← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 6 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 6 Ch. 103-104

အခန်း (၁၀၃)

ချန်ရွှင်သည် ဖြည်းညှင်းစွာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး နွားနက်ကြီးသည် ဓားပျံကို စီးနင်းကာ ထွက်ခွာသွားသည်။ ၎င်းသည် တောင်ခါးပန်းတွင် ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။

"မွန်း မွန်း"

နွားနက်ကြီးသည် တိုးညှင်းစွာ အော်မြည်လိုက်ပြီး အမည်းရောင် အခေါင်းကြီးသည် ၎င်း၏ အနောက်တွင် မတ်မတ် တည်ရှိနေသည်။ ၎င်းသည် မိုးနတ်မင်းထံ တိတ်တဆိတ်ဆုတောင်းနေသည်။

တောင်ထိပ်ပေါ်တွင် ချန်ရွှင်သည် ဆေးကြိုးများ ပါရှိသော ရွှေရောင်အမြူတေဆေးတစ်လုံးကို မျိုချလိုက်သည်။

ချန်ရွှင်၏ မျက်ဝန်းထဲတွင် စူးရှသော အရောင်များ တောက်ပလာပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ပြင်းထန်သော ဆေးအာနိသင်များသည် ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ပျံ့နှံ့စီးဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် ထူးဆန်းသော အရှိန်အဝါများ ပြည့်နှက်လာ၏။

"မှားနေပြီ... အဲဒီ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးမှာ ပြဿနာအကြီးကြီး ရှိနေတယ်"

ချန်ရွှင်၏ ဦးခေါင်းထဲတွင် မိုးခြိမ်းသံကဲ့သို့ အသံများ မြည်ဟည်းသွားပြီး ဓားပြခေါင်းစွပ် ဖိအုပ်ထားသော ဆံပင်ရှည်များသည် စတင် လွင့်ပျံလာကာ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါနေသည်။ ဒန်တန်ကို ချဲ့ထွင်သကဲ့သို့ နာကျင်မှုမျိုး ထပ်မံ ဖြစ်ပေါ်လာသော်လည်း ယခင်ကထက် ပိုမို ပြင်းထန်လျက် ရှိ၏။ ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများနှင့် ဝိညာဉ်စွမ်းအားများသည် အဆက်မပြတ် ဖိသိပ်ခံရပြီး စုတ်ပြဲသွားသကဲ့သို့ ခံစားရသည်။

ခုခံစွမ်းအားသည် နောက်ဆုံးတွင် အလုပ်လုပ်လာပြီး ခန္ဓာကိုယ် အတွင်းပိုင်း နေရာအနှံ့ကို အတင်း ကာကွယ်ပေးနေသည်။

"အား..."

ချန်ရွှင်၏ မျက်ဝန်းများ အနည်းငယ် နီရဲလာပြီး တိုးညှင်းသော အော်ဟစ်သံများ ထွက်ပေါ်လာကာ ခန္ဓာကိုယ် ပြောင်းလဲမှုများသည် ခံနိုင်ရည် ရှိသော အတိုင်းအတာ အတွင်း၌သာ ရှိနေသေးသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင် အလင်းတန်းများသည် ပိုမို တောက်ပလာပြီး နောက်ဆုံးတွင် ကောင်းကင်နှင့် မြေပြင်ကို စတင် ရိုက်ခတ်လာသည်။

ထိုအချိန်တွင် ရုတ်တရက် ထူးခြားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်။ တိမ်ပင်လယ်၏ အတွင်းပိုင်း နေရာတွင် ကြီးမားသော ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာ သည် စတင်စုစည်းနေသကဲ့သို့ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ တိမ်များ လှုပ်ရှားကာ ကြောက်မက်ဖွယ်ကောင်းသော လေပွေလှိုင်းကြီး စတင် စုစည်းလာ၏။

ထူးဆန်းသည်မှာ ထိုလေပွေလှိုင်းကြီးသည် မြေပြင်ဘက်သို့ ဦးတည်နေခြင်း မဟုတ်ဘဲ ကောင်းကင်ထက်သို့ ပြောင်းပြန်ဇောက်ထိုး ဦးတည်နေခြင်း ဖြစ်သည်။

