အခန်း ၂၆၁-၂၆၂
Vol. 24 Ch. 261-262
အခန်း (၂၆၁) တိုက်ပွဲ အဆုံးသတ်ခြင်း
ပြင်းထန်လှသော မြေငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ တုန်ခါမှုကြီးအပြီးတွင် လူတိုင်းက ခြေလှမ်းများကို မြဲ အောင် ပြန်ပြင်လိုက်ကြပြီး တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟိုသို့ ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
ထို့နောက်တွင်တော့ အားလုံးမှာ မှင်တက်သွားရတော့၏။
"သခင်လေးယွီ... ဒဏ်ရာရသွားတာလား"
တစ်ယောက်က အော်ဟစ်လိုက်ရာ အသံပင် ဝါးသွားတော့သည်။
တိုက်ပွဲကွင်းပြင်အလယ်တွင် သခင်လေးယွီ၏ နှုတ်ခမ်းများမှာ ဖြူလျော့နေပြီး နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးစများမှာ ကြည့်ရသူများ၏ ရင်ကို တုန်လှုပ်စေသည်။
လူတိုင်း ဆွံ့အသွားကြသည်။ ထန်ထျန်းက သခင်လေးယွီကို အမှန်တကယ် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
သူ ဘယ်လိုလုပ်လိုက်တာလဲ
လူတိုင်း ကောင်းကင်ယံရှိ 'ကျင်းယွီပုလင်း' ကို ကြည့်လိုက်ကြသည်။
အပြာရောင် ကျောက်စိမ်းပုလင်းမှာ ကောင်းကင်တွင် လည်ပတ်နေဆဲပင်။
သို့သော် ထိုအလင်းတန်းများကြားတွင် ပုလင်း၏ အောက်ခြေအနား၌ သေးငယ်သော အက်ကြောင်းတစ်ခု ပေါ်နေသည်ကို လူတိုင်း တိတိကျကျ မြင်လိုက်ရသည်။
"ဘုရားရေ..."
"ထန်ထျန်းက အဆင့်မြင့် အင်မော်တယ်လက်နက်ကိုပါ ဖျက်ဆီး ပစ် လိုက်တာလား"
လူတိုင်း ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြသည်။ ထိုအက်ကြောင်းမှာ သခင်လေးယွီ၏ နှုတ်ခမ်းမှ သွေးစထက်ပင် လူကို ပို၍ တုန်လှုပ်စေသည်။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ယောက်က တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။
"မဟုတ်ဘူး... ကွဲသွားတာက အင်မော်တယ်လက်နက်ရဲ့ တကယ့်မူလကိုယ်ထည် မဟုတ်ဘူး။ သခင်လေးယွီက သူ့ရဲ့ အသက်သွေးကြော လက်နက်အဖြစ် ကျင့်ကြံနေတုန်းမှာ အပြင်ဘက်ကနေ ဖုံးအုပ်ထားတဲ့ အလွှာတစ်ခုပဲ။"
"ဒါကြောင့်လည်း အက်ကြောင်းပေါ်လာတာနဲ့ သခင်လေးယွီက တန်ပြန်သက်ရောက်မှု ကို ခံလိုက်ရတာပေါ့။"
ဤရှင်းပြချက်ကို ကြားမှပင် လူတိုင်း သက်ပြင်းချနိုင်တော့သည်။
"ငါလည်း ပြောသားပဲ၊ ကောင်းကင်အင်မော်တယ်တစ်ယောက်က အဆင့်မြင့် အင်မော်တယ်လက်နက်ကို ဖျက်ဆီး ပစ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး"
"ဒါတောင်မှ တကယ်ကို ထူးခြားလွန်းနေပြီလေ။ လက်နက်မူလကိုယ်ထည် မဟုတ်ဘူးဆိုရင်တောင် အဲ့ဒီအလွှာမှာ မူလကိုယ်ထည်ရဲ့ စွမ်းအားအချို့ ပါနေတာပဲ။"
"အဲ့ဒါကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုရင် ထန်ထျန်းရဲ့ ခုနက တိုက်ကွက်က ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေမလဲဆိုတာ ငါ တကယ် စိတ်တောင်မကူးရဲဘူး"
"နေဦး... ထန်ထျန်း ဘယ်မှာလဲ"
လူတိုင်း ထန်ထျန်း ရှိခဲ့သည့်နေရာကို ကြည့်လိုက်သော်လည်း သူ့ကို မတွေ့ရပေ။
အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ရွှေအင်မော်တယ်တွေတောင် မလှုပ်ခတ်နိုင်တဲ့ ဝမ့်ယွဲ့တောင်ထိပ်ရဲ့ မြေမျက်နှာသွင်ပြင်က ဒီလိုမျိုး တိုက်ရိုက် ပျက်စီးသွားခဲ့ပြီ။
"ထန်ထျန်း... အဆင်ပြေရဲ့လား"
လူတိုင်း ကျင်းကြီးထဲသို့ စိုးရိမ်တကြီး ငုံ့ကြည့်လိုက်ကြသည်။
ခုနက တောင်ကြီးတစ်လုံးနှင့် ဖိချလိုက်သည့် စွမ်းအားမျိုးအောက်တွင် ထန်ထျန်း တစ်ယောက် ဘာမှမဖြစ်ဘဲ နေနိုင်ပါ့မလား
သို့သော် လူတိုင်း သံသယဖြစ်နေစဉ်မှာပင် ရင်းနှီးနေသော အသံတစ်ခု ကျင်းထဲမှ ထွက်ပေါ်လာသည်။
"ဟူး... ဒီခွေးမသားလေး..."
