အခန်း ၂၆၅-၂၆၆
Vol. 24 Ch. 265-266
အခန်း (၂၆၅) နောက်ဆုံးရလဒ်
"ဒါ... မိုမိသားစု ကလူတွေပဲ"
ဤလူအုပ်စု ပေါ်လာခြင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ နောက်တစ်ကြိမ် အံ့အားသင့်တုန်လှုပ်သွားကြပြန်သည်။
"ဒါကလည်း ဧရာမအင်အားစုကြီးတစ်ခုပဲ။ ထျန်းဖူနန်းတော်ရဲ့ ရှေးအကျဆုံး မိသားစုတွေထဲက တစ်ခုဖြစ်ပြီး သူတို့ရဲ့ အင်အားက စစ်နတ်ဘုရားနန်းတော်ထက်တောင် မနိမ့်ဘူး"
"ကြည့်ရတာ သူတို့က ထန်ထျန်းဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ့်ပုံပဲ။"
"အိုး... ဘုရားရေ။ ထန်ထျန်းက တကယ်တော့ ဘယ်သူလဲဟ။ စစ်နတ်ဘုရားနန်းတော်နဲ့လည်း ရန်ငြိုးရှိသလို၊ မိုမိသားစုနဲ့လည်း ရင်းနှီးနေပြန်တယ်။ သူက အပြင်လောကက အခုမှ ဝင်လာတာ မဟုတ်ဘူးလား"
"ငါ မှတ်မိပြီ ထန်ထျန်းရှိခဲ့တဲ့ ဂိုဏ်းထဲမှာ စစ်နတ်ဘုရားနန်းတော်နဲ့ မိုမိသားစုက လေ့ကျင့်ဖို့ လွှတ်လိုက်တဲ့ တပည့်တွေ ရှိတယ်။ အဲ့ဒီမှာ သူတို့တွေ သိကျွမ်းခဲ့ကြတာ ဖြစ်ရမယ်"
မကြာခင်မှာပင် လူအချို့က ထန်ထျန်း၏ နောက်ကြောင်းကို စုံစမ်းတွေ့ရှိသွားကြသည်။
သို့သော် သိလိုက်ရသည့် အချက်အလက်များက သူတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့၏။
ထန်ထျန်းက ဤကဲ့သို့သော လူများကြားထဲမှနေ၍ နောက်ဆုံး ဂိုဏ်းချုပ် နေရာကို လုယူနိုင်ခဲ့ခြင်းမှာ...
တကယ်ပင် မယုံနိုင်စရာကောင်းလှပေသည်။
စကားပြောနေကြစဉ်မှာပင် မိုမိသားစုဝင်များက ထန်ထျန်း၏ ရှေ့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
ဦးဆောင်လာသူမှာ ထန်ထျန်း၏ မိတ်ဆွေ ဟောင်း မိုရှောင်းရှောင်း ပင်။
သူမ၏ အစ်ကို မိုကျွင်း လည်း ပါလာသလို အခြား မိတ်ဆွေ များဖြစ်သော ချန်စစ်ရို၊ ယင်ကျဲ့ နှင့် အလံလုပွဲတုန်းက ဆုံခဲ့သည့် ပါရမီရှင်မလေး နီဝူရွှမ်း တို့လည်း ပါလာကြသည်။
မိုရှောင်းရှောင်း၏ ဘေးတွင်မူ အရပ်ပုပုနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေ၏။
သူက ကြည့်ရသည်မှာ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သော်လည်း ထန်ထျန်း၏ အာရုံအရ ဤလူမှာ လုံးဝ မရိုးရှင်းကြောင်း သိနေသည်။
"အစ်ကိုထန်။"
ထန်ထျန်းရှေ့ရောက်သောအခါ မိုရှောင်းရှောင်းက နှုတ်ဆက်ရင်း ပြုံးလိုက်သည်။ "တကယ် တောင်းပန်ပါတယ်နော်။ အစ်ကို ထျန်းဖူနန်းတော်ကို စဝင်လာကတည်းက လာကြိုမလို့ပဲ။"
" ဒါပေမဲ့ တံခါးပိတ် ကျင့်ကြံနေတာနဲ့ ရက်နည်းနည်း ကြာသွားခဲ့တယ်။"
ထန်ထျန်းက ဘာမှမဖြစ်ကြောင်း အမြန်ပြန်ပြောလိုက်ရသည်။
မိုရှောင်းရှောင်းသာ ယနေ့ ပေါ်မလာပါက သူတောင် ဤကိစ္စကို မေ့နေမိတော့မည် ဖြစ်သည်။
သူမက စိတ်ထဲတွင် အမြဲမှတ်ထားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ဒါ့အပြင် သူမှတ်မိသလောက်ဆိုလျှင် ချင်းယွဲ့ဂိုဏ်းမှ ထွက်လာစဉ်က မိုရှောင်းရှောင်းက တက်လှမ်းခြင်းအဆင့်မှာပင် ရှိသေးသည်။
သို့သော် ယခု သူမဆီမှ ထွက်ပေါ်နေသည့် အော်ရာ က ထန်ထျန်းကိုပင် အံ့အားသင့်စေ၏။
