အခန်း (၁၀၅-၁၀၆)
Vol. 6 Ch. 105-106
အခန်း (၁၀၅)
နွားနက်ကြီး၏ ကိုယ်ပွားများသည် တိုက်ခိုက်ခံရပြီး ပျောက်ကွယ်ကုန်ကြသည်။ သူသည် ဒေါသထွက်ရာမှ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ရန်သူနှင့် ရင်ဆိုင်ရာတွင် စိတ်လိုက်မာန်ပါ မလုပ်ရဟု ချန်ရွှင် မှာထားသည် မဟုတ်ပါလား။ ကျင့်ကြံသူများ ပိုမို များပြားလာသည်။ နွားနက်ကြီးသည် ရှေ့မျက်နှာစာမှ တိုက်ခိုက်မှုများကို ကာကွယ်ရင်း တိတ်တဆိတ် တောင်ပေါ်တက်ရန် ကြိုးစားသူများကိုပါ တားဆီးနေရသည်။ ကောင်းကင်မှ တစ်ခါတစ်ရံ ရုပ်အလောင်းအပိုင်းအစများ ပြုတ်ကျလာပြီး တစ်ခါတစ်ရံတွင်မူ အရိုးပင် မကျန်အောင် ပျောက်ကွယ်သွားကြသည်။ ချန်ရွှင် အဆင့်တက်သည့် သက်ရောက်မှုမှာ ကြီးမားလွန်းလှ၏။
ဖိအားအားလုံးသည် နွားတစ်ကောင်တည်းအပေါ်သို့ ကျရောက်နေသည်။ မျက်စိရှေ့တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ရာဂဏန်းခန့် ရှိနေပြီး တစ်ရွာလုံးနှင့်တစ်ယောက် ဖြစ်နေ သကဲ့သို့ အကူအညီမဲ့နေသည်။ နွားနက်ကြီး၏ မျက်လုံးများ အေးစက်နေသည်။ သူ ဆက်တိုက်နိုင်သေးသည်။ အခေါင်းမည်းကြီးမှ မိစ္ဆာအရှိန်အဝါများ ပိုမို ထူထဲလာပြီး ကောင်းကင်မှ မိုးကြိုးများလည်း ပိုမို ပြင်းထန်လာသည်။ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ခေါင်းနပန်းကြီးကုန်ကြပြီး နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ ဤမိစ္ဆာကောင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ ဝိညာဉ်စွမ်းအား အကာအကွယ်ကိုပင် မထိုးဖောက်နိုင်ကြချေ။
မွန်း
နွားနက်ကြီး နောက်ထပ်တစ်ကြိမ် အော်ဟစ်လိုက်ရာ ဧရာမ မီးလုံးကြီးများ ဖြည်းညှင်းစွာ စုစည်းလာသည်။ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသကဲ့သို့ပင်ထင်ရသည်။ ပူပြင်းသော အရှိန်အဝါများ လေထဲတွင် ပျံ့နှံ့လာသည်။ သူ့အနောက်တွင် မီးပင်လယ်ကြီး ဖြစ်ပေါ်နေပြီး ကြမ်းရှသော ဝိညာဉ်စွမ်းအားများကို စုစည်းနေသည်။ ကျင့်ကြံသူ ရာပေါင်းများစွာ ရင်ထဲ ထိတ်လန့်သွားပြီး ကြီးမားသော ဘေးအန္တရာယ် ကျရောက်တော့မည်ဟု ခံစားလိုက်ရသည်။ ဤတိုက်ခိုက်မှုကို လုံးဝ ထိပ်တိုက် မရင်ဆိုင်ရဲကြပေ။ နွားနက်ကြီး ပစ်လွှတ်ရန် ပြင်ဆင်လိုက်ချိန်တွင် အောက်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော ဧရာမ လက်ဝါးကြီးတစ်ခု နွားနက်ကြီးဆီသို့ ဝင်ရောက် ရိုက်ခတ်လာသည်။
သူ မျက်လုံးများ အရောင်လက်သွားပြီး အရှိန်ပြင်းစွာ ရှောင်တိမ်းလိုက်သည်။ မီးလုံးပစ်လွှတ်ခြင်းပညာ ကို ရပ်တန့်လိုက်ပြီး အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ လက်ဝါးသည် လွဲချော်သွားပြီး ကိုယ်ပွားများ တဖုန်းဖုန်းပေါက်ကွဲသွားကြ၏။ နွားနက်ကြီး၏ အကာအကွယ်သည်တုန်ခါသွားပြီး အက်ကွဲသံ သဲ့သဲ့ ထွက်ပေါ်လာသည်။
ရွှေအမြူတေ အစောပိုင်းအဆင့် ကျင့်ကြံသူ။ ခိုင်ယန်ပြည်နယ်၊ နေမင်းနီဂိုဏ်း မှ အကြီးအကဲချုပ် မုန့်ဟုန်။
လူအချို့ ချက်ချင်း သိသွားကြပြီး အားလုံး ခေါင်းငုံ့ အရိုအသေပြုကြသည်။
"စီနီယာကို ဂါရဝပြုပါတယ်"
ဤသည်မှာ အင်အားကြီးမားပြီး နောက်ခံတောင့်တင်းခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးကဲ့သို့ တစ်ကိုယ်တော်သမားများနှင့် မယှဉ်နိုင်ပေ။ မုန့်ဟုန် ၏ မျက်နှာမှာ အေးစက်နေသည်။ နွားနက်ကြီး၏ ဓားပြဝတ်စုံနှင့် အခေါင်းမည်းကြီးကို ကြည့်ပြီး မျက်လုံးထဲတွင် စိတ်ဝင်စားမှုများ ပေါ်လာသည်။
"သူ့ကို တားထားကြ၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ စီနီယာ"