"အဆင့်မြင့် အင်မော်တယ်လက်နက်ကတော့ တကယ်ကို မဆိုးဘူးပဲ။"
နောက်တစ်စက္ကန့်တွင် ထန်ထျန်း၏ ပုံရိပ်က လူတိုင်းရှေ့တွင် ပေါ်လာသည်။
ယခင်ကကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့သော အလင်းတန်းများ ဝန်းရံနေဆဲဖြစ်ပြီး ကြည့်ရသည်မှာ လုံးဝ ဒဏ်ရာမရရှိဘဲ အကောင်းပကတိအတိုင်းပင်။
"ငါတော့... လက်လျှော့လိုက်ပြီ။"
"ဒီတိုက်ပွဲပြီးရင် ထန်ထျန်း ဆိုတဲ့ နာမည်က ထျန်းဖူနန်းတော်ရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာတော့မှာပဲ"
လူတိုင်း တအံ့တဩ ပြော နေကြသည်။
ထန်ထျန်း၏ စွမ်းဆောင်ရည်မှာ သူတို့ မျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်နေပြီး မမှီနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ အရင်က ထန်ထျန်း၏ မောက်မာမှုကို မကြည့်ချင်ဘဲ သူ့ကို အနင်းခံရတာ မြင်ချင်သူများ ရှိခဲ့လျှင်ပင် ယခုအချိန်တွင်မူ ထိုအတွေးများ မရှိတော့ပေ။
တကယ့် အစွမ်းထက်သူတစ်ဦးအတွက် သူတို့မှာ လေးစားမှုသာ ရှိတော့သည်။
ပြန်စဉ်းစားကြည့်လျှင် သူသာ ထိုကဲ့သို့ ခွန်အားမျိုး ရှိပါက ယခုထက်ပင် ပို၍ မောက်မာနေလိမ့်မည် မဟုတ်လား။
"နည်းနည်းတော့ နှမြောစရာပဲ။"
"ခင်ဗျားသာ ဒီလက်နက်ကို နောက်ထပ် အချိန်အနည်းငယ်လောက် ထပ်ပြီး သန့်စင် ထားဦးမယ်ဆိုရင် ငါ့ကို တကယ်ပဲ ဖိနှိပ်နိုင်သွားမှာ"
ထန်ထျန်းက သခင်လေးယွီကို ပြောလိုက်သည်။
ခုနက ထိပ်တိုက်တွေ့မှုတွင် သူက သူ၏ ခန္ဓာကိုယ်ခွန်အားကို အကန့်အသတ် အထိ ထုတ်သုံးခဲ့ရသည်။
သို့သော်လည်း တန်ပြန်အားကြောင့် လွင့်ထွက်သွားခဲ့ရပြီး လက်ချောင်းအရိုးအချို့ပင် ကျိုးသွားခဲ့သေးသည်။
အကယ်၍ သခင်လေးယွီသာ 'ကျင်းယွီပုလင်း' ရဲ့ စွမ်းအားအားလုံးကို ထုတ်သုံးနိုင်ခဲ့လျှင် သူ ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ဖျက်ဆီး နိုင်ရန်မှာ မသေချာပေ။
ကောင်းကင်စာရင်းဝင် ပါရမီရှင်ဆိုသည်မှာ တကယ်ပင် အရည်အချင်း ရှိလှပေသည်။
သို့သော် ဤစကားများမှာ သခင်လေးယွီ၏ နားထဲတွင်တော့ အကြီးအကျယ် စော်ကားခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"မင်း တကယ်ပဲ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား"
သူ့မျက်နှာမှာ လုံးဝ မည်းမှောင်သွားကာ အေးစက်သော လေသံဖြင့် မေးလိုက်သည်။
ထန်ထျန်းက ပြုံးလိုက်ကာ"ခင်ဗျားဆီမှာ ဒီလောက်ပဲ အစွမ်းရှိတာဆိုရင်တော့... တိုက်ပွဲကို အဆုံးသတ်လို့ ရပြီ။"
သခင်လေးယွီက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဆန်းကြယ်လှသော အော်ရာ တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
