ခန္ဓာပဲ၊ ထိန်းချုပ်မှုမှန်သမျှလွတ်နိုင်တယ်

သခင်လေးယွီ၏ နည်းလမ်းမှာ သာမန် ခန္ဓာ ကျင့်ကြံသူများအတွက် ထိန်းချုပ်နိုင် မည့် ဝှက်ဖဲ ဖြစ်နိုင်သော်လည်း ထန်ထျန်း၏ ရှေ့တွင်တော့ မည်သည့် သက်ရောက်မှုမျှ မရှိပေ။

ထန်ထျန်း၏ လှောင်ပြောင် မှုကို ခံလိုက်ရသောအခါ သခင်လေးယွီ၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားတော့သည်။

သူ... တကယ်ပဲ အတည်အလင်း တိုက်ခိုက်တော့မည်

အခန်း (၂၆၀) အဆင့်မြင့် အင်မော်တယ်လက်နက်

သခင်လေးယွီ၏ ဟင်းလင်းပြင်စွမ်းအား ဖိနှိပ်မှုအောက်မှ ထန်ထျန်းက အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာနိုင်ခြင်းသည် သခင်လေးယွီကို အတည်အလင်း တိုက်ခိုက်ရန် ပြင်ဆင်လာစေသည်။

သခင်လေးယွီက သူ၏လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖြန့်လိုက်ရာ အပြာရောင် ကျောက်စိမ်းပုလင်းတစ်ခုက လက်ဖဝါးထက်တွင် ပေါ်လာ၏။

"ဒါ... သခင်လေးယွီရဲ့ အသက်သွေးကြော အင်မော်တယ်လက်နက် ပဲ"

ချက်ချင်းပင် တစ်စုံတစ်ယောက်က ထိုပစ္စည်းကို မှတ်မိသွားသည်။

"ဒါက အစွမ်းထက်တဲ့ အဆင့်မြင့် အင်မော်တယ်လက်နက် ပဲ။ သခင်လေးယွီ ဒီတစ်ခါတော့ တကယ် အတည်တိုက်တော့မယ်။"

"ထန်ထျန်းက သူ့ကို အသက်သွေးကြော လက်နက် ထုတ်သုံးရအောင်အထိ ဖိအားပေးနိုင်တယ်ဆိုတော့ တကယ်ကို ကြောက်စရာကောင်းတာပဲ။ ရှေးယခင်ကတည်းက အခုထိ ကြည့်မယ်ဆိုရင် သူက အပြင်လောကကလာတဲ့ တပည့်တွေထဲမှာ အစွမ်းအထက်ဆုံးပဲ"

"နှမြောစရာပဲ၊ သူသာ သခင်လေးယွီနဲ့ မတွေ့ခဲ့ရင် နောက်ထပ် တောက်ပတဲ့ စံချိန်တွေ အများကြီး တင်နိုင်ဦးမှာ။"

"မတတ်နိုင်ဘူးလေ၊ 'ကျောက်စိမ်း ပုလင်း' ထွက်လာပြီဆိုရင် ရွှေအင်မော်တယ်တွေတောင် ရှောင်ရတာ။ ထန်ထျန်းကတော့ ဒီမှာတင် ဇာတ်သိမ်းရတော့မှာပဲ။"

အပြာရောင် ကျောက်စိမ်းပုလင်း ပေါ်လာပြီးနောက် လူတိုင်းနီးပါးက ထန်ထျန်းဘက်မှ မရပ်တည်ကြတော့ပေ။

၎င်းက အဆင့်မြင့် အင်မော်တယ်လက်နက် ဖြစ်သည်

၎င်းတွင် နိယာမစွမ်းအား များ ကိန်းအောင်းနေ၏။

သခင်လေးယွီက ထိုလက်နက်၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးသည့်တိုင်အောင် ကောင်းကင်အင်မော်တယ်တစ်ဦးအနေဖြင့် ယှဉ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

လက်နက်မပါဘဲ လက်ဗလာဖြင့်ဆိုလျှင် ရွှေအင်မော်တယ် အဆင့်နှောင်းပိုင်း ကျင့်ကြံသူများပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်သည်။