ချန်ရွှင် မျက်လုံးများမှေးကျဉ်းသွားသည်။ သူ ရွှေအမြူတေ မဖွဲ့စည်းရသေးပေ။ ဘာဖြစ်သွားသနည်း။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အရည်အဖြစ် ပြောင်းလဲထားသော ဒန်တန် စွမ်းအားများသည်လည်း တိတ်တဆိတ် စုစည်းလာပြီး လျင်မြန်စွာ ကျုံ့ဝင်လာသည်။ ကျုံ့ဝင်လိုက်တိုင်း ဖုန်းခနဲ အသံများ ထွက်ပေါ်လာပြီး ဖိသိပ်နေသကဲ့သို့ ဖြစ်နေသည်။ ချန်ရွှင်၏ မျက်ဝန်းထဲရှိ ထိတ်လန့်မှုများသည် ပိုမို နက်ရှိုင်းလာသည်။ ဝုန်း... ဝုန်း...

တိမ်ပင်လယ်၏ အနက်ပိုင်းဆီမှ ကြောက်မက်ဖွယ်ကောင်းသော အသံကြီးများ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။ မိုးကြိုးတိမ်တိုက်များ စုဝေးလာပြီး မိုးခြိမ်းသံများ ဆူညံနေကာ ပြောင်းပြန်ဇောက်ထိုး ဖြစ်နေသော တိမ်လေပွေလှိုင်းကြီးသည်လည်း ပိုမို ကြီးမားလာသည်။

ချန်ရွှင်၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ရွှေရောင်အမြူတေ တစ်ခုသည် ခန္ဓာကိုယ် အတွင်း၌ ဖြည်းညှင်းစွာ စတင် ဖွဲ့စည်းလာသည်။

နွားနက်ကြီး၏ မျက်လုံးများတွင် အံ့အားသင့် ဖြစ်မှုများ ပေါ်လာသည်။ ချန်ရွှင် ရွှေအမြူတေ ဖွဲ့စည်းရာတွင် အဘယ်ကြောင့် ဤခြေအနေနှင့် ကြုံတွေ့ရသနည်း။ နှင်းကျနေခြင်း မဟုတ်ပါလား။ မိုးကုပ်စက်ဝိုင်းတွင် မိုးခြိမ်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ခရမ်းရောင် လျှပ်စီးတန်းများ ဖြတ်သန်းသွားရာ နွားနက်ကြီးသည် မျက်လုံးများ ပြူးကျယ်လျက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အခြေအနေ က မူမမှန်တော့ပေ။

"မွန်း... မွန်း"

နွားနက်ကြီးသည် တောင်ထိပ်သို့ လှမ်းကြည့်ကာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ယခင်က သူတို့ ဂိုဏ်းတွင် ရွှေအမြူတေ ဖွဲ့စည်းသော ကျင့်ကြံသူများ ရှိခဲ့သော်လည်း ဤကဲ့သို့ မဟုတ်ခဲ့ပေ။ ထိုစဉ်က ရောင်စုံအလင်းတန်းများ တောက်ပပြီး အေးချမ်းသာယာနေခဲ့သည် မဟုတ်ပါလား။

ဝုန်း...

နွားနက်ကြီး တွေးတောနေစဉ် မျက်စိတစ်မှိတ် အတွင်းမှာပင် လျှပ်စီးတစ်ခုသည် နှင်းတောင်ထွတ်ရှိ အစီအရင်ဆီသို့ ရုတ်တရက် ပစ်ချလိုက်ရာ အုန်းခနဲ အသံကြီး ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ လျှပ်စီး စွမ်းအားသည် အရာအားလုံးကို ဖောက်ထွင်းသွားတော့မည့်ဟန် ရှိသော်လည်း ထိတွေ့လိုက်သည့် အချိန်တွင် အစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး ကြီးမားသော အလင်းအကာအကွယ်ကြီး တစ်ခု ထွက်ပေါ်လာကာ အစီအရင်အလံတိုင် တစ်တိုင် ပျက်စီးသွားသည်။ နွားနက်ကြီး၏ အစီအရင် စွမ်းအားသည် လျှပ်စီး စွမ်းအား ကို ခုခံလိုက်နိုင်ခဲ့သည်။

"မွန်း"

နွားနက်ကြီး၏ မျက်ဝန်းများနီမြန်းသွားသည်။ ၎င်းသည် အော်ဟစ် ကြုံးဝါးလိုက်ပြီး ခွာများကို အဆက်မပြတ် လှုပ်ရှားလိုက်သည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအားများသည် နှင်းလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေပြီး တောင်ထိပ်ရှိ အစီအရင်ဆီသို့ ဦးတည် သွားရောက်ကာ မြေပြင်မှ ပြင်းထန်သော အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာသည်။

