← Chapters

အခန်း ၂၆၇-၂၆၈

Vol. 24 Ch. 267-268

အခန်း ၂၆၇-၂၆၈

Vol. 24 Ch. 267-268

အခန်း (၂၆၇) နဂါးတံခါး၏ လုပ်ဆောင်ပုံ

မိုရှောင်းရှောင်း၏ ရှင်းပြချက်အရ ထန်ထျန်းက နဂါးတံခါး နှင့် ပတ်သက်၍ ပိုမို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် နဂါးတံခါး ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ အလားအလာကို တိုင်းတာသည့် နတ်ဘုရားအဆင့် ရတနာတစ်ခုနှင့် တူပေသည်။

ပါရမီ၊ ခန္ဓာ တည်ဆောက်ပုံ၊ ကျင့်ကြံခြင်း အခြေခံနှင့် တာအို အပေါ် နားလည်နိုင်စွမ်းတို့အထိ နဂါးတံခါးက အလွန်တိကျစွာ ဆုံးဖြတ်ပေးမည် ဖြစ်ပြီး က အနာဂတ်တွင် မည်မျှအထိ ခရီးပေါက်နိုင်မည်ကို ဖော်ပြပေးမည် ဖြစ်သည်။

တပည့်များအတွက်မူ ဤသည်မှာ အလွန်ရက်စက်လှသော်လည်း ထျန်းဖူနန်းတော်ကဲ့သို့ အင်အားကြီး အဖွဲ့အစည်းတစ်ခုအတွက်မူ အလွန်ပင် လိုအပ်လှပေသည်။

စံနှုန်းတစ်ခု ရှိခြင်းဖြင့် တပည့်များ၏ စွမ်းဆောင်ရည်အပေါ် မူတည်ကာ မတူညီသော ပျိုးထောင်မှု နည်းလမ်းများကို ရွေးချယ်နိုင်မည် ဖြစ်သည်။

သို့မှသာ အရင်းအမြစ်များ လေလွင့်မှုကို တားဆီးနိုင်ပြီး ဖုံးကွယ်နေသော ပါရမီရှင်များ မြေမြုပ်မခံရစေရန် ကာကွယ်နိုင်မည် ဖြစ်သည်။

ဤနည်းလမ်းတွင်လည်း အနည်းငယ်သော လွဲချော်မှုများ ရှိနိုင်ပါသေးသည်။

အကြောင်းမှာ ကျင့်ကြံခြင်းက တစ်ဦးချင်းစီနှင့် ဆိုင်သော ကိစ္စဖြစ်ပြီး အချို့သောသူများက အကြောင်းအမျိုးမျိုးကြောင့် သူတို့၏ ပါရမီကို အလဟဿ ဖြစ်စေတတ်ကြသလို အချို့မှာမူ ကြိုးစားအားထုတ်မှုဖြင့် နောက်ကျမှ အောင်မြင်မှုရရှိတတ်သောကြောင့်ပင်။

သို့သော် ခြုံငုံကြည့်လျှင်တော့ အားနည်းချက်ထက် အားသာချက်က ပိုများနေပေသည်။

"ထျန်းဖူနန်းတော်က လူတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် သွားရမယ့် နေရာတွေကို ခွဲဝေပေးလိမ့်မယ်။"

"သာမန် တရားဝင်တပည့်တွေထဲမှာတင် အဆင့်ပေါင်း ဆယ်ဂဏန်းလောက် ရှိပြီး တစ်ဆင့်ချင်းစီမှာလည်း ရှင် ကျွမ်းကျင်တဲ့ နယ်ပယ်အလိုက် အမျိုးအစားပေါင်း များစွာ ထပ်ခွဲထားသေးတယ်။ "

"ဥပမာ ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ အဆောင်စာရွက် ပြုလုပ်ခြင်းနဲ့ အစီအရင် အတတ်ပညာ စသဖြင့်ပေါ့။"

"ထိပ်တန်းတပည့်တွေလည်း အဲ့ဒီလိုပါပဲ၊ ဒါပေမဲ့ သူတို့က သာမန်တပည့်တွေထက်တော့ အဆင့်ခွဲခြားမှု နည်းတာပေါ့။"

မိုရှောင်းရှောင်းက ရှင်းပြသည်။

ထန်ထျန်း ခေါင်းညိတ်လိုက်မိ၏။

တကယ်တော့ ဤသည်မှာ သူ၏ ကမ္ဘာဟောင်းမှ အတန်းခွဲခြင်း၊ မေဂျာခွဲခြင်းများနှင့် ပုံစံတူနေပေသည်။ အချို့က မတရားဘူးဟု ထင်ကောင်းထင်နိုင်သော်လည်း ဤသည်မှာ လူသားအရင်းအမြစ်ကို ပျိုးထောင်သည့် သိပ္ပံနည်းကျသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။

