ဟဲဟွမ်းဂိုဏ်းလား... ထပ်ပြီး လေ့လာကြည့်ချင်ပါသေးသလား
Vol. 11 Ch. 103
လီထယ်ကျူး၏ ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး ပါးစပ်ထဲမှ လက်ဖက်ရည်များ မှုတ်ထုတ်မိလုမတတ် ဖြစ်သွားသည်။
ဟဲဟွမ်းဂိုဏ်း (ပျော်ရွှင်မှုဂိုဏ်း) ဟုတ်လား။
ဒီနာမည်ကို သူ တော်တော်လေး ရင်းနှီးနေသည်။ ဝတ္ထုတွေ၊ ကာတွန်းတွေထဲမှာ အမြဲတမ်း ပါလာတတ်တဲ့ ဗီလိန်ဂိုဏ်းကြီးလေ။ နှစ်ပါးသွား ကျင့်ကြံခြင်းနဲ့ သူတစ်ပါးဆီကနေ စွမ်းအားစုပ်ယူတဲ့ နည်းလမ်းတွေကို အသုံးပြုတဲ့ မိစ္ဆာဂိုဏ်းလေ။
နေပါဦး... သူ ရုတ်တရက် ခေါင်းထဲမှ စနစ်ခွေးမသားကြီး၏ ရှည်လျားလှသော နာမည်ကို သတိရသွားသည်။ "စကြာဝဠာအနှံ့ အထွတ်အထိပ် ပြိုင်ဘက်ကင်း စနစ်... လူငယ်ဗားရှင်း။"
ဒီဟဲဟွမ်းဂိုဏ်းက တကယ်ပဲ စကြာဝဠာအနှံ့ နယ်မြေချဲ့ထွင်ထားတာလား။
သူ တံတွေးမြိုချလိုက်ပြီး မသိစိတ်ဖြင့် စစ်ချန်၏ နောက်သို့ တိုးဝင်ကာ တီးတိုး ပြောလိုက်သည် "ဆရာသခင်... အခြေအနေ မဟန်ဘူး... ဒီနေရာက ဟဲဟွမ်းဂိုဏ်း ပိုင်နက်တဲ့ဗျ။"
ကြက်ပေါင်ကို ကိုက်ဝါးနေသော ဟေးစန်းက ဒါကို ကြားလိုက်ရသော်လည်း မရှင်းမလင်း ပြန်မေးသည် "ဟဲဟွမ်းဂိုဏ်း ဟုတ်လား။ သူတို့က ဘာလုပ်တာလဲ။ နာမည်ကတော့ ပျော်စရာ ကောင်းမယ့်ပုံပဲ။"
"ဘာ ပျော်စရာ ကောင်းရမှာလဲ။"
လီထယ်ကျူး စိတ်ပူလွန်းသဖြင့် ခြေဆောင့်လိုက်သည် "ဒါက... ဒါက အဲဒါကို အဓိကထားတာ... ယောက်ျားနဲ့ မိန်းမ နှစ်ပါးသွား ကျင့်ကြံတာလေ။ ယင် (မိန်းမ) ကို စုပ်ယူပြီး ယန် (ယောက်ျား) ကို ဖြည့်ဆည်းတာ၊ ယန်ကို စုပ်ယူပြီး ယင်ကို ဖြည့်ဆည်းတာ... သူများရဲ့ ကျင့်ကြံမှု စွမ်းအားတွေကို ကိုယ့်အတွက် စုပ်ယူပစ်တာ... ဒါက မိစ္ဆာလမ်းစဉ်ပဲ။"
သူက "အဲဒါ" ဆိုသည့် စကားလုံးကို အထူးတလည် အလေးပေး ပြောလိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။ ခေါင်းထဲတွင် မြင်ယောင်နေသော ယောကျ်ားနှင့်မိန်းမပူးကပ်နေသည့် မြင်ကွင်းများကို လက်တွေ့ သရုပ်ပြလိုက်ချင်စိတ် ပေါက်နေသည်။
စစ်ချန် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး စူးစမ်းချင်စိတ် ပြည့်နှက်နေသော မျက်နှာဖြင့် မေးလိုက်သည် "စုပ်ယူပြီး ဖြည့်ဆည်းတယ် ဟုတ်လား။ အဲဒါ ဘယ်လို ကျင့်ကြံမှု နည်းလမ်းမျိုးလဲ။ ဘယ်လို အလုပ်လုပ်တာလဲ။ ထိရောက်မှု ရှိရဲ့လား။"
လီထယ်ကျူး "???"
