အခန်း (၁၀၁-၁၀၂)
Vol. 6 Ch. 101-102
အခန်း (၁၀၁)
တောင်တန်းကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ပါးလွှာသောမြူခိုးတို့သည် ရံဖန်ရံခါ လွှမ်းခြုံထားတတ်၏။ လေပြည်အဝှေ့တွင် သစ်ရွက်ကြွေများ လွင့်ပျံတက်လာကာ မြက်ပင်ငယ်လေးများ ယိမ်းနွဲ့နေကြသည်။ သို့သော် သေချာစွာ ကြည့်ရှုပါက တောင်ဆင်းလမ်း၌ လူရိပ်နှစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ သူတို့၏ မျက်နှာသည် တည်ငြိမ်အေးဆေးနေကြ၏။
ရုတ်တရက်ဆိုသလိုပင် သူတို့သည် အံ့အားသင့်စရာကောင်းသည့်အဖြစ်အပျက်တစ်ခုကိုကြုံတွေ့လိုက်ကြရသည်။ ကောင်းကင်ထက်မှ ဒဏ်ရာအပြင်းအထန် ရရှိထားသော အမျိုးသမီးတစ်ဦးသည် တောင်တန်းပေါ်သို့ ဝိညာဉ်လက်နက်ကို စီးနင်းလျက် ဆင်းသက်လာ၏။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်သည် ယိမ်းယိုင်နေပြီး ဝတ်ဆင်ထားသော အဝါရောင် ဂါဝန်ရှည်သည် သွေးများဖြင့် ရဲရဲနီနေသည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျနေပြီး မျက်ဝန်းထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။
တိုက်ဆိုင်စွာပင် သူမ ဆင်းသက်သည့်နေရာသည် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ရှေ့တည့်တည့် ခြေတစ်လှမ်းအကွာ၌ ဖြစ်နေသည်။ သို့သော် သူမသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ ဖြစ်သဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့က သူမထက် ဦးစွာ သတိပြုမိလိုက်ကြသည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် လေးနက်စွာ ကြည့်လိုက်ကြ၏။ ဓားပြဝတ်စုံများ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး နွားနက်ကြီးသည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။
လေထဲတွင် ရှိနေသော အဝါရောင်ဝတ် အမျိုးသမီးသည် လန့်ဖျပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ဤနေရာတွင် အဘယ်ကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ဓားပြများ ရှိနေရသနည်း။
မဟုတ်သေး...
ကျင့်ကြံသူများ ဖြစ်ပုံရသည်။ အမျိုးသမီးသည် သတိကြီးစွာထားကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ သက်ဆင်းလိုက်၏။ လက်ထဲတွင် သေးငယ်သောဓားတစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လေးနက်စွာ ပြောလိုက်သည်။
"တာအိုမိတ်ဆွေတို့... ကျေးဇူးပြုပြီး..."
လေမုန်တိုင်းနှစ်ခုသည် ပြင်းထန်စွာ တိုက်ခတ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။ မြန်ဆန်လွန်းလှသဖြင့် အမျိုးသမီး၏ ဂါဝန်စများပင် တဖျပ်ဖျပ် လွင့်ပျံသွား၏။ သူမသည် မျက်လုံးအပြူးသားဖြင့် လေထဲတွင် အံ့အားသင့် ကျန်ရစ်ခဲ့ပြီး ဆွံ့အနေမိသည်။
အဝေးတစ်နေရာ...
မိုင်ပေါင်း ၈၀၀ ခန့် အကွာတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆက်လက် ပြေးလွှားနေကြဆဲ ဖြစ်သည်။ နတ်အသိများကို နေရာအနှံ့ ဖြန့်ကျက်ထား၏။
"နွားကြီး... ဒီမိန်းမက အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ရောက်နေပြီ... နောက်ခံ အင်အား မသေးလှဘူး" ချန်ရွှင်က ပြေးလွှားရင်း ပြောလိုက်သည်။
"ဒီ ချင်နိုင်ငံမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တဲ့သူတိုင်း နန်ဒုတောင်နဲ့ မပတ်သက်တဲ့သူ ဘယ်သူရှိလို့လဲ... ငါတို့ ဝင်မပါမိစေနဲ့"
"မွန်း"
နွားနက်ကြီးက ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ခြေထောက်လေးချောင်းတွင် လေများ တိုက်ခတ်နေ၏။ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်သူဆိုလျှင် နောက်တွင် လိုက်လာမည့်သူများ ရှိနေမည်မှာ သေချာသည်။ သာမန် သူများ ဆိုလျှင် သူတို့ ဆေးမြစ်အချို့ ပေးခဲ့မည် ဖြစ်သော်လည်း ဤကဲ့သို့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမျိုးကိုမူ ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်သည်။
"နွားကြီး... အရှေ့ဘက်ကို သွားမယ်"
"မွန်း"
နောက်ထပ် အရှိန်မြှင့်တင်လိုက်ကြပြီး ပုံရိပ်နှစ်ခုသည် လုံးဝ ပျောက်ကွယ်သွားကြသည်။ ဤအနီးအနားတဝိုက်တွင် သူတို့၏ ရုပ်ရည်ကို မြင်ဖူးသူ မရှိသလို သူတို့ကို သိရှိသူလည်း မရှိပေ။
တစ်လ ကြာမြင့်ပြီးနောက်...