ဤမိန်းကလေး မည်သို့တိုးတက်လာသည်မှာ တကယ်ပင် သိချင်စရာကောင်းလှသည်။
"ရက်နည်းနည်း နောက်ကျသွားပေမဲ့ အချိန်မီ ရောက်လာသေးတယ်လို့ ပြောရမှာပဲ။"
"အစ်ကို့ရှေ့က ပြဿနာကို အရင်ရှင်းပေးပါ့မယ်။မိတ်ဆွေ ဟောင်းတွေ စကားပြောဖို့ကိုတော့ ခဏနေမှ ပြော ကြတာပေါ့။"
မိုရှောင်းရှောင်းက ပြောလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်ပြလိုက်၏။
အခြေအနေက တကယ်ပင် မတတ်သာသည့်အဆုံး မဟုတ်ပါက သူလည်း စစ်နတ်ဘုရားနန်းတော်နှင့် ယခုချက်ချင်း ရန်သူမဖြစ်ချင်သေးပေ။
ထျန်းဖူနန်းတော်သို့ ရောက်သည်မှာ တစ်လတောင် မပြည့်သေးဘဲ အရေးကြီးသည့် ကိစ္စများကို မလုပ်ရသေးခင် ထွက်သွားရမည်မှာ နှမြောစရာကောင်းလွန်းလှသည်။
ထန်ထျန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် မိုရှောင်းရှောင်းနှင့် မိုမိသားစုဝင်များက စစ်နတ်ဘုရားနန်းတော်မှ လူများကို လှည့်ကြည့်လိုက်ကြသည်။
"ဘယ်သက်သေမှ မရှိဘဲနဲ့ ထျန်းဖူနန်းတော်ရဲ့ တပည့်တစ်ယောက်ကို စိတ်ထင်သလို လာဖမ်းတယ်ပေါ့။"
"စစ်နတ်ဘုရားနန်းတော်က အလုပ်လုပ်ပုံက ဒီလိုမျိုးလား"
မိုရှောင်းရှောင်းက အင်မော်တယ်အရှင် ထျန်းယွမ် ကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။
သူမ၏ လေသံထဲတွင် စစ်နတ်ဘုရားနန်းတော်ကို အလေးမထားသည့် အရိပ်အယောင်များ အထင်အရှားပင်။
အင်မော်တယ်အရှင် ထျန်းယွမ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိုရှောင်းရှောင်းကို ပြန်မဖြေဘဲ သူမဘေးမှ အရပ်ပုပု လူလတ်ပိုင်းအမျိုးသားကိုသာ ကြည့်လိုက်သည်။
"မိုမိသားစုရဲ့ အကြီးအကဲ ငါး။"
"မင်းတို့က တကယ်ပဲ ဒီရှုပ်ထွေးတဲ့ ကိစ္စထဲကို ဝင်ပါတော့မှာလား"
သူက အေးစက်စွာ မေးလိုက်၏။
လူလတ်ပိုင်းအမျိုးသားက ရယ်လိုက်ပြီး "ငါ့အိမ်က ကောင်မလေးက ထျန်းဖူနန်းတော်ရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းချင်ရုံသက်သက်ပါပဲ။"
"မင်း ခုနကပဲ ပြောလိုက်တယ် မဟုတ်လား မင်းရှေ့မှာ ဘယ်သူမှ စည်းကမ်းအကြောင်း လာမပြောရဲဘူးဆိုလား"
"ထျန်းယွမ်... ဒီလိုစကားမျိုးက လျှောက်ပြောလို့ မကောင်းဘူးလေ။"
"ထျန်းဖူနန်းတော်ရဲ့ စည်းကမ်းက လူတိုင်းအတွက် အတူတူပဲ။ မင်း မေ့နေတယ်ဆိုရင်လည်း ငါ ဒီနေရာမှာပဲ သေသေချာချာ ပြန်ရှင်းပြပေးရတာပေါ့။"
ပြောပြီးသည်နှင့် သူက နှစ်ပေခန့် ထူထဲသည့် အကြီးစား စည်းကမ်းစာအုပ်ကြီးတစ်အုပ်ကို ထုတ်လိုက်ပြီး အင်မော်တယ်အရှင် ထျန်းယွမ်၏ ရှေ့တင်ပင် တစ်ရွက်ချင်း လှန်ဖတ်ပြရန် ပြင်နေတော့သည်။
ဤလုပ်ရပ်ကို မြင်သောအခါ အင်မော်တယ်အရှင် ထျန်းယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "မင်းတို့ သူ့ကို အမြဲ ကာကွယ်ထားနိုင်မှာ မဟုတ်ဘူး။"
"ငါ့သားကို သတ်ခဲ့တဲ့သူက ဘယ်လောက်ဝေးဝေး ပြေးပြေး၊ ငါ သူ့ကို ရှာဖွေပြီး အရေခွံဆုတ်၊ အရိုးထုတ်ပစ်မယ်"
"ထန်ထျန်း... ဒါကို သေသေချာချာ မှတ်ထားလိုက်။"
ပြောပြီးသည်နှင့် သူက လက်ဖျားခါကာ ထွက်သွားတော့သည်။