"ဒီတိုက်ကွက်ကိုတော့ ငါက နောက်ဆုံး တိုက်ပွဲကျမှ သုံးဖို့ ရည်ရွယ်ထားတာ။"
"ဒါပေမဲ့ ဒီနေ့တော့ မင်း ငါ့ကို အတင်းအကျပ် ဖိအားပေး နေပြီပဲ။"
"ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ဘာဖြစ်မလဲဆိုတာ မင်းကို ငါ သိအောင် လုပ်ပြမယ်"
ပြောပြီးနောက် သခင်လေးယွီက ရှေ့သို့ ချက်ချင်း ပြေးဝင်ကာ ထန်ထျန်းကို တည့်တည့် တိုက်ခိုက်တော့သည်။
ဒါက သူ ပထမဆုံးအကြိမ် စ တိုက်ခိုက်ခြင်းပင်။
သူ့လှုပ်ရှားမှုကို ကြည့်ပြီး လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
သခင်လေးယွီ၏ အားသာချက်မှာ တာအိုကျင့်စဉ်များ မဟုတ်လား၊ အဘယ်ကြောင့် ထန်ထျန်းကဲ့သို့ ခန္ဓာ ကျင့်ကြံသူနှင့် ထိပ်တိုက် ဝင်တိုက်ရသနည်း
သူ့၏ အားနည်းချက်ဖြင့် တစ်ဖက်လူ၏ အားသာချက်ကို သွားတိုက်နေသလို မဖြစ်ပေဘူးလား
သို့သော် တိုက်ပွဲအခြေအနေက သူတို့ကို အကြာကြီး စဉ်းစားခွင့်မပေးပေ။
မျက်စိတစ်မှိတ်အတွင်း သခင်လေးယွီက ထန်ထျန်း၏ ရှေ့သို့ ရောက်သွားကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ထန်ထျန်းသည်လည်း တစ်ဖက်လူ ဘာလုပ်ချင်မှန်း မသိသဖြင့် အနည်းငယ် ထူးဆန်းနေသော်လည်း "အပြောင်းအလဲပေါ်မူတည်၍ ခုခံခြင်း" ဆိုသည့် မူအရ နောက်မဆုတ်ဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သခင်လေးယွီ၏ လက်သီးကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး တစ်ဖက်လူ၏ ရင်ဘတ်ကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်၏။
သို့သော် မထင်မှတ်ထားသည်မှာ... သူ၏ လက်သီးမှာ လေဟာနယ်ကို ထိုးမိသကဲ့သို့ သခင်လေးယွီ၏ ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်သွားခြင်းပင်။
လက်ဖဝါးဆီမှ အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။
သခင်လေးယွီက ထန်ထျန်းကို ကြည့်ကာ ထူးဆန်းသော အပြုံးတစ်ခုဖြင့် "တကယ်ပဲ နှမြောစရာပဲ။"
"ငါ အကြောက်ဆုံး မဟုတ်တာက... ခန္ဓာကိုယ် ကျင့်ကြံသူတွေပဲ"
ပြောပြီးနောက် သူ၏ မျက်နှာမှာ ရုတ်တရက် တွန့်လိမ်သွားကာ တစ်ကိုယ်လုံးက နှင်းပွင့်များ အရည်ပျော်သကဲ့သို့ ပျောက်ကွယ်သွားပြီး အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ထန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။
"ဒါက... အမှောင်ရိပ်ခန္ဓာ ပဲ"
တစ်စုံတစ်ယောက်က ဤနည်းလမ်း၏ အခြေခံကို မှတ်မိသွားသည်။
"အင်မော်တယ်အဆင့် ခန္ဓာကိုယ်... အမှောင်ရိပ်ခန္ဓာ"
"သခင်လေးယွီမှာ အလွန်စွမ်းထက်တဲ့ ခန္ဓာကိုယ်တစ်ခု ရှိတယ်ဆိုတဲ့ ကောလာဟလက အမှန်ပဲပေါ့"
"သွားပြီ... ထန်ထျန်းက ခန္ဓာ ကျင့်ကြံသူလေ၊ ဒီလိုမျိုး ပုံသဏ္ဌာန်မရှိတဲ့ ခန္ဓာကို သူ ဘယ်လိုမှ လုပ်လို့မရတော့ဘူး"
