မသေမျိုးအင်ပါယာ၏ ခရီးလမ်းသည် ပြည့်တန်ဆာရုံမှစတင်သည်
Vol. 11 Ch. 102
ဟေးစန်း၏ ကျယ်လောင်သော အော်သံကြီးသည် လီထယ်ကျူးကို အိမ်လွမ်းစိတ်ကူးယဉ်မှုများထဲမှ ဆွဲထုတ်လိုက်သည်။
သူ နီရဲနေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး စစ်ချန်နောက်မှ ကပ်လျက် အခန်းပြင်သို့ အပြေးထွက်လာခဲ့သည်။
ဟေးစန်းသည် လှေဦးတွင် ရပ်လျက် ဝက်ဝံနှာခေါင်းကြီးဖြင့် အားရပါးရ ရှူရှိုက်လိုက်ပြီးနောက် ခေါင်းကို စောင်းကာ နားမလည်နိုင် ဖြစ်သွားသည် "မွှေးတော့ တော်တော်မွှေးတယ်... ဒါပေမဲ့... တစ်မျိုးကြီးပဲ။"
လီထယ်ကျူးလည်း လိုက်ရှူကြည့်လိုက်သည်။ သူ့မျက်နှာထား ချက်ချင်း ထူးခြားသွားသည် အံ့ဩခြင်း၊ သဘောပေါက်ခြင်းနှင့် လူငယ်တစ်ဦးသာ ဖြစ်ပေါ်နိုင်သော ရှက်ရွံ့ခြင်းတို့ ရောပြွမ်းသွားသည်။
သတင်းအချက်အလက်ခေတ်တွင် ရှင်သန်ခဲ့သော ခေတ်လူငယ်တစ်ဦး အနေဖြင့် သူ ချက်ချင်း မှတ်မိလိုက်သည်။
"ဒါ... ဒါက..."
ဟုတ်တယ်... ပေါင်ဒါနံ့၊ ရေမွှေးနံ့တွေ။
ပြင်းထန်အီစိမ့်ပြီး လေထဲတွင် လွင့်ပါနေကာ မြို့တစ်မြို့လုံးကို လွှမ်းခြုံထားသည်။
စစ်ချန်သည် အောက်ဘက်ရှိ စည်ကားသော မြို့ကြီးကို ငုံ့ကြည့်လိုက်သည်။ မျှော်စင်များနှင့် စင်္ကြံများသည် အခြားမြို့များထက် ပိုမို တောက်ပနေပြီး လမ်းမများပေါ်တွင် လူများ ပြည့်ကျပ်နေသည်။
သူတို့၏ ပျံသန်းရေးလှေသည် မြို့ရိုးအပြင်ဘက်တွင် ရပ်တန့်နေပြီး ကျင့်ကြံသူများနှင့် သာမန်လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေသည်။
ပျံသန်းရေးလှေဆိုသည်မှာ အဆင့်နိမ့်ကျင့်ကြံသူများနှင့် သာမန်လူများအတွက် နေ့တိုင်းမြင်ရသော အရာမဟုတ်ပေ။
"ဆင်းကြစို့။" စစ်ချန်သည် မြို့ရိုးအပြင်ဘက် လူသူကင်းမဲ့သော နေရာတစ်ခုသို့ လှေကို ဦးတည်လိုက်သည်။ ဟေးစန်းနှင့် ဟုန်ဖုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လူသားအသွင် ပြောင်းလဲလိုက်ကြသည်။
လှေကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းပြီးနောက် သူတို့သည် မြို့တံခါးဝဆီသို့ လမ်းလျှောက်လာကြသည်။
စကားပြောနေသော တံခါးစောင့်နှစ်ဦးသည် မော့ကြည့်လိုက်ရာ စစ်ချန်ကို တွေ့လိုက်ရပြီး ချက်ချင်း သတိအနေအထား ယူလိုက်ကြသည်။
"စီနီယာစစ်ကို ဂါရဝပြုပါတယ်။"
ချင်းရွှမ်အဆင့်သတ်မှတ်ချက် တတိယနေရာမှ လူကို လူတိုင်း သိကြပြီး ဖူမိုပင်လယ်ထက်မှ မိုးခြိမ်းသံကဲ့သို့ လျှပ်စီးဘေးဒုက္ခသည် သူ့နတ်ဘုရားဝိညာဉ် အဆင့်တက်ခြင်း ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
စစ်ချန် ပြုံးလိုက်ပြီး လက်သီးဆုပ် ဂါရဝပြုလိုက်သည် "တာအိုမိတ်ဆွေတို့... ယဉ်ကျေးမှုဆိုတာ အပြန်အလှန် ရှိသင့်ပါတယ်။"
တံခါးစောင့်များသည် ထိုနှိမ့်ချမှုကြောင့် တုန်လှုပ်သွားပြီး ထပ်မံ ဦးညွှတ်လိုက်ကြသည်။
စစ်ချန်တို့အဖွဲ့ လမ်းမထဲတွင် ပျောက်ကွယ်သွားသည်နှင့် တံခါးစောင့်တစ်ဦးသည် ကျောက်စိမ်းအသံလွှင့်အဆောင်တစ်ခုကို ထုတ်ယူလိုက်သည် "အခုပဲ သတင်းပို့လိုက်။ ချင်းရွှမ်အဆင့် ၃ နေရာက စီနီယာစစ် ပန်းတစ်ရာမြို့တော်ထဲ ရောက်နေပြီ။"
မြို့ထဲတွင် စစ်ချန်ပင်လျှင် ထူးခြားမှုတစ်ခုခုကို ခံစားမိလိုက်သည်။
မျှော်စင်များ စီတန်းနေသော လမ်းမကြီးတစ်လျှောက်တွင် တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးများက လမ်းသွားလမ်းလာများကို ချိုသာသော အသံများဖြင့် ခေါ်ယူနေကြသည်။
"သခင်ကြီး... လာထိုင်ပါဦး..."