စစ်နတ်ဘုရားနန်းတော်မှ ကျန်ရှိသည့်လူများလည်း သူ့နောက်မှ လိုက်ပါသွားကြပြီ ဖြစ်သည်။
ရုတ်တရက် ဖြစ်ပွားခဲ့သည့် မုန်တိုင်းမှာ မြန်မြန်ဆန်ဆန်ပင် ငြိမ်ကျသွားခဲ့သည်။
ဒီလို တကယ့် နာမည်ကြီး လူမိုက်များက စကားအများကြီး ပြောလေ့မရှိကြပေ။
ထွက်ခွာသွားသည့် လူများကို ကြည့်ပြီး မိုမိသားစု၏ အကြီးအကဲ ငါး ဟု ခေါ်သည့် လူလတ်ပိုင်းအမျိုးသားက ထန်ထျန်းကို လှည့်ကြည့်ကာ ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ "ကောင်လေး... မင်းတော့ ဒုက္ခကြီးကြီး ရောက်ပြီဟေ့~"
မိုရှောင်းရှောင်းက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဤကဲ့သို့ စကားနာမထိုးရန် တားလိုက်၏။
ထန်ထျန်းကတော့ ဘာမှမဖြစ်သကဲ့သို့ လက်သီးဆုပ် နှုတ်ဆက်ကာ "ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော့်ကို မိတ်ဆက်ပေးပါဦး..."
သူ စကားမဆုံးခင်မှာပင် မိုရှောင်းရှောင်းက "သူက ကျွန်မ ရဲ့ ငါးခုမြောက် ဦးလေးပဲ။ ဦးလေးငါး လို့ပဲ ခေါ်လိုက်ပါ။"
"အပြင်လူတွေကတော့ သူ့ကို ပဉ္စမ အင်မော်တယ်အရှင် လို့ ခေါ်ကြတယ်။"
ထန်ထျန်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။ တကယ်ပင် အင်မော်တယ်အရှင် အဆင့်ရှိ ပုဂ္ဂိုလ်ကြီး ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့်လည်း အင်မော်တယ်အရှင် ထျန်းယွမ်ကို လုံးဝ မျက်နှာမထောက်ဘဲ ပြောရဲခြင်း ဖြစ်ပေမည်။
"ကျေးဇူးတင်ပါတယ် ပဉ္စမ အင်မော်တယ်အရှင် ။"
ထန်ထျန်းက ထပ်မံ ကျေးဇူးတင်စကား ပြောလိုက်သည်။
ပဉ္စမ အင်မော်တယ်အရှင်က လက်ကာပြလိုက်ပြီး တစ်ယောက်တည်း လမ်းလျှောက် ထွက်သွားတော့၏။
ကြည့်ရသည်မှာ သူက အတန်ငယ် လွတ်လပ်ပေါ့ပါးစွာ နေတတ်သည့် ပုံစံမျိုးပင်။
"သူ့ကို ဂရုမစိုက်နဲ့၊ သူက အဲ့ဒီအတိုင်းပဲ။"
မိုရှောင်းရှောင်းက ပြုံး၍ ပြောသည်။ "ရှင့်အကြောင်းပဲ ပြောပါဦး။"
"ကျွန်မ ကျင့်ကြံတာကနေ ထွက်လာတော့ ရှင့်သတင်းတွေကို ကြားပြီး တကယ် အံ့သြသွားတာ။"
"ချင်းယွဲ့ဂိုဏ်းတုန်းကတော့ ရှင်က ဒီလောက်အထိ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေမယ်လို့ ကျွန်မ မသိခဲ့ဘူး။"
ထန်ထျန်းက ပြုံးလိုက်ပြီး မပျောက်သေးသည့် လူအုပ်ကြီးကို ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။ "ငါ့ရဲ့ လှိုဏ်ဂူထဲမှာပဲ သွားပြီး စကားပြောကြတာပေါ့။"
ထို့နောက် သူက မိုမိသားစုဝင်များကို ခေါ်ကာ သူ၏ လှိုဏ်ဂူထဲသို့ ဝင်သွားခဲ့သည်။
မေ့မြောနေဆဲဖြစ်သည့် ကျန်းကျဲ့ကိုမူ လီဟုန်တို့ထံ အပ်နှံပြီး စီမံခိုင်းလိုက်၏။
ပြီးနောက် စည်းကမ်းကို ကာကွယ်ရင်း လျှပ်စီးရိုက်ခံလိုက်ရသည့် ဝမ်ရှို့ကိုလည်း သေချာ ဂရုစိုက်ပေးရန် လီဟုန်ကို မှာကြားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဤလူက သူ့အတွက်ကြောင့်နှင့် အရိုက်ခံလိုက်ရခြင်း မဟုတ်ပါလား။
ထန်ထျန်းနှင့် မိုမိသားစုဝင်များ လှိုဏ်ဂူထဲ ဝင်သွားပြီးနောက်တွင်တော့ ဘေးမှ လူအုပ်ကြီးမှာ ပေါက်ကွဲထွက်မတတ် ဆူညံသွားပါတော့သည်။