"နှမြောစရာပဲ၊ အကယ်၍ အမှောင်အရိပ်ခန္ဓာသာ မဟုတ်ရင် ထန်ထျန်းက သခင်လေးယွီကို တကယ် အနိုင်ယူသွားနိုင်တာ"
လူတိုင်းက နှမြောတသ ဖြစ်နေကြသည်။
သူတို့က ထန်ထျန်း ရှုံးတာကို မြင်ချင်ကြသော်လည်း အားနည်းသူက အားကြီး သူကို အနိုင်ယူသည့် ဇာတ်ကွက်မျိုးက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည် မဟုတ်လား။
သို့သော် အခုတော့ ဤနေရာတွင်တင် ပြီးဆုံးသွားပုံရသည်။
ထန်ထျန်းက ထိုနေရာတွင်ပင် ရပ်နေသည်။ ခန္ဓာကိုယ်ခွန်အားကိုသာ သုံးမည်ဆိုလျှင် အမှောင်အရိပ်ခန္ဓာကဲ့သို့သော တည်ရှိမှုကို သူ မည်သို့မျှ လုပ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ပုံသဏ္ဌာန်မရှိ၍ ထိတွေ့၍မရသောကြောင့် ဖြစ်သည်။
မည်မျှပင် သန်မာနေပါစေ၊ ထိမှ မထိနိုင်တာ... ဘာလုပ်လို့ ရမှာလဲ
ထို့ပြင် သခင်လေးယွီ၏ အမှောင်အရိပ်ခန္ဓာတွင် အခြားသော ကြောက်စရာကောင်းသည့် စွမ်းရည်တစ်ခု ရှိနေသေးကြောင်း ထန်ထျန်း ခံစားလိုက်ရသည်။
တိုက်စားခြင်း
သခင်လေးယွီက အရိပ်အဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်တွယ်လိုက်သောအခါ အလွန်အေးစက်သော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာသည်။
ထိုစွမ်းအားက ထန်ထျန်း၏ ကိုယ်ပိုင်ခွန်အားများကို လျင်မြန်စွာ တိုက်စားပြီး အရိပ်ထဲသို့ ပြောင်းလဲကာ ပိုမို ကြီးထွားလာစေသည်။
ဤသို့ဖြင့် တစ်ဖက်က ခွန်အား လျော့နည်းလာပြီး အခြားတစ်ဖက်က ပိုသန်မာလာသောအခါ ရှုံးနိမ့်ခြင်းမှာ အချိန်စောင့်ရုံသာ ရှိတော့သည်။
သိပ်မကြာခင်မှာပင် သခင်လေးယွီ၏ အရိပ်မှာ အဆပေါင်း ဆယ်ဂဏန်းမက ကြီးထွားလာတော့သည်။
ယခုအခါ သူက အမှောင်လောကမှလာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ဖြင့် ထန်ထျန်းကို ဝန်းရံထားတော့သည်။
"ဂီး... ဂီး... ဂီး..."
နိမ့်ရှိုင်းလှသော ရယ်သံက ကြက်သီးထဖွယ် ကောင်းလှသည်။
ထန်ထျန်းက သက်ပြင်းအသာချလိုက်သည်။
သူ့မှာ နတ်ဖီးနစ်ခန္ဓာ ရှိသဖြင့် တစ်ဖက်လူ၏ တိုက်စားမှုကို မကြောက်သော်လည်း (သူစားချင်သလောက် စားပါစေ၊ ဗိုက်ပေါက်မသေရင် ပြီးတာပဲ)၊
သို့သော် ဤကဲ့သို့ တိုက်ခိုက်နေရခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
ထို့ပြင် သူ၏ ရည်ရွယ်ချက်လည်း အထမြောက်သွားပြီ ဖြစ်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို စမ်းသပ်ပြီးပြီဖြစ်သလို၊ ထျန်းဖူနန်းတော်၏ ထိပ်တန်းပါရမီရှင်များအကြောင်းကိုလည်း အကြမ်းဖျင်း သိရှိသွားပြီ ဖြစ်သည်။
ဒါကြောင့်...
အဆုံးသတ်လိုက်ကြစို့။
သခင်လေးယွီက အရိပ်များဖြင့် ဖန်တီးထားသော ကြီးမားလှသော သရဲမျက်နှာကြီးကို ကြည့်ရင်း...