ဇီယန်ပြည်နယ်နှင့် ခိုင်ယန်ပြည်နယ် နယ်နိမိတ်ချင်း ထိစပ်နေသော နေရာတွင် မြင့်မားမတ်စောက်သော နှင်းတောင်တန်းကြီးသည် ပြာလဲ့နေသော ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်နေပြီး ခမ်းနားထည်ဝါစွာတည်ရှိလေသည်။ နှင်းတောင်တန်းသည် ရှည်လျားစွာ သွယ်တန်းနေ၏၏၏။ နှင်းတောင်တန်း၏ အဓိကတောင်ထွတ်ကို လှမ်းမျှော်ကြည့်လိုက်လျှင် ငွေရောင်နဂါးတစ်ကောင် ကောင်းကင်တွင် ဝပ်ဆင်းနေသကဲ့သို့ ရှိပြီး အရှိန်အဝါ ကြီးမားကာ ငွေရောင်အလင်းတန်းများ တောက်ပနေသည်။
အာရုဏ်ဦးနှင်းတောင်တန်း သည် ပတ်ဝန်းကျင် ဒေသခံ များ၏ စိတ်နှလုံးထဲမှ မွန်မြတ်သော တောင်တော် ဖြစ်သည်။ ဆက်စပ်နေသော နှင်းတောင်ထွတ်များသည် ပြည်နယ်နှစ်ခုကို ပိုင်းခြားထား၏။ အဝေးမှ လှမ်းကြည့်လိုက်ရုံဖြင့် မိမိကိုယ်မိမိ သေးငယ်သွားသကဲ့သို့ ခံစားရပြီး သဘာဝတရား၏ ကြီးမားသော ပုံဖော်မှုကို တိတ်တဆိတ် ချီးကျူးမိပေသည်။ တောင်ကုန်းတောင်တန်း ထောင်ပေါင်းများစွာသည် အဖြူရောင်များသာ ဖုံးလွှမ်းနေပြီး ငွေရောင်အလင်းတန်းများ တောက်ပနေသည်။
ပုံရိပ်နှစ်ခုသည် ကောင်းကင်အစွန်းတွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူတို့သည် ကျယ်ပြောလှသော နှင်းပြင်ထဲတွင် လမ်းလျှောက်နေကြ၏။ ပင်လယ်နက်ကြီးထဲတွင် အသက်အောင့်ထားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နက်ရှိုင်းရာသို့ တိုးဝင်နေကြသည်။ လေအေးများများ အဆက်မပြတ် တိုက်ခတ်နေပြီး ကြည်လင်သော နှင်းပွင့်များသည် သူတို့၏ ကိုယ်ပေါ်သို့ ကျရောက်ကာ ဖြည်းညှင်းစွာ အရည်ပျော်သွားကြသည်။
"နွားကြီး... တကယ် ခမ်းနားတာပဲကွာ"
"မွန်း"
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ခြေလှမ်းကိုရပ်လိုက်သည်။ သူတို့သည် အဝေးကို ကြည့်လိုက်ကြပြီး အံ့ဩဘနန်းဖြစ်နေကြသည်။ အာရုဏ်ဦးနှင်းတောင်တန်းသည် နန်ဒုတောင်လောက် မကြီးကျယ်သော်လည်း ထူးခြားသော ရှုခင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး သူတို့ကို အံ့အားသင့်စေသည်။ ဤခရီးလမ်းတစ်လျှောက်တွင် သူတို့ သတင်းအချက်အလက် အများအပြား စုံစမ်းခဲ့ကြ၏။ ချင်နိုင်ငံသည် အေးချမ်းသာယာနေပြီး မင်းဆက် ပြောင်းလဲခြင်း မရှိသေးပေ။
ကမ္ဘာလောကကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ဖြစ်နေပြီး နှင်းပွင့်များ ကျဆင်းသံကိုသာ ကြားနေရသည်။ သေးငယ်သော ပုံရိပ်နှစ်ခုသည် အာရုဏ်ဦးနှင်းတောင်တန်း၏ ရှေ့တွင် ရပ်နေကြ၏။ မိုးနှင့်မြေကြားတွင် မတ်မတ်ရပ်နေသော သတ္တဝါကြီးတစ်ကောင်က ပုရွက်ဆိတ်နှစ်ကောင်ကို အဝေးမှ စီးမိုးကြည့်ရှုနေသကဲ့သို့ ရှိသည်။
"နွားကြီး... အရာအားလုံးအပေါ်မှာ လေးစားရိုသေတဲ့စိတ် ထားရှိပါ... တွေ့ကြုံရသမျှ အရာအားလုံးက... အံ့သြစရာတွေချည်းပါပဲ"