တောင်ထိပ်ပေါ်တွင် ချန်ရွှင်သည် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ မျက်လုံးများသည် စူးရှသော ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး သူ တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ရှိသည်။ သူသည် သစ်သားဓာတ် အမြူတေဆေးလုံးကို ကြည့်လိုက်ပြီး ချက်ချင်း မျိုချလိုက်သည်။

"ဝုန်း"

မိုးနှင့်မြေသည် တသိမ့်သိမ့်တုန်ခါသွားသည်။

"ဝုန်း... ဝုန်း..."

မရေမတွက်နိုင်သော မိုးကြိုးတိမ်တိုက်များ စုဝေးလာသည်။ ချန်ရွှင် ဒုတိယမြောက် သစ်သားဓာတ် အမြူတေဆေးလုံးကို သောက်သုံးလိုက်သည့် အချိန်တွင် တိမ်မည်းကြီးများ စုစည်းလာပြီး လျှပ်စီးများ လက်ကာ မိုးကြိုးများ ထွက်ပေါ်လာသည်။ ကောင်းကင်သည် အမျက်ဒေါသ ထွက်နေပြီ ဖြစ်သည်။ သူ့ကို မိုးနှင့်မြေက လက်မခံပေ။ ပြင်းထန်သော အရှိန်အဝါ တစ်ခုသည် မြေပြင်သို့ ဆင်းသက်လာပြီး ချန်ရွှင်ကို တိုက်ရိုက်ထိန်းချုပ်ထားလိုက်သည်။

"ဝုန်း... ဝုန်း..."

ပတ်ဝန်းကျင်သည် မှောင်မိုက်နေပြီး တိမ်မည်းကြီးများ ခေါင်းပေါ်တွင် ဖုံးလွှမ်းနေကာ လျှပ်ရောင်များ တောက်ပနေပြီး သူ့ကိုအပြီးတိုင် ဖျက်ဆီးပစ်တော့မည့်အလား ရှိနေသည်။ ချန်ရွှင်သည် ခန္ဓာကိုယ်တွင် နာကျင်မှု အချို့ ရှိနေသော်လည်း မျက်ဝန်းထဲတွင် အလွန်အမင်း တည်ငြိမ်နေသည်။ သူသည် မနီးမဝေးတွင် ရှိနေသော လျှပ်စီးပင်လယ်ကြီးကို ကြည့်လိုက်သည်။

ရွှေအမြူတေကိုဖွဲ့စည်းရုံနှင့် မိုးကြိုးပစ်ခံရသည်လား။

သူ အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေရသနည်း ဆိုသော် ကြောက်လွန်း၍ ဖြစ်သည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ် မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။ အခြားသူများ အဆင့်တက်လျှင် ကောင်းကင် အောက်တွင်သာ ဖြစ်သော်လည်း သူ မိုးကြိုးပြစ်ဒဏ်ခံရသည်မှာ ကောင်းကင် အထက်သို့ ရောက်နေသည်။

ချန်ရွှင်သည် တုန်တုန်ယင်ယင်အသံဖြင့်ပြောလိုက်သည်။

"ကျုပ် ရွှေအမြူတေ ဖွဲ့စည်းပြီး အဆင့်တက်နေတာပါ... နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ....."

"မလုပ်..."

ဝုန်း...

စကားပင် မဆုံးသေးမီ လျှပ်စီးတန်းကြီး သူ့ခေါင်းပေါ်ထိုးကျလာသည်။

"သောက်ကျိုးနည်း..."

ငယ်သံပါအောင် အော်ဟစ်လိုက်သော အော်ဟစ်သံကြီးနှင့် အဆင့်တက်မိုးကြိုးများ၏ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး နှင်းတောင် တစ်ခုလုံး တုန်ခါသွား၏။

တောင်ခါးပန်းတွင်။

"မွန်း..."