ထို့ပြင် အပြင်လောကမှလာသော ထန်ထျန်းအနေဖြင့်လည်း ဤမျှ အစွမ်းထက်သော အဆင့်မြင့် အင်မော်တယ်လက်နက်မျိုး ရှိလိမ့်မည်ဟု သူတို့ မယူဆကြပေ။

သူတို့ ထင်သည်မှာလည်း မမှားပေ။

ယခုအချိန်တွင် ထန်ထျန်း၏လက်ထဲ၌ ပြီး ပြည့်စုံသော အဆင့်မြင့် အင်မော်တယ်လက်နက် မရှိသေးပေ။

ယခင်က ရခဲ့သော ပျက်စီးနေသည့် လက်နက်အချို့မှာလည်း ကြောင်လေး ၏ မုန့်စားသလို စားပစ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

အလယ်အလတ်အဆင့် အင်မော်တယ်လက်နက် အချို့ရှိသော်လည်း ထန်ထျန်းက ၎င်းတို့ကို အသုံးမပြုလိုပေ။

ယနေ့တွင် သူက သူ၏ ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် မည်မျှအထိ စွမ်းဆောင်နိုင်သည်ကိုသာ သိချင်နေခြင်း ဖြစ်သည်။

"ငါ့ရဲ့ 'ကျင်းယွီပုလင်း' အောက်မှာ ရှုံးနိမ့်ရတာက မင်းအတွက် ဂုဏ်ယူစရာပဲ"

သခင်လေးယွီ၏ အကြည့်မှာ တည်ငြိမ်လှပြီး ကျင်းယွီပုလင်းကို ပင့်တင်လိုက်သည်။

ပုလင်းက ကောင်းကင်သို့ လျင်မြန်စွာ ပျံတက်သွားပြီး တိုက်ပွဲကွင်းပြင်၏ အလယ်တည့်တည့်တွင် တည်ငြိမ်စွာ လည်ပတ်နေ၏။

၎င်း ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ထန်ထျန်းက ပုလင်းအောက်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အစီအရင် တစ်ခုကို ခင်းကျင်းလိုက်သကဲ့သို့ပင်။

နိယာမစွမ်းအားများက ကောင်းကင်မှ အဆက်မပြတ် စီးဆင်းလာသည်။ ၎င်းတို့က တိုက်ရိုက် ထိခိုက်ဒဏ်ရာ မပေးနိုင်သော်လည်း ဤဟင်းလင်းပြင်အတွင်းရှိ နိယာမအချို့ကို ပြောင်းလဲပစ်လိုက်ပြီဖြစ်သည်။

လက်ရှိ တိုက်ပွဲကွင်းပြင်မှာ သခင်လေးယွီ၏ လက်ခုပ်ထဲသို့ ရောက်သွားပြီဟု ဆိုနိုင်သည်။

"အဆုံးသတ်လိုက်တော့ "

စကားအဆုံးတွင် သခင်လေးယွီက လက်ဖဝါးဖြင့် အသာအယာ တွန်းထုတ်လိုက်သည်။

ဤတိုက်ကွက်မှာ အလွန်ပင် သာမန်ဆန်လှပြီး မည်သည့် တာအိုကျင့်စဉ် အငွေ့အသက်မျှ မရှိပေ။

သို့သော် ထန်ထျန်း၏ ရှေ့တည့်တည့်တွင်မူ ကြီးမားလှသော ဟင်းလင်းပြင် လက်ဖဝါးရိပ်ကြီးတစ်ခုက လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး သူ့ဆီသို့ တည့်တည့် တိုးဝင်လာသည်။ ထို့ပြင် နိယာမစွမ်းအားများဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ပိတ်ဆို့ထားသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။