"ငါတော့ ခေါင်းတွေ မူးလာပြီ။ တစ်ယောက်ယောက် လာတွဲပေးကြပါဦး။ ဒီနေ့ ငါ ဘာတွေ မြင်လိုက်ရတာလဲဟ"
"ကောင်းကင်စာရင်း အဆင့် (၁၁) ဖြစ်တဲ့ သခင်လေးယွီက ထန်ထျန်းနဲ့ အပြင်းအထန် တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်သွားတယ်"
"ထန်ထျန်းက ဘယ်သူမှ နားမလည်နိုင်တဲ့ နည်းလမ်းကို သုံးပြီး ရွှေအင်မော်တယ် ကျန်းကျဲ့ကို တစ်ချက်တည်းနဲ့ သတ်မတတ် လုပ်လိုက်တယ်"
"ပြီးတော့ စစ်နတ်ဘုရားနန်းတော်က အင်မော်တယ်အရှင် ပေါ်လာပြီး ထန်ထျန်းကို ဖမ်းဖို့ ကြိုးစားတယ်။ သူတို့ကြားမှာ သွေးကြွေးတွေ ရှိနေပုံပဲ"
"နောက်ဆုံးတော့ မိုမိသားစုက အစွမ်းထက်ပုဂ္ဂိုလ်တွေ ရောက်လာပြီး ထန်ထျန်းကို ကာကွယ်ပေးလိုက်တယ်။ သူတို့ရဲ့ ဆက်ဆံရေးက တော်တော်လေး နက်ရှိုင်းပုံရတယ်"
"ဒါကတော့ တကယ့်ကို..."
လူများ ဘာပြောရမှန်းပင် မသိတော့ပေ။
ဤဖြစ်ရပ်များထဲမှ တစ်ခုခုက အပြင်လောကတွင် ဖြစ်မည်ဆိုပါက တစ်လောကလုံးကို တုန်လှုပ်စေမည့် ကိစ္စကြီးများ ဖြစ်သည်။
ယခုမူ ထိုကိစ္စများ အားလုံးက နာရီဝက်ခန့်အတွင်းမှာပင် လူတစ်ယောက်တည်းဆီမှာ စုပြုံ၍ ဖြစ်သွားခဲ့သည်။
ထိုလူကလည်း အပြင်မှ အခုမှ ဝင်လာသည့် တပည့်သစ်လေးသာ ရှိသေးသည်
ဒါကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း
"လောကကြီးတော့ ပြောင်းလဲတော့မယ်။"
"အရင်က ငါတို့ ထန်ထျန်းကို အထင်သေးခဲ့တာက သူက အပြင်လောက က ဖြစ်နေလို့ရယ်၊ သူ့နောက်ကွယ်မှာ ဘာအင်အားမှ မရှိဘူးလို့ ထင်ခဲ့လို့ရယ်ပဲ။"
"ဒါပေမဲ့ အခုတော့ သူက သူ့ရဲ့ ခွန်အားက ထိပ်တန်းတပည့်တွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာ သက်သေပြလိုက်ပြီ။"
"ပြီးတော့ ထျန်းဖူနန်းတော်ရဲ့ ထိပ်တန်းအင်အားစုဖြစ်တဲ့ မိုမိသားစုကလည်း သူ့ဘက်မှာ ရှိနေတယ်။"
"ထန်ထျန်းက ဒီနှစ် တပည့်တွေထဲမှာ လုံးဝ လျစ်လျူရှုလို့ မရတဲ့ ပါရမီရှင် ဖြစ်လာတော့မှာ အသေအချာပဲ"
လူတိုင်းက တအံ့တဩနှင့် ပြော နေကြသည်။ ဤပြောင်းလဲမှုများက မြန်ဆန်လွန်းသလို လူကိုလည်း အလွန်ပင် တုန်လှုပ်စေ၏။
ယနေ့မှစ၍ ဘယ်သူမှ ထန်ထျန်း၏ ဇာစ်မြစ်ကို ကြည့်ပြီး အထင်မသေးရဲတော့သလို ထန်ထျန်း၏ အဆင့်အတန်းမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
အခန်း (၂၆၆) မိုမိသားစု၏ စည်းရုံးသိမ်းသွင်းမှု
လှိုဏ်ဂူအတွင်း
ဧည့်ခန်းထဲတွင် ထန်ထျန်း၊ မိုရှောင်းရှောင်းနှင့် အခြားသူများ အသီးသီး နေရာယူထားကြသည်။
"သခင်မလေးမို... ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။"
"အကယ်၍ သခင်မလေးမိုသာ ထွက်မလာခဲ့ရင် ငါ တော့ တကယ်ပဲ ဒုက္ခရောက်သွားနိုင်တယ်။"
ထန်ထျန်းက မိုရှောင်းရှောင်းကို ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
မိုရှောင်းရှောင်းက လက်ကာပြလိုက်ပြီး ပြုံး၍ပြောသည်။ "တော်ပါတော့ ကျွန်မကြည့်ရသလောက်တော့ ရှင့်မျက်နှာမှာ စိုးရိမ်စိတ် တစ်စက်ကလေးတောင် ရှိမနေဘူးနော်။"