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး ရှည်လျားစွာ အော်ဟစ်လိုက်သည်။ သို့သော် ချန်ရွှင် တစ်စုံတစ်ရာ မဖြစ်သေးကြောင်း သူ အာရုံခံမိသည်။ အကယ်၍ ချန်ရွှင် တစ်ခုခု ဖြစ်သွားပါက သူ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး နောက်ဘဝတွင် ချန်ရွှင်နှင့် ပြန်လည် ဆုံတွေ့မည်ဟု နွားနက်ကြီး တွေးတောထားသည်။

သူ့စိတ်ထဲ ရုတ်တရက် သက်သာရာ ရသွားပြီး ကြောက်စရာ မလိုတော့ဟု တွေးကာ ကြီးမားသော အဆင့်တက်မိုးကြိုးကို ငြိမ်သက်စွာ ကြည့်ရှုနေသည်။ အစီအရင်အလံတိုင်များ အကုန် မပျက်စီးသေးပေ။ ကောင်းကင်နှင့် မြေပြင်၏ ထူးခြားသော ဖြစ်စဉ်သည် တုန်လှုပ်ဖွယ် ကောင်းလှသော်လည်း ပြောင်းပြန်ဇောက်ထိုး ဖြစ်နေသည်။ ရံဖန်ရံခါ ဖြတ်သန်းသွားလာသော ဒေသံခံများသည် ကြောက်လန့်ပြီး ဒူးထောက်ကာ ကန်တော့နေကြသည်။

ချန်ရွှင် ရွေးချယ်သော နေရာသည် အလွန် ကောင်းမွန်လှသည်။ မိုးကြိုးတိမ်တိုက်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရပြီး ပြောင်းပြန်ဇောက်ထိုး အဆင့်တက်ခြင်း ဖြစ်သဖြင့် လူတစ်ယောက်ယောက် မြင်လျှင်ပင် ဘာဖြစ်နေမှန်း သိမည် မဟုတ်ပေ။

ယခုအချိန်တွင် ကောင်းကင်၌ ပျက်စီးခြင်း လျှပ်စီးများ ပြည့်နှက်နေပြီး နေရာအနှံ့တွင် လျှပ်ရောင်များ ဝင်းဝင်းလက်နေသည်။ ချန်ရွှင်သည် လျှပ်စီးပင်လယ်ကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ခန္ဓာကိုယ်မှ လျှပ်စီးစွမ်းအားများ အဆက်မပြတ် ထွက်ပေါ်နေပြီး တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်ကာ တစ်ကိုယ်လုံးရှိ အရိုးများနှင့် သွေးသားများသည် အလွန် လျင်မြန်သော နှုန်းဖြင့် ပြောင်းလဲနေကြသည်။

နွားနက်ကြီး အလွန် ထိတ်လန့်နေသည်။ နှင်းတောင်ထွတ်၏ အခြေအနေကို လုံးဝ မမြင်ရတော့ပေ။ နတ်အသိ နှင့် အာရုံခံ၍လည်းမရတော့။

"မွန်း"

နွားနက်ကြီးသည် အစီအရင်နှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားသည်။ အရာအားလုံးသည် ချန်ရွှင်အပေါ်၌သာ မူတည်တော့သည်။

ခဏကြာသောအခါ နွားနက်ကြီး ရုတ်တရက် အသက်အောင့်လိုက်သည်။ မလျော့သော ဇွဲလုံ့လဖြင့် အော်ဟစ်သံ တစ်ခုကို သူ ကြားလိုက်ရသည်။ ချန်ရွှင်၏ အသံပင် ဖြစ်သည်။

"ဒါလောက်ပဲလား... ငါ့ကို ပစ်လို့ရမယ် ထင်နေလား"

...

အလွန်ကျယ်လောင်သော အသံကြီးသည် နှင်းတောင်ထွတ်တွင် ပဲ့တင်ထပ်သွားသည်။ နွားနက်ကြီး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များ စီးကျလာပြီး ဒူးထောက်ကျသွားသည်။ အစ်ကိုကြီးက တကယ် စွမ်းတာပဲ။

နှင်းတောင်ထွတ်တွင် ဒုတိယမြောက် ရွှေအမြူတေ စုစည်းသွားသည်။ ချန်ရွှင်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများနှင့် တည်ငြိမ်မှုများ ရောယှက်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး သွေးရောင် လွှမ်းနေသည်။ သူသည် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို သူ သေချာစွာ ခံစားနေသည်။

"လုံးဝ မလန့်ရဘူး... အဆင့်တိုင်းရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို မှတ်သားထားရမယ်... မဟုတ်ရင် နွားကြီး ဘယ်လိုလုပ် အဆင့်တက်မလဲ"