နိယာမစွမ်းအားများ ကိန်းအောင်းနေသော လက်ဖဝါးရိပ်ကြီးကို ရင်ဆိုင်ရန် ထန်ထျန်းက လက်သီးကို တင်းတင်းဆုပ်ကာ တစ်ကိုယ်လုံးရှိ ခွန်အားများကို စုစည်းလိုက်သည်။ သူက နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ဖဝါးရိပ်ကြီးရှေ့သို့ ရောက်သွားကာ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်

"ဘုန်း"

ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက်တွေ့သံကြီး ထပ်မံ ထွက်ပေါ်လာသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ထန်ထျန်း၏ ပုံရိပ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး အတော်ဝေးဝေး ရောက်မှသာ အရှိန်သတ်နိုင်တော့သည်။

လက်သီးဆီမှ နာကျင်မှုတစ်ခု တိုးဝင်လာသည်။

ပြင်းထန်လှသော တန်ပြန်အားကြောင့် သူ၏ ညာဘက်လက်မောင်းတစ်ခုလုံးက လျှပ်စစ်စီးသကဲ့သို့ ထုံကျဉ်သွားရ၏။

ဟင်းလင်းပြင် လက်ဖဝါးရိပ်ကြီးမှာမူ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ထန်ထျန်းဆီသို့ ဆက်လက် ဖိနှိပ်လာသည်။

"တကယ်ကို မဆိုးဘူးပဲ"

ထန်ထျန်းက သူ၏လက်ကို ခါယမ်းလိုက်ပြီး နတ်ဖီးနစ်ခန္ဓာ ၏ စွမ်းရည်ဖြင့် ဒဏ်ရာကို ချက်ချင်း ကုသလိုက်ကာ ပြုံးလိုက်သည်။

ဤသို့မှသာ မှန်ပေမည်။

အကယ်၍ ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်သာ တစ်ဖက်သတ် အနိုင်ယူနေရလျှင် ပျင်းစရာကောင်းလွန်းလှသည်။

"ကောင်းပြီ..."

" ဒါဆိုရင် ခင်ဗျားရဲ့ အဆင့်မြင့် အင်မော်တယ်လက်နက်က ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထန်ထျန်းက လက်သီးကို နောက်တစ်ကြိမ် တင်းတင်းဆုပ်လိုက်သည်။

ဤတစ်ခါတွင်မူ သူက သူ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ပြီဖြစ်သည်။

ကောင်းကင် အာဏာရှင် ခန္ဓာ၊ ကောင်းကင်တာအိုသားတော်ခန္ဓာ နှင့် ဟင်းလင်းပြင် ခန္ဓာ တို့ကို တစ်ပြိုင်နက်တည်း လှုံ့ဆော်လိုက်သည်။

ကြီးမားသော လက်သီးပေါ်တွင် အနက်ရောင်နှင့် ရွှေရောင်အလင်းတန်းများ ရောယှက်လည်ပတ်နေကာ ကြည့်ရုံမျှဖြင့် လူကို တုန်လှုပ်စေသည်။

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများမှာ လျင်မြန်စွာ စုစည်းလာ၏။

ခွန်အားများ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ထန်ထျန်းက အသံအနည်းငယ် ပြုလိုက်ကာ လက်ဖဝါးရိပ်ကြီးဆီသို့ ထပ်မံ ပျံသန်းဝင်ရောက်သွားပြန်သည်။

လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ လောကတစ်ခုလုံး တုန်ခါသွားသကဲ့သို့ပင်

"ဘုန်း"

လောကကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးက ဝမ့်ယွဲ့လှိုဏ်ဂူအတွင်း ဟိန်းထွက်သွားပြန်သည်။

ထန်ထျန်း၏ ပုံရိပ်က နောက်တစ်ကြိမ် နောက်သို့ လွင့်ထွက်သွားပြန်ရာ ယခင်တစ်ခေါက်ထက်ပင် ပိုဝေးသည်။

သို့သော် လူတိုင်းက ထန်ထျန်း၏ အရည်အချင်းမှာ ဤမျှသာဟု ထင်မှတ်နေစဉ်မှာပင် "ခ... ရက်..." ဟူသော အသံများ ထွက်ပေါ်လာသဖြင့် လူတိုင်း ကြက်သီးထသွားကြသည်။

ထို့နောက် လူတိုင်း၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် မည်သူမျှ မယှဉ်နိုင်ဟု ထင်ရသော ဟင်းလင်းပြင် လက်ဖဝါးရိပ်ကြီးပေါ်၌ အက်ကြောင်းများ စတင် ပေါ်ပေါက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်စစီ ကွဲကြေသွားတော့သည်။

ထန်ထျန်းက ၎င်းကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီး ပစ်လိုက်ခြင်းပင်

"ဒါ... ဒါက..."