"ဒါဆို တပည့်တွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လို သတ်မှတ်တာလဲ"

ထန်ထျန်းက မေးလိုက်သည်။

မိုရှောင်းရှောင်းက ပြုံး၍ ပြောသည်။ "အရာအားလုံးကို နဂါးတံခါးကပဲ သူ့အလိုလို လုပ်ဆောင်တာပါ။ "

"တပည့်တစ်ဦးချင်းစီရဲ့ အခြေအနေအပေါ် မူတည်ပြီး ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဖော်ပြပေးလိမ့်မယ်။"

"အသေးစိတ် ပြသပုံကတော့ ဒီလိုပါ... နဂါးတံခါးရဲ့ အပေါ်ဘက်နဲ့ ဘယ်ညာ နှစ်ဖက်စလုံးမှာ အင်မော်တယ်မီးအိမ် ကိုးခုစီ ချိတ်ဆွဲထားတယ်။"

"ဘေးနှစ်ဖက်က မီးအိမ်တွေမှာ ကျင့်ကြံခြင်းလောကရဲ့ နယ်ပယ်အသီးသီးကို ကိုယ်စားပြုတဲ့ အကွက်ငယ်ပေါင်း သောင်းနဲ့ချီပြီး ပါဝင်တယ်။ "

"ကျင့်ကြံသူက နဂါးတံခါးထဲ ဝင်သွားတဲ့အခါ အဲ့ဒီအကွက်တွေက လင်းထိန်လာလိမ့်မယ်။ အလင်းအမှောင် မတူညီတာက အဲ့ဒီနယ်ပယ်မှာ ရှင် ဘယ်လောက်အထိ အလားအလာ ရှိလဲဆိုတာကို ပြတာပဲ။"

"အပေါ်ဘက်မှာ ရှိတဲ့ မီးအိမ် ကိုးခုကတော့ ကျင့်ကြံသူရဲ့ စွမ်းဆောင်ရည်ကို ကိုယ်စားပြုတယ်။ မီးအိမ် တွေ ပိုလင်းလေလေ၊ အဲ့ဒီကျင့်ကြံသူရဲ့ အလားအလာက ပိုပြီး နက်ရှိုင်းလေလေပဲပေါ့။"

ထန်ထျန်း နားထောင်ပြီးနောက် စိတ်ထဲတွင် စကားလုံးတစ်လုံး ပေါ်လာသည်။

အေအိုင်(AI)

ဤလုပ်ဆောင်ပုံမှာ နည်းပညာလောကမှ ဉာဏ်ရည်တု တစ်ခုနှင့်ပင် ဆင်တူနေသည်။

သို့သော် စဉ်းစားကြည့်လျှင်လည်း ကျင့်ကြံခြင်းလောကတွင် လူတစ်ဦးချင်းစီ၏ ခွန်အားကသာ အဓိက ဖြစ်သဖြင့် နည်းပညာကို လျစ်လျူရှုထားကြသော်လည်း တိုးတက်မှု လုံးဝမရှိဟုတော့ ဆို၍မရပေ။

"အဆင့်မြင့် လူကြီးတွေရဲ့ အာရုံစိုက်မှုကို ရဖို့ဆိုရင် မီးအိမ် ဘယ်နှစ်ခု လင်းဖို့ လိုသလဲ"

ထန်ထျန်းက ထပ်မေးလိုက်သည်။

မိုရှောင်းရှောင်းက ထန်ထျန်းကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ "အဲ့ဒါက မီးအိမ် လင်းရုံတင် မကဘူး။"

"ကျွန်မတို့က မီးအိမ်တွေကို ကျင့်ကြံခြင်း ပါရမီအနေနဲ့ပဲ သတ်မှတ်မယ်ဆိုရင် ပုံမှန်အားဖြင့် ဒီလိုရှိတယ်။"

"ပါရမီအဆင့် တစ်ဆင့်ရှိရင် မီးအိမ် တစ်ခု လင်းမယ်။ ဒီလိုနဲ့ ပါရမီအဆင့် ကိုးဆင့် ရှိတဲ့သူက မီးအိမ် ကိုးခုစလုံးကို လင်းစေနိုင်တယ်။"

"ဒါပေမဲ့ နဂါးတံခါးရဲ့ ထိပ်ဆုံးမှာ ရှေးဟောင်း အင်မော်တယ် ခေါင်းလောင်း တစ်လုံး ချိတ်ဆွဲထားသေးတယ်။"

" အချို့က နဂါးတံခါး ခေါင်းလောင်းလို့ ခေါ်ကြသလို အချို့ကလည်း ဟင်းလင်းပြင် ခေါင်းလောင်း လို့ ခေါ်ကြတယ်။"