ထန်ထျန်းက သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တော့သည်။
အခန်း (၂၆၂) စိတ်ဝမ်းကွဲခြင်း
"ပြီးသွားပြီ"
သခင်လေးယွီ ဖန်တီးလိုက်သော အရိပ်များ လျင်မြန်စွာ ကြီးထွားလာပြီး ထန်ထျန်းကို ဝန်းရံသွားသည်ကို ကြည့်ကာ လူအများက နှမြောတသစွာ ခေါင်းခါလိုက်ကြသည်။
"ကံတရားက မျက်နှာသာမပေးခဲ့တာပဲ"
"တကယ်ကို ကံဆိုးတာပဲ၊ အကယ်၍ အမှောင်အရိပ်ခန္ဓာသာ မဟုတ်ဘဲ တခြား အင်မော်တယ်အဆင့် ခန္ဓာ တစ်ခုခုဆိုရင် ထန်ထျန်းက သခင်လေးယွီကို အနိုင်ယူနိုင်ဖို့ အခွင့်အရေးရှိတာ"
"မတတ်နိုင်ဘူးလေ၊ ဒါက ကျင့်ကြံခြင်းလောကရဲ့ တိုက်ပွဲပဲ။ တစ်ဖက်လူမှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ကွက် တွေ ရှိနေမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရဘူးလေ"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲပြီးရင် ထန်ထျန်းဆိုတဲ့ နာမည်က ကောင်းကင်စာရင်း ထဲကို ဝင်သွားတော့မှာပဲ။ အဆင့်ကလည်း လုံးဝ နိမ့်မှာမဟုတ်ဘူး"
လူတိုင်းက တိုက်ပွဲကွင်းပြင်မှ ကျောချမ်းဖွယ်ကောင်းသော အရိပ်ကြီးများကို ကြည့်ရင်း တိုက်ပွဲအဆုံးသတ်ကို စောင့်ဆိုင်းနေကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းကျဲ့လည်း နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားသည်။
ခုနက ပြင်းထန်လှသော တိုက်ပွဲအခြေအနေကြောင့် သူ စိုးရိမ်လွန်းသဖြင့် ချွေးများပင် ပြန်နေခဲ့ခြင်း ဖြစ်သည်။
သူ ထင်ထားခဲ့သည်မှာ ဤတိုက်ပွဲသည် သခင်လေးယွီက ထန်ထျန်းကို တစ်ဖက်သတ် နှိပ်စက်မည့်ပွဲဖြစ်ပြီး ထန်ထျန်း၏ မောက်မာမှုများကို ခြေဖဝါးအောက်တွင် နင်းခြေပစ်မည့် ပွဲမျိုးဖြစ်သည်။
သို့သော် ထန်ထျန်းက ဤမျှအထိ သန်မာလိမ့်မည်ဟု မည်သူ ထင်ထားပါ့မလဲ။
သို့သော်လည်း ကံကောင်းစွာဖြင့် အောင်ပွဲက သူတို့ဘက်သို့ ရောက်လာခဲ့ပြီ။
အောင်ပွဲရပြီးနောက် ရှောင်းရွှယ်လေးမှာလည်း သူ့လက်ခုပ်ထဲက ရေ ဖြစ်လာတော့မည် မဟုတ်လား။
ကျန်းကျဲ့၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ့ကို စော်ကားခြင်းက မည်မျှကြီးမားသော အမှားဖြစ်ကြောင်း ထန်ထျန်းကို သူ သေချာပေါက် သိအောင် လုပ်ပြမည်ဟု ကြုံးဝါးနေ၏။
တိုက်ပွဲကွင်းပြင်ရှိ ကြီးမားလှသော အရိပ်ကြီးမှာ ရုတ်တရက် စတင်ကျုံ့ဝင်လာသည်။
လူတိုင်း စိတ်လှုပ်ရှားစွာ အာရုံစိုက်လိုက်ကြ၏။ ဤပြင်းထန်လှသော တိုက်ပွဲကြီးမှာ အဆုံးသတ်သွားပြီဟု သူတို့ နားလည်လိုက်ကြသည်။
သို့သော်လည်း... အရိပ်များအားလုံး လွင့်စင်သွားသောအခါ တိုက်ပွဲကွင်းပြင်ရှိ မြင်ကွင်းကြောင့် လူတိုင်း...
မှင်တက်သွားရတော့သည်
ထန်ထျန်းမှာ ဘာမှမဖြစ်သကဲ့သို့ ထိုနေရာတွင်ပင် ရပ်နေသည်။ သူ၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အစင်းရာလေးတစ်ခုပင် မရှိပေ
အောင်နိုင်သူဟု လူတိုင်း သတ်မှတ်ထားသော သခင်လေးယွီမှာမူ ထန်ထျန်း၏ ရှေ့တွင် ဒူးထောက်လျက်ရှိနေသည်။ သူ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