ဝိုင်းကြည့်နေသော တပည့်များမှာ ပါးစပ်အဟောင်းသားနှင့် သရဲ မြင်လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။

၎င်းမှာ အဆင့်မြင့် အင်မော်တယ်လက်နက် ဖြစ်သည်

တူညီသော အဆင့်ရှိသည့် လက်နက်မပါဘဲ ဤကဲ့သို့ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်မှာ ရှောင်တိမ်းရန်သာ ရှိပြီး တန်ပြန်ရန် နည်းလမ်းမရှိပေ။

သို့သော် ထန်ထျန်းက ဘာလုပ်လိုက်သနည်း

သူ၏ လက်သီး သက်သက်ဖြင့်သာ ထိုလက်နက်မှ ထွက်ပေါ်လာသော တိုက်ကွက်ကို ဖျက်ဆီးပစ်လိုက်သည်။

ဒါက သူတို့ရဲ့ ကျင့်ကြံခြင်း နားလည်မှု အခြေခံ အသိပညာတွေကို လုံးဝ ရိုက်ချိုးလိုက်တာပဲ

ဘေးလူများသာမက သခင်လေးယွီကိုယ်တိုင်လည်း မျက်မှောင်ကြုတ်သွားကာ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ကျင်းယွီပုလင်းကို ထုတ်လိုက်သည်နှင့် တိုက်ပွဲမှာ ချက်ချင်း ပြီးဆုံးသွားမည်ဟု သူ ထင်ထားခဲ့သော်လည်း ထန်ထျန်းက သူ့ကို အံ့အားသင့်မှုကြီး ပေးလိုက်ချေပြီ။

"အဆင့်မြင့် အင်မော်တယ်လက်နက်ဆိုတာ ဒါပဲလား"

"သိပ်ပြီးတော့ မထူးခြားလှပါဘူးလား။"

"ခင်ဗျားရဲ့ အရည်အချင်းက မပြည့်ဝလို့ ဒီလက်နက်ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်တာလား"

ထန်ထျန်းက ပေါ့ပေါ့ပါးပါး ပြုံးလျက် မေးလိုက်သည်။

သခင်လေးယွီက နှာခေါင်းရှုံ့လိုက်ကာ "မင်း ကိုယ့်ကိုယ်ကိုယ် အနိုင်မရနိုင်ဘူးလို့ တကယ် ထင်နေတာလား"

"ခုနက တိုက်ကွက်က နည်းနည်းလေးပဲ ရှိသေးတာ။"

"နောက်လာမယ့် တိုက်ကွက်တွေကို မင်း ဘယ်လို ခုခံမလဲ ကြည့်ကြသေးတာပေါ့။"

ပြောပြီးနောက် သူက လက်ကြီးကို ဆန့်ထုတ်ကာ ထန်ထျန်းရှိရာဘက်သို့ အားကုန် ဆုပ်ကိုင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ကြီးမားလှသော ဟင်းလင်းပြင် လက်သီးကြီးများစွာက အရပ်မျက်နှာ အသီးသီးမှ ပေါ်ထွက်လာပြီး အလယ်တွင် ရှိနေသော ထန်ထျန်းဆီသို့ တရစပ် ထိုးနှက်ကြတော့သည်။

ဤတိုက်ကွက်၏ အရှိန်အဝါမှာ အစောပိုင်းက လက်ဝါးပုံရိပ်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လှသည်။ သို့သော် ထန်ထျန်းသည် စိုးရိမ်ခြင်းမရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားနေသည့် ပုံစံမျိုး ဖြစ်နေသည်။