ချန်ရွှင် ခေါင်းကို အနည်းငယ် မော့လိုက်သည်။ အကြည့်များ လေးနက်နေပြီး ပြောင်းပြန်ဇောက်ထိုး ဖြစ်နေသော လျှပ်စီးပင်လယ်ကြီးကို ကြည့်လိုက်သည်။ နွားကြီးမှာ သူတစ်ယောက်တည်းသာ ရှိသည်။ ဤရှေ့ခရီးလမ်းကို သူကသာ ဦးဆောင် လျှောက်လှမ်းရမည်။

ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ မြည်ဟည်းနေသည်။ မိုးကြိုးတိမ်တိုက်များ လှုပ်ရှားနေသည်။ လျှပ်စီးပင်လယ်ကြီးထဲတွင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု စတင်စုစည်းနေပြီ ဖြစ်သည်။ သူသည် ခုခံနိုင်စွမ်းကို အဆုံးထိတင်လိုက်၏။ ဝိညာဉ်စွမ်းအား အကာအကွယ် တစ်ခုလုံးသည် ကာကွယ်ရေးနှင့် ဂါထာမန္တန်များ၏ ပံ့ပိုးမှုဖြင့် အဆင့်တက်မိုးကြိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသည်။ ခံနိုင်ရည် ရှိပြီးနောက် သန့်စင်သော လျှပ်စီးစွမ်းအားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေ၏။

"နွားကြီးက တောင်အောက်မှာ ငါ့ကို စောင့်နေသေးတယ်"

ချန်ရွှင် မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာပြီး ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာသည်။ တတိယမြောက် ရေဓာတ် အမြူတေဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လာစမ်း"

အခန်း (၁၀၄)

ဝုန်း...

မိုးနှင့်မြေသည် ပြင်းထန်စွာ တုန်ဟီးသွားပြီး လျှပ်စီးများ အဆုံးမရှိ လင်းလက်နေ၏။ ကြီးမားထူထဲသော မိုးကြိုးလျှပ်စီးတန်းကြီးတစ်ခုသည် ရေတံခွန်ကြီးတစ်ခုပမာ အရှိန်အဟုန်ဖြင့် ကျဆင်းလာရာ လျှပ်စီးကြောင်းအများအပြားသည် နှင်းဖုံးနေသော တောင်ထွတ်ထက်သို့ ကွန်ယက်သဖွယ် ဖြာဆင်းပျံ့နှံ့လာလေသည်။

"ဒီကောင်ကတော့... ငါ့ကို အခွင့်အရေးမပေးပါလား"

ချန်ရွှင်သည် ကြောက်မက်ဖွယ် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် ခရမ်းရောင် လျှပ်စီးတန်းများ အရိပ်ထင်ဟပ်နေသော်လည်း ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ စွမ်းအားများသည် ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် မိုးကြိုးတန်းကြီးကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။

ထိုအချိန်၌ပင် ချန်ရွှင်၏ နောက်ကျောဘက်မှ ဧရာမ မီးလုံးကြီးများ ဖြည်းညှင်းစွာ ပျံ့နှံ့လာရာ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ရဲရဲနီသွားပြီး ကောင်းကင်မှ ကြယ်များကြွေကျလာသကဲ့သို့ ရှိလေသည်။ ကောင်းကင်တွင်လှိုင်းများပြင်းထန်စွာထကာ မီးပင်လယ်နှင့် မိုးကြိုးပင်လယ်တို့သည် အားပြိုင်နေကြတော့သည်။

ဂျိန်း... ဒိန်း...

လျှပ်စီးများကြားတွင် အပူဓာတ်များ ပျံ့နှံ့နေပြီး မီးရောင်နှင့် လျှပ်စီးရောင်တို့ ရောယှက်နေကာ ချန်ရွှင်သည် ကောင်းကင်ပြစ်ဒဏ် ၏ စွမ်းအားကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ချန်ရွှင်သည် နောက်ဆုံးစက္ကန့်တွင် ဤသို့ တွေးလိုက်မိသည်။ 'ကြောက်နေလို့လည်း အလကားပဲ၊ ဖြစ်ချင်တာ ဖြစ်ပစေတော့….. သေရမယ်ဆိုရင် ဘယ်တတ်နိုင်မလဲ ဘာပဲဖြစ်ဖြစ် ထာဝရအသက်ရှင်ခြင်းက အလကားရထားတာပဲလေ'

တခဏချင်းမှာပင် သူသည် မိုးကြိုးစွမ်းအားများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး မီးပင်လယ်နှင့် မိုးကြိုးပင်လယ်ကြားတွင် နစ်မြုပ်သွားရာ သေသည် ရှင်သည်ကိုပင် မသိနိုင်တော့ပေ။

...