"ကျွန်မသာ မပါလာရင်တောင် ရှင့်မှာ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် စွမ်းရည်ရှိမယ်လို့ ယုံကြည်နေပါတယ်။"
ထန်ထျန်းက ချက်ချင်းပင် ခေါင်းခါပြလိုက်သည်။ "ငါ့ ကို အထင်ကြီးလွန်းနေပါပြီ။"
"တစ်ဖက်လူက အင်မော်တယ်အရှင် တစ်ယောက်ပဲလေ။ ငါ့ မှာ နည်းလမ်းတွေ ဘယ်လောက်ပဲရှိရှိ သူ့လက်ခုပ်ထဲကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ပါဘူး။"
"ထျန်းဖူနန်းတော်ကို စဝင် ကာစပဲရှိသေးတယ်၊ မူလအခြေအနေ ကိုတောင် ပြန်ရောက်သွားနိုင်တာပေါ့။"
ဤစကားကို သူလိမ်ပြောခြင်း မဟုတ်ပေ။
သူ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် အင်မော်တယ်အရှင်နှင့် ရင်ဆိုင်ရပါက အလွန်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ထွက်ပြေးရုံသာ တတ်နိုင်သည်။
ထိပ်တိုက်ရင်ဆိုင်ရန်မှာမူ စောလွန်းသေး၏။
နှစ်ဦးသား အပြန်အလှန် ယဉ်ကျေးစွာ စကားပြောပြီးနောက် အဓိက အကြောင်းအရာသို့ ရောက်ရှိလာကြသည်။
"အင်မော်တယ်အရှင် ထျန်းယွမ် က အခုတော့ ငါ့ ကို ထျန်းယန်ရှန်းကို သတ်တဲ့ တရားခံလို့ အပိုင်တွက်ထားပြီးပြီ။"
" သူ့သားအတွက် လက်စားချေဖို့ ကျွန်တော့်ကို သတ်ချင်နေတာ။"
"သခင်မလေးမိုက ဒီနေ့ လူပုံအလယ်မှာ သူ့ကို တားဆီးလိုက်တော့ စစ်နတ်ဘုရားနန်းတော်ဘက်က တစ်ခုခု ပြဿနာရှိလာနိုင်မလား"
ထန်ထျန်းက မေးလိုက်သည်။
မိုရှောင်းရှောင်းက ခေါင်းခါလိုက်ပြီး "ဘာမှ ပြဿနာမရှိပါဘူး။"
"ကျွန်မတို့ မိုမိသားစုနဲ့ စစ်နတ်ဘုရားနန်းတော်ကြားမှာ ဘာပတ်သက်မှုမှ မရှိသလို ပုံမှန်လည်း ထိပ်တိုက်တွေ့မှုတွေက မနည်းလှဘူး။"
"ဒီလောက် ကိစ္စလေးနဲ့တော့ သူတို့က ကျွန်မအပေါ် အာဃာတ ထားမှာ မဟုတ်ပါဘူး။"
"ဒါပေမဲ့... ရှင်က တကယ်ပဲ ထျန်းယန်ရှန်းကို သတ်ခဲ့တာ ဆိုရင်တော့ တစ်မျိုးပေါ့။"
"အစ်ကိုထန်... ဒီကိစ္စက တကယ်ပဲ ရှင်လုပ်ခဲ့တာ မဟုတ်ဘူးမလား"
ထန်ထျန်း မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ မိုရှောင်းရှောင်း၏ ဘေးမှ မိုကျွင်းကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံး၍ပြောလိုက်သည်။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အဲ့ဒီကိစ္စ ဖြစ်တဲ့အချိန်တုန်းက ငါ က တက်လှမ်းခြင်း အဆင့်ကို အခုမှ စဝင်ခါစပဲ ရှိသေးတာလေ။"
"စစ်နတ်ဘုရားနန်းတော်က လူတွေကို သတ်နိုင်တဲ့ ခွန်အား ဘယ်မှာ ရှိမှာလဲ။"
မိုရှောင်းရှောင်းက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင် ရပြီ။"
"ကျွန်မတို့ ထွက်ပြီး ကာကွယ်ပေးထားသရွေ့တော့ စစ်နတ်ဘုရားနန်းတော်က ဂိုဏ်းရဲ့ စည်းကမ်းတွေကို ကျော်လွန်ပြီး ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။"
"သူတို့မှာ ခိုင်လုံတဲ့ သက်သေ မရှိသရွေ့တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။"
မိုရှောင်းရှောင်း၏ စကားများမှာ တစ်ခုခုကို ရည်ရွယ်နေပုံရသည်။ သူမက အမှန်တရားကို ရိပ်မိနေခြင်း ဖြစ်နိုင်ကြောင်း ထန်ထျန်းလည်း နားလည်လိုက်သည်။
