← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 6 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 6 Ch. 107-108

အခန်း (၁၀၇)

နေဝင်ချိန်ကုန်ဆုံး၍ ညချမ်းသို့ ရောက်ရှိလာရာ လမင်းကြီးသည် ကောင်းကင်ယံသို့ ဖြည်းညင်းစွာ တက်လှမ်းလာပြီး ကြယ်ရောင်စုံလင်သော ညဉ့်ကောင်းကင်ယံကို ဆောင်ကြဉ်းလာသည်။ နွားနက်ကြီးသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရှေ့ရှိ ဆေးသေတ္တာငါးခုကို ကြည့်ရှုနေသည်။ သူ၏ စိတ်ဓာတ်ခွန်အားများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤလများအတွင်း ချန်ရွှင်၏ ပြောဆိုမှုများကို နားထောင်ခဲ့ရသဖြင့် ကောင်းကင်ပြစ်ဒဏ် နှင့် ပတ်သက်သည့် အချက်အလက်များကို ရေလည်နေပြီဖြစ်ရာ ကြောက်ရွံ့ခြင်း မရှိတော့ပေ။

"မွန်း..."

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရွှေအမြူတေဆေး (၁) လုံးကို မျိုချလိုက်သည်။ နွားနက်ကြီးသည် ကောင်းကင်ပြစ်ဒဏ် ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ဝူး... ဝူး... ဝူး...

သဲကန္တာရအတွင်း၌ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး သဲမုန်တိုင်းကြီးများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ရာသီဥတု ပြောင်းလဲသွားပြီ ဖြစ်သည်။ ထူထဲသော မိုးတိမ်မည်းကြီးများ တလိမ့်လိမ့်တက်လာပြီး ခရမ်းရောင် လျှပ်စီးတန်းများ စုစည်းကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ မင်ရည်ဖျန်းပက်ထားသကဲ့သို့ မည်းမှောင်နေသော ကောင်းကင်ပြင်သည် စုတ်ပြဲသွားသကဲ့သို့ ဖြစ်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

နွားနက်ကြီးသည် ချန်ရွှင် ရှိရာအရပ်ကို လေးနက်စွာ လှမ်းကြည့်လိုက်သည်။ လူရိပ်ကို မမြင်ရသော်လည်း ချန်ရွှင်သည် သူ့အား စောင့်ကြည့်နေမည်ကို သူသိသည်။ အဝေးတစ်နေရာတွင် ချန်ရွှင်သည် ကောင်းကင်ကို မော့ကြည့်နေပြီး မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းနေသည်။ သူကိုယ်တိုင် ကောင်းကင်ပြစ်ဒဏ် ခံယူစဉ်ကပင် ဤမျှ စိတ်လှုပ်ရှားခဲ့ခြင်း မရှိပေ။

ဂျိမ်း... ဂျိမ်း...

မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လျှပ်စီးတန်းကြီးတစ်ခုသည် နွားနက်ကြီး ရှိရာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။ ချန်ရွှင်၏ နှလုံးသားသည် ပြင်းစွာတုန်လှုပ်သွားသည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မြေကြီးပေါ်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

ဂျိမ်း...

နောက်ထပ် လျှပ်စီးတန်းတစ်ခု ကျရောက်လာပြန်ရာ ချန်ရွှင်၏ လက်ချောင်းများ တုန်ရီသွားသည်။ သူသည် ပန်းချီကားတစ်ချပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး တည်ငြိမ်သော မျက်နှာဖြင့် ပန်းချီကားကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ နွားနက်ကြီးသည် အမြဲတမ်း ရိုးသားဖြူစင်ပြီး သူပြောသမျှကို ယုံကြည်တတ်သူ ဖြစ်သည်။

ကောင်းကင်တွင် လျှပ်စီးများ လင်းလက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဝင်းခနဲထိန်ခနဲဖြစ်နေသည်။

"မွန်း..."