"သခင်လေး... ချောလိုက်တာ..."
အမျိုးသမီးများသည် ယောက်ျားတိုင်းကို ပြုံးပြနေကြပြီး စိတ်အားထက်သန်မှုများ လျှံကျနေသည်။
ဟေးစန်း ပါးစပ်အဟောင်းသား ငေးကြည့်နေသည် "ဒီကလူတွေက တော်တော် ဖော်ရွေတာပဲ။"
လီထယ်ကျူး တိုးတိုးလေး ကပ်ပြောသည် "ဆရာသခင်... ဂိုဏ်းတူဦးလေး... ဒီနေရာက... သိပ်အခြေအနေ မကောင်းဘူး။"
"ဘာလို့လဲ။" စစ်ချန် ပြုံးနေသော အမျိုးသမီးများကို လေ့လာကြည့်လိုက်သည်။
သူတို့၏ နွေးထွေးမှုသည် ဝမ်ယန်ထက်ပင် သာလွန်နေသည်။
"ဒီကလူတွေက ရိုးသားပြီး ဖော်ရွေတယ်... နှစ်လိုဖွယ် ကောင်းပါတယ်။"
လောကအကြောင်း ပိုသိသော်လည်း မိစ္ဆာတစ်ကောင် ဖြစ်နေသေးသော ဟုန်ဖုန်းက ခေါင်းစောင်းလိုက်သည် "ဒီက လေထုက... ထူးခြားတယ်။"
သူ အသက်ပြင်းပြင်း ရှူလိုက်ရာ ရေမွှေးနံ့ကြောင့် နှာချေသွားသည်။
လီထယ်ကျူး မေ့လဲလုနီးပါး ဖြစ်သွားသည်။
သူတို့ ပြည့်တန်ဆာရုံဆိုတာ ဘာလဲ လုံးဝ မသိကြဘူးပဲ။
သူ စစ်ချန်၏ အင်္ကျီလက်စကို ဆွဲလိုက်သည် "ဆရာသခင်... ဒါက ပြည့်တန်ဆာရုံလေ။"
"နာမည်လေးက လှသားပဲ (တရုတ်လိုဆိုရင် အပြာရောင်စံအိမ်)" စစ်ချန် တွေးတောလိုက်သည်။
"လှတယ် ဟုတ်လား။" လီထယ်ကျူး ချွေးပျံလာသည် "ဆရာသခင်... သူတို့က... သူတို့က ပိုက်ဆံယူပြီး ယောက်ျားတွေကို ဖျော်ဖြေတာ။"
"ပိုက်ဆံပေးတာ ဘာဖြစ်လဲ" ဟေးစန်း ပခုံးတွန့်လိုက်သည် "စားသောက်ဆိုင်တိုင်း ပိုက်ဆံ လိုချင်တာပဲလေ။"
"အဲလို ပေးတာမျိုး မဟုတ်ဘူး။"
လီထယ်ကျူး မျက်နှာနီရဲလာသည် "သူတို့က... သူတို့က အရက်သောက်တယ်၊ စကားပြောတယ်၊ ပြီးတော့ ညအိပ်ကြတယ်။"
စစ်ချန် ခေါင်းညိတ်လိုက်သည် "အလုပ်ကြိုးစားကြတာပဲ... တစ်ညလုံး မနားကြဘူး။"
လီထယ်ကျူး စကားမပြောနိုင်တော့ပေ။
နောက်ထပ် အမျိုးသမီးများ ဝိုင်းအုံလာကြသည်။
"ချောလိုက်တဲ့ သခင်လေး..."