ဆရာသခင်... အခုက ထိရောက်မှု ရှိမရှိ စိတ်ဝင်စားနေရမယ့် အချိန်လားဗျာ။
သူ့အသံ တိုးသော်လည်း ဘေးနားရှိ မိန်းကလေးများကမူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ကုချင်းတီးနေသော ခရမ်းရောင်ဝတ် မိန်းကလေး၏ အပြုံး အနည်းငယ် ပျောက်ကွယ်သွားပြီး မုန့်ကမ်းပေးနေသော အစိမ်းရောင်ဝတ် မိန်းကလေးလည်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
စစ်ချန်သည် ထိုသိမ်မွေ့သော တုံ့ပြန်မှု အားလုံးကို သတိပြုမိသည်။ သူ အစိမ်းရောင်ဝတ် မိန်းကလေးဘက်သို့ လှည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည် "မိန်းကလေး... မင်းတို့က ဟဲဟွမ်းဂိုဏ်းအောက်ကလား။"
ဒါကို ကြားလိုက်ရသောအခါ အစိမ်းရောင်ဝတ် မိန်းကလေးသည် ထိတ်လန့်မသွားဘဲ ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်လိုက်သည်။ သူမ၏ အသံသည် ကြည်လင်ပြတ်သားသည် "သခင်လေး ပြောတာ မှန်ပါတယ်။ ကျွန်မတို့ အားလုံးက ဟဲဟွမ်းဂိုဏ်းရဲ့ အပြင်စည်း ဂိုဏ်းသားတွေပါ။ ဒီပန်းတစ်ရာမြို့တော်ကလည်း ကျွန်မတို့ ဂိုဏ်းက စီမံခန့်ခွဲတဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါပဲ။"
သူမသည် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး ဖုံးကွယ်လိုစိတ် သို့မဟုတ် ရှက်ရွံ့သည့်ပုံစံ လုံးဝ မရှိပေ။
လီထယ်ကျူး မျက်လုံးပြူးသွားသည် "မဟုတ်ဘူး... မဟုတ်ဘူး... မင်းတို့က ဒီအတိုင်း ဝန်ခံလိုက်တာလား။"
ခုခေတ် မိစ္ဆာဂိုဏ်းတွေက ဒီလောက်ထိ မောက်မာနေကြပြီလား။ သူ စိတ်ကူးထားတဲ့ မိစ္ဆာဂိုဏ်း ပုံစံနဲ့ လုံးဝ တခြားစီပါလား။
"ဘာလို့ ဝန်ခံလို့ မရရမှာလဲ။"
အစိမ်းရောင်ဝတ် မိန်းကလေးက သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည် "ကျွန်မတို့ ဟဲဟွမ်းဂိုဏ်း တည်ထောင်ခဲ့တာ နှစ်ပေါင်း တစ်သောင်းကျော်ပြီ။ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ရပ်တည်ခဲ့တာပဲ။ အရှေ့ပိုင်းဒေသ ကျင့်ကြံခြင်းလောကမှာ တရားသောလမ်းစဉ်ခေါင်းဆောင်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရတာပဲ။ ဂုဏ်သိက္ခာရှိတဲ့ ကြီးမြတ်သော တာအိုလမ်းစဉ်ကို အသုံးပြုနေတာ... ဘာများ ဖုံးကွယ်စရာ ရှိလို့လဲ။"
ခေါင်းဆောင်... တရားသောလမ်းစဉ်ရဲ့ ခေါင်းဆောင် ဟုတ်လား။ ကျင့်ကြံခြင်းလောကက အသိအမှတ်ပြုထားတယ် ဟုတ်လား။ ဇာတ်ညွှန်း မှားနေပြီ။
လီထယ်ကျူး ပါးစပ်အဟောင်းသား ဖြစ်နေပြီး စကားမပြောနိုင်တော့ပေ။ သူ့ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါဆို... ဒါဆို စုပ်ယူပြီး ဖြည့်ဆည်းတာကျတော့ရော" သူ လက်မလျှော့ဘဲ ထပ်မေးလိုက်သည်။