အားလုံးက ပြောလိုက်ကြသည်။ ဤနေရာတွင် ဂိုဏ်းသားများ ပါဝင်နေပြီး တစ်စုံတစ်ယောက်က ကြိုတင် သတင်းပို့ထားပုံ ရသည်။ မုန့်ဟုန် သည် မိုးကြိုးတိမ်တိုက်များ စုစည်းနေသော ကောင်းကင်ကို လေးနက်စွာ ကြည့်လိုက်သည်။ မည်သည့် ရတနာဖြစ်၍ သည်လားက်ကြာအောင် ကောင်းကင်ပြစ်ဒဏ်ကို ဖြစ်ပေါ်စေရသနည်း။ ပြီးတော့ စောင့်ကြပ်နေသည့် မိစ္ဆာကောင်လည်း ရှိသေးသည်။ သူ ပိုပြီး စိတ်ဝင်စားလာသည်။ သူ လေပေါ်တွင် တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ တော်သေးသည်က နေမင်းနီဂိုဏ်း သည် ပြည်နယ်နှစ်ခု နယ်စပ်နှင့် နီးကပ်နေသဖြင့် သူ အရင် ရောက်လာနိုင်ခြင်း ဖြစ်သည်။
"မွန်း"
နွားနက်ကြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူကောင်းကင်သို့ ပျံတက်ပြီး ထိုသူကို တားဆီးရန် ပြင်လိုက်သော်လည်း ရုတ်တရက် နေရာမှာပင် ရပ်တန့်သွားသည်။ သူ့နားရွက်များ လှုပ်ရှားသွားသည်။ ဘေးမှ ကျင့်ကြံသူများသည် ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြသည်။ အချိန်ဆွဲထားရုံဆိုလျှင် အသက်နှင့်ရင်းစရာ မလိုပေ။ နွားနက်ကြီး နှင်းတောင်ထိပ်ကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ မျက်လုံးထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လာသည်။
"မိစ္ဆာကောင်... မခုခံနဲ့တော့၊ ရွှေအမြူတေ စီနီယာ ရောက်နေမှတော့ မင်း ဘယ်ပြေးလို့ လွတ်မှာလဲ"
"အခုချက်ချင်း အဖမ်းခံလိုက်စမ်း"
"မိတ်ဆွေတို့... ဒီမိစ္ဆာကောင် ကိုယ်ပေါ်က ပစ္စည်းတွေကလည်း ရတနာတွေပဲ၊ လက်လွတ်မခံကြနဲ့"
လူအချို့က မတူညီသော ရည်ရွယ်ချက်များဖြင့် ပြောဆိုနေကြသည်။ အပေါ်က ရတနာကို သူတို့ မရနိုင်လျှင်ပင် ဤမိစ္ဆာကောင်ဆီက ပစ္စည်းများကိုတော့ သူတို့ ရသင့်သည် မဟုတ်ပါလား။ ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး၊ နှင်းပြင်ကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ အားလုံး ထိတ်လန့်တကြား ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ မိုးကြိုးတိမ်တိုက်များ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။ မျက်စိတစ်မှိတ်အတွင်း နှင်းများ ပြန်လည် ကျဆင်းလာ၏။ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ၊ တိုက်ခိုက်နေသူများ အားလုံး မျက်လုံးများ ပြူးသွားကြသည်။ တံတွေးကို တိတ်တဆိတ် မျိုချလိုက်ကြပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကြသည်။
ဝုန်း
နှင်းတောင်ထိပ်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ ရေခဲများ အရည်ပျော်ကျနေပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ပူပြင်းသည့် မီးတောက်များ ကောင်းကင်တွင် တောက်လောင်လာပြီး မီးတောင်ချော်ရည်ကဲ့သို့ မီးလုံးကြီးများ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
"စီနီယာ... အသက်ချမ်းသာပေးပါ"
နှင်းတောင်ထိပ်မှ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေသော အော်ဟစ်သံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ အစောပိုင်းက ဆရာကြီးလုပ်နေသော မုန့်ဟုန် ဖြစ်ပုံရသည်။ ဥက္ကာခဲကဲ့သို့ ဧရာမ မီးလုံးကြီး တစ်ခုသည် မုန့်ဟုန် ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် လေပေါ်မှ မြေကြီးပေါ်သို့ ဖုန်းခနဲပစ်ကျသွားသည်။ သူ့မျက်နှာတွင် နာကျင်ခံစားနေရသော အမူအရာများ ပေါ်နေပြီး ပါးစပ်မှ သွေးများ အန်ထွက်လာ၏။
သူ့ခန္ဓာကိုယ်သည် အရည်ပျော်နေသကဲ့သို့ ဖြစ်နေပြီး ပူပြင်းသော အရှိန်အဝါက သူ့ဝိညာဉ်စွမ်းအားများကိုပါ ဝါးမြိုနေသည်။
ဘုန်း