မိုရှောင်းရှောင်းက ဆက်ပြောသည်။ "အကယ်၍ အလားအလာက တကယ်ကို ထူးချွန်မယ်ဆိုရင် နောက်ထပ် ခြေတစ်လှမ်း တိုးပြီး အဲ့ဒီ ခေါင်းလောင်းကို မြည်အောင် လုပ်နိုင်လိမ့်မယ်။"

" ခေါင်းလောင်းသံ တစ်ချက် မြည်ရင် အဲ့ဒီတပည့်ရဲ့ ပါရမီက အနည်းဆုံး တာအိုသားတော် အဆင့်ထက် မနိမ့်ဘူးလို့ ဆိုလိုတာပဲ။"

"သုံးချက် မြည်ရင် ကံကြမ္မာသားတော်"

"ခြောက်ချက် မြည်ရင် သူတော်စင် သားတော်"

"ကိုးချက် မြည်ရင်တော့ ကံကြမ္မာနတ်ဘုရား အဆင့်ကို ရောက်သွားပြီ။"

ထန်ထျန်း နားထောင်ပြီးနောက် မေးစေ့ကို ပွတ်လိုက်မိသည်။

ဤမျှလောက်ပဲလား

သူက အများကြီး ပိုခက်မယ် ထင်နေတာ။

ကံကြမ္မာနတ်ဘုရား ပါရမီကို သူက အစောကြီးကတည်းက လဲလှယ်ထားပြီးသား ဖြစ်သည်။

ထိုထက် မြင့်မားသည့် ကောင်းကင်သားတော် နှင့် အဆုံးစွန်အဆင့် ဖြစ်သော ဟင်းလင်းပြင်သားတော် တို့တောင် သူ့ဆီမှာ ရှိနေပြီလေ။

ခေါင်းလောင်းမြည် ရမှာလား

အဲ့ဒါကတော့ လွယ်လွန်းတာပေါ့။

ထန်ထျန်း၏ ပေါ့ပေါ့ပါးပါး ဖြစ်နေသည့် ပုံစံကို သတိထားမိပုံရသော မိုရှောင်းရှောင်းက ဆက်ပြောသည်။ "ဒါပေမဲ့ ထျန်းဖူနန်းတော်ရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ အားလုံးရဲ့ အာရုံစိုက်မှုကို ရဖို့ဆိုရင် ကိုးချက် မြည်ရုံနဲ့တော့ နည်းနည်း လိုသေးတယ်။"

"နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးပြီး ခေါင်းလောင်းသံကို အဆက်မပြတ် မြည်ဟည်းနေအောင် လုပ်နိုင်မှသာ အဲ့ဒီလို ပုဂ္ဂိုလ်ကြီးတွေက ရှင့်ကို လှည့်ကြည့်ကြမှာ။"

ထန်ထျန်းက ခေါင်းညိတ်လိုက်သော်လည်း ထူးထူးခြားခြား တုံ့ပြန်မှု မရှိသေးပေ။

မိုရှောင်းရှောင်းက မျက်မှောင်ကြုတ်လိုက်ပြီး "ရှင် ဒါက ဘာကို ဆိုလိုတာလဲဆိုတာ မသိသေးဘူး ထင်တယ်။"

"ကိုးချက် မြည်တာက နှစ်တိုင်းမှာ အနည်းဆုံး လူအနည်းငယ်လောက် ပေါ်တတ်တယ်။ "

"ဒါပေမဲ့ ခေါင်းလောင်းသံ အရှည်ကြီး မြည်အောင် လုပ်နိုင်တဲ့သူက ဆယ်နှစ်နေလို့ တစ်ယောက် ထွက်လာဖို့တောင် မလွယ်ဘူး။"

"အဲ့ဒီလို အလားအလာမျိုးရှိတဲ့ တပည့်က အနာဂတ်မှာ ကြီးကြီးမားမား အပြောင်းအလဲ မရှိရင် နောက်ဆုံး ခြေလှမ်းကို လှမ်းနိုင်ပြီး ဧကရာဇ် အဆင့်အထိ တက်လှမ်းနိုင်မှာ သေချာသလောက်ပဲ"

ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်မိ၏။

ကံကြမ္မာနတ်ဘုရား ရဲ့ နောက်မှာ ကောင်းကင်သားတော် ရှိတာပဲလေ။

ဒီအဆင့်က ဧကရာဇ် ဖြစ်ဖို့ သေချာနေပြီလား

သူက ပါရမီနဲ့ ပတ်သက်ပြီး အမြဲတမ်း အထင်လွဲနေခဲ့တာ ဖြစ်ရမည်။

ထျန်းဖူနန်းတော်ကို မလာခင်က ဟင်းလင်းပြင်သားတော် လို ပါရမီမျိုးက လမ်းဘေးမှာ အများကြီးရှိမယ်လို့ ထင်ခဲ့တာ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်လျှင် သူက ပါရမီတွေကို အလွန်မြန်မြန် ရခဲ့သောကြောင့် ဖြစ်နိုင်သည်။