သူမက သူ့ကို စစ်နတ်ဘုရားနန်းတော် လက်ထဲ သက်သေ အမိအရ အမိမခံရန် သတိပေးနေခြင်း ဖြစ်သည်။
"စိတ်ချပါ... "
"ငါ အဲ့ဒီနေရာကို လုံးဝ မရောက်ဖူးပါဘူး။"
ထန်ထျန်းက ပြောလိုက်သည်။
ထိုစဉ်က သူသည် အရာအားလုံးကို အလွန် သေသေသပ်သပ် ရှင်းလင်းထားခဲ့ခြင်း ဖြစ်သည်။ သူနှင့် ပတ်သက်သည့် အစအနများကို ဖျက်ဆီးခဲ့ရုံသာမက အခြားနေရာများတွင်လည်း သူရှိနေကြောင်း သက်သေများကို ကြိုတင် ဖန်တီးထားခဲ့သည်။
အခြေခံအားဖြင့် ဘာမှ ရှာတွေ့နိုင်စရာ အကြောင်းမရှိပေ။
သို့သော် ဤလောက က ကျင့်ကြံခြင်းလောက ဖြစ်သဖြင့် တစ်ဖက်လူက မထင်မှတ်ထားသည့် နည်းလမ်းတစ်ခုခုဖြင့် သဲလွန်စ များ ရှာတွေ့သွားနိုင်ခြင်း မရှိဟု မည်သူမျှ အာမမခံနိုင်ပေ။
သို့သော်လည်း စုံစမ်းစစ်ဆေးမှုများမှာ အချိန်ယူရမည် ဖြစ်သည်။
ထန်ထျန်းအတွက် ယခုအလိုအပ်ဆုံးမှာ အချိန်ပင် ဖြစ်၏။
သူ့ကို နောက်ထပ် အချိန်အနည်းငယ်လောက်သာ ကျင့်ကြံခွင့်ပေးမည်ဆိုလျှင် အင်မော်တယ်အရှင် ဖြစ်စေ စစ်နတ်ဘုရားနန်းတော် ဖြစ်စေ သူ့အတွက် အရေးမကြီးတော့ပေ။
"ဟုတ်ပြီ။"
မိုရှောင်းရှောင်းက ပုခုံးတွန့်လိုက်ပြီး "ကျွန်မလည်း ဒါက မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။"
"ထျန်းယန်ရှန်းနဲ့ စစ်နတ်ဘုရားနန်းတော်က ရွှေအင်မော်တယ်တွေက ဘယ်လောက်ပဲ တုံးအပါစေ၊ အပြင်လောကကို သတင်းပို့ဖို့ အခွင့်အရေးတောင် မရလိုက်ဘူးဆိုတာကတော့..."
ထို့နောက် သူမက စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါပေမဲ့ အစ်ကိုထန်... အမှန်တရားက ဘာပဲဖြစ်ဖြစ် အင်မော်တယ်အရှင် ထျန်းယွမ် ကတော့ ရှင့်ကို တရားခံလို့ သတ်မှတ်ထားပြီးပြီ။"
"ရှေ့ဆက်ပြီး ထျန်းဖူနန်းတော်ထဲမှာ ရှင့်ရဲ့ ဘဝက သိပ်ပြီး အဆင်ပြေမှာ မဟုတ်တော့ဘူး။"
"ကြီးကြီးမားမား လှုပ်ရှားမှုတွေ မလုပ်ရဲပေမဲ့... ကွယ်ရာကနေ ဒုက္ခပေးတာတွေကိုတော့ သတိထားရမယ်။"
ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်ပြီး "ဥပမာ ဘယ်လိုမျိုးတွေလဲ"
မိုရှောင်းရှောင်းက ခဏစဉ်းစားပြီးနောက် "အများကြီးပဲ။"
"ဥပမာ နေ့စဉ်ဘဝမှာ အနှောင့်အယှက် ပေးတာမျိုး၊ တမင်တကာ လူလွှတ်ပြီး ရှင့်ကို ပြိုင်ခိုင်းတာမျိုး၊ အရင်းအမြစ်တွေနဲ့ နေရာတွေကို လုခိုင်းတာမျိုးပေါ့။ ရှင့်ကို စိတ်မသက်မသာ ဖြစ်အောင် အမျိုးမျိုး လုပ်လိမ့်မယ်။"
"စစ်နတ်ဘုရားနန်းတော်ကလည်း အင်အားစုကြီးတစ်ခုပဲလေ၊ သူတို့ဆီမှာ ပါရမီရှင်တွေလည်း အများကြီးရှိတယ်။"
"ရှင် အခုထုတ်ပြထားတဲ့ ခွန်အားနဲ့ အလားအလာအရဆိုရင် နောင်တစ်ချိန်မှာ သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့က သေချာသလောက်ပဲ။"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
ဤကဲ့သို့သော ကိစ္စများကို ရှောင်လွှဲ၍ မရနိုင်ကြောင်း သူသိသည်။
စစ်နတ်ဘုရားနန်းတော်၏ အင်အားနှင့်ဆိုလျှင် သူ့ကို ဒုက္ခပေးရန်မှာ အလွန်ပင် လွယ်ကူလှသည်။
