ဘယ်လိုရယ်…ကျွန်တော့် တတိယဦးလေးက... ခင်ဗျားရဲ့ ချစ်သူဟောင်းလား
Vol. 11 Ch. 108
"တတိယဦးလေး" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ဂိုဏ်းသခင်မစု ခေတ္တမျှ တောင့်တင်းသွားပြီးနောက် ပုခုံးပေါ်မှ တင်းမာမှုများ လျော့ကျသွားသည်။
စစ်ချန်၏ နောက်ဆက်တွဲ မေးခွန်းဖြစ်သော "သူ ခင်ဗျားဆီက ဝိညာဉ်ကျောက်တုံးတွေ ချေးထားလို့လား" ဆိုသည့် စကားက သူမကို လွမ်းဆွတ်တမ်းတမှုများထဲမှ တန်းတန်းမတ်မတ် ဆွဲထုတ်လိုက်သဖြင့် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
"ဝိညာဉ်ကျောက်တုံးတွေထက် အများကြီး ပိုပြီး ပြန်ဆပ်ရခက်တဲ့ အရာတွေကို သူ ငါ့အပေါ် အကြွေးတင်ထားတာ" ဟု သူမက ဟောက်သလိုလို နောက်သလိုလို ပြောလိုက်သည်။
ယခုအခါ ဆက်နွယ်မှုကို သိရှိသွားပြီ ဖြစ်သဖြင့် စစ်ချန်ကို ကြည့်သော သူမ၏ အကြည့်များသည် လူကြီးတစ်ဦး၏ ချစ်ခင်ကြင်နာမှုများဖြင့် နွေးထွေးလာပြီး လေသံမှာလည်း ရင်းနှီး၍ သဘာဝကျလာသည်။
"စဉ်းစားကြည့်မှ... မင်းက မင်းတတိယဦးလေး ငယ်ငယ်တုန်းကနဲ့ တော်တော် တူတာပဲ။ ရုပ်ရည်က တကယ်ပဲ ဆင်တူတယ်"
သူမသည် စစ်ချန်ကို ကျမ်းစာမျှော်စင်၏ ထောင့်တစ်နေရာရှိ ခုံတန်းရှည်တစ်ခုဆီသို့ ခေါ်သွားပြီး ကိုယ်တိုင် အသံလုံအတားအဆီး ပြုလုပ်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေသည်။ သူမ၏ မျက်လုံးများသည် အတိတ်ကာလ လူငယ်ဘဝဆီသို့ ပြန်လည် ရောက်ရှိသွားပုံရသည်။
"အဲဒီတုန်းက သူက မင်းလိုပဲ... သူ့ရဲ့ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်တယ်၊ တကိုယ်တော်ကျင့်ကြံသူလို့ ပြောပေမဲ့ ပါရမီကတော့... ကမ္ဘာမြေကို တုန်လှုပ်စေလောက်တယ်။"
"အဲဒီခေတ်တုန်းက သူ့မျိုးဆက်ထဲမှာ ဘယ်သူကမှ သူ့ကို အမီလိုက်နိုင်ဖို့ မျှော်လင့်လို့ မရခဲ့ကြဘူး။"
သူမ စစ်ချန်ကို ကြည့်ပြီး ပြုံးလိုက်သည်
"ချင်းရွှမ်အဆင့် ၃ နေရာကို မင်း ရောက်လာကတည်းက ငါ မင်းကို သတိထားမိခဲ့တာ။ ဘာလို့လဲဆိုတော့ မင်းတတိယဦးလေးက ထိပ်ဆုံးနေရာကို လွှမ်းမိုးထားပြီး ပြိုင်ဘက်တိုင်းကို အသက်ရှူမှားစေခဲ့တဲ့ အိပ်မက်ဆိုးကြီး ဖြစ်ခဲ့လို့ပဲ။"
စစ်ချန် မျက်ခုံးပင့်လိုက်သည်။ သူ့ခေါင်းထဲတွင် ပေါ်လာသော ပုံရိပ်မှာ တတိယဦးလေး စစ်ရွှေ၏ "အစ်ကိုကြီး... ဒုတိယအစ်ကို... ပြဿနာအကြီးကြီး တက်ပြီဟေ့" ဟု အော်ဟစ်နေပုံ ဖြစ်သည်။ အဲ့ဒီ့ပေါတောတောနဲ့ လူကပေါ့လေ ဟင်းးး ယုံရခက်ခက်ပဲ။
အတိတ်အကြောင်း ပြောရင်း ဂိုဏ်းသခင်မ၏ လေသံမှာ ပိုမို သက်ဝင်လှုပ်ရှားလာသည်။