ပြီးတော့ သူက သူ့ထက် အဆင့်မြင့်တဲ့သူတွေနဲ့ပဲ အမြဲ တိုက်ခိုက်နေရလို့ သူ့ပါရမီက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ သေချာ မသိခဲ့တာလည်း ဖြစ်နိုင်ပေသည်။

ဟုတ်ပါသည်၊ သူ ဟင်းလင်းပြင် ပါရမီနဲ့ ဟင်းလင်းပြင် ခန္ဓာ ကို ရခဲ့ပြီးကတည်းက တူညီတဲ့အဆင့်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိတော့ဘူးလေ။

သခင်လေးယွီကဲ့သို့ သန်မာသူပင်လျှင် အမှောင်အရိပ်ခန္ဓာ သာ မရှိပါက ထန်ထျန်း၏ ခန္ဓာ ခွန်အားကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။

သခင်လေးယွီကို အနိုင်ယူတုန်းက သူက တာအိုနိယာမ တွေကိုတောင် မသုံးရသေးဘဲ သာမန်တိုက်ကွက် တွေနဲ့ပဲ အနိုင်ယူခဲ့တာ မဟုတ်လား။

အကယ်၍ သူသာ အစွမ်းကုန် ထုတ်သုံးလိုက်ရင်...

ဘယ်အဆင့်အထိ ရောက်မလဲဆိုတာ သူကိုယ်တိုင်တောင် မခန့်မှန်းနိုင်တော့ပေ။

"ဒါကြောင့်ကိုး။"

ထန်ထျန်းက ပြောလိုက်သည်။

သူ၏ တည်ငြိမ်နေသည့် ပုံစံကို ကြည့်ပြီး မိုရှောင်းရှောင်းမှာ သူမ ရှင်းပြတာ မပြည့်စုံလို့လားဟုပင် သံသယ ဝင်လာမိသည်။

နဂါးတံခါးကို ကိုယ်တိုင် ကြုံတွေ့မှသာ ဒီအကြောင်းကို နက်နက်ရှိုင်းရှိုင်း သိသွားလိမ့်မည်ဟု သူမ တွေးလိုက်မိ၏။

"ဘာပဲဖြစ်ဖြစ်... အကယ်၍ ရှင်သာ အဲ့ဒီအဆင့်ကို ရောက်နိုင်မယ်ဆိုရင် စစ်နတ်ဘုရားနန်းတော်တင် မကဘူး၊ နန်းတော်သခင် ကိုယ်တိုင်တောင် ရှင့်ကို လွယ်လွယ်နဲ့ ဘာမှ လုပ်မှာ မဟုတ်တော့ဘူး။"

မိုရှောင်းရှောင်းက ပြောသည်။

ထန်ထျန်းက ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

ဘာပဲဖြစ်ဖြစ် အချိန်သိပ်မလိုတော့ပေ။

သူ ခေါင်းလောင်းသံကို အရှည်ကြီး မြည်အောင် လုပ်နိုင်မလား ဆိုတာကိုတော့ ထိုအချိန်ကျမှပဲ သိရတော့မည်။

ထို့နောက် သူတို့နှစ်ဦးမှာ ထျန်းဖူနန်းတော်၏ အကြောင်းအရာများစွာကို ဆက် ပြောခဲ့ကြသည်။

မိုရှောင်းရှောင်းက နောင်တွင် ဘာကိစ္စပဲရှိရှိ မိုမိသားစု၏ တံခါးမှာ သူ့အတွက် အမြဲ ပွင့်နေမည်ဖြစ်ကြောင်း ပြောခဲ့ပြီး ထန်ထျန်းကလည်း သူမ၏ ကြင်နာမှု ကို ပြန်လည် တုံ့ပြန်ခဲ့သည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက် မိုရှောင်းရှောင်းနှင့် မိုမိသားစုဝင်များက ထန်ထျန်း၏ လှိုဏ်ဂူထဲမှ ထွက်သွားကြတော့သည်။

အခန်း (၂၆၈) မျက်နှာနှစ်ဖက်နဲ့ လူ

တိမ်ပေါ်တွင် မိုမိသားစုဝင်မျာက ဝမ့်ယွဲ့လှိုဏ်ဂူမှ ထွက်လာပြီး သူတို့မိသားစုရှိရာဘက်သို့ ဦးတည်ပျံသန်းနေကြသည်။

လမ်းခရီးတွင် မိုကျွင်းက မိုရှောင်းရှောင်းအနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ပြုံး ကာ ပြောလိုက်သည်။ "ညီမလေး..."