နှင်းပြင်တစ်ခုလုံး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ကြမ်းရှသော ဝိညာဉ်စွမ်းအားများ သေးငယ်ရာမှ ကြီးမားလာပြီး မီးလုံးကြီးကို ဗဟိုပြုလျက် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လေပြင်းကြီးများတိုက်ခတ်သွားသည်။ ဧရာမ တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာပြီး နေရာအနှံ့ အရည်ပျော်ကျနေသော အရာများ ရှိနေသည်။ မုန့်ဟုန် သည် မီးလောင်ကျွမ်းပြီး အရိုးပင် မကျန်တော့ပေ။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦးသည် တည်းနှင့် အသတ်ခံလိုက်ရသည်။ ကျင့်ကြံသူ အများအပြား ခေါင်းနပန်းကြီးကုန်ကြသည်။ ကြက်သေ သေကုန်ကြသည်။ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဘာဖြစ်သွားသနည်း။ သူတို့၏ ကြောက်ရွံ့နေသော အကြည့်များသည် နှင်းတောင်ထိပ်ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိသွားသည်။ အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော ဝေဝါးနေသည့် ပုံရိပ်တစ်ခုသည် လူအားလုံးကို အေးစက်စွာ အပေါ်ကနေကြည့်ရှုနေသည်။ အားလုံး၏ အကြည့်များသည် ထိုနေရာသို့ စုစည်းသွားကြပြီး မျက်လုံးထဲတွင် မကြုံစဖူး ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။
"မွန်း"
နွားနက်ကြီး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များ ဝဲလာပြီး ဓားပျံစီးကာ အလျင်မြန်သွားလိုက်သည်။ နှင်းတောင်ထိပ်ပေါ်တွင် ချန်ရွှင်၏ မျက်လုံးထဲတွင် ရှားပါးလှသော ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်နေသည်။ သူ အားလုံးကို မြင်ခဲ့သည်။ အားလုံးကို ကြားခဲ့သည်။
"မွန်း... မွန်း"
နွားနက်ကြီး အဆက်မပြတ် အော်ဟစ်နေပြီး ချန်ရွှင်ကို အတင်း ပွတ်သီးပွတ်သပ် လုပ်နေသည်။
"နွားကြီး... ငါ ဘာမှ မဖြစ်ဘူး"
ချန်ရွှင် နွေးထွေးစွာ ပြုံးလိုက်သော်လည်း မျက်လုံးထဲမှ အေးစက်မှုကတော့ နှင်းမုန်တိုင်းထက်ပင် ပိုမို အေးစက်နေသည်။ သူ့မှာအထိမခံနိုင်သောအရာ ရှိသည်။ ထိုအရာကို ထိပါက သေချာပေါက် သေရမည်။ တလောကလုံးကို သတ်ရပါစေ ကမ္ဘာပျက်သွားပါစေ ဂရုမစိုက်ပေ။
"နွားကြီး... ငါ့နောက်က လိုက်ခဲ့"
ချန်ရွှင် တိုးညှင်းစွာ ပြောလိုက်သည်။ မျက်လုံးထဲမှ ရက်စက်မှုများ ပိုမို ပြင်းထန်လာသည်။
"မွန်း"
နွားနက်ကြီး အခေါင်းမည်းကြီးကို သိမ်းဆည်းလိုက်ပြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
ကောင်းကင်တွင် ချန်ရွှင် လေပေါ် လမ်းလျှောက်သွားသည်။ ခြေလှမ်းတိုင်းတွင် ကြီးမားသော တုန်ခါသံများ ထွက်ပေါ်နေသည်။ နွားနက်ကြီးက ဓားပျံစီးပြီး အနောက်မှ လိုက်ပါလာသည်။ သူသည် မြေပြင် ပေါ်တွင် မင်သက် နေကြသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။
"မီးလုံးပစ်လွှတ်ခြင်းပညာ..."
ချန်ရွှင် တည်ငြိမ်စွာ ပြောလိုက်သည်။ လက်တစ်ဖက်ကို မိုးပေါ်မြှောက်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော ဝိညာဉ်စွမ်းအား (၅) ခု ထွက်ပေါ်လာသည်။ ယင်း၌ ကြောက်မက်ဖွယ် ကောင်းပြီး ထူးခြားသော အရှိန်အဝါများ ပါဝင်နေသည်။ သူ၏ မျက်ဝန်းများသည် ရက်စက်ပြီး အေးစက်နေသည်။ မြေပြင်ပေါ်မှ ကျင့်ကြံသူ အားလုံးကို စီးမိုးကြည့်ရှုနေသည်။ နွားနက်ကြီး ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။ ချန်ရွှင် တကယ် ဒေါသထွက်နေပြီ။ ကြီးမားသော အနီရောင် စက်ဝန်းကြီးများ လည်ပတ်လာသည်။ ဥက္ကာခဲကဲ့သို့ မီးလုံးကြီးများ ပျံ့နှံ့လာသည်။ ပူပြင်းသော အရှိန်အဝါများ ထုတ်လွှတ်နေပြီး ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ရှိသည်။
ချန်ရွှင် အထက်မှ ကောင်းကင်ပြင် တစ်ခုလုံး နီရဲသွားသည်။ နေရာတိုင်းတွင် ကြမ်းရှသော ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေပြီး မိုးခြိမ်းသံကဲ့သို့ အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ဘာ... ဘာလုပ်မလို့လဲ"
"သွားပြီ..."