ချန်ရွှင်သည် တုန်ရီသောအသံဖြင့် ပြောလိုက်သည်။ ရင်ထဲတွင် အဘယ်ကြောင့် ကြည်နူးမှုများ ဖြစ်ပေါ်လာသည်ကို မသိရသော်လည်း သူတို့၏ ထာဝရအသက်ရှင်ခြင်းသည် အဓိပ္ပာယ် ရှိလှသည်။ ကြိုးကြာဖြူသစ်ပင်မှလွဲ၍ပေါ့ ဟု ချန်ရွှင် စိတ်ထဲတွင် တိတ်တဆိတ် ဖြည့်စွက် ပြောလိုက်မိသည်။
"မွန်း မွန်း"
နွားနက်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ပြီး ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်နေသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေကြ၏။ အံ့သြမှုများဖြင့် နှင်းတောင်တန်းကြီးကို ကြည့်ရှုနေကြပြီး အချိန်များတစတစကုန်ဆုံးသွားသည်ကိုပင် သတိမထားမိကြပေ။
နေ့ဝက်ခန့် ကြာသောအခါ ချန်ရွှင် လက်ယားလာပြီး ပန်းချီကားချပ်ကို ထုတ်ယူလိုက်သည်။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။
"နွားကြီး... ဒီလို ထူးဆန်းတဲ့ ရှုခင်းမျိုးကို ပန်းချီဆွဲမှတ်တမ်းတင်ထားရမယ်"
"မွန်း မွန်း"
နွားနက်ကြီး လန့်ဖျပ်ပြီး ထရပ်လိုက်သည်။ အစ်ကိုကြီး... နောက်တစ်ခါလောက် ပြန်စဉ်းစားပါဦး ဟု ပြောနေသယောင် ရှိ၏။
"ဟားဟား... နွားကြီး... ဒီနှစ်တွေမှာ ငါ့ရဲ့ ပန်းချီပညာ အရည်အချင်းတွေ တိုးတက်လာပြီ... မင်းက ငါ့ကို အထင်သေးရဲတာလား"
"မွန်း"
နွားနက်ကြီးသည် မတတ်သာဘဲ ခေါင်းညိတ်လိုက်ပြီး ခေါင်းကို ချန်ရွှင်၏ ပခုံးပေါ် တင်လိုက်သည်။ ချန်ရွှင် မျက်နှာ အနည်းငယ် ရဲသွားသည်။ အမှန်အတိုင်း ပြောရလျှင် သီချင်းဆိုခြင်းနှင့် ပန်းချီဆွဲခြင်းတွင် သူ ဘယ်သူ့ကိုမှ အသိအမှတ် မပြုဖူးပေ။ ဤကျင့်ကြံခြင်းလောကတွင် ပန်းချီဆရာကျော်၊ ဂီတဆရာကျော်များ ရှိလျှင်ပင် သူ၏ အသိအမှတ်ပြုခြင်းကို ဘယ်တော့မှ ရရှိမည် မဟုတ်ပေ။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် စိတ်ပါလက်ပါ ဖန်တီးမှု စတင် ပြုလုပ်ကြသည်။ နွားနက်ကြီးသည် ဘေးနားတွင် စိတ်မရှည်စွာဖြင့် တမွန်းမွန်း အော်ဟစ်နေ၏။ ချန်ရွှင် ဆွဲနေသည်မှာ ထင်းချောင်းပုံ လူတစ်ယောက်ဖြစ်နေသည်မဟုတ်ပါလား။
"နွားကြီး... ပါးစပ်ပိတ်ထားစမ်း... မင်းက ငါ့ရဲ့ တာအိုနှလုံးသားကို လာပြီး နှောင့်ယှက်ရဲတယ်ပေါ့"
ချန်ရွှင်၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။ ဒီလောက် အေးတဲ့ နှင်းတောထဲမှာ ဘာလို့ ပူနေရတာလဲ...
"မွန်း"
နွားနက်ကြီး စိတ်မရှည်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို ချန်ရွှင်၏ ကိုယ်ပေါ်သို့ တင်လိုက်သည်။ သူတို့သည် အစာရှောင်ဆေးတစ်လုံးကို တိုက်ရိုက် သောက်လိုက်ကြသည်။ ဤ ပြိုင်ဘက်ကင်း လက်ရာမွန်ကြီးကို အပြီးမသတ်ဘဲ နေလိုက်လျှင် အလကား လာရကျိုးနပ်မည် မဟုတ်ပေ။
သုံးရက်ဆက်တိုက် သူတို့သည် နှင်းပုံထဲတွင် ထိုင်လျက် ပန်းချီဆွဲကြသည်။ နောက်ဆုံးတွင် လက်ရာမွန်ကြီး ပြီးစီးသွားခဲ့သည်။ ကျယ်လောင်သော ရယ်မောသံများသည် လေတိုက်သံများကိုပင် ဖုံးလွှမ်းသွား၏။
"နွားကြီး... ဘယ်လိုလဲ"
ချန်ရွှင်သည် ပန်းချီကားချပ်ကို မြှောက်ပြလိုက်သည်။ သူ ကြက်သီးတဖြန်းဖြန်းထနေသည်။ သေးပေါက်ချင်၍မဟုတ်ပါ။
"မွန်း..."