"မင်းလည်း လိမ်တတ်လိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး။"

မိုရှောင်းရှောင်းက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး "ကျွန်မ ဘယ်တုန်းက လိမ်လို့လဲ"

မိုကျွင်းက မိုရှောင်းရှောင်းကို ကြည့်ကာ "ခုနက မင်း ထန်ထျန်းကို ပြောလိုက်တာလေ၊ ခေါင်းလောင်းသံ အရှည်ကြီး မြည်မှသာ ထျန်းဖူနန်းတော် အဆင့်မြင့်လူကြီးတွေက သူ့ကို အာရုံစိုက်လိမ့်မယ် ဆိုတာလေ။"

"ဒါပေမဲ့ တကယ်တမ်းကျတော့ ခေါင်းလောင်းသံ ကိုးချက် မြည်တာနဲ့တင် အဆင့်မြင့်လူကြီးတွေက သူ့ကို အထူးပျိုးထောင်ရမယ့်သူ စာရင်းထဲ ထည့်မှာပဲ။"

"တစ်ဆက်တည်းမှာပဲ စစ်နတ်ဘုရားနန်းတော်ရဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ။"

"မင်း ဘာလို့ သူ့ကို လိမ်ပြောခဲ့တာလဲ"

မိုရှောင်းရှောင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ကျွန်မက သူ့ကို အန္တရာယ်ထဲ မကျရောက်စေချင်ရုံတင်ပါ။"

"ခေါင်းလောင်းသံ အရှည်ကြီး မြည်ဖို့ပဲဖြစ်ဖြစ်၊ ကိုးချက် မြည်ဖို့ပဲဖြစ်ဖြစ်၊ ဒါတွေက အရမ်းခက်ခဲတဲ့ ကိစ္စတွေပဲ။"

"အကယ်၍ သူသာ မလုပ်နိုင်ခဲ့ရင် စစ်နတ်ဘုရားနန်းတော်ရဲ့ လုပ်ကြံမှုတွေက အဆုံးရှိမှာ မဟုတ်ဘူး။"

"ကျွန်မလည်း သူ့ကို အချိန်ပြည့် စောင့်ရှောက်ပေးမထားနိုင်ဘူးလေ။"

မိုကျွင်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး "သူ့ကို သဘောကျနေလို့တော့ မဟုတ်ပါဘူးနော်"

မိုရှောင်းရှောင်း၏ ခန္ဓာကိုယ်မှာ တစ်ချက် တောင့်တင်းသွားပြီး မိုကျွင်းကို လှည့်ကြည့်ကာ "အစ်ကို... ကျွန်မက အမျိုးသားနဲ့ အမျိုးသမီးကြားက ကိစ္စတွေကို စိတ်မဝင်စားဘူးဆိုတာ အစ်ကို သိသင့်တယ်။"

"ကျွန်မရဲ့ အနာဂတ် လမ်းထက်မှာ အချစ်ဆိုတာ အနှောင့်အယှက် တစ်ခုပဲ ဖြစ်လာလိမ့်မယ်"

မိုကျွင်းက ခေါင်းခါလိုက်ပြီး "နောက်တာပါကွာ။"

"ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"

သူက သက်ပြင်းတစ်ချက်ချကာ "တကယ်တော့ ငါ ရိပ်မိပါတယ်။ "

"မင်းက ကိစ္စတွေကို ချဲ့ကားပြောပြီး ထန်ထျန်းကို ငါတို့ မိုမိသားစုထဲ ဝင်လာအောင် လုပ်ချင်နေတာမလား။"

"ဒါက တကယ်ပဲ လိုအပ်လို့လား"

"သူ့ရဲ့ စွမ်းရည်က တကယ်ထူးချွန်ပေမဲ့ သူက အခုမှ ထွန်းတောက် လာကာစ ပါရမီရှင်တစ်ယောက်ပဲ ရှိသေးတာလေ။"

"ဒီလိုအဆင့်မျိုး ပါရမီရှင်တွေ ငါတို့မိသားစုရဲ့ အဓိကတပည့် ထဲ ဝင်ချင်တယ်ဆိုရင်တောင် ငါတို့က လက်ခံ၊ မလက်ခံ စဉ်းစားရဦးမှာ။"

"ခုနက မင်းရဲ့ လုပ်ရပ်က ကိုယ့်ဘက်က အရမ်း နှိမ့်ချလွန်းနေတယ်လို့ မထင်ဘူးလား"

မိုမိသားစုက ထျန်းဖူနန်းတော်၏ ရှေးအကျဆုံး မိသားစုကြီးများထဲမှ တစ်ခု ဖြစ်သည်။

ယနေ့တိုင် တည်တံ့နေသည့် သူတို့၏ အခြေခံအင်အားမှာ ကြောက်ခမန်းလိလိ ကောင်းလှသဖြင့် နန်းတော်သခင်၏ မျိုးနွယ်စုပင်လျှင် သူတို့ရှေ့တွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရပေသည်။