ဝမ့်ယွဲ့လှိုဏ်ဂူ တစ်ဝိုက်လုံးတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
ဘာဖြစ်သွားတာလဲ
သခင်လေးယွီက အသာစီးရနေတာ မဟုတ်လား
သူ့ရဲ့ အမှောင်အရိပ်ခန္ဓာက ထန်ထျန်းကို လုံးဝ ဖိနှိပ်ထားတာ မဟုတ်လား
အောင်ပွဲက သူ့လက်ထဲ ရောက်နေပြီ မဟုတ်လား
ဒါဆို အခုက ဘာဖြစ်တာလဲ
"ဘုရားရေ ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"
နောက်ဆုံးတော့ တစ်ယောက်က အော်လိုက်သည်။
ထို့နောက်တွင်တော့ ဆူညံသံများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့၏။
"သခင်လေးယွီ... ရှုံးသွားတာလား"
"အမှောင်အရိပ်ခန္ဓာကိုတောင် ထုတ်သုံးတာလေ၊ ဘယ်လိုလုပ် ရှုံးသွားတာလဲ"
"နားမလည်နိုင်ဘူး၊ လုံးဝ နားမလည်နိုင်ဘူး"
"ထန်ထျန်းက ဘယ်လိုလုပ်လိုက်တာလဲ"
"ဘုရား ရေ... ငါ့ကို ပါးတစ်ချက်လောက် ရိုက်စမ်းပါ၊ ငါ အိမ်မက်မက်နေတာ ဖြစ်ရမယ်"
တပည့်များမှာ ပျားအုံကို တုတ်နဲ့ထိုးသလို ဆူညံသွားကြသည်။
ရှုံးနိမ့်မှာ သေချာနေသည့် အခြေအနေမှ မည်သို့ အနိုင်ရသွားသည်ကို သူတို့ လုံးဝ စဉ်းစားမရနိုင်ကြပေ။
ဒါမှမဟုတ် ထန်ထျန်းမှာ သူတို့မသိသေးတဲ့ တခြား ဝှက်ဖဲတွေ ရှိနေသေးတာလား
ဒီအချက်ကိုတော့ သခင်လေးယွီက အသိဆုံးပင်။
ခုနက အမှောင်အရိပ်ခန္ဓာကိုသုံးပြီး ထန်ထျန်းကို တိုက်စားနေစဉ်မှာ သူ အနိုင်ရပြီဟု အမှန်တကယ် ယုံကြည်ခဲ့သည်။
သို့သော် ထန်ထျန်းက သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါတွင်မူ သူ အကြီးအကျယ် မှားသွားကြောင်း သိလိုက်ရသည်။
တိုက်ပွဲစတင်ကတည်းက ထန်ထျန်းသည် သူ၏ အစစ်အမှန် စွမ်းအားကို ထုတ်မသုံးခဲ့ခြင်းပင်။
"မင်း... မင်းက ခန္ဓာ ကျင့်ကြံသူ မဟုတ်ဘူးပဲ..."
သခင်လေးယွီက ခါးသီးလှသော အသံဖြင့် အားနည်းစွာ ပြောလိုက်သည်။
ထန်ထျန်းက အေးစက်စွာ စိုက်ကြည့်ရင်း "ငါက ခန္ဓာ ကျင့်ကြံသူပါလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"
"ဒါက မင်းဘာသာမင်း ဆုံးဖြတ်ချက် ချလိုက်တာလေ"
"ပြိုင်ဘက်အကြောင်းကို တစ်စက်ကလေးမှ မသိဘဲနဲ့ သူ့ရဲ့ စွမ်းရည်ကို အပိုင်တွက်လိုက်တဲ့ မင်းရဲ့..."
"ယုံကြည်ချက်က ဘယ်ကနေ ရလာတာလဲ"
သခင်လေးယွီက သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ချလိုက်သည်။
ဟုတ်ပေသည်၊ ၎င်းမှာ သူကိုယ်တိုင် ထန်ထျန်းအပေါ် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ဖြစ်သည်။
သို့သော် အဘယ်ကြောင့်နည်း
သူ အသေအချာ စဉ်းစားကြည့်သောအခါ အဖြေတစ်ခုကို တွေ့လိုက်ရသည်။
"မောက်မာမှု"
အမှန်စင်စစ် ထန်ထျန်းနှင့် မတိုက်ခိုက်မီက သူ ထင်ထားသည်မှာ ထန်ထျန်း၏ အပြင်းထန်ဆုံး စွမ်းအားမှာ မြေဆွဲငင်စွမ်းအား ဟုသာ ဖြစ်သည်။
တိုက်ခိုက်နေစဉ်အတွင်း ထန်ထျန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြင်ရသောအခါ သူက စွမ်းအားကြီး သော ခန္ဓာ ကျင့်ကြံသူတစ်ဦးဟု အပိုင်တွက်ခဲ့သည်။