"သူ ငါတို့ အကုန်လုံးကို သတ်တော့မယ်"
"ပြေးကြ"
အလန့်တကြားအသံများ ပေါက်ကွဲထွက်ပေါ်လာသည်။ မျက်လုံးထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပေါ်လာပြီး သူတို့ အသည်းအသန် ထွက်ပြေးကြသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ ရှေ့မှောက်တွင် ဘာမျှမတတ်နိုင်ကြပေ။ ချန်ရွှင် လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော မီးလုံးကြီးများ ရုတ်တရက် ကျဆင်းလာသည်။
အုန်း….
အလွန်ပူပြင်းကာ ပျက်စီးခြင်း အရှိန်အဝါများ ပါဝင်သော မီးလုံးကြီးများ ကောင်းကင်မှ အဆက်မပြတ် ကျဆင်းလာသည်။ မြေပြင်မှ စူးစူးဝါးဝါး အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
အားလုံး တစ်စစီဖြစ်ကုန်ကြ၏။
"နွားကြီး... ငါ ရှိတယ်"
"မွန်း မွန်း"
အနက်ရောင် ပုံရိပ်နှစ်ခု ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။ အဝေးမှ ကြည့်နေကြသော ကျင့်ကြံသူများ၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေကြ၏။ ထိုကျင့်ကြံသူများ မြေကြီးပေါ်တွင် အားလျော့စွာ ဒူးထောက်ကျသွားကြသည်။ ထိုသူသည်မည်သို့သောသူ ဖြစ်သနည်း။ သူတို့ ထွက်ခွာသွားပြီးနောက် ထို နှင်းတောင်ကြီး တစ်ခုလုံး အရည်ပျော်သွားခဲ့သည်။ ချင်တိုင်းပြည် ၏ မြေပုံပေါ်မှ နှင်းတောင်ကြီး တစ်ခု သည် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ အဝေးတွင် ရှိနေသော စီနီယာအစ်ကို ဟူ ပင့်သက် ရှိုက်မိလိုက်၏။ ရတနာကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ပြစ်ဒဏ် မဟုတ်ဘဲ ထိုနှင်းတောင်ကြီး တစ်ခုလုံးသည် တိုက်ခိုက်မှုတစ်ခုတည်းနှင့် အရည်ပျော်သွားခြင်း ဖြစ်သည်။ သူ့နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ သူ မသွားခဲ့သည်မှာ အလွန် မှန်ကန်ခဲ့သည်။
ဤကိစ္စသည် ကြီးစွာ ဂယက်ရိုက်ခတ်သွားသည်။ မည်သူမျှ သူတို့၏ ရုပ်ရည်ကို မသိကြသလို မည်သူမျှ သူတို့၏ နောက်ခံကို မသိကြပေ။ အထူးသဖြင့် မျက်မြင်သက်သေ ကျင့်ကြံသူများသည် ဤကိစ္စကို နှုတ်ပိတ်ထားကြသည်။ မည်သူမျှ ထို ကြောက်မက်ဖွယ် ပုဂ္ဂိုလ်အကြောင်းကို ပေါ့ပေါ့တန်တန် မပြောရဲကြပေ။ ခိုင်ယန်ပြည်နယ် နေမင်းနီဂိုဏ်း က လူများ အကြီးအကျယ်အံ့အားသင့်ကုန်ကြသည်။ နေ့ဝက်လောက် ပျောက်သွားတာနဲ့ ဂိုဏ်းက အကြီးအကဲချုပ် အလောင်းတောင် ရှာမရတော့ဘူးလား…..။ သည်ကိစ္စကို သူတို့ စုံစမ်းဖို့ပင် မဝံ့ကြပေ။ တိတ်တဆိတ် ခံလိုက်ရုံသာ ရှိသည်။ မဟုတ်လျှင် ဂိုဏ်းပါ ပျက်သုဉ်းသွားနိုင်သည်။ ထို ကြောက်မက်ဖွယ် ပုဂ္ဂိုလ်သည်လည်း ဤနေရာတွင် ဒဏ္ဍာရီ တစ်ခု ဖြစ်လာခဲ့လေသည်။
အခန်း (၁၀၆)
ချင်တိုင်းပြည် အနောက်ပိုင်းတွင် ဓားပျံစီးနင်းနေသော ပုံရိပ်နှစ်ခုသည် တောနက်ကြီး အပေါ်မှ လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။ လူသူကင်းမဲ့သော နေရာတွင် အလျင်က အလွန် မြန်ဆန်လွန်းလှသည်။ သူတို့ ရှေ့တွင် မြေပုံတစ်ခု ဖြန့်ထားသည်။ ဂိုဏ်းများနှင့် ကျင့်ကြံသူများ စခန်းချရာ နေရာများ အားလုံးကို ရှောင်ကွင်းသွားကြသည်။
ထိုအထဲမှ ပုံရိပ်တစ်ခု၏ အမည်မှာ ချန်ရွှင် ဖြစ်သည်။ သူ ယခု အတော် လန့်နေသည်။ နဖူးပေါ်တွင် ချွေးစေးများ ပြန်နေ၏။ အာရုဏ်ဦးနှင်းတောင်ကြီး တွင် သည်လားက်ထိ ကြီးမားသည့် ဂယက်ရိုက်ခတ်မှုဖြစ်သွားမည်ဟု သူ မထင်ထားခဲ့မိပေ။ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ကျင့်ကြံသူများကလည်း မကြာခင် စုံစမ်းကြတော့မည်။