ထန်ထျန်း၏ ငြင်းပယ်မှုက မိုကျွင်းကို အနည်းငယ် စိတ်မကျေမနပ် ဖြစ်စေခဲ့၏။

သို့သော် မိုရှောင်းရှောင်းက ခေါင်းခါလိုက်ပြီး "အစ်ကို နားမလည်ပါဘူး။"

"ထန်ထျန်းဆိုတဲ့ လူက သာမန်ပါရမီရှင်တွေနဲ့ မတူဘူး။"

"ကျွန်မရဲ့ အာရုံအရ သူက အနာဂတ်မှာ ကျွန်မတို့ မိသားစုအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်။"

မိုကျွင်း မျက်ခုံးပင့်လိုက်မိသည်။ "အာရုံလား"

"အာရုံနောက်ကို လိုက်ပြီး အလုပ်လုပ်တာက မင်းရဲ့ စတိုင် မဟုတ်ဘူးလေ။"

မိုရှောင်းရှောင်းက ပြောသည်။ "ကျွန်မ တစ်သက်လုံး စိတ်လိုက်မာန်ပါ ဘာမှမလုပ်ခဲ့ဘူး။"

"ဒါပေမဲ့ ထန်ထျန်းနဲ့ ပတ်သက်တဲ့ အာရုံကတော့ အရမ်း ပြင်းထန်နေတယ်။"

"ဒီတစ်ခေါက်တော့ ကျွန်မ မှန်ကန်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။"

မိုကျွင်းက နှုတ်ခမ်းမဲ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

သူ၏ ညီမဖြစ်သူမှာ ကိုယ်ပိုင်အမြင် ရှိသူဖြစ်သဖြင့် သူက အကြံပြုရုံသာ တတ်နိုင်သည်။

"ရှေ့ဆက်မယ့် ရက်တွေမှာ မိသားစုက ကိစ္စအချို့ကို မင်းဆီ အပ်နှံလိမ့်မယ်။"

"အဲ့ဒီအချိန်ကျရင် မင်း တော်တော်လေး အလုပ်များသွားမှာ။"

"ထန်ထျန်းဘက်ကိုတော့ ငါ စောင့်ရှောက်ပေးထားပါ့မယ်၊ မင်းကတော့ မိသားစုကိစ္စတွေကိုပဲ အေးအေးဆေးဆေး လုပ်ပါ။"

"စိတ်ချပါ၊ သူ့ဆီက အမွေးတစ်ပင်တောင် မကျွတ်စေရဘူးလို့ ငါ အာမခံတယ်။"

မိုကျွင်းက ပြောလိုက်သည်။

မိုရှောင်းရှောင်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ပြော လိုက်သည်။

အပြန်အလှန် လေးစားမှုရှိခြင်း၊ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခြင်းနှင့် အချင်းချင်း ကူညီခြင်း...

ဤသည်မှာ သူတို့မျိုးနွယ်စု မိုမိသားစုအတွင်း အင်အားကြီးမားစွာ တည်ရှိနေနိုင်သည့် လျှို့ဝှက်ချက်ပင် ဖြစ်သည်။

......

ဝမ့်ယွဲ့လှိုဏ်ဂူ၊ ထန်ထျန်း၏ လှိုဏ်ဂူအတွင်း

မိုမိသားစုဝင်များကို နှုတ်ဆက်ပြီးနောက် ထန်ထျန်းက ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီး ရှေ့ဆက်ရမည့် ကိစ္စများကို စဉ်းစားနေမိသည်။

ထျန်းဖူနန်းတော်သို့ ရောက်လာသည့် ဤရက်ပိုင်းအတွင်း အတွေ့အကြုံများအရ သူက နန်းတော်၏ စီမံခန့်ခွဲမှုကို အတော်လေး သဘောကျမိသည်။

သာမန်တပည့်များကို ကာကွယ်ပေးမှုမှာ အလွန်ကောင်းမွန်လှပေသည်။

တိုက်ပွဲသူတော်စင်မျှော်စင် ကဲ့သို့ အင်အားစု များပင်လျှင် ရန်ငြိုးများကို ဖြေရှင်းရာတွင် နန်းတော်၏ စည်းကမ်းများကို လိုက်နာရန် ကြိုးစားကြသည်။

စစ်နတ်ဘုရားနန်းတော်ကတော့ ချွင်းချက်ပေါ့။

အကြောင်းမှာ ထန်ထျန်းက အင်မော်တယ်အရှင် ထျန်းယွမ်၏ သားအရင်းကို သတ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော်လည်း မိုမိသားစု ထွက်လာပြီးနောက်တွင် ထိုအင်မော်တယ်အရှင်ပင်လျှင် ခေတ္တ ဆုတ်ခွာသွားခဲ့ရပြီး ဆက်လက်၍ တင်းမာမှု မလုပ်ရဲခဲ့ပေ။