သို့သော်လည်း ထန်ထျန်းတွင် ထိုထက်မကသော အစွမ်းထက်သည့် တိုက်ကွက် များ ရှိနေနိုင်သည်ကို အဘယ်ကြောင့် မစဉ်းစားခဲ့သနည်း
ဘယ်သူမှ မပြောခဲ့ပေ။
သူ၏ မသိစိတ်ကသာ အပြင်လောကမှလာသော ကျင့်ကြံသူတစ်ဦးအနေဖြင့် မြေဆွဲငင်စွမ်းအားနှင့် ပြင်းထန်သော ခန္ဓာခွန်အား ရှိနေခြင်းကပင် အထွတ်အထိပ်သို့ ရောက်နေပြီဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဤအမှားမှာ သူ၏ ရေရှည် မောက်မာလာခဲ့သော စိတ်ဓာတ်ကြောင့်ပင် ဖြစ်သည်။
"ငါ အရင်က ပြောခဲ့တယ်၊ ထျန်းဖူနန်းတော်က တပည့်အများစုဟာ တကယ့်တိုက်ပွဲဆိုတာ ဘာလဲဆိုတာကို လုံးဝ မသိကြဘူးလို့။"
"အဲ့ဒီတုန်းက လူအတော်များများက ငါ့ကို စိတ်ပျက်ခဲ့ကြပြီး လေလုံးထွားနေတယ်လို့ ထင်ခဲ့ကြတယ်။"
" ကဲ... အခုကော မင်း ဘယ်လို ထင်သလဲ"
ထန်ထျန်းက အေးအေးဆေးဆေး မေးလိုက်သည်။
သခင်လေးယွီ၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားကာ အလွန်ပင် ရှုပ်ထွေးနေသည်။
နောက်ဆုံးတွင်တော့ သူ သက်ပြင်းအရှည်ကြီး ချလိုက်ကာ"ငါ... အရှုံးပေး ပါတယ်။"
ယခုတစ်ကြိမ်တွင်တော့ သူက အမှန်တကယ် စိတ်ရင်းဖြင့် အရှုံးပေးလိုက်ခြင်း ဖြစ်သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
သူနှင့် သခင်လေးယွီကြားတွင် ကြီးမားသော ရန်ငြိုးမရှိပေ၊ တစ်ဖက်လူကို ဤသို့ဖြင့် သတိဝင်လာအောင် လုပ်ပေးနိုင်ခြင်းက ကောင်းမွန်သော ကိစ္စတစ်ခုပင်။
သို့သော်လည်း... ခံယူသင့်သော ပြစ်ဒဏ်ကိုတော့ ခံယူရပေမည်။
"ငါ့ရဲ့ စည်းကမ်းအတိုင်းဆိုရင်... ရှုံးနိမ့်သူက ငါ့လှိုဏ်ဂူရှေ့မှာ တစ်ရက်တိတိ ဒူးထောက်ရမယ်။"
"မင်းကို ငါ့စွမ်းအားနဲ့ အတင်းချုပ်မထားချင်ဘူး၊ မင်းဘာသာမင်းပဲ ဆုံးဖြတ်ပါ။"
"ဒါပေမဲ့ မင်းသာ ထွက်ပြေးသွားမယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဒီပြစ်ဒဏ်ကို ငါ အတိုးချပြီး ပြန်ပေးဆပ်ခိုင်းမှာ သေချာတယ်"
ထန်ထျန်းက ပြောလိုက်သည်။
သခင်လေးယွီက ဘာမှ ပြန်မပြောသလို၊ တခြား လှုပ်ရှားမှုလည်း မရှိပေ။
သူက သူ၏ မြင့်မြတ်လှသော ဦးခေါင်းကို နှိမ့်ချကာ ထန်ထျန်း၏ လှိုဏ်ဂူဘက်သို့ မျက်နှာမူပြီး ဒူးထောက်လိုက်တော့သည်။
ကြည့်ရသည်မှာ သူက ဤပြစ်ဒဏ်ကို လက်ခံလိုက်ပုံရသည်။
ထန်ထျန်းက စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။ ဤလူမှာ အနည်းငယ် မောက်မာသည်မှလွဲလျှင် လူကောင်းတစ်ဦးပင် ဖြစ်သည်။
အကယ်၍ ဤရှုံးနိမ့်မှုကို သင်ခန်းစာယူကာ ပိုမို ကြိုးစားမည်ဆိုလျှင် သူ၏ အနာဂတ်အတွက် များစွာ အကျိုးရှိပေလိမ့်မည်။
သို့သော် သခင်လေးယွီက လက်ခံခဲ့သော်လည်း လက်မခံနိုင်သူတစ်ဦး ရှိနေသေးသည်။
"ထန်ထျန်း"
အော်သံတစ်ခု အရှေ့ဘက်မှ ထွက်ပေါ်လာသည်။