နွားနက်ကြီး သက်ပြင်းချလိုက်သည်။ အလွန်ကောင်းသည်ဟု သူထင်သည်။
ဤပန်းချီတွင် သူ့၏ ကြိုးပမ်းအားထုတ်မှုများလည်း ပါဝင်နေသည်။ သို့သော် နွားနက်ကြီး အနည်းငယ် သံသယ ဝင်မိသည်။ ပန်းချီကားထဲက ငါ့ပုံစံက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ... ဒါက ချန်ရွှင် မြင်တဲ့ ငါ့ပုံစံများလား... (ဤပန်းချီကားသည် ချန်ရွှင် ကိုယ်တိုင် ရေးဆွဲထားခြင်း ဖြစ်ပြီး ခိုးယူသုံးစွဲပါက တရားသူကြီးထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းမည် ဖြစ်သည်။)
အခန်း (၁၀၂)
"နွားကြီး... နောက်ကျရင် နှင်းတောင် တစ်ခုခုကို ပြောင်းပြီး အိမ်လေး တစ်လုံး ဆောက်ကြမယ်"
ချန်ရွှင်သည် ဖျော့တော့စွာ ပြုံးလိုက်ပြီး မျက်စိရှေ့မှောက်တွင် ရှိနေသော ဖြူဖွေးသန့်စင်သည့် တိမ်ပင်လယ်ကြီးကို မျက်လုံးမှေးစင်းလျက် ကြည့်ရှုနေသည်။ မကြာမီကမှ ငြိမ်သက်နေသော တိမ်များသည် မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားလာပြီး လှိုင်းတံပိုးများ ထန်လာကြ၏။
"မွန်း"
နွားနက်ကြီးက အော်မြည်လိုက်သည်။ ဤသည်မှာ သူတို့ လုံးဝ စိတ်ကူးမယဉ်ဖူးသော ခမ်းနားထည်ဝါသည့် ရှုခင်းများ ဖြစ်သည်။ ကျင့်ကြံခြင်းက အတော်ပင် ကောင်းသည်။ အကယ်၍ သူတို့သာ သာမန်လူသားများ ဖြစ်နေကြသေးလျှင် ဤကဲ့သို့သော မဟာနှင်းတောင်ကြီးကို မည်သို့ တက်ရောက်ရဲကြမည်နည်း။ ထို့အပြင် ဝူယွင်ဂိုဏ်း (သို့မဟုတ်) နန်ဒုတောင်တွင် ရှိစဉ်က ဘေးကင်းလုံခြုံသော ပျံသန်းမှု အကွာအဝေးဆိုသည်မှာ ရှိခဲ့ပြီး ယခုကဲ့သို့ လွတ်လပ်မှုမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ သို့သော် ဤကမ္ဘာလောကကြီး၏ ကျယ်ပြောမှုနှင့် ချင်နိုင်ငံ၏ ကြီးမားသော နယ်မြေအကျယ်အဝန်းကို ကျေးဇူးတင်ရမည် ဖြစ်သည်။ မဟုတ်လျှင် နေရာတိုင်း၌ အကန့်အသတ်များနှင့် ကြုံတွေ့နေရပေလိမ့်မည်။
ချန်ရွှင်သည် လှဲချလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ခုထားကာ မျက်လုံးများထဲတွင် စဉ်းစားခန်း ဝင်နေသည်။ စိတ်နှလုံးသည် အလွန် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ နွားနက်ကြီးသည် သံသယဖြင့် နှစ်ချက်မျှ အော်မြည်လိုက်ပြီး ချန်ရွှင်ကဲ့သို့ပင် လှဲချလိုက်၏။ သူသည် တိမ်ပင်လယ်ကြီးကို ကြည့်ရှုနေသည်။ သူ့တွင် ထိုမျှလောက်သော အတွေးများ မရှိပေ။ နေရောင်ခြည်သည် အလွန်ူပူပြင်းစွာ တောက်ပနေပြီး သူတို့၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေသဖြင့် တစ်ကိုယ်လုံး ရွှေရောင် တောက်သကဲ့သို့ ဖြစ်နေသည်။
"ထူးခြားတဲ့ နိမိတ်ပုံရိပ်... ဟိုတုန်းကတော့ မြင်ဖူးခဲ့တယ်... ဒါပေမဲ့ တိမ်တွေကြားထဲမှာတော့ ဟုတ်မယ်မထင်ဘူး"
ချန်ရွှင် တိုးတိုးလေး ရေရွတ်လိုက်သည်။
"တကယ်လို့ ငါတို့ တိမ်တွေ အပေါ်မှာ ရွှေအမြူတေ ဖွဲ့စည်းရင်ရော... ဘယ်သူ သိမှာလဲ..."