ဤအရာအားလုံး၏ နောက်ကွယ်တွင် ထျန်းဖူနန်းတော်၏ အရှိန်အဝါက မည်မျှ ကြီးမားကြောင်း ဖော်ပြနေပေသည်။

လုံလောက်သော အင်အား မရှိပါက ဤကဲ့သို့ လုပ်နိုင်မည် မဟုတ်ပေ။

ထန်ထျန်းအတွက်မူ ဤသည်မှာ သတင်းကောင်းပင် ဖြစ်သည်။

အကြောင်းမှာ သူ့တွင် နောက်ခံအင်အား မရှိသောကြောင့်ပင်။

မိုမိသားစုမှာ အကူအညီတစ်ခုသာ ဖြစ်ပြီး သူ့နောက်ကွယ်မှ အင်အားစုဟု ခေါ်ရန် ဝေးလွန်းပါသေးသည်။

စစ်နတ်ဘုရားနန်းတော်ကဲ့သို့ ဧရာမ အင်အားစုနှင့် ယှဉ်လျှင် သူက အားနည်းသူတစ်ဦးသာ ဖြစ်၏။

အားနည်းသူတစ်ဦးက ခိုင်မာသည့် ဥပဒေရှိသော လူ့အဖွဲ့အစည်းတွင် နေထိုင်ရခြင်းက အကျိုးကျေးဇူး အများကြီး ရရှိစေသည်။

အကယ်၍ အရာအားလုံး အဆင်ပြေမည်ဆိုလျှင် နဂါးတံခါး စမ်းသပ်မှုအပြီးတွင် စစ်နတ်ဘုရားနန်းတော်၏ ခြိမ်းခြောက်မှုကို စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။

"အဆင်ပြေမှာပါ..."

ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်သည်။

ရုတ်တရက် လီဟုန်က အပြင်မှ ဝင်လာပြီး "သခင်လေး... ဝမ်ရှို့ နိုးလာပါပြီ။"

ထန်ထျန်း မော့ကြည့်လိုက်မိ၏။

ထိုစဉ်က အင်မော်တယ်အရှင် ထျန်းယွမ်က သူ့ကို အဓမ္မ ဖမ်းဆီးရန် ကြိုးစားစဉ် ဝမ်ရှို့ဆိုသည့် ကောင်က ဘာကြောင့်မှန်းမသိ စည်းကမ်းကို ကာကွယ်ရန် ထွက်လာခဲ့ပြီး လျှပ်စီးရိုက်ခံရကာ သတိမေ့သွားခဲ့ခြင်း ဖြစ်သည်။

ထန်ထျန်းက လီဟုန်ကို သူ့ကို လှိုဏ်ဂူထဲခေါ်လာပြီး ပြုစုခိုင်းထားရာ ယခု နေ့တစ်ဝက်ကျော် ကြာပြီးနောက်မှ နိုးလာခြင်း ဖြစ်သည်။

"သွားကြည့်ရအောင်။"

ထန်ထျန်း ထရပ်လိုက်သည်။

ထိုလူက အရင်က သူ့အပေါ် အငြိုးအတေး အနည်းငယ် ရှိခဲ့သော်လည်း ကိစ္စတစ်ခုချင်းစီကို ခွဲခြားမြင်တတ်ရန် လိုသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှေ့ထွက်ရဲသည့်အတွက် သူ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ပေးရန် လိုအပ်ပေသည်။

ခဏအကြာတွင် ထန်ထျန်းနှင့် လီဟုန်တို့က ဧည့်ခန်းအသို့ ရောက်လာခဲ့ကြသည်။

ဝမ်ရှို့က ကုတင်ဘေးတွင် ထိုင်နေ၏။

သူ၏ မျက်နှာမှာ မကောင်းလှပေ။ တစ်ဖက်လူက အင်မော်တယ်အရှင် တစ်ဦး ဖြစ်သဖြင့် လက်ကလေး ခါလိုက်ရုံဖြင့်ပင် သူ သေလုနီးပါး ဖြစ်သွားခဲ့ရသည်။

ယခုတိုင်အောင် ဘယ်ဘက်ပါးမှ ရင်ဘတ်အထိ မည်းနက်နေသော လျှပ်စီးရာကြီးက ထင်ရှားစွာ ရှိနေဆဲပင်။

ဤသည်မှာ နိယာမစွမ်းအားများ ပါဝင်သည့် ဒဏ်ရာဖြစ်သဖြင့် အနည်းဆုံး ခြောက်လခန့် ကုသမှသာ ပျောက်ကင်းနိုင်ပေလိမ့်မည်။

"နိုးလာပြီလား။"