တောင်ခါးပန်းတွင် ရှိနေသော နွားနက်ကြီးသည် တောင်အောက်သို့ ပြေးဆင်းသွားပြီဖြစ်သည်။ သူ့ဘေးပတ်ဝန်းကျင်ရှိ ရေခဲပြင်များမှာ အရည်ပျော်ကျနေပြီး သူသည် ကောင်းကင်ကို တုန်လှုပ်စွာ မော့ကြည့်နေမိသည်။

"မွန်း... မွန်း..."

နွားနက်ကြီးသည် ရံဖန်ရံခါ အော်ဟစ်နေသည်။ ဤ ကောင်းကင်နှင့်မြေကြီး၏ ဖြစ်ပျက်မှုသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အဆင့်တက်ခြင်းသဘာ၀ကိုလွန်ဆန်ကာဖြစ်ပျက်ခြင်းဆိုသည်မှာ ချန်ရွှင်ကိုအနိုင်ကျင့်ခြင်းပင်မဟုတ်ပါလား။

ကောင်းကင်ပြစ်ဒဏ်၏ စွမ်းအားသည် ဆက်လက် ပြန့်နှံ့နေပြီး တိမ်မည်းကြီးများက ကြီးစိုးလျှက်ရှိရာ ချန်ရွှင် အဆင့်တက်ရသည့် အချိန်မှာလည်း ပိုမို ကြာမြင့်လာသည်။ အာရုဏ်ဦးနှင်းတောင်ကြီးတစ်ခုလုံး၏ ကောင်းကင်သည် မည်းမှောင်နေပြီး ခရမ်းရောင် လျှပ်စီးများ တဖြတ်လက်နေရာ နွားနက်ကြီးမှာ ကြောက်လန့်တကြား တုန်ရီအော်ဟစ်နေသည်။ ဤကဲ့သို့ အခြေအနေမျိုးကို ချန်ရွှင် မည်သို့ ခံနိုင်ရည် ရှိမည်နည်း။ နွားနက်ကြီးနှင့် ချန်ရွှင်သည် တစ်ခါမျှ စွမ်းအားကုန်ထုတ်မသုံးဖူးကြသဖြင့် သူတို့ကိုယ်သူတို့ မည်မျှ စွမ်းအားကြီးကြောင်း မသိရှိကြပေ။

နှစ်နာရီခန့် ကြာသောအခါ တုန်လှုပ်ဖွယ်ရာ ကောင်းကင်ပြစ်ဒဏ်သည် အရပ်ရပ်မှ ကျင့်ကြံသူများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သို့သော် အချိန်အတော်ကြာ ဆွဲထားနိုင်ခဲ့သည်ဟု ဆိုရမည်။ ချန်ရွှင်သည် ရွှေအမြူတေအဆင့်သို့ တက်လှမ်းလျှင် မိုးကြိုးပစ်ခံရမည်မှန်း မသိခဲ့ပေ။ အကယ်၍ သာမန်နေရာတွင်သာ ဆိုပါက စောစီးစွာကပင် အများက တွေ့ရှိသွားကြလောက်ပြီ ဖြစ်သည်။

အာရုဏ်ဦးနှင်းတောင်ကြီး၏ အပြင်ဘက်တွင် ကျင့်ကြံသူ အများအပြားသည် အဝေးမှ ကောင်းကင်ကို ကြည့်ကာ အံ့သြတုန်လှုပ်နေကြသည်။ လွန်လွန်းနေပြီ ဖြစ်သည်။

"မိုးကြိုးတွေ စုစည်းနေပေမယ့် ဝိညာဉ်စွမ်းအင် မရှိဘူး၊ မိုးကြိုးတွေလည်း ပစ်မချဘူး"

"ဒီ အာရုဏ်ဦးနှင်းတောင်ကြီးကို ဂိုဏ်းကြီးတွေက စစ်ဆေးပြီးသားပါ၊ ဘာ ဝိညာဉ်သွေးကြောမှ မရှိပါဘူး..."