နောက်ထပ် ပုံရိပ်တစ်ခု၏ နာမည်မှာ နွားကြီး ဖြစ်သည်။ သူလည်း အတော်လေး ထိတ်လန့်နေသည်။ သူက သူ့အစ်ကိုကြီးနှင့်အတူ ထွက်ပြေးနေခြင်း ဖြစ်သည်။ မှန်ပါသည်။ အခြားနေရာတစ်ခုသို့ သွားရောက်ပြီး ရှောင်တိမ်းနေခြင်း ဖြစ်သည်။ သူတို့သည် သစ်တောအုပ် အပေါ်မှ ဖြတ်သန်းသွားရာ သစ်ရွက်ကြွေများ လွင့်ပျံကုန်သည်။
"နွားကြီး... ဒါ ကျင့်ကြံခြင်း လောကပဲကွ အန္တရာယ် ဆိုတာ အမြဲတမ်း ကြုံတွေ့ရမှာပဲ သတ်ဖြတ်တိုက်ခိုက်ရတာ ရှောင်လွှဲလို့ မရဘူး ကလေးကစားသလို မဟုတ်ဘူး"
ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်သည်။ နတ်အသိ ကို အစွမ်းကုန် ဖြန့်ကျက်ထားသည်။ သာမန်လူများကိုပင် ရှောင်ကွင်းသွားသည်။
"ငါ့အတွက် သင်ခန်းစာ တစ်ခု ရလိုက်တာပေါ့ ငါ နောက်ဆိုရင် ပိုပြီး သတိထားမယ်"
သူ အရှေ့ကို လေးနက်စွာ ကြည့်လိုက်သည်။ လူသူကင်းမဲ့သော နေရာတွင် ပုန်းနေလျှင်ပင် ရှည်လျားလှသော သက်တမ်းကာလ တစ်လျှောက်လုံးတွင် ပြဿနာက တစ်နေ့နေ့တော့ ရောက်လာမည်သာ။ မနက်ဖြန် နှင့် သေဘေးဆိုလျှင် ဤရက်စက်လှသော လောကကြီးတွင် သေဘေးက ပို၍နီးတတ်သည်။ မိမိကိုယ်ကို ကာကွယ်နိုင်သည့် အင်အား ရှိမှသာ ဤကဲ့သို့ အားနည်းသူကို အားကြီးသူက ဝါးမြိုသည့် ကျင့်ကြံခြင်း လောကမှာ အသက်ရှင်နိုင်မည်ဖြစ်သည်။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ကြည့်လိုက်သည်။ သူကတော့ ဂရုမစိုက်ပေ။ ရွှေအမြူတေအဆင့် တက်လှမ်းခြင်းတွင် မိုးကြိုးပစ်ခံရမည်ဟု မည်သူထင်မည်နည်း။
"ငါတို့ လျှောက်ရမယ့်လမ်းက ရှည်ပါသေးတယ် နောက်ဆို ဘာတွေ ကြုံရဦးမလဲ မသိဘူး အခု က မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး နောက်မှ အကြီးအကျယ် ဒုက္ခရောက်တာထက်စာရင် တော်ပါသေးတယ်"
"မွန်း"
နွားနက်ကြီး မျက်လုံး ပြူးကျယ်သွားပြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ ချန်ရွှင် ပြောတာ သိပ်ဟုတ်သည်။ ချန်ရွှင် တဟဲဟဲ ရယ်လိုက်သည်။ ပြီးနောက် မျက်နှာ ကလေးနက်သွားသည်။
"နွားကြီး... နောက်ဆက်တွဲ ငါ ပြောမယ့် စကားလုံးတိုင်းကို သေချာ မှတ်ထားနော်"
"မွန်း"
"အဆင့်တက်တာနဲ့ ပတ်သက်ပြီး ခန္ဓာကိုယ် ပြောင်းလဲမှုတွေက အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ကြောင့် ဒန်တန် ကျယ်ပြန့်သွားတာနဲ့ ဆိုင်လိမ့်မယ်"
"မွန်း"
ချန်ရွှင် နတ်အသိ ဖြင့် ပြောလိုက်သည်။ နွားနက်ကြီး လန့်သွားသည်။ ချန်ရွှင် အသံက ဘာလို့ ခေါင်းထဲ ရောက်လာတာလဲ။ ခဏကြာမှ အသားကျသွားသည်။ ထို့နောက် နွားနက်ကြီး နားထောင်ရင်း အနည်းငယ် ကြောက်လန့်လာသော်လည်း ထိုအရာများအားလုံးက ချန်ရွှင် ကြုံတွေ့ခဲ့ရသည့်အရာများ ဖြစ်သည်ဟု တွေးမိသောအခါ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မွန်း"
နွားနက်ကြီး ရုတ်တရက် မည်သည့်အရာကိုမျှကြောက်စရမလိုတော့ဟု ခံစားလိုက်ရသည်။ သူ့အနောက်မှာ ချန်ရွှင် ရှိနေသည်။
"နွားကြီး... ကောင်းကင်လွင်ပြင်ဘက်ကို... ပြေးမယ်"
"မွန်း"
ပုံရိပ်နှစ်ခု အရှိန်မြှင့်တင်လိုက်ပြီး ကောင်းကင်တွင် အလင်းစက်လေးများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
...