"သီချင်းလာနားထောင်ပါဦး..."
သူတို့၏ နွေးထွေးမှု ကူးစက်သွားသော စစ်ချန်သည် အမျိုးသမီးတို့၏ ပွေ့ဖက်မှုကို ခံယူကာ သူတို့နောက်သို့ အသာလိုက်ပါသွားသည်။
ဟေးစန်းက နောက်မှ လိုက်သွားသည်။ စူးစမ်းချင်စိတ် ပြင်းပြနေသော ဟုန်ဖုန်းလည်း အူယားဖားယားပါသွားသည်။
"မဟုတ်ဘူး... နေကြပါဦး။ နေကြဦးလို့ ဟေ့လို့ အိုက်ယား"
လီထယ်ကျူး စစ်ချန်၏ အင်္ကျီလက်စကို အသေဆွဲထားလိုက်သည် "ဆရာသခင်... မသွားနဲ့... ဒီနေရာက... ဆရာ့အတွက် မဟုတ်ဘူး။"
ဟေးစန်းက စိတ်မရှည်စွာ တွန်းဖယ်လိုက်သည် "မင်း ဘာဖြစ်နေတာလဲ။ ကောင်မလေးတွေက ဒီလောက် သဘောကောင်းနေတာကို... ခဏလောက် ဝင်သွားတာ ဘာဖြစ်လို့လဲ။ အသားပဲ့ပါသွားမှာ မို့လို့လား။"
"ဒါက... ဒါက လုံးဝ မဖြစ်ဘူး။" လီထယ်ကျူး ငိုတော့မည့်ဆဲဆဲ ဖြစ်နေသည်။
ဒီမိစ္ဆာဘုရင်ကြီးနှစ်ပါးနဲ့ လောကအကြောင်း လုံးဝနားမလည်တဲ့ သူ့ဆရာသခင်ကို အရွယ်မရောက်သေးသူများ မကြည့်ရနဲ့ ၁၈ယောက်စုရတာနဲ့ ၂၁ယောက်စုရတယ်ဆိုတာ ဘာလဲဆိုတာ ဘယ်လို ရှင်းပြရပါ့မလဲ။
စစ်ချန်ကတော့ လီထယ်ကျူး ဒီနေ့ ထူးထူးဆန်းဆန်း ဖြစ်နေသည်ဟု ထင်မှတ်ပြီး ပခုံးကို နှစ်သိမ့်စွာ ပုတ်လိုက်သည် "ကိစ္စမရှိပါဘူး။ ရောက်လာမှတော့ ဒေသန္တရ ဗဟုသုတ လေ့လာကြတာပေါ့။ လာပါ။"
"သွားပြီ... သွားပြီ..." လီထယ်ကျူး မျက်စိရှေ့တွင် အမှောင်ကျသွားသည်။
ဆရာသခင်နဲ့ ဂိုဏ်းတူဦးလေး မိစ္ဆာဘုရင်နှစ်ပါးကို ပြည့်တန်ဆာရုံ လိုက်ပို့တယ် ဆိုပါလား။ သတင်းသာ ပျံ့သွားရင် သမိုင်းတွင်တော့မည်။
ထို့နောက် အနာဂတ် ကျင့်ကြံခြင်းလောက၏ မသေမျိုးအင်ပါယာ၊ မိစ္ဆာဘုရင်နှစ်ပါးနှင့် ကြယ်တာရာတစ်ပွင့်တို့သည် ပန်းတစ်ရာမြို့တော်၏ အကြီးဆုံး ပြည့်တန်ဆာရုံ ဖြစ်သော လမင်းလျှံကျမျှော်စင်သို့ ရင်ကော့လျှက်ဝင်ရောက်သွားကြသည်။ အတွင်းပိုင်း အပြင်အဆင်မှာ ကျက်သရေရှိပြီး အမွှေးတိုင် မီးခိုးငွေ့များ လွင့်ပျံနေကာ ဂီတသံ သဲ့သဲ့ ထွက်ပေါ်နေသည်။
စစ်ချန် ဝင်လိုက်သည်နှင့် ပိုမိုများပြားသော အလှပဂေးများ ဝိုင်းအုံလာကြသည်။
ဤမိန်းကလေးများသည် ဤမျှလောက် ကမ္ဘာလောကနှင့် ကင်းကွာသော ကျက်သရေမျိုးရှိသည့် လူငယ်တစ်ဦးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ သူတို့ တိုးဝှေ့လာကြပြီး တစ်ယောက်က ရေနွေးကြမ်း ကမ်းပေးလိုက်၊ တစ်ယောက်က မုန့် ကမ်းပေးလိုက်နှင့် နွေးထွေးပျူငှာနေကြသည်။
"သခင်လေး... ရေနွေးကြမ်း သုံးဆောင်ပါဦး..."