ထိုအချိန်တွင် ခရမ်းရောင်ဝတ် မိန်းကလေးက ကုချင်းကြိုးတစ်ချောင်းကို ညင်သာစွာ တီးခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် "သခင်လေး... ရှင်က ဟဲဟွမ်းဂိုဏ်းအကြောင်း အထင်လွဲနေပုံရတယ်။"
သူမ၏ အကြည့်သည် လီထယ်ကျူးကို ဖြတ်သန်းသွားပြီးနောက် စစ်ချန်နှင့် အခြားသူများဆီသို့ ရောက်သွားသည်။ သူမ၏ အသံသည် ကြည်လင်ပြီး နားထောင်လို့ ကောင်းသည်
"ကျွန်မတို့ ဟဲဟွမ်းဂိုဏ်းက နှစ်ပါးသွား ကျင့်ကြံခြင်း နည်းလမ်းနဲ့ နာမည်ကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ဂုဏ်သိက္ခာရှိတဲ့ ကြီးမြတ်သော တာအိုလမ်းစဉ်ပါ။ ယင်နဲ့ ယန် သဟဇာတဖြစ်မှုနဲ့ အပြန်အလှန် အကျိုးပြုမှုကို အလေးထားပါတယ်။ လုံးဝ ယုတ်မာတဲ့ စုပ်ယူခြင်း နည်းလမ်း မဟုတ်ပါဘူး။"
အစိမ်းရောင်ဝတ် မိန်းကလေးက ဆက်ပြောသည် "ဂိုဏ်းအတွင်းမှာ တာအိုလက်တွဲဖော်တွေ အားလုံးက နှစ်ဦးသဘောတူ လက်တွဲကြတာပါ။ တစ်ဖက်က သဘောမတူရင် ဘယ်သူမှ အတင်းအကျပ် မလုပ်ရဘူး။ ဒါက ဂိုဏ်းရဲ့ သံမဏိစည်းမျဉ်းပဲ။ ချိုးဖောက်တဲ့သူတွေက အနည်းဆုံး ကျင့်ကြံမှုကို ဖျက်ဆီးခံရမယ်၊ အများဆုံး အသတ်ခံရမယ်။"
"ကျွန်မတို့လို အပြင်စည်း ဂိုဏ်းသားတွေကျတော့..."
သူမသည် ကိုယ့်ကိုယ်ကိုယ်နှင့် ဘေးပတ်ဝန်းကျင်ရှိ မိန်းကလေးများကို လက်ညှိုးထိုးပြသည် "နေမလား၊ ထွက်သွားမလား... ကိုယ်ခန္ဓာကို ရောင်းမလား၊ အနုပညာကို ရောင်းမလား ဆိုတာ ကိုယ့်သဘောဆန္ဒ အပြည့်အဝပါပဲ။ ဂိုဏ်းက ဘယ်တော့မှ အတင်းအကျပ် မခိုင်းပါဘူး။ စိတ်လိုက်မာန်ပါနဲ့ ဖြတ်လမ်းလိုက်ချင်တဲ့ ညီအစ်မတွေကိုတောင် ပြန်ပြီး တားမြစ်ပေးပါသေးတယ်။"
အခြား အနီရောင်ဝတ် မိန်းကလေးတစ်ဦးက ပြုံးလျက် ဝင်ပြောသည် "ဟဲဟွမ်းဂိုဏ်းမှာ ဂီတ၊ စစ်တုရင်၊ စာရေး၊ ပန်းချီ၊ သီဆို၊ ကပြခြင်းတွေ အားလုံးက ကျင့်ကြံခြင်း ပုံစံတွေပါပဲ။ ပါရမီ လုံလောက်ရင် ဒီပညာရပ်တွေကနေ ကြီးမြတ်သော တာအိုလမ်းစဉ်ကို သဘောပေါက်ပြီး အခြေခံတည်ဆောက်ခြင်းနဲ့ ရွှေအမြုတေအဆင့်ကို ရောက်နိုင်ပါတယ်။"
လီထယ်ကျူး ပါးစပ်အဟောင်းသား နားထောင်နေမိသည်။
ဒါက သူသိထားတဲ့ ဟဲဟွမ်းဂိုဏ်းနဲ့ လုံးဝ တခြားစီပါလား။
လူတွေကို ပြုစားတတ်တဲ့ မြေခွေးမတွေ ဘယ်ရောက်သွားလဲ။ ကျင့်ကြံသူတွေကို ခြောက်ကပ်သွားအောင် စုပ်ယူပစ်တာတွေ ဘယ်ရောက်သွားလဲ။
သူတို့က ဘယ်လိုလုပ် ကျင့်ကြံခြင်းလောကရဲ့ စံပြအလုပ်သမားတွေ၊ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားကြသူတွေ ဖြစ်သွားရတာလဲ။