"မွန်း"
"ကိစ္စမရှိပါဘူး နွားကြီး... မင်း ကြည့်စရာ ရှိတာ ကြည့်ပါ…. တိမ်တွေဆိုတာ အဆုံးမရှိပါဘူးလေ ငါတို့ရဲအတွေးတွေလိုပေါ့"
"မွန်း"
နွားနက်ကြီးသည် ရယ်မောလိုက်ပြီး ခေါင်းကို လှည့်ကာ တိမ်ပင်လယ်ကြီးကို ဆက်လက် ကြည့်ရှုနေသည်။ ချန်ရွှင် နောက်လိုက်ရသည်မှာ ပျော်ဖို့ ကောင်းသည်။
"ဒါပေမဲ့ ဒီနေရာမှာ နှင်းတောင်တွေ များလွန်းတယ်... သေချာ လေ့လာစောင့်ကြည့်ရမယ်... ငါနဲ့ နွားကြီးရဲ့ ကိစ္စကြီးကို ဖျက်ဆီးမယ့် အရာတွေ မရှိအောင် လုပ်ရမယ်"
ချန်ရွှင်၏ မျက်လုံးများ အေးစက်သွားသည်။ သူတို့တွင် နောက်ခံ အင်အား မရှိသဖြင့် သတိဝီရိယ ရှိမှသာ ဘေးအန္တရာယ် ကင်းဝေးမည် ဖြစ်သည်။ သူ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"နွားကြီး... ငါ မင်းကို နှင်းလျောစကိတ်စီးနည်း သင်ပေးမယ်... ငါ စကိတ်စီးတဲ့ ပျဉ်ပြား သွားလုပ်လိုက်ဦးမယ်... ပြီးရင် ဒီနေရာကနေ တန်းပြီး လျှောဆင်းကြမယ်"
"မွန်း"
နွားနက်ကြီးသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤနေရာကနေ လျှောဆင်းသည်ဆိုတာ ဘာအဓိပ္ပာယ် ဆိုသည်ကို သူ နားမလည်ပေ။ ချန်ရွှင်သည် လျှို့ဝှက်စွာ ပြုံးလိုက်ပြီး အင်မော်တယ်ဓားကို ထုတ်ကာ နွားနက်ကြီးကို တင်ဆောင်လျက် ကုန်ကြမ်းပစ္စည်း ရှာဖွေရန် ထွက်ခွာသွားလေသည်။
နောက်တစ်နေ့တွင် နေရောင်ခြည်သည် တောက်ပနေဆဲ ဖြစ်သည်။
အာရုဏ်ဦးနှင်းတောင်တန်းပေါ်တွင်...
အကယ်၍ အဝေးမှ ရပ်ကြည့်ပါက အရိပ်မည်းမည်းနှစ်ခုသည် တောင်ထိပ်မှ အောက်ဘက်သို့ ထိုးဆင်းနေသည်ကို တွေ့ရမည် ဖြစ်ပြီး ပါးစပ်မှလည်း တစ်စုံတစ်ရာကို အော်ဟစ်နေကြသကဲ့သို့ ရှိသည်။ အကယ်၍ အနီးကပ် ကြည့်ရှုမည်ဆိုပါမူ အရိပ်မည်းမည်းနှစ်ခုသည် အဆက်မပြတ် လိမ့်ဆင်းနေကြပြီး ပါးစပ်မှ အသံများသည်လည်း ပိုမို ပြတ်သားလာသည်။
"အား... သေပါပြီ... နွားကြီး... ငါတို့သေပြီထင်တယ်..."
"မွန်း... မွန်း..."
ကြောက်လန့်တကြား အော်ဟစ်သံနှစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွား၏။ သူတို့ မတော်တဆ ဖြစ်ကာ နှင်းတောင်ထိပ်မှ လိမ့်ကျလာခြင်း ဖြစ်သည်။ မြင့်မားမတ်စောက်သော နှင်းတောင်တန်းကြီးပေါ်တွင် နှစ်ပေါင်းများစွာ စုပုံနေသော နှင်းဖြူဖြူများ ဖုံးလွှမ်းနေသည်။ အာရုဏ်ဦးနှင်းတောင်တန်းသည် အမြဲတမ်း အထီးကျန်ဆန်နေခဲ့သော်လည်း ယနေ့တွင်မူ သက်ဝင်လှုပ်ရှားမှုများနှင့် တက်ကြွမှုများ ရှိလာခဲ့ပြီ ဖြစ်သည်။
နှစ်ရက် ကြာပြီးနောက်...
နေသာနေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နည်းစနစ်များကို ကျွမ်းကျင်သွားကြပြီ ဖြစ်သည်။ သူတို့သည် အပေါ်မှ အောက်သို့ လျှောဆင်းနေကြပြီး နားထဲတွင် လေတိုးသံများကို ခံစားနေကြ၏။ အရာအားလုံးကို မေ့လျော့ထားပြီး ပျော်ရွှင်မှုကိုသာ ခံစားနေကြသကဲ့သို့ရှိသည်။
"ဝူး... ဟူး... နွားကြီး... ပြီးသွားပြီဟေ့"
"မွန်း မွန်း"
"ဟားဟားဟား"
နှင်းတောင်ထွတ်တွင် ကွေ့ကွေ့ကောက်ကောက်စွပ်ကြောင်းများစွာ ပေါ်ပေါက်လာပြီး အဝေးမှကြည့်လျှင် လူတစ်ယောက်ယောက်က ရေးခြစ်ထားသကဲ့သို့ ဖြစ်နေသည်။ ချန်ရွှင်သည် တစ်ခါတစ်ရံတွင် သက်ပြင်းချမိတတ်၏။ ထာဝရအသက်ရှင်ခြင်းကို ရရှိလိုက်သည်နှင့်အမျှ စိတ်ညစ်စရာများကိုလည်း မေ့ပျောက်သွားသကဲ့သို့ ခံစားရသည်။ သို့သော် မတော်တဆမှုဆိုတာ လာမည့်ဘေး ပြေးမလွတ်ပေ။
နှင်းထုပြိုကျလာသည်။
ကြီးမားသော နှင်းထုကြီးသည် ၀ုန်းခနဲပြိုကျလာပြီး မြေပြင်ကို သိမ့်သိမ့် တုန်ခါသွားစေသည်။ ဝုန်းခနဲ မြည်ဟည်းသံကြီးများသာ ကြားလိုက်ရပြီး တောင်ပူစာငယ်တစ်ခုပမာ ရှိသော နှင်းတောင်ကြီးသည် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ လျင်မြန်စွာ ပြိုဆင်းလာတော့သည်။ နှင်းထုကြီးသည် နေရာအနှံ့ ပျံ့နှံ့သွားပြီး မိုးခြိမ်းသံကဲ့သို့ အသံကြီးများ ထွက်ပေါ်ကာ လူတစ်ယောက်နှင့် နွားတစ်ကောင်ကို ဖုံးလွှမ်းသွားသည်။
နှင်းပင်လယ်ကြီးသည် သူတို့ကို ချက်ချင်း ဝါးမြိုသွားသည်။ ရုတ်တရက် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာသည်။ နှင်းပင်လယ်ကြီးထဲတွင် အနီရောင် အလင်းတန်းများ တောက်ပလာပြီး မရေမတွက်နိုင်သော နှင်းဖြူဖြူများ ပေါက်ကွဲထွက်သွား၏။ နှင်းပြိုကျမှုပင် ရပ်သွားသကဲ့သို့ ဖြစ်သွားပြီး ပုံရိပ်နှစ်ခုသည် ဓားပျံစီးကာ ချက်ချင်း ပြေးထွက်သွားကြသည်။
သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေပြီး အော်ဟစ်လိုက်ကြသည်။
"ဒါလောက်ပဲလား... ဟမ်…."
"မွန်း မွန်း မွန်း"
"နွားကြီး... သွားမယ်"
"မွန်း"
ကောင်းကင်အပြည့် နှင်းပွင့်များ လွင့်ပျံနေပြီး ပုံရိပ်နှစ်ခုသည် လွတ်လပ်ပေါ့ပါးစွာ ထွက်ခွာသွားကြသည်။ သို့သော် ဤကိစ္စကြောင့် ချန်ရွှင်အတွက် အရေးကြီးသော ကိစ္စတစ်ခုကို အတည်ပြုနိုင်ခဲ့သည်။ ဤနေရာသည် လူသူကင်းမဲ့သော နေရာတစ်ခုဖြစ်သည်မှာ မှန်သည်။ တောင်ပေါ်တွင် ငှက်တစ်ကောင်ပင်မရှိပေ။
နောက်ပိုင်း ရက်များတွင် ချန်ရွှင်သည် ကတိအတိုင်း နွားနက်ကြီးအတွက် မြေကောင်းရာ အရပ်တစ်ခုကို ရှာဖွေပေးခဲ့သည်။ ဘေးနားတွင် ရေခဲတောင်မှ စီးဆင်းလာသော စမ်းချောင်းငယ်လေး တစ်ခု ရှိသည်။ ဤနေရာသည် မြေဆီလွှာ ကောင်းမွန်ပြီး စိမ်းလန်းစိုပြေကာ အဝေးတွင် နှင်းတောင်ထွတ် တစ်ခု ရှိသဖြင့် လေကောင်းလေသန့် ရရှိသည်။
နွားနက်ကြီးသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ကျမတတ် ဖြစ်နေသည်။ ချန်ရွှင်က သူ့ကို လိမ်ညာခြင်း မရှိပေ။ သူတို့သည် တောင်ခါးပန်းတွင် နေထိုင်ကြသည်။ အိမ်လေးတစ်လုံး ဆောက်လုပ်ထားပြီး ချန်ရွှင်သည် လှုပ်ကုလားထိုင် တစ်လုံး လုပ်ကာ စာအုပ်ကို ကိုင်လျက် လယ်ထွန်နေသော နွားနက်ကြီးကို ရံဖန်ရံခါ လှမ်းကြည့်နေ၏။
နေရာတစ်ခု... လူတစ်ယောက်... နွားတစ်ကောင်နှင့်... နွေမိုးဆောင်း အချိန်ကာလများ….