စစ်ချန် ခွက်ကို လက်ခံလိုက်ပြီး အနံ့ခံကြည့်လိုက်သည် "ဒီရေနွေးကြမ်းက သင်းပျံ့လိုက်တာ... ဒီက နတ်သမီးမိန်းကလေးရဲ့ ကိုယ်သင်းနံ့နဲ့ ကွက်တိပဲ။"
“အို”
ကောင်မလေး ရှက်သွေးဖြာသွား၏။
"သခင်လေး ဘာသီချင်း နားထောင်ချင်လဲဟင်။ ဒီအစေခံမလေးက တီးပြပါရစေ။"
စစ်ချန် ဘာကိုမှ မငြင်းဆန်ပေ။ သူ ဂရုတစိုက် နားထောင်ပြီး သီချင်းဆုံးသောအခါ ရိုးသားစွာ ချီးကျူးလိုက်သည်
"သဘောတရားက နက်နဲပြီး လက်ရာက သိပ်မြောက်တာပဲ။"
ထိုမိန်းကလေးက အင်္ကျီလက်စဖြင့် မျက်နှာကို ကွယ်ကာ ရှက်သွေးဖြာပြီး ရယ်မောလိုက်သည် "သခင်လေးက မြှောက်ပြောနေပါပြီ။ သခင်လေးရဲ့ ရုပ်ရည်နဲ့ ကိုယ်နေဟန်ထားကမှ တကယ် ရှားပါးတာပါ။"
စစ်ချန် အခြားမိန်းကလေးများကို ဝေ့ကြည့်လိုက်သည် "မင်းတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ဆွဲဆောင်မှုတွေ ရှိကြတယ်။ အားလုံး အရမ်း လှကြတဲ့ နတ်သမီးလေးတွေပဲ။"
ဘေးနားမှ လီထယ်ကျူး ပါးစပ်အဟောင်းသား ဖြစ်နေသည်။
သူ့ဆရာသခင်က ဒီလိုနေရာမျိုးမှာ သက်သောင့်သက်သာ နေနိုင်ပြီး မိန်းကလေးများနှင့် စကားပြော ရယ်မောနေသည်မှာ အံ့ဩစရာပင်။ ချီးကျူးစကားတိုင်းက ရိုးသားပြီး သဘာဝကျနေသဖြင့် သူတို့ကို ပို၍ပင် ပျော်ရွှင်စေသည်။
ဟေးစန်းကတော့ ဖော်ရွေသော မိန်းကလေးအချို့ဘေးတွင် ဟက်ဟက်ပက်ပက် ရယ်မောနေပြီ ဖြစ်သည်။ သူ၏ လက်ကြီးကို ဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည် "အကောင်းဆုံး အစားအသောက်နဲ့ အရက်တွေ ငါ့အတွက်... အဲ... ငါတို့အတွက် ယူခဲ့စမ်း။"
သူတို့၏ ချိုသာသော စကားများနှင့် အပြုံးများကို သူ သဘောကျနေခြင်း ဖြစ်သည်။
ဟုန်ဖုန်းလည်း အလားတူ ခံစားနေရသည်။ ဒီမိန်းကလေးတွေက စားသောက်ဆိုင်က စားပွဲထိုးတွေထက် ပိုဂရုစိုက်တတ်ကြသည်။
ပဲနီလေးတောင်မှ တကျိကျိ အော်နေကာ အလှပဂေးများ၏ အစာခွံ့ကျွေးခြင်းကို မနားတမ်း ခံယူနေရသည်။
လီထယ်ကျူးမှာမူ စိုးရိမ်လွန်နေသော အမေအိုကြီးကဲ့သို့ ဖြစ်နေသည်။
မိန်းကလေးများ ရေနွေးကြမ်းအသစ် သွားယူနေစဉ် သူ စစ်ချန်နား ကပ်သွားသည်။ အတိုဆုံး၊ အတိုးဆုံး စကားလုံးများနှင့် လက်ဟန်ခြေဟန် အမူအရာများ ပေါင်းစပ်ပြီး ပြည့်တန်ဆာရုံ ဆိုသည်မှာ ဘာလဲဆိုတာကို အဆုံးစွန်ထိ ရှင်းပြလိုက်သည်။
စစ်ချန် နားထောင်ပြီးနောက် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ရွံရှာခြင်း သို့မဟုတ် အထင်သေးခြင်းများ မပြပေ။