ဒါ မဖြစ်နိုင်ဘူး... ဟဲဟွမ်းဂိုဏ်းက ဘယ်လိုလုပ် ဒီလောက်ထိ သင့်မြတ်လျောက်ပတ်နေရတာလဲ။
ဟေးစန်းက ကြက်ပေါင်ကို စားပြီးသွားပြီ ဖြစ်သဖြင့် ပါးစပ်သုတ်လိုက်ပြီး ကြမ်းတမ်းစွာ ပြောလိုက်သည် "ငါ့နားထဲတော့ အဆင်ပြေသားပဲ။ စည်းကမ်းလိုက်နာတယ်၊ အလုပ်ရှိတယ်၊ ကျင့်ကြံလို့လည်း ရတယ်ဆိုတော့... ဒီဂိုဏ်းက တော်တော် ကောင်းတာပဲ။"
ဟုန်ဖုန်းလည်း ခေါင်းညိတ်လိုက်သည် "မဆိုးပါဘူး။"
စစ်ချန် စဉ်းစားဟန်ပြုပြီး အစိမ်းရောင်ဝတ် မိန်းကလေးကို ကြည့်လိုက်သည် "ဒါဆို မင်းတို့ ဒီမှာ ရှိနေတာ ကိုယ့်သဘောဆန္ဒအလျောက်ပေါ့။"
"သဘာဝကျကျ ကိုယ့်သဘောဆန္ဒပါပဲ။"
အစိမ်းရောင်ဝတ် မိန်းကလေးက ပြုံးပြီး ပြန်ဖြေသည် "မသေမျိုးလမ်းစဉ်က ရှည်လျားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အသက်ရှင်ရပ်တည်ဖို့က ပိုခက်ခဲပါတယ်။ ကျွန်မတို့ကို အကာအကွယ်ပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးခဲ့တာ ဂိုဏ်းပါပဲ။"
"ဒီမှာဆိုရင် ကျွန်မတို့က ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှာဖွေစားသောက်ကြတာ။ သူများမျက်နှာ ကြည့်စရာ မလိုဘူး၊ ဘဝမတည်ငြိမ်မှာလည်း ပူစရာ မလိုဘူး။"
"ဒီလိုဂိုဏ်းမျိုးက ဘာလို့ တရားသောလမ်းစဉ် ခေါင်းဆောင် မဖြစ်ရမှာလဲ။"
"ကျွန်မတို့ နေမကောင်းဖြစ်ရင် ဂိုဏ်းက ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေတောင် ပေးပါသေးတယ်" ဟု အခြား ငယ်ရွယ်သော မိန်းကလေးတစ်ဦးက မနေနိုင်ဘဲ လီထယ်ကျူးကို မျက်စောင်းထိုးလိုက်သည်။
လီထယ်ကျူး ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဒါက ဘယ်လိုလုပ် မိစ္ဆာဂိုဏ်း ဖြစ်နိုင်မှာလဲ။ ဒါက ကျင့်ကြံခြင်းလောကရဲ့ စံပြကုမ္ပဏီ ဖြစ်နေပြီပဲ။
ငါက လူပြက် ဖြစ်သွားတာလား။
သူ စိတ်ထဲတွင် မနေနိုင်ဘဲ အော်ဟစ်လိုက်သည် "စနစ်ရေ... စနစ်... ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ ဒီဟဲဟွမ်းဂိုဏ်းက ငါသိထားတာနဲ့ မတူရတာလဲ။"
【တင်း! အချက်အလက်များကို ရှာဖွေနေပါသည်...】
【အတည်ပြုချက် ဤကမ္ဘာရှိ 'ဟဲဟွမ်းဂိုဏ်း' သည် တရားဝင် ကျင့်ကြံခြင်း အဖွဲ့အစည်း တစ်ခု ဖြစ်သည်။】
【၎င်း၏ အဓိက နှစ်ပါးသွား ကျင့်ကြံခြင်း သီအိုရီသည် ယင်နှင့် ယန် သဟဇာတဖြစ်မှုနှင့် အပြန်အလှန် အကျိုးပြုမှုကို အလေးထားပါသည်။ တာအိုလက်တွဲဖော် ဆက်ဆံရေး တည်ငြိမ်မှု၊ ကျင့်ကြံခြင်းလောက၏ မွေးဖွားနှုန်း မြင့်တက်စေမှုနှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထူးချွန်သော အကျိုးပြုမှုများ လုပ်ဆောင်ခဲ့ပါသည်။】
လီထယ်ကျူး "..."