"ဒါက ထူးဆန်းတဲ့ ကောင်းကင်ပြစ်ဒဏ် တစ်ခုခုများလား၊ မိတ်ဆွေတို့ ဘယ်လိုမြင်လဲ"

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်စုသည် မျက်မှောင်ကြုတ်ကာ ဆွေးနွေးနေကြသည်။ သူတို့၏ ဗဟုသုတ နည်းပါးမှုကြောင့် မည်သည့်အရာဖြစ်မှန်း လုံးဝ နားမလည်ကြပေ။ သို့သော် သူတို့သည် အဝေးကနေသာ ကြည့်ရဲကြသည်။ အကယ်၍ တကယ်တမ်း အကျိုးအမြတ် ရှိခဲ့လျှင်ပင် သူတို့လို ချီသန့်စင်ခြင်းအဆင့်များ၏ အလှည့်ရောက်မည် မဟုတ်ပေ။

အခြား တောင်ထိပ်တစ်ခုပေါ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးသည်လည်း ကောင်းကင်ကို လှမ်းကြည့်နေကြသည်။

"စီနီယာအစ်ကို ဟူ... ဒါ ဘာဖြစ်တာလဲ၊ ဘာလို့ တစ်မျိုးကြီး ဖြစ်နေတာလဲ"

"ဟုတ်တယ် စီနီယာအစ်ကို ဟူ... ထူးဆန်းတဲ့ ရတနာတစ်ခုခု ပေါ်ထွက်လာတာများလား"

သူတို့ သုံးဦး ပြောဆိုနေကြသော်လည်း စီနီယာအစ်ကို ဟူ ၏ မျက်လုံးထဲတွင်မူ စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။ အကယ်၍ ရတနာ ပေါ်ထွက်လာသည် ဆိုလျှင်ပင် သေချာပေါက် ကောင်းသောပစ္စည်း မဟုတ်ဘဲ မိစ္ဆာပစ္စည်း ဖြစ်လောက်သည်။

"စီနီယာအစ်ကို ဟူ... ကျွန်တော်တို့ သွားကြည့်ကြမလား၊ အန္တရာယ်ရှိရင် ပြန်ဆုတ်ကြတာပေါ့" တစ်ယောက်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ စီနီယာအစ်ကို ဟူ က လက်နောက်ပစ်လျက် သူတို့နှစ်ဦးကို ကြည့်လိုက်သည်။

"ငါ့အကြံပေးချင်တာကတော့ မသွားပါနဲ့၊ တချို့အရာတွေက ငါတို့လို အခြေခံတည်ဆောက်ခြင်းအဆင့်တွေ လက်လှမ်းမီနိုင်တာ မဟုတ်ဘူး"

သို့သော် ဂျူနီယာတပည့်နှစ်ဦးမှာမူ နားမထောင်ဘဲ ဓားပျံစီးကာ ထွက်ခွာသွားကြသည်။ ထိုကဲ့သို့သော လူမျိုး အများအပြား ရှိနေသည်။ ကောင်းကင်ပြစ်ဒဏ်က ကြာမြင့်လွန်းပြီး ဧရိယာကျယ်လွန်းသဖြင့် ကျင့်ကြံသူတိုင်း စပ်စုချင်နေကြသည်။ သို့သော် မည်သူမျှ လူတစ်ယောက် အဆင့်တက်နေသည်ဟု မတွေးမိကြပေ။ ရွှေအမြူတေအဆင့် မဆိုထားနှင့်၊ မူလဝိညာဉ် အဆင့် တက်လှမ်းခြင်း၌ပင် ဤကဲ့သို့

အခြေအနေမျိုးကိုမမြင်ဖူးကြ။

...