"သူက ပေါ့ပေါ့ပါးပါး နေတတ်တယ်၊ ဉာဏ်ကောင်းတယ်... ပြီးတော့ တစ်ခါတလေ ဒေါသထွက်စရာ အရမ်းကောင်းတယ်။"
ဂိုဏ်းသခင်မစုက ရယ်မောရင်း ခေါင်းခါလိုက်သည်။ သူမ၏ မျက်လုံးများ တောက်ပနေသည် "သူက မင်းကို တစ်စက္ကန့်လောက် လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်အောင် လုပ်နိုင်သလို နောက်တစ်စက္ကန့်မှာ ရယ်မောသွားအောင်လည်း လုပ်နိုင်တယ်။"
သူမက သူတို့ ဘယ်လို စသိခဲ့ကြသလဲ ဆိုတာကို ပြောပြသည်။ ပြိုင်ဘက်အဖြစ်မှ အပြန်အလှန် လေးစားနားလည်သူများ အဖြစ်သို့၊ အတူတကွ ကျင့်ကြံခြင်း၊ တာအိုအကြောင်း ဆွေးနွေးခြင်းများဖြင့် အတားအဆီးမရှိ ပျော်ရွှင်ခဲ့ကြပုံများကို ပြောပြသည်။
"အဲဒီတုန်းက ဂိုဏ်းတစ်ခုလုံးက ငါတို့ တာအိုလက်တွဲဖော်တွေ ဖြစ်လာကြလိမ့်မယ်လို့ ထင်ခဲ့ကြတာ။"
သို့သော် ပုံပြင်တိုင်းတွင် အချိုးအကွေ့ ရှိတတ်သည်။
သူမက ဂိုဏ်း၏ အတောက်ပဆုံး ပုလဲရတနာ ဖြစ်ပြီး နောက်ထပ် ဂိုဏ်းသခင်မအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးအတွက် တာဝန်ရှိနေသဖြင့် သူမသည် သူနှင့်အတူ လိုက်ပါသွား၍ မရနိုင်ခဲ့ပေ။
စစ်ရွှေကတော့ ဘယ်သူမှ ချည်နှောင်ထား၍ မရနိုင်သော ကြယ်ကြွေတစ်ပွင့် ဖြစ်သည်။
"သူ့ရဲ့ တာအိုလမ်းစဉ်က ကြယ်တာရာတွေနဲ့ ပင်လယ်ပြင်ကြားမှာ ရှိတယ်တဲ့... ဘယ်ဂိုဏ်းကမှ သူ့ကို ချည်နှောင်ထားလို့ မရဘူးတဲ့" ဟု သူမက လွမ်းဆွတ်စွာ နိဂုံးချုပ်လိုက်သည်။
ဒါက စံနှုန်းနှင့် လက်တွေ့ဘဝကြား ဗျာများနေရသော၊ ထူးချွန်ထက်မြက်သော လူကြီးနှစ်ဦး၏ ကျိုးကြောင်းဆီလျော်သော်လည်း မတတ်သာသော ရွေးချယ်မှု တစ်ခုသာ ဖြစ်သည်။
သူတို့၏ ခွဲခွာမှုသည် ဂုဏ်သိက္ခာ ရှိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်ဟောင်းများ မှေးမှိန်သွားခြင်း မရှိခဲ့ပေ။
စစ်ချန် တိတ်ဆိတ်စွာ နားထောင်နေသည်။
သူ့စိတ်မချရတဲ့ တတိယဦးလေး လုပ်မယ့် ကိစ္စမျိုးနဲ့ တူနေတာတော့ အမှန်ပါပဲ။ မြာပွေချက်။
သူ ပြန်ပြောလိုက်သောအခါ သူ့အသံတွင် လူကြီးတစ်ဦးအပေါ် ထားရှိသော လေးစားမှုများ ပါဝင်နေသည်။
"ကျွန်တော် သဘောပေါက်ပါပြီ။ ဂိုဏ်းသခင်မစု... မဟုတ်ဘူး... အန်တီစု... ကျွန်တော် နားလည်ပါတယ်။"
"အန်တီ" ဟူသော စကားလုံးကြောင့် ဂိုဏ်းသခင်မစု တုန်လှုပ်သွားသည်။ ပါးပြင်များ ပူနွေးလာပြီး အလိုအလျောက် ပြန်ပြောလိုက်သည်
"ဘ... ဘယ်သူ့ကို အန်တီ ခေါ်နေတာလဲ။"