"ဟားဟား... လာစမ်းပါ"

သူက အော်ရယ်လိုက်ကာ နောက်မဆုတ်ဘဲ ထိုလက်သီးကြီးများဆီသို့ တိုးဝင်သွားသည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

ပေါက်ကွဲသံတိုင်းမှာ ကမ္ဘာပျက်မတတ် ပြင်းထန်လှပြီး ဘေးသို့ လွင့်စင်လာသော စွမ်းအားလှိုင်းများကြောင့်ပင် လူအများအပြားမှာ သွေးလေချောက်ချားသွားကြသည်။

တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရှိနေသော ထန်ထျန်းက မည်မျှ ကြောက်စရာကောင်းသော ခွန်အားကို တောင့်ခံနေရသနည်းဆိုသည်ကို စိတ်ပင် မကူးရဲကြတော့ပေ။

"ဒါက... ခန္ဓာ ကျင့်ကြံသူရဲ့ အစွမ်းလား"

တစ်ယောက်က တိုးတိုးလေး ပြော လိုက်သည်။

ထိုဟင်းလင်းပြင် လက်သီးကြီးများသည်လည်း ယခင်ကဲ့သို့ပင် ထန်ထျန်း၏ လက်သီးအောက်တွင် တစ်စစီ ပျက်စီးသွားကြသည်။

သခင်လေးယွီ မျက်မှောင်ကြုတ်ကာ တိုက်ကွက် အမျိုးမျိုးကို အသုံးပြုပြီး ထန်ထျန်းဆီသို့ မိုးသီးများကဲ့သို့ တရစပ် ပစ်လွှတ်နေသည်။

သို့သော် ထန်ထျန်းမှာ တိုက်လေတိုက်လေ ပို၍ သန်မာလာကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အနက်ရောင်နှင့် ရွှေရောင်အလင်းများ တောက်ပနေသည်။ သခင်လေးယွီ၏ တိုက်ကွက်များ မည်မျှ ကြောက်စရာကောင်းနေပါစေ ထန်ထျန်းကို မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ပေ။

ဤအခြေအနေ ခဏမျှ ကြာပြီးနောက်...

ရုတ်တရက် ထန်ထျန်း၏ ပုံရိပ်မှာ အဟန့်အတားအားလုံးကို ဖြတ်ကျော်ကာ ကောင်းကင်ယံရှိ 'ကျင်းယွီပုလင်း' ဆီသို့ တိုက်ရိုက် ဦးတည် ပျံသန်းသွားတော့သည်။

သူက ပြဿနာအားလုံးကို တစ်ခါတည်း အမြစ်ပြတ် ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်

သခင်လေးယွီ၏ အကြည့်မှာ စူးရှသွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။

သူက သူ၏ အင်မော်တယ် စွမ်းအားအားလုံးကို လှုံ့ဆော်လိုက်ရာ အင်္ကျီလက်များမှာ တဖျပ်ဖျပ် လွင့်ပျံနေ၏။

ထို့နောက် အပြာရောင်အလင်းများ တောက်ပနေသော တောင်ကြီးတစ်လုံးက ကျင့်ယွီပုလင်း၏ အောက်ခြေမှ ထွက်ပေါ်လာကာ ထန်ထျန်း၏ အပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။

"ဘုန်း"

ဒါက တိုက်ပွဲစတင်ကတည်းက အပြင်းထန်ဆုံးသော ထိပ်တိုက်တွေ့မှုပင်။

အားနည်း သော တပည့်အချို့မှာ စွမ်းအားလှိုင်းများကြောင့် သွေးအန်ကာ အတွင်းဒဏ်ရာများ ရသွားကြသည်။

ထိုနားကွဲမတတ် ပေါက်ကွဲသံကြီးကြားတွင် တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံမှာလည်း ထင်ရှားစွာ ထွက်ပေါ်လာ၏။

သခင်လေးယွီ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားကာ သွေးစအချို့က သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာတော့သည်။

All Chapters