ဘဝသည် နောက်ဆုံးတွင် နှေးကွေးသွားခဲ့ပြီး ချန်ရွှင်သည် စိတ်ထဲတွင် အလွန် တည်ငြိမ်အေးချမ်းနေသည်။ အိမ်ရှေ့တွင် ထိုင်ကာ စိတ်ကို လွှတ်ထားလေ့ ရှိသည်။ ဘာကိုမှ မတွေးဘဲ နေ့ရက်တိုင်းသည် ငြိမ်းချမ်းနေ၏။ နံနက်ခင်းတွင် လေပြေလေး တိုက်ခတ်လာပြီး လတ်ဆတ် မွှေးကြိုင်သော မြေနံ့သင်းသင်းလေးများ မျက်နှာကို လာရောက် ရိုက်ခတ်သည်။ နွားနက်ကြီးသည် အဝေးသို့ ပြေးထွက်သွားပြီ ဖြစ်သည်။
ချန်ရွှင်သည် အိမ်ရှေ့တွင် ထပ်မံ ထိုင်နေပြီး အရှေ့အရပ်မှ နေထွက်လာသည်ကို ကြည့်ကာ မျက်ဝန်းများ လေးနက်လာသည်။ သူသည် မကြာခဏ အဝေးကို လှမ်းမျှော်ကြည့်တတ်ပြီး အတိတ်က အကြောင်းအရာများကို ပြန်တွေးမိတိုင်း လှပမှုများနှင့် လွမ်းဆွတ်မှုများသာ ရှိနေသည်။
"ဒီအချိန် ဆိုရင်... မင်းတို့လည်း ထွက်သွားလောက်ပြီ ထင်တယ်..."
ချန်ရွှင်သည် အဝေးကို ကြည့်ရင်း ဖျော့တော့စွာ ပြုံးလိုက်သည်။
"အင်မော်တယ် လမ်းခရီးမှာ တာအိုမိတ်ဆွေများအားလုံး... အစစအရာရာ အဆင်ပြေကြပါစေ... ဘေးကင်းကြပါစေ.."
ခရီးလမ်း ရှည်လျားသော်လည်း နေရာတိုင်းတွင် အတိတ်ပုံရိပ်များ ရှိနေသည်။ လွမ်းဆွတ်သတိရသော်လည်း အတိတ်တို့သည် ဝိုးတဝါးသာ။ သူသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။ လက်ကို နောက်ပစ်လျက် အဝေးကို လှမ်းမျှော်ကြည့်လိုက်ရာ မျက်စိတစ်ဆုံး လှပသော တောတောင်ရေမြေများကို တွေ့လိုက်ရပြီး ရင်ထဲတွင် ပေါ့ပါးလန်းဆန်းမှုနှင့် လွမ်းဆွတ်မှုများသာ ကျန်ရှိနေတော့သည်။
"နွားကြီး... သွားစို့"
ချန်ရွှင်သည် ပေါက်ပြားတစ်လက်ကို ထမ်းလိုက်သည်။ ကောက်ရိုးဦးထုပ် ဆောင်းကာ ပန်းစိုက်ရန် ထွက်ခွာသွား၏။ သူတို့၏ နေ့စဉ်ဘဝတွင် အခမ်းအနားများ ရှိရမည်။
"မွန်း"
နွားနက်ကြီးလည်း ကောက်ရိုးဦးထုပ် အကြီးကြီးတစ်လုံး ဆောင်းထားသည်။ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး နေရာအနှံ့ လျှောက်ပြေးကာ ဝိုင်းကြီးပတ်ပတ် တစ်ပတ် ပတ်ပြီးမှ ချန်ရွှင် ဘေးသို့ ရောက်လာသည်။
နေ့ရက်များသည် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ ဤ စိမ်းလန်းစိုပြေသော နေရာလေးသည် တဖြည်းဖြည်းနှင့် အရောင်အသွေး စုံလင်လာသည်။ ကျယ်ပြောသော လယ်ကွင်းများ ရှိသည်။ ရောင်စုံ ပန်းခင်းကြီးများ ရှိသည်။ လေအေးများ တိုက်ခတ်လိုက်တိုင်း ပန်းခင်းကြီးသည် လှိုင်းတွန့်များကဲ့သို့ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်မှာ လှပသလို ဆန်းကြယ်လှ၏။
ညဘက် ရောက်သောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အိမ်လေး ရှေ့တွင် မီးပုံ ဖိုကြပြီး ကြယ်များကို ကြည့်ကြသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ပုံပြင်အချို့ ပြောပြလေ့ရှိရာ နွားနက်ကြီးသည် စာအုပ်ငယ်လေးကို ကိုင်လျက် မှတ်စုလိုက်ရေးနေပြီး မျက်လုံးများကလည်း အလွန် လေးနက်နေသည်။ ယခုမှပင် နွားနက်ကြီး နားလည်သွားသည်။ သူတို့၏ ဤကဲ့သို့သော ဘဝမျိုးသည် လူပေါင်းများစွာ ကြိုးစားပမ်းစား လိုချင်နေကြသော ရည်မှန်းချက် ပန်းတိုင် ဖြစ်သလို လူအများအပြား၏ နောင်တရစရာ အိမ်မက်လည်း ဖြစ်နေသည်။ အပူအပင် ကင်းမဲ့ခြင်း... ဒဏ္ဍာရီ ပုံပြင်များ...