ထန်ထျန်းက မေးလိုက်သည်။

ဝမ်ရှို့က ထန်ထျန်းကို တစ်ချက် မော့ကြည့်ပြီး ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားကာ မျက်လုံးထဲတွင် အုံ့မှိုင်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

ထန်ထျန်းက ပြုံးလိုက်ပြီး "ငါတို့ကြားမှာ အဲ့လောက်ကြီးတဲ့ ရန်ငြိုးမရှိပါဘူး။"

"အနည်းဆုံးတော့ ငါက မင်းရဲ့ ဒဏ်ရာကို ကုပေးထားတာပဲလေ၊ ငါ့ကို ဒီလိုကြီးတော့ ဆက်ဆံစရာ မလိုပါဘူး။"

ဝမ်ရှို့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။ "ဒါက မင်းနဲ့ မဆိုင်ဘူး။"

"ဘာလို့ သူတို့က ထျန်းဖူနန်းတော်ရဲ့ စည်းကမ်းတွေကို လျစ်လျူရှုရဲတာလဲ ဆိုတာကို ငါ နားမလည်နိုင်လို့။"

"မင်း ဘယ်လောက်ပဲ သန်မာနေပါစေ၊ နန်းတော်ရဲ့ စီမံမှုအောက်မှာ ရှိတာပဲလေ"

"စည်းကမ်းတွေကို ဒီလိုမျိုး ချိုးဖောက်နေကြတာ... သူတို့က ပုန်ကန်ချင်နေကြတာလား"

သူ့အသံမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။

ထန်ထျန်းမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။

ဤလူက တစ်ခါတလေကျလျှင်လည်း အလွန်ပင် ခေါင်းမာလွန်း၍ ချစ်စရာ ကောင်းနေပြန်သည်။

ထျန်းဖူနန်းတော်ထဲမှာပဲ အမြဲ နေလာခဲ့သောကြောင့် ဖြစ်နိုင်သည်၊ ကျင့်ကြံခြင်းလောက က အမြဲတမ်း ခွန်အားကိုသာ ဦးစားပေးသည်ဆိုသည်ကို သူ မေ့နေပုံရသည်။

ဤကဲ့သို့သော လူစားမျိုးကို မည်သို့ နှစ်သိမ့်ရမည်မှန်း မသိသဖြင့် "အဲ့ဒီအချိန်တုန်းက ငါ့အတွက် ရှေ့ထွက်ပေးခဲ့တာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။"

ဝမ်ရှို့က လက်ကာပြလိုက်ပြီး "ငါက မင်းအတွက် ရှေ့ထွက်ပေးတာ မဟုတ်ဘူး၊ ငါက ထျန်းဖူနန်းတော်ရဲ့ စည်းကမ်းကို ကာကွယ်တာ။"

ထန်ထျန်းက ခေါင်းခါလိုက်ပြီး "ဘာပဲဖြစ်ဖြစ် မင်းက အဲ့ဒီလို လုပ်ခဲ့တာပဲလေ။"

ပြောရင်းနှင့် သူက သိုလှောင်လက်စွပ်လေး တစ်ကွင်းကို ထုတ်ကာ ဝမ်ရှို့ရှေ့တွင် ချပေးလိုက်သည်။

"ဒါက ကျေးဇူးတုံ့ပြန်တာပါ။"

ဝမ်ရှို့က ရှေ့မှ လက်စွပ်ကို ကြည့်ကာ မျက်လုံး မှေးလိုက်မိသည်။

"ပစ္စည်းလေး နည်းနည်းပါးပါး ပေးလိုက်ရုံနဲ့ ငါက မင်းကို ဆက်ပြီး ဒုက္ခမပေးတော့ဘူးလို့ မထင်နဲ့။"

"မင်း အရင်က လုပ်ခဲ့တာတွေ၊ ပြောခဲ့တာတွေက ငါ့ရဲ့ အမြင်ကောင်းတွေကို ဖျက်ဆီးလိုက် ပြီးပြီ"

"ဒါကို ပြန်ယူသွားလိုက်၊ ငါက ဆင်းရဲပြီး သေသွားရင်တောင် မင်းဆီက ဘာမှ ထပ်မယူတော့ဘူး"

ထန်ထျန်းက ဘာမှ ပြန်မပြောဘဲ လက်စွပ်ကို ဖွင့်ပြလိုက်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ရှို့က လက်စွပ်ကို ယူကာ နောက်သို့ လှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်သွားတော့သည်။

"နောက်ဆို မင်းကို ဒုက္ခမပေးတော့ဘူး။"

ထန်ထျန်း : ...

လီဟုန် : ...

"တကယ့်ကို မျက်နှာနှစ်ဖက်နဲ့ လူပါလား။"

ထန်ထျန်းက ပြော လိုက်မိတော့သည်။

All Chapters