(၃) လ ကြာပြီးနောက်….
ကောင်းကင်လွင်ပြင် သည် ချင်တိုင်းပြည် ၏ အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။ အလွန်ကြီးမား ကျယ်ပြန့်ပြီး အဆုံးအစ ကိုမသိရပေ။ သဲပြင်အဝါကြီးက မိုးကုတ်စက်ဝိုင်း အဆုံးထိ ဖြန့်ကျက်ထားသည်။ ပြန့်ပြူးသည်၊ ကျယ်ပြန့်သည် ခမ်းနားကြီးကျယ်သည်။ ချင်တိုင်းပြည် နှင့် နီးကပ်သော နေရာတွင် မည်သည့်ပေါက်ပင်ကိုမျှမတွေ့ရချေ။ ယနေ့ နေရောင်ခြည်သည် ပူပြင်းနေသည်။ တိမ်တိုက်များ ရှိနေသော်လည်း လွင်ပြင်ကြီးကို အဆက်မပြတ် ပူနွေးနေစေသည်။ အပူလှိုင်းများ တလိမ့်လိမ့် တက်နေသည်။ ခွေးပင် မလာချင်သည့် နေရာမျိုး ဖြစ်သည်။ ကောက်ရိုးဦးထုပ် ဆောင်းထားသော ပုံရိပ်နှစ်ခု မိုးကုတ်စက်ဝိုင်းတွင် ဖြည်းညှင်းစွာ ပေါ်လာသည်။ မြေကြီးမှ တံလျှပ်များကြောင့် သူတို့၏ ခန္ဓာကိုယ်များ တွန့်လိပ်နေသကဲ့သို့ ဖြစ်နေသည်။
"နွားကြီး... ပထမဆုံး အခြားနေရာကိုသွားရတာဆိုတော့ ငါ နည်းနည်း မနေတတ်ဘူးဖြစ်နေတယ်"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီး ခြေလှမ်းများ ရပ်တန့်လိုက်ပြီး အဝေးကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။ မျက်လုံးထဲတွင် အရောင်တစ်မျိုးတည်းသာ ရှိသည်။ သစ်ပင် တစ်ပင်မျှ မရှိပေ။ သဲပြင်အဝါကြီးသာ ရှိသည်။ သည်နေရာက ကမ္ဘာလောကကြီးသည် ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။ ထာဝရ ငြိမ်သက်နေပြီး ခြောက်သွေ့မှုများသာ ရှိသည်။ သူတို့ နယ်စပ်မြို့လေးမှာ စုံစမ်းခဲ့ဖူးသည်။ ကောင်းကင်လွင်ပြင်ကြီး ဆိုသည့် အမည်သည် မည့်သို့ဖြစ်ပေါ်လာသည်ကို မည်သူမျှမသိကြပေ။ လူအများအပြား သည်နေရာမှာ လမ်းပျောက်ပြီး ဘယ်တော့မှ ပြန်မလာနိုင်ကြဟု ဆိုသည်။ ဝူယွင်ဂိုဏ်း မှာတုန်းက ချန်ရွှင် စာအုပ်အချို့ ဖတ်ဖူးသည်။ ဂိုဏ်းမှာပင် သည်နေရာနှင့် ပတ်သက်ပြီး မှတ်တမ်းမှတ်ရာ သိပ်မရှိပေ။ ဝိညာဉ်စွမ်းအင် ကင်းမဲ့သော နေရာ ဖြစ်သဖြင့် မသွားကြရန် လမ်းပျောက်လွယ်ကြောင်းသာ ပြောထားသည်။
"နွားကြီး... ငါတို့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက် ကျန်သေးတယ် ဘယ်လောက် ဝေးဝေး သွားနိုင်မလဲ ကြည့်ရအောင်"
ချန်ရွှင် အရပ်မျက်နှာကို ကြည့်လိုက်သည်။ သည်နေရာမှာ ဝိညာဉ်စွမ်းအား ပြန်ဖြည့်၍ မရပေ။ ဝိညာဉ်ကျောက်တုံး ကိုသာ သုံးရမည်။
"ရွှေအမြူတေ ဖွဲ့စည်းဖို့က အဓိကပဲ"
"မွန်း"
နွားနက်ကြီး ရယ်လိုက်သည်။ သူက ချန်ရွှင်ကို ကြည့်နေသည်။