သို့သော် ဖုံးကွယ်၍ မရနိုင်သော အပြုံးက သူမ တိတ်တဆိတ် ပျော်ရွှင်နေကြောင်း ဖော်ပြနေသည်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည် "သူ... သူ နေကောင်းရဲ့လား။ သူ... နည်းနည်းလောက်တော့ တည်ငြိမ်သွားပြီလား။"
တတိယဦးလေးနှင့် မတွေ့ရတာ ကြာပြီဖြစ်သော အန်တီစုသည် တကယ် သနားစရာ ကောင်းသည်ဟု စစ်ချန် တွေးလိုက်သည်။
တူတစ်ယောက် အနေဖြင့် နောက်ဆုံးရ သတင်းများကို မျှဝေပေးရန် တာဝန်ရှိသည်ဟု သူ ခံစားလိုက်ရသည်။
ထို့ကြောင့် သူ မဆိုင်းမတွပင် လေးလေးနက်နက် ဖြေလိုက်သည် "တတိယဦးလေးက နေကောင်းပါတယ်။ ကျွန်တော် သိသလောက်တော့ သူ့ကို ဂရုစိုက်ပေးတဲ့ အန်တီ့လို တခြားအန်တီတွေ အများကြီး ရှိပါတယ်။"
ဂိုဏ်းသခင်မစု၏ မျက်နှာပေါ်မှ နူးညံ့သော အပြုံး ခဲသွားသည်။
သူတို့ကြားမှ နွေးထွေးသော လေထုသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
သွားကြားထဲမှ စကားလုံး တစ်လုံးတည်း ညှစ်ထုတ်လိုက်သည် "အို..."
ကျမ်းစာမျှော်စင်အတွင်းရှိ အပူချိန် ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏ တုံ့ပြန်မှုကို အလွန်အမင်း စိုးရိမ်ပူပန်မှုဟု မှတ်ယူလိုက်သော စစ်ချန်သည် တာဝန်သိသော သတင်းထောက်တစ်ဦးပီပီ သူသိထားသမျှ အချစ်ရေး လက်တွဲဖော် အားလုံးကို တစ်ယောက်ပြီး တစ်ယောက်ကို လက်ချိုးကာရေတွက်ပြလိုက်သည်။
နာမည်တစ်ခု တိုးလာတိုင်း လေထု ပိုအေးစက်လာသည်။
ကျွီ...
သန့်ရှင်းသော ကြမ်းပြင်၊ ရှေးဟောင်း နံရံများနှင့် အနီးနားရှိ စာအုပ်စင်များတွင် အက်ကြောင်းများ ရုတ်တရက် ပေါ်လာသည်။
ဝှီး
အိုမင်းသော ပုံရိပ်တစ်ခု သူမဘေးတွင် ပေါ်လာသည်။ မျှော်စင်စောင့် အကြီးအကဲ ဖြစ်ပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"ဂိုဏ်းသခင်မ... ဘာဖြစ်လို့လဲ။"
သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပေါက်ကွဲထွက်တော့မည့် ဝိညာဉ်ဖိအားများကို အတင်းအဓမ္မ ပြန်လည် ဖိနှိပ်လိုက်ကာ လက်ဝှေ့ယမ်းပြလိုက်သည် "ဘာမှ မဖြစ်ပါဘူး... ဆက်လုပ်စရာ ရှိတာ လုပ်ပါ။"
အကြီးအကဲသည် အက်ကြောင်းများကို ကြည့်လိုက်၊ လုံးဝ တည်ငြိမ်နေသော စစ်ချန်ကို ကြည့်လိုက်နှင့် မသွားချင်သွားချင်ဖြင့် ဆုတ်ခွာသွားသည်။
ဂိုဏ်းသခင်မစုသည် အပြုံးကို ပြန်လည် တပ်ဆင်လိုက်သော်လည်း အတော်လေး အတင်းအကျပ် လုပ်ယူထားရပုံ ပေါက်နေသည်။
သူမသည် သူတို့၏ နှုတ်ဆက်အတိတ်ကို ပြန်လည် သတိရမိသည်
မိုးဖွဲဖွဲကျနေသော ညတစ်ည... ဟဲဟွမ်းဂိုဏ်း တံခါးဝ လှေကားထစ်များပေါ်တွင် စစ်ရွှေ ရပ်နေသည်။ မိုးရေများက သူ့ပုခုံးကို စိုရွှဲနေစေသည်။