သို့သော် တစ်ဖက်လူမှ အင်မော်တယ်အရှင် ကိုယ်တိုင် ထွက်မလာသရွေ့တော့ အင်မော်တယ်ဘုရင် တစ်ယောက် ထွက်လာလျှင်ပင် သူ ရင်ဆိုင်ဖြေရှင်းနိုင်မည့် ယုံကြည်ချက် ရှိသည်။
"ရန်သူလာရင် ပြန်တိုက်ရုံပေါ့။"
"ကျင့်ကြံခြင်းလမ်းဆိုတာကလည်း ချောမွေ့နေလေ့ မရှိပါဘူး။"
ထန်ထျန်းက ပြုံး၍ပြောသည်။
မိုရှောင်းရှောင်းက ပြုံး လိုက်ပြီး "ရှင်ကတော့ တကယ့်ကို အေးအေးဆေးဆေးပါပဲလား။"
"ဒါပေမဲ့ ဒီလိုမျိုး အမြဲ အနှောင့်အယှက် ခံနေရရင် ရေရှည်မှာ ကျင့်ကြံခြင်းကို ထိခိုက်နိုင်တယ်။"
"ကျွန်မမှာ အကြံတစ်ခုရှိတယ်... ရှင် ကျွန်မနဲ့အတူ မိုမိသားစုဆီကို လိုက်ခဲ့ပါလား။"
"အဲ့ဒီမှာဆိုရင် စစ်နတ်ဘုရားနန်းတော်ဆီက ဘာအနှောင့်အယှက်မှ မရှိစေရဘူးလို့ ကျွန်မ အာမခံပါတယ်။"
"ဒါ့အပြင် ကျွန်မတို့ မိုမိသားစုရဲ့ ကျင့်ကြံခြင်း နယ်မြေအချို့က ဒီဝမ့်ယွဲ့လှိုဏ်ဂူထက်တောင် ပိုကောင်းပါသေးတယ်။ ဘယ်လိုလဲ"
ထန်ထျန်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
မိုရှောင်းရှောင်းက ဤကိစ္စကို အခွင့်ကောင်းယူကာ သူ့ကို သိမ်းသွင်းရန် ကြိုးစားလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် ဤသည်မှာလည်း သူမ၏ အလုပ်လုပ်ပုံ ပင် ဖြစ်သဖြင့် မဆန်းလှပေ။
ကံဆိုးစွာဖြင့် ထန်ထျန်းတွင် ကိုယ်ပိုင် အစီအစဉ် ရှိနေသည်။
"နားထောင်ရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။"
ထန်ထျန်းက ပြောလိုက်သည်။ "ဒါပေမဲ့ လက်ရှိ အခြေအနေအရတော့ ငါ ဝမ့်ယွဲ့လှိုဏ်ဂူထဲမှာပဲ ဆက်ပြီး ကျင့်ကြံဖို့ ဆုံးဖြတ်ထားတယ်။"
"ဘာလို့လဲဆိုတော့... ငါ ကြားထားတဲ့ ဒဏ္ဍာရီတစ်ခုက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းလို့ပါ။"
သူက အကြောင်းပြချက် တစ်ခုပေးကာ မိုရှောင်းရှောင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
မိုရှောင်းရှောင်း ခဏမျှ ကြောင်သွားပြီးနောက် "ရှင်ပြောတာက... လအင်မော်တယ် အကြောင်းလား"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
မိုရှောင်းရှောင်းက ချက်ချင်းပင် ရယ်မောလိုက်ပြီး "အစ်ကိုထန်... ဒါက ဒဏ္ဍာရီ သက်သက်ပဲလေ။"
"လအင်မော်တယ် ကို တကယ် မြင်ဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။"
ထန်ထျန်းက ပြောသည်။ "လွန်ခဲ့တဲ့ အချိန်တုန်းက လုမင် ဆိုတဲ့ လူတစ်ယောက်က လအင်မော်တယ် ဆီကနေ လမ်းညွှန်မှု ရခဲ့တယ်ဆိုတဲ့ သတင်းရှိတယ် မဟုတ်လား"
မိုရှောင်းရှောင်းက ခဏမျှ စဉ်းစားပြီး ခေါင်းခါလိုက်သည်။ "ဒါကလည်း ကောလာဟလ တစ်ခုပါပဲ။"
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က လုမင်က အင်မော်တယ် နန်းတော် မှာ ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းမှုတွေကို ရခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက လအင်မော်တယ် တကယ် ဆင်းလာတာလား ဆိုတာကတော့ သံသယဖြစ်စရာတွေ အများကြီး ရှိသေးတယ်။"
"နောက်ပြီး လူအများက ပြောကြတာက လအင်မော်တယ် က လုမင်ကို လရောင်တွေ တောက်နေတဲ့ ခေါက်ယပ်တောင်တစ်ချောင်း ပေးခဲ့တယ် ဆိုတာပဲ။"