အကျိုးပြုမှု ဟုတ်လား။ မွေးဖွားနှုန်း ဟုတ်လား။ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဟုတ်လား။ ဒီသောက်ကျိုးနည်းက မိသားစုစီမံကိန်း ကော်မရှင် ဖြစ်သွားပြီလား။
လီထယ်ကျူး ရုတ်တရက် သတိထားမိလိုက်ပြီး စနစ်ကို မေးလိုက်သည် "မင်းက ဒါကို သိနေပြီးသားမလား။ ဘာလို့ စောစောက မပြောလဲ။"
【ပိုင်ရှင်မှ မမေးဘဲ။ ပြီးတော့ ပိုင်ရှင်ရဲ့ ကြိုတင်စွဲလမ်းနေတဲ့ အတွေးတွေ လက်တွေ့ဘဝရဲ့ ရိုက်နှက်မှုကို ခံလိုက်ရတာကို ကြည့်ရတာ ဒီနေ့အတွက် ဒီစနစ်လေးရဲ့ ပျော်ရွှင်မှု အရင်းအမြစ်ပါပဲ။】
လီထယ်ကျူး "..."
စောစောက သူပြောခဲ့သော "မိစ္ဆာဂိုဏ်း"၊ "စုပ်ယူခြင်း" စသည့် စကားလုံးများကို ပြန်သတိရလိုက်ပြီး သူ့မျက်နှာတစ်ခုလုံး နီရဲသွားသည်။ မြေကြီးထဲ တွင်းတူးဝင်ချင်စိတ် ပေါက်သွားသည်။
သူတို့က မသင့်လျော်တာ မဟုတ်ဘဲ ကိုယ့်ခေါင်းထဲမှာ ညစ်ပတ်တဲ့ အတွေးတွေ၊ ကြိုတင်စွဲလမ်းမှုတွေ များနေတာကိုး။
"တောင်း... တောင်းပန်ပါတယ်ဗျာ..." လီထယ်ကျူး ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး မိန်းကလေးများကို အကြိမ်ကြိမ် လက်သီးဆုပ် ဂါရဝပြုလိုက်သည် "ကျွန်တော့်ရဲ့ ဗဟုသုတ နည်းပါးမှုနဲ့ အဓိပ္ပာယ်မရှိ ပြောဆိုမိတာတွေအတွက် ခွင့်လွှတ်ပါ။ ညီမလေးတို့ စိတ်ထဲ မထားကြပါနဲ့။"
သူ့အမှားကို ဝန်ခံသော ရိုးသားသည့် သဘောထားနှင့် ငယ်ရွယ်သော အသက်အရွယ်ကို ကြည့်ပြီး မိန်းကလေးများ၏ မကျေနပ်မှုများ ပျောက်ကွယ်သွားသည်။ အားလုံး ပါးစပ်အုပ်ပြီး ရယ်မောလိုက်ကြသည်။
အစိမ်းရောင်ဝတ် မိန်းကလေးက စနောက်လိုက်သည် "သခင်လေးက အသက်ငယ်ငယ်နဲ့ သိတာတွေကတော့ များသားပဲ။ နောက်တစ်ခါကျရင် သူများပြောတာ လိုက်မပြောနဲ့ပေါ့။"
စစ်ချန်သည် လီထယ်ကျူး၏ ရှက်ရွံ့နေသော ပုံစံကို ကြည့်ပြီး သဘောကျသွားသည်။
သူ မုန့်တစ်ခု ယူစားလိုက်သည်။ အရသာ ရှိသဖြင့် ပုခုံးပေါ်မှ ပဲနီလေးကို တစ်ဖဲ့ ကျွေးလိုက်ပြီး အစိမ်းရောင်ဝတ် မိန်းကလေးကို ပြောလိုက်သည်
"ဟဲဟွမ်းဂိုဏ်းရဲ့ နှစ်ပါးသွား ကျင့်ကြံခြင်း နည်းလမ်းက ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိပုံရတယ်။ အကျဉ်းချုပ်လောက် ရှင်းပြပေးနိုင်မလား။"
"ကျွန်တော်က ဒီလို စွမ်းအင်ပေါင်းစပ်တဲ့ တာအိုလမ်းစဉ်ကို တော်တော် စိတ်ဝင်စားလို့ပါ။"
လီထယ်ကျူး "????"
ဆရာ... သခင်... ရေ...အားးးးး
ဒါက လူကြားထဲမှာ အသေးစိတ် ဆွေးနွေးလို့ရမယ့် မေးခွန်းမျိုး ဟုတ်လို့လားဗျာ။