သို့သော် ကြယ်တာရာများဆီသို့ ဦးတည်ထားသော သူ့အကြည့်များသည် နက်ရှိုင်းပြီး ပြတ်သားနေသည်။
သူမ ထီးတစ်ချောင်းနှင့် သူ့နောက်သို့ ပြေးလိုက်သွားပြီး မိုးကာပေးခဲ့သည်။ သူမ၏ ကိုယ်တစ်ဝက် မိုးစိုနေခဲ့သည်။
"ရှင်တကယ်သွားမှ ဖြစ်မှာလား" ဟု တီးတိုး မေးလိုက်သည်။ ရှိုက်သံများ မိုးသံထဲတွင် ပျောက်ကွယ်သွားသည်။
"မျောင်ရင်..." စစ်ရွှေ၏ အသံ အက်ကွဲနေပြီး ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေသည် "ကိုယ် တောင်းပန်ပါတယ်။ ကိုယ့်ရဲ့ အချစ်တွေက ကြယ်တာရာတွေနဲ့ ပင်လယ်ပြင်ဆီမှာ ရှိနေလို့ပါ။"
ငယ်ရွယ်သော ဂိုဏ်းသခင်မစုသည် ထိုကဗျာဆန်ပြီး ဝမ်းနည်းစရာ ကောင်းသော နှုတ်ဆက်ပွဲကြောင့် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။
မျက်ရည်များကြားမှ သူ့ကျောပြင်ကို ကြည့်ပြီး "ကျွန်မနားလည်ပါတယ်...ကျွန်မ နားလည်ပါတယ်..."
သူက ရွက်လွှင့်သွားရမည့် သင်္ဘောတစ်စင်း ဖြစ်ပြီး သူမက မရွေ့လျားနိုင်သော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
စစ်ရွှေ လှည့်ကြည့်လိုက်ပြီး သူမလက်ကို ဆုပ်ကိုင်ကာ လေးလေးနက်နက် ပြောသည် "မျောင်ရင်... မင်း ကိုယ့်ကို စောင့်နေပေးမလား။ ကိုယ် ကြယ်ပင်လယ်ကြီးကို ဖြတ်သန်းပြီးတဲ့ အခါကျရင်... ဖြစ်နိုင်တာက..."
"ဘာမှ ဆက်မပြောပါနဲ့တော့။"
သူမ လက်ချောင်းလေးများဖြင့် သူ့နှုတ်ခမ်းကို ပိတ်လိုက်ပြီး မျက်လုံးများ အရည်လဲ့နေသည် "ဒီကြယ်ရောင်စုံတဲ့ ကောင်းကင်ကြီးကိုပဲ မှတ်ထားပေးပါ။"
ထိုစဉ်က သူမ တွေးခဲ့သည်မှာ ဒါက ငါ ရွေးချယ်ခဲ့တဲ့ ယောက်ျားပဲ... သူ့နှလုံးသားထဲမှာ ကောင်းကင်နဲ့ မြေကြီး ရှိနေတယ်။ လောကီအချစ်တွေနဲ့ ချည်နှောင်ထားလို့ မရဘူး။
အခုမှ သူမ သဘောပေါက်လိုက်သည် "ဒီ... ကောင်စုတ်။"
ဒါဆို "ကြယ်တာရာတွေနဲ့ ပင်လယ်ပြင်" ဆိုတာ ကြယ်တွေလောက် များပြားတဲ့ အချစ်ရေး လက်တွဲဖော် ပင်လယ်ကြီးကို ပြောတာလား။
ဟိုတုန်းက ပြောခဲ့တဲ့ စကားလုံး လှလှလေးတွေက... ကျင့်သားရနေတဲ့ ဇာတ်ညွှန်းတွေလား။
သူမ တွေးလေ ဒေါသထွက်လေ ဖြစ်ပြီး ဝိညာဉ်ဖိအားများ နောက်တစ်ကြိမ် လှုပ်ခတ်လာပြန်သည်။
သို့သော် စစ်ချန်၏ အပြစ်ကင်းစင်သော "ကျွန်တော်က အချက်အလက်တွေကို တင်ပြရုံပါ" ဆိုသည့် မျက်နှာထားကို ကြည့်ပြီး သူမ ပေါက်ကွဲလို့ မရနိုင်ပေ။
အခုအချိန်မှာ စစ်မိသားစုဆီ အပြေးသွားပြီး အဲဒီ လူယုတ်မာကောင်ကို ဆွဲထုတ်ကာ သူ့ရဲ့ "ကြယ်ပင်လယ်ကြီး" ထဲမှာ "အန်တီ" ဘယ်နှယောက်လောက် ဆံ့သလဲ ဆိုတာ မေးလိုက်ချင်သည်။
"ချန်လေး..."