"ဒါပေမဲ့ လုမင်နဲ့ ပတ်သက်တဲ့ မှတ်တမ်းအားလုံးမှာ အဲ့ဒီ ယပ်တောင် ရှိခဲ့တဲ့ အရိပ်အယောင် လုံးဝ မတွေ့ရဘူး။"
ပြောပြီးနောက် သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဒါပေမဲ့ အစ်ကိုထန် ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ကျွန်မက ရှင့်ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။"
"ဒါပေမဲ့ ထျန်းဖူနန်းတော်ထဲမှာတော့ စစ်နတ်ဘုရားနန်းတော်ရဲ့ နည်းလမ်းတွေကို အထူး သတိထားပါ။"
သူမက ထက်မြက်သူတစ်ဦး ဖြစ်သဖြင့် ထန်ထျန်းက သူမ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
ထန်ထျန်းက ခေါင်းညိတ်ကာ "ငါ သတိထားပါ့မယ်။ ဒီနေ့ သခင်မလေးမို ကူညီပေးတာကိုလည်း ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။"
ယနေ့ မိုရှောင်းရှောင်း ပေါ်လာခြင်းက သူ့အတွက် အလွန်ကြီးမားသော အခက်အခဲတစ်ခုကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။
ဤကျေးဇူးကို သူက စိတ်ထဲတွင် မှတ်ထားလိုက်ပြီ ဖြစ်သည်။
မိုရှောင်းရှောင်းက လက်ကာပြလိုက်ပြီး "ဒါက ကျွန်မ အရင်က ကတိပေးထားတဲ့ အတိုင်း လုပ်တာပါ၊ စိတ်ထဲ ထားမနေပါနဲ့။"
"ဒါပေမဲ့... တကယ်တော့ စစ်နတ်ဘုရားနန်းတော်ရဲ့ အနှောင့်အယှက်တွေကနေ ကင်းဝေးစေမယ့် နောက်ထပ် လမ်းစတစ်ခုလည်း ရှိပါသေးတယ်။"
ထန်ထျန်းက မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ "ဘယ်လို လမ်းမျိုးလဲ"
မိုရှောင်းရှောင်းက ပြုံး၍ ပြောလိုက်သည်။ "နဂါးတံခါး ပဲ။"
"ကောင်းကင်နဲ့ မြေကြီး စာရင်း ဆိုတာက တပည့်တွေ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ အရာတစ်ခုပဲ ရှိသေးတာ။"
"ဒါပေမဲ့ တပည့်သစ်တွေအတွက် တကယ့် အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တာက နဂါးတံခါး တစ်ခုပဲ ရှိတယ်။"
"အကယ်၍ ရှင်သာ နဂါးတံခါး စမ်းသပ်မှုမှာ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ပြီး ထျန်းဖူနန်းတော်ရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်မယ်ဆိုရင်..."
"အဲ့ဒီအခါကျရင် စစ်နတ်ဘုရားနန်းတော်က ရှင့်ကို ဒုက္ခပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။"
ထန်ထျန်း ချက်ချင်းပင် သဘောပေါက်သွားသည်။
နဂါးတံခါး စမ်းသပ်မှု အကြောင်းကို သူ ဧကရာဇ်မြို့မှာ ရှိစဉ်ကပင် ဝမ်ကျီယွီဆီမှ ကြားဖူးထားသည်။
ထျန်းဖူနန်းတော်ကို ရောက်လာသည့် ဤရက်ပိုင်းအတွင်းမှာလည်း အကြိမ်ပေါင်းများစွာ ကြားနေရသည်။
လူအများက ပြောကြသည်မှာ နဂါးတံခါးကို ကျော်ဖြတ်နိုင်ခြင်းသည်သာ ထျန်းဖူနန်းတော်သို့ စတင်ဝင်ရောက်ခြင်း၏ တကယ့် အစပျိုးမှု ဖြစ်သည်ဟူ၏။
"ဘယ်လို စွမ်းဆောင်မှုမျိုးကမှ ထျန်းဖူနန်းတော် အဆင့်မြင့် လူကြီးတွေရဲ့ အာရုံစိုက်မှုကို ရနိုင်မှာလဲ"
ထန်ထျန်းက မေးလိုက်သည်။
မိုရှောင်းရှောင်းက ထန်ထျန်းကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ "ခက်ခဲတယ်... "
"အရမ်းပဲ ခက်ခဲလိမ့်မယ်"