အာရုဏ်ဦးနှင်းတောင်ကြီး အတွင်း၌ နှင်းပြင်ပေါ်တွင် သွေးကွက်များ နေရာအနှံ့ ရှိနေပြီး နှင်းပြင်တစ်ခုလုံးသွေးချင်းချင်းနီနေ၏။ ကြောက်မက်ဖွယ် ကောင်းကင်ပြစ်ဒဏ်အောက်တွင် နွားနက်ကြီးသည် ဓားပြဝတ်စုံအပြည့်အစုံဖြင့် လက်တစ်ဖက်က အနက်ရောင်အခေါင်းကြီးကို ကိုင်မထားပြီး လေပေါ်တွင် ဓားပျံစီးကာ ရပ်နေသည်။ အေးစက်သော လေပြင်းများက ပိုမို ပြင်းထန်လာသည်။

သူ၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး နှာမှုတ်သံများ၊ ဒေါသတကြီး အော်ဟစ်သံများကို ပြုလုပ်နေသည်။ သူသည် လူများကို သတိပေးပြီးပြီ ဖြစ်သည်။ ဤနေရာ၌ ရတနာမရှိကြောင်း ဝိညာဉ်စွမ်းအားဖြင့် စာရေးပြခဲ့သော်လည်း ထိုကျင့်ကြံသူများသည် အရူးများကဲ့သို့ တိုးဝင်လာကြသည်။ နွားနက်ကြီး၏ ဘေးပတ်လည်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများ လွှမ်းခြုံနေပြီး အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိသည်။ မည်သူမျှ ချန်ရွှင်ကို သွားရောက်နှောင့်ယှက်ခွင့် မရှိစေရ။ သူ့အလောင်းကို ကျော်ဖြတ်သွားမှသာ ရမည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာပြီး ခွာကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အခေါင်းကြီး ဖြည်းညှင်းစွာ ပွင့်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါများ ပျံ့နှံ့လာလေသည်။

"ဒီကောင်က မိစ္ဆာကောင်ပဲ... မိတ်ဆွေတို့ သတိထားကြ"

"မိစ္ဆာတွေ သောင်းကျန်းနေတာပဲ... ဘယ်လိုအကောင်ကြီးလဲ"

"ဒီကောင့်ရဲ့ အခေါင်းမည်းကြီးမှာ မိစ္ဆာအရှိန်အဝါတွေ ရှိတယ်... အနားမကပ်ကြနဲ့"

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် နောက်သို့ ပေရာချီ ဆုတ်ခွာသွားကြသည်။ နှင်းပြင်ပေါ်တွင် မိတ်ဆွေအချို့ သွေးမြေကျခဲ့ပြီး ဖြစ်သည်။ နွားနက်ကြီး ဒေါသအလွန်ထွက်ပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သည်လို အကျိုးအကြောင်း မသိသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။

မွန်း

နွားနက်ကြီး လုံးဝ ဒေါသပေါက်ကွဲသွားပြီ ဖြစ်သည်။ သို့သော် စွမ်းအားကုန်သုံးကာမတိုက်ခိုက်ရဲသေးပေ။ ချန်ရွှင် ရှိရာဘက်ကိုလည်း အာရုံစိုက်ထားရသေးသည်။ သူ့ခန္ဓာကိုယ်သည် အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး လင်းခနဲလက်ခနဲ ဖြစ်နေကာ လေပေါ်တွင် အရိပ်များစွာ ခွဲထွက်လာသည်။

"ဆုတ်... ဆုတ်... ဆုတ်"

"နတ်အသိနဲ့ အာရုံခံလို့ မရဘူး... အစစ်အမှန်ကို မမြင်ရဘူး"

"အား..."

စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦးသည် အနက်ရောင်အခေါင်းကြီးထဲသို့ ဝင်ရောက်သွား၏။ မီးတောက်များ ကောင်းကင်သို့ ထိုးတက်လာပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အားလုံး တုန်လှုပ်သွားကြပြီး သေးများတဖြန်းဖြန်းထွက်ကျမတတ် ဖြစ်သွားကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး ထို အနက်ရောင်အခေါင်းကြီးကို ဝိုင်းကြည့်နေကြသည်။

ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာပြီး ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများသည် ထို ထူးဆန်းသော မိစ္ဆာကောင်ကြီးဆီသို့ ရောက်ရှိသွားကြသည်။

"မိတ်ဆွေတို့... အတူတူ တိုက်ခိုက်ပြီး ဒီကောင့်ကို နှိမ်နင်းကြစို့"

"သတ်"

အားလုံးသည် လေးနက်သော မျက်နှာများဖြင့် ပြိုင်တူ ပျံသန်းလာကြပြီး လက်နက်များ၊ ဂါထာမန္တန်များဖြင့် တိုက်ခိုက်လိုက်ကြရာ ပေါက်ကွဲသံများ ဆူညံသွားလေသည်။

All Chapters