နေ့စဉ် သူတို့သည် တောင်တက် ရေကူး လုပ်ဆောင်ကြသည်။ ပတ်ဝန်းကျင် အခြေအနေများကိုလည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့ တဖြည်းဖြည်း နားလည်လာကြသည်။ ချန်ရွှင် ပြောသကဲ့သို့ပင် ရွှေအမြူတေ ဖွဲ့စည်းရာတွင် ကောင်းကင်နှင့် မြေပြင်၏ ထူးခြားသော ဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်သဖြင့် ရာနှုန်းပြည့် သေချာမှု မရှိလျှင် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် ဘာကွာခြားမှု ရှိသနည်း။
နှစ်ကာလများသည် လက်ကြားကကျသော သဲမှုန့်များကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နှင်းပြိုကျခဲ့သော နေ့ရက်မှ ဆယ်နှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ကြသည်။ စိတ်ထားများလည်းအတော်လေးပြောင်းလဲကုန်ကြ၏။ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း ၊ အပူသောကမှန်သမျှတို့မှ ကင်းကွာရာ ရပ်ဝန်းငယ်လေးကို သူတို့ အတူတကွဖန်တီးကြသည်။
နှင်းတောင်ထွတ် တစ်ခု၏ ထိပ်တွင်...
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဓားပြဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ တိမ်ပင်လယ်ကြီးသည် ကျယ်ပြောလှပြီး မြင်ကွင်းအားလုံးကို ဖုံးကွယ်ထားသည်။ ဆေးသေတ္တာ ငါးခု လေထဲတွင် ဝဲပျံနေသည်။ အတွင်းထဲတွင် ဆေးကြိုးပါရှိသော ဆေးများ အပြည့် ရှိနေပြီး ထူးခြားသော အရှိန်အဝါများ ဖြစ်ပေါ်နေသည်။
"နွားကြီး... အစီအရင် ခင်း... ရွှေအမြူတေ စတင် ဖွဲ့စည်းမယ်... အတားအဆီးကို ချိုးဖောက်မယ်"
ချန်ရွှင် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ အဆက်မပြတ် မြင့်တက် ပျံ့နှံ့လာသည်။
"ဝုန်း... ဝုန်း..."
ကျယ်လောင်သော မိုးခြိမ်းသံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ချန်ရွှင်၏ အနက်ရောင် ဝတ်ရုံသည် လေမတိုက်ဘဲ လှုပ်ရှားနေသည်။ သူ၏ လက်ရှိစွမ်းအားသည် မည်မျှမြင့်တက်နေပြီကို သူကိုယ်တိုင်ပင်မသိတော့ပေ။
"မွန်း"
နွားနက်ကြီး၏ အကြည့်များက လေးနက်နေသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ကို အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ရုတ်တရက် ပြန့်နှံ့သွားသည်။ ပတ်ဝန်းကျင်မှ တိုက်ခတ်နေသော လေအေးများများသည် ရုတ်တရက် ငြိမ်သက်သွားသည်။ အစီအရင်အလံတိုင် ရာပေါင်းများစွာသည် အရပ်ရှစ်မျက်နှာတွင် နေရာယူလိုက်ကြသည်။ သူ့ရှေ့မှ တိမ်ပင်လယ်ကြီးသည် ထိုအချိန်လေးအတွင်းမှာပင် ကြီးမားစွာ ပြောင်းလဲသွား၏။
ကျယ်လောင်သော လေတိုးသံကြီးသည် နှင်းတောင်ထွတ်တွင် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ တိမ်များ ပြောင်းပြန် လှည့်သွားပြီး အစိမ်းရောင် အလင်းတန်းများသည် ကောင်းကင်သို့ ထိုးတက်သွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေသည်။ မြေပြင်တစ်ခုလုံးမှ ကျယ်လောင်သော တော်လဲသံများ တပြိုင်နက် ထွက်ပေါ်လာသည်။ နှင်းတုံးများ၊ ကျောက်တုံးကြီးများ နှင်းတောင်အောက်သို့ အဆက်မပြတ် လိမ့်ကျသွားသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် မလှုပ်မယှက် ရပ်နေကြ၏။ မျက်လုံးထဲတွင် အေးစက်မှုများသာ ရှိနေသည်။
"မွန်း"
နွားနက်ကြီး မတ်တပ်ရပ်လိုက်သည်။ သူသည် အမည်းရောင် အခေါင်းကြီးကို ဖြည်းညှင်းစွာ ကိုင်ထားပြီး နှာ မှုတ်လိုက်ကာ ချန်ရွှင်ကို ကြည့်လိုက်သည်။
"နွားကြီး... မင်းကိုပဲ အားကိုးရတော့မယ်"
တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ နွားနက်ကြီး က ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ မျက်လုံးထဲတွင် နောက်ဆုံး၌ စူးရှသော အရိပ်အယောင်များ ပေါ်လာသည်။