သူမ အသက်ရှူလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်သည် "မင်းမှာ... သူ့ကို ဆက်သွယ်လို့ရမယ့် နည်းလမ်း ရှိလား။"
"ရှိပါတယ်။"
စစ်ချန် ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည် "အန်တီစုက တတိယဦးလေးကို အရမ်းလွမ်းနေမှတော့ ဒါကို ယူထားလိုက်ပါ။ ကျွန်တော့်မှာ တခြားဟာတွေ ရှိပါသေးတယ်။"
ကြမ်းပြင်တွေ အက်ကွဲသွားတဲ့အထိ ချစ်ခင်စွဲလမ်းနေမှတော့ တတိယဦးလေးနဲ့ စကားပြောချင်မှာ သေချာတယ်ဟု သူ ယူဆလိုက်သည်။
"ကောင်းတယ်... အရမ်းကောင်းတယ်။"
ဂိုဏ်းသခင်မစု အဆောင်ကို ယူလိုက်ပြီး အလွန် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည် "အန်တီ သေချာပေါက်... သူနဲ့ ကောင်းကောင်း စကားပြောလိုက်ပါ့မယ်။"
... တစ်ချိန်တည်းမှာပင် အဝေးရောက် စစ်မိသားစု အိမ်တော်၌ စစ်ရွှေသည် ခြေချိတ်ထိုင်ကာ ပျော်ရွှင်စွာ သီချင်းညည်းနေသည် "ငါက လှည့်လည်သွားလာနေတဲ့ ကြယ်တစ်ပွင့်... မရေမတွက်နိုင်တဲ့ မိန်းမပျိုလေးတွေရဲ့ နှလုံးသားကို ဖြတ်သန်းပျံသန်းနေ... အား..."
သူ ကုလားထိုင်ပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး အကြောင်းပြချက် မရှိဘဲ ကျောရိုးထဲမှ စိမ့်တက်ကာ တုန်ရီသွားသည်။
"ထူးဆန်းတယ်..." သူ လက်မောင်းများကို ပွတ်သပ်လိုက်သည်။ "ဘာလို့ ကျောချမ်းသွားတာလဲ။"
အပြင်ဘက်တွင် နေရောင် တောက်ပနေပြီး အရာအားလုံး ပုံမှန် ဖြစ်နေသည်။
သူ ခေါင်းကုတ်လိုက်ပြီး ပြန်ထိုင်ကာ သံစဉ်လွဲနေသော သီချင်းကို ဆက်ဆိုလိုက်သည် "ငါက အချစ်များစွာ ပိုင်ဆိုင်တဲ့ ကြယ်တစ်ပွင့်... အဆုံးမဲ့ အထီးကျန် နှလုံးသားတွေကို အလင်းပေးနေ... သေစမ်းကွာ..."
သီချင်းဆိုနေရင်း တန်းလန်း သူ မတ်တပ် ထရပ်လိုက်ပြန်သည်။ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။
ဒီတစ်ခါ ခံစားချက်က ပြင်းထန်လွန်းသဖြင့် မြီးညှောင့်ရိုးတောင် ကျဉ်သွားသည်။
သံသယဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ပေါင်ကို ရိုက်ချလိုက်ကာ သေချာပေါက် ပြောလိုက်သည် "ဒုတိယအစ်ကို ငါ့အတင်း ပြောနေတာ ဖြစ်မယ်။"
(အမျှ အမျှ အမျှ)