ကျန်းကျဲ့မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာမှာ နီမြန်းနေကာ တိုက်ပွဲသူတော်စင်မျှော်စင် မှ အခြားလူများကို ခေါ်ပြီး ထန်ထျန်းရှေ့သို့ ရောက်လာသည်။ သူက ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ ရောယှက်နေသော မျက်လုံးများဖြင့် ထန်ထျန်းကို စိုက်ကြည့်နေ၏။
"တော်လောက်ပြီ"
"ဒီတိုက်ပွဲမှာ မင်း နိုင်သွားတယ်လို့ သတ်မှတ်ပေးမယ်။ ဒါပေမဲ့ သခင်လေးယွီက ဒီနေရာမှာ ဒူးထောက်စရာ မလိုဘူး"
"မင်းသာ ဒါကို ဆက်လုပ်မယ်ဆိုရင် တိုက်ပွဲသူတော်စင်မျှော်စင် တစ်ခုလုံးနဲ့ ရန်သူဖြစ်သွားမယ်ဆိုတာ မှတ်ထားလိုက်"
ကျန်းကျဲ့က အော်လိုက်သည်။
ကျန်းကျဲ့၏ ဒေါသတကြီး ဖြစ်နေသော ပုံစံကို ကြည့်ပြီး ထန်ထျန်းက ရုတ်တရက် ပြုံးလိုက်သည်။
"ငါ ခင်ဗျားဆီ လာရှာမလို့ပဲ၊ အခုတော့ ခင်ဗျားက ကိုယ့်ဘာသာကိုယ် ရောက်လာတာပေါ့။"
ကျန်းကျဲ့ ကြောင်သွားကာ "မင်း... မင်း ဘာကို ဆိုလိုတာလဲ"
ထန်ထျန်းက ရယ်ကာ "ခင်ဗျားပဲ အရင်က ပြောခဲ့တာ မဟုတ်လား၊ ငါသာ နိုင်သွားရင် ခင်ဗျား ငါတောင်းဆိုသမျှ အကုန် လုပ်ပေးမယ်လို့။"
"ဒါဆို အခုပဲ လုပ်လိုက်လေ ။"
"အင်မော်တယ်လက်နက်တွေ၊ ကျင့်စဉ်တွေ၊တာအို ကျောက်စိမ်းတွေ... ငါ့မှာ အများကြီး ရှိတယ်၊ ခင်ဗျားဆီက မလိုချင်ဘူး။"
"ခင်ဗျားက သခင်လေးယွီကို ဒီမှာ ဒူးမထောက်စေချင်ဘူးဆိုရင်တော့... ခင်ဗျားကပဲ သူ့အစား ဒူးထောက်လိုက်ပေါ့။"
"ဒါပေမဲ့ ခင်ဗျားကိုတော့ ဝမ့်ယွဲ့လှိုဏ်ဂူကြီး ပြန်ပိတ်တဲ့အထိ ဒူးထောက်ခိုင်းမှာ"
ကျန်းကျဲ့က သွားကို တင်းတင်းစေ့ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
သူက အတ္တကြီးသူတစ်ဦး ဖြစ်သဖြင့် ထန်ထျန်း၏ လှိုဏ်ဂူရှေ့တွင် ဝမ့်ယွဲ့လှိုဏ်ဂူ ပိတ်သည့်အထိ ဒူးထောက်နေရမည်ဆိုသည်မှာ သူ့ကို သတ်လိုက်တာကမှ ပိုသက်သာဦးမည်။
"မင်း... မင်း အိပ်မက်မက်နေတာပဲ"
ကျန်းကျဲ့က အံကြိတ်ကာ အော် လိုက်သည်။
သို့သော် သူ ငြင်းဆိုလိုက်ပြီးနောက်မှာပင် တိုက်ပွဲသူတော်စင်မျှော်စင် မှ အခြား ရွှေအင်မော်တယ်တစ်ဦးက သူ့ကို ကြည့်လိုက်သည်။
"ခေါင်းဆောင်ကျန်း... ကျွန်တော့်အမြင်အရတော့ ခင်ဗျား သူ့တောင်းဆိုချက်ကို လက်ခံလိုက်တာ ပိုကောင်းမယ် ထင်တယ်။"
"သခင်လေးယွီက ကျွန်တော်တို့ တိုက်ပွဲသူတော်စင်မျှော်စင် ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့သူပဲ။ သူ့ရဲ့ ဂုဏ်သိက္ခာက ဒီနေရာမှာ လုံးဝ ပျက်စီးလို့ မဖြစ်ဘူး။"
"ဒီကိစ္စကလည်း ခင်ဗျားကြောင့် စဖြစ်ခဲ့တာဆိုတော့ ခင်ဗျားကိုယ်တိုင်ပဲ အဆုံးသတ်လိုက်ပါ"
ကျန်းကျဲ့မှာ ချက်ချင်းပင် မှင်တက်သွားရသည်။
သူ့၏ လုပ်ဖော်ကိုင်ဖက်က ဂုဏ်သိက္ခာအတွက်နှင့် သူ့ကို စွန့်ပစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထန်ထျန်းကတော့ ပြုံးလျက် ဘာမှ ဆက်မပြောတော့ပေ။
တိုက်ပွဲသူတော်စင်မျှော်စင် မှ ရွှေအင်မော်တယ်၏ စိုးရိမ်မှုကို သူ နားလည်ပါသည်။ သခင်လေးယွီ၏ ဂုဏ်သိက္ခာမှာ ကျန်းကျဲ့၏ ဂုဏ်သိက္ခာထက် များစွာ ပို၍ အရေးကြီးသည် မဟုတ်လား။
ဒါပေမဲ့... ကျန်းကျဲ့ကကော တကယ်ပဲ လက်ခံပါ့မလား