သူ ချန်ရွှင် နောက် လိုက်နေရရင် ပြီးသည်ပင်။ ဘယ်သွားသွား စိတ်ချမ်းသာသည်။ ရောက်တဲ့နေရာက သူ့အိမ်ဖြစ်သည်။ ချန်ရွှင် ရုတ်တရက် ပြုံးလိုက်ပြီး နွားနက်ကြီးကို ပုတ်လိုက်ပြီး မှုန်ပျပျ ဖြစ်နေသော နယ်စပ်မြို့လေးကို ပြန်လှည့်ကြည့်လိုက်သည်။ ချင်တိုင်းပြည် ကို ပထမဆုံးအကြိမ် စွန့်ခွာရသည်မှာ နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိသည်။
"သွားစို့... ကြုံတွေ့ရမှာပဲ ကျင့်သားရသွားမှာပါ"
"မွန်း"
နွားနက်ကြီး အစာရှောင်ဆေး တစ်လုံး စားလိုက်သည်။ သူတို့ ဆက်လက်ပြီး အထီးကျန်စွာ လျှောက်လှမ်းသွားကြ၏။ ဘေးပတ်ဝန်းကျင်မှ သဲပြင်အဝါကြီးက အဖော်ပြုလျက် အထီးကျန်ဆန်မှုများ ပြည့်နှက်နေသည်။ အဆင့်တက်မည် ဆိုပါက ညဘက် ကိုရွေးချယ်လျှင် ပိုကောင်းမည်ဟု ချန်ရွှင် ထင်မြင်မိသည်။ ထိုစဉ်က အလင်းရောင်များ တောက်ပနေမည်ဟု ထင်မှတ်ပြီး ရောယောင်သွားအောင် နေ့လည်ခင်းကို ရွေးချယ်ခဲ့မိခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ လွဲချော်သွားပြီး အဆင့်တက်ခြင်းကို ပိုမို ထင်ရှားသွားစေခဲ့သည်။ ထူးဆန်းသော အတွေ့အကြုံများ တိုးပွားလာပြန်သည်။
နောက်ထပ် နှစ်လ ကြာသောအခါ...
နေဝင်ချိန် ရောက်လာသည်။ သဲခုံများသည် အဝေးမှ ရွှေရောင် မိုးကုတ်စက်ဝိုင်းအထိ ရှည်လျားစွာ တည်ရှိနေသည်။ အဆုံးအစ မရှိသော သဲပြင်အဝါကြီးသည် ဤမြေပြင်ပေါ်တွင် ပျံ့နှံ့နေသည်။ စီးဆင်းနေသော ရေတံခွန်များ မရှိ မြင့်မားသော တောင်တန်းများလည်း မရှိပေ။ သဲပြင်အဝါကြီးသည် ကောင်းကင်ဖြင့် ထိစပ်နေပြီး ဘယ်နေရာက အဆုံးသတ်လဲ ဆိုတာ စိတ်ကူးလို့ပင် မရနိုင်ပေ။ ချန်ရွှင်သည် လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို မထားပြီး လေပေါ်တွင် လျှောက်လှမ်းလာသည်။ သည်ရက်ပိုင်းအတွင်း လူရိပ် တစ်ယောက်မှ မတွေ့ရပေ။ သူတို့ ဘယ်ရောက်နေသည်ကိုပင်ပြောရခက်သည်။ ချန်ရွှင်၏ ဝိညာဉ်စွမ်းအား ကုန်ဆုံးမှု နည်းပါးသော်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။ အဆုံးကို မမြင်ရသေးပေ။
"တောက်... နွားကြီး ငါတို့ လေပေါ်လျှောက်လာတဲ့ အရှိန်နဲ့ဆိုရင် ချင်တိုင်းပြည် ကို တစ်ပတ် ပတ်လို့ ရနေပြီကွ"
ကောင်းကင်မှ စိတ်မရှည်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"သည် ကောင်းကင်လွင်ပြင်ကြီး က သည်လားက်တောင် ကြီးတာလား"
"မွန်း"
နွားနက်ကြီး အော်ဟစ်လိုက်သည်။ လမ်းတစ်လျှောက်လုံး ချန်ရွှင်၏ နှိပ်စက်မှုကို ခံရသဖြင့် အကျင့်ပါနေပြီ ဖြစ်သည်။ သို့သော် သူက ခွာတစ်ဖက်ကို ချန်ရွှင် ပခုံးပေါ် တင်လိုက်သည်။ ဆိုလိုသည်မှာ ….. အစ်ကိုကြီး... ချင်တိုင်းပြည် ကို တစ်ပတ် ပတ်လို့ရတယ် ဆိုတာကတော့ နည်းနည်း တော့များတယ် ဟုဖြစ်သည်။
"နွားကြီး... မင်း သီချင်းနားထောင်ချင်နေတာမလား ဟားဟား..."