ထိုစဉ် အစိမ်းရောင် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက မုန့်ဖုတ်ပြီးစ မုန့်များကို ယူဆောင်လာသည်။ စစ်ချန် သူမကို ညင်သာစွာ မေးလိုက်သည် "ဒီမှာ အလုပ်လုပ်ပြီး နေ့တိုင်း ဧည့်သည်တွေကို နှုတ်ဆက်ရတာ... သည်းခံနိုင်ရဲ့လား။"
ထိုမိန်းကလေး ခဲသွားသည်။ ဘယ်ဧည့်သည်ကမှ ဒီလို မေးခွန်းမျိုး မမေးဖူးပေ။ "သခင်လေးက နောက်နေပါပြီ။ ကျွန်မတို့လို ရေပေါ်ဆီ ဘဝတွေက ပျော်ရွှင်မှုဆိုတာ ဘယ်ရှိပါ့မလဲ။ ဒီအတိုင်း... သည်းခံနေရတာပါပဲ။"
ဘေးနားရှိ အခြားမိန်းကလေးများလည်း ကိုယ့်ကိုယ်ကိုယ် သရော်ပြုံးများဖြင့် ဝင်ရောက်လာကြသည်။
စစ်ချန် ခေါင်းခါလိုက်ပြီး သူတို့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ "မင်းတို့ တစ်ယောက်ချင်းစီက ဂီတ၊ စစ်တုရင်၊ စာရေး၊ ပန်းချီ ကျွမ်းကျင်ကြတယ်။ လူတွေကို ရိုးသားနွေးထွေးစွာ ဆက်ဆံကြတယ်။ မင်းတို့က ကိုယ်ပိုင် အရည်အချင်း၊ ကိုယ်ပိုင် လုပ်အားနဲ့ အသက်မွေးနေကြတာ။ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြပါနဲ့။"
မိန်းကလေးများ မှင်သက်သွားကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အစိမ်းရောင်ဝတ် မိန်းကလေး၏ မျက်လုံးများ မျက်ရည်လဲ့လာသည်။
သူမ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ အသံများ တုန်ရီနေသည်။ "သခင်လေးက... ထူးခြားတဲ့သူပါပဲ။ ဒီလို စကားမျိုး တစ်ခါမှ မကြားဖူးပါဘူး။"
လီထယ်ကျူး နားထောင်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်း ဆရာသခင်ပါပဲ... ပြည့်တန်ဆာရုံကို လျှောက်သွားပြီး ဘဝဒဿနတွေ ထုတ်ပေးနိုင်တယ်။ ဒီအဆင့်အတန်းက ပြိုင်ဘက်ကင်းပဲ။
ဒါပေမဲ့ အနာဂတ် ဂုဏ်သတင်းကို တွေးလိုက်ရင် အမှောင်ထုကိုသာ မြင်နေရသည်။
— သမိုင်းမှတ်တမ်းများအရ မသေမျိုးအင်ပါယာ လီထယ်ကျူးသည် ငယ်စဉ်က ဆရာသခင်နှင့် ဂိုဏ်းတူဦးလေးများကို ဦးဆောင်၍ ပြည့်တန်ဆာရုံသို့ ရဲရဲတင်းတင်း ဝင်ရောက်စီးနင်းခဲ့ပြီး သူ၏ ဒဏ္ဍာရီလာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့သည်...
စစ်ချန် မိန်းကလေးများနှင့် စကားပြောနေစဉ် လီထယ်ကျူး တိတ်တဆိတ် မေးလိုက်သည် "စနစ်... ပန်းတစ်ရာမြို့တော်က အရှေ့ပိုင်းဒေသရဲ့ ဘယ်နားမှာ ရှိတာလဲ။ ဘယ်အဖွဲ့အစည်းက ထိန်းချုပ်ထားတာလဲ။"
【ရှာဖွေနေပါသည်... ပန်းတစ်ရာမြို့တော်၊ အရှေ့ပိုင်းဒေသ အရှေ့တောင်ဘက်။】
【အဓိက လုပ်ငန်းများ ဖျော်ဖြေရေး၊ ကုန်သွယ်ရေး၊ သတင်းအချက်အလက်။】
【ဆက်နွယ်မှု ...ဟဲဟွမ်းဂိုဏ်း (ပျော်ရွှင်မှုဂိုဏ်း)။】
လီထယ်ကျူး အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဟဲဟွမ်းဂိုဏ်း ဟုတ်လား။