"မွန်း... မွန်း..."
နွားနက်ကြီး မျက်လုံး ပြူးသွားပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သူ အဲသည်လို ဆိုလိုတာ မဟုတ်ပါ။... သွားပြီ။ ချန်ရွှင် မျက်လုံးများ အရောင်လက်သွားပြီး ကျယ်ပြောသော သဲပင်လယ်ကြီးကို ကြည့်ကာ ကျယ်လောင်စွာ သီဆိုလိုက်သည်။ ".... အိမ်ပြန်ချိန်ကိုတောင် မသိတော့ဘူး ပြန်လာမယ်ဆိုတာမသိတော့ဘူး"
"မွန်း"
ကောင်းကင်တွင် သံပြားကိုကြောင်ကုတ်ရာမှထွက်ပေါ်လာသော သီချင်းသံနှင့် နွားအော်သံတို့ ပဲ့တင်ထပ်သွားသည်။ တားမရမှတော့ ဝင်ပါလိုက်ရုံသာ ရှိတော့သည်။ ထို့နောက် ချန်ရွှင် အလွန်ပျော်ကာ နွားနက်ကြီးကို ခေါ်လျက် တိမ်တိုက်များကြားသို့ ပျံတက်သွားပြီး အောက်ခြေက မြေပြင်ကျယ်ကြီးကို ကြည့်ရှုနေသည်။ သူ့မျက်လုံးထဲတွင် အလွန် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ရင်ထဲက နောင်တ အချို့ကို နောက်ဆုံးတော့ ဖြည့်ဆည်းနိုင်တော့မည်။
"နွားကြီး... ဂါထာမန္တန် မသုံးနဲ့... ခုန်ချ"
"မွန်း"
"မြန်မြန်... ဘန်ဂျီဂျန့်ပင်း" (ဘန်ဂျီဂျန့် လုပ်သည်ဆိုသည်မှာ ခြေထောက်ကိုကြိုးနှင့်ချိတ်ဆွဲကာ အလွန်မြင့်သော တံတားကြီးများ၊ ချောက်ကမ်းပါးကြီးများမှ ဇောက်တိုးတွဲလောင်း ခုန်ချသည့် စွန့်စားရသည်ကိုနှစ်သက်သူများ နှစ်ခြိုက်ကြသော အားကစားနည်းတစ်မျိုးဖြစ်ပါသည်)
"မွန်း"
ရှူး ရှူး
လေပြင်းများ တိုက်ခတ်နေသည်။ ပုံရိပ်နှစ်ခု လေထဲတွင် ပြုတ်ကျလာ၏။ နွားနက်ကြီး ကြောက်လွန်းသဖြင့် မျက်ရည်များ နှပ်များ ထွက်ကျလာသည်။ ဒါက ဓားပျံပေါ်ကနေ ပြုတ်ကျတာနဲ့ အတူတူပဲ မဟုတ်ပါလား။
"မွန်း"
နွားနက်ကြီး မျက်ဖြူလန်သွားပြီး လေထဲတွင် မေ့လဲသွားသည်။
"လခွမ်း... နွားကြီး... နွားကြီး"
ချန်ရွှင် လက်နှစ်ဖက် ဖြန့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းကို ကြည့်ကာ အော်ဟစ်လိုက်သည်။ သူသည် လေပေါ် လျှောက်သွားကာ နွားနက်ကြီးကို အမြန် လှမ်းဖမ်းလိုက်သည်။
"မွန်း"
နွားနက်ကြီး အားနည်းစွာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ အမြင့်ကြောက်နေတုန်းပင်။
"နောက်တစ်ခေါက်"
"မွန်း"
နေဝင်ဆည်းဆာ အောက်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဓားပျံ မစီးကြတော့ဘဲ ကောင်းကင် တိမ်တိုက်များကြားမှ ခုန်ချနေကြသည်။
"ဟားဟားဟား..."
"မွန်း မွန်း..."
မြေပြင်မှ မော့ကြည့်လိုက်လျှင် လူငယ်တစ်ဦးသည် လက်နှစ်ဖက် ဖြန့်ထားပြီး ဆံပင်များ လွင့်ပျံနေကာ မြေကြီးကို ကြည့်လျက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။ အနက်ရောင်နွားတစ်ကောင်သည် ခြေကားယားလက်ကားယားဖြစ်နေ၏။ နာကျင်မှုနှင့် ပျော်ရွှင်မှုဆိုသည်မှာ ဒွန်တွဲနေတတ်သည်။ လေပြင်းများက သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး တိုက်ခတ်နေသည်။ အဝါရောင်သဲများသည် ကောင်းကင်တွင် လွင့်ပျံနေသည်။ သို့သော် သူတို့၏ လွတ်လပ်သော နှလုံးသားကိုမူ ဖုံးအုပ်သွားနိုင်ခြင်း မရှိပါပေ။