လျှပ်စီးများ ပိုမို ပြင်းထန်လာပြီး ပျက်စီးခြင်း အရှိန်အဝါများနှင့်အတူ နွားနက်ကြီးအပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

"နွားကြီး... ဒီ ကောင်းကင်ပြစ်ဒဏ် ကို ကျော်ဖြတ်နိုင်ရင် ငါ မင်းအတွက် နွားပျိုမလေး ဝယ်ပေးမယ်... နောက်ဆို မင်း ဘဝက အေးအေးဆေးဆေးဖြစ်ပြီပဲ"

ချန်ရွှင်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤသည်မှာ သူ၏ နောက်ဆုံး ဝှက်ဖဲဖြစ်သော မက်လုံး ပေးခြင်းပင် ဖြစ်သည်။

"မွန်း..."

ကောင်းကင်ပြစ်ဒဏ် အောက်ရောက်နေသော နွားနက်ကြီးသည် ချန်ရွှင်၏ အသံကို ကြားလိုက်ရသကဲ့သို့ ပြန်လည် အော်ဟစ်လိုက်သည်။ သူ ထပ်မံ ယုံကြည်လိုက်ပြန်ပြီ ဖြစ်သည်။

"ငါ့ညီလေး ဒီနေ့ ကောင်းကင်ပြစ်ဒဏ် ခံယူနေတာ... နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးကြပါ... ငါ့မျက်နှာကို ထောက်ထားပေးကြပါ"

ချန်ရွှင် ဆက်လက် ပြောဆိုလိုက်ပြီး မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

"ဒါက ခင်ဗျားတို့ ကိုယ်တိုင်အတွက်လည်း... အသက်ရှင်ဖို့ လမ်းစတစ်ခုချန်ထားပေးတာပါ"

ချန်ရွှင်၏ နတ်အသိ သည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် နေမင်းကြီး ထွက်ပေါ်လာသည်။ ကောင်းကင်ပြစ်ဒဏ် ပျောက်ကွယ်သွားပြီး မိုးတိမ်များ ကွဲလွင့်သွားသည်။ မြေပြင်တစ်ခုလုံး မွမွကြေနေပြီး လျှပ်စီးဒဏ်ကြောင့် မီးလောင်ကျွမ်းထားသော အရာများသာ ကျန်ရစ်သည်။ ကောင်းကင်ပြစ်ဒဏ် အောက်တွင် နွားနက်ကြီး၏ အသက်ရှူသံမှာ ငြိမ်းလုနီးပါး ဖယောင်းတိုင်မီးကဲ့သို့ အလွန် အားနည်းနေသည်။ သို့သော် သူသည် ပိုးချည်အိမ်ကဲ့သို့အရာကြီးတစ်ခု၏ အထဲတွင်ရောက်ရှိနေပြီး အလွန်မြန်ဆန်သော နှုန်းဖြင့် ပြန်လည် သက်သာလာနေသည်။

ချန်ရွှင်သည် မျက်လုံး ပြူးကျယ်လျက် ကြည့်ရှုနေသည်။ မည်သို့သော အခြေအနေ ဖြစ်သည်ကို သူ နားမလည်သော်လည်း နွားနက်ကြီး အသက်ရှင်နေသေးသဖြင့် ဝမ်းသာနေသည်။ အချိန်မည်မျှ ကြာသွားသည်မသိ၊ ပိုးချည်အိမ်ကြီးသည် ကွဲအက်သွားပြီး နွားနက်ကြီး ဖြည်းညှင်းစွာ ထွက်လာသည်။

"မိုက်တယ်..."

ချန်ရွှင် ရေရွတ်လိုက်သည်။ နွားနက်ကြီးသည် အမွေးများ ရှည်လျားလာပြီး စာမရီ(တိဘက်တွင်တွေ့ရတတ်သော အမွေးရှည်နွားကြီးမျိုး) ကြီး တစ်ကောင်ကဲ့သို့ ခန့်ညားထည်ဝါနေသည်။ နွားနက်ကြီးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏ ရှေ့ခြေထောက်နှစ်ချောင်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ မတ်တပ်ရပ်နေရသည်မှာ သဘာဝကျသော်လည်း နေရခက်နေပြီး လေးဘက်ထောက်ရသည်ကိုသာ ပိုမို နှစ်သက်သည်။

နွားနက်ကြီးသည် တစ်ကိုယ်လုံး လှုပ်ခါလိုက်ရာ ဝိညာဉ်စွမ်းအားများ လည်ပတ်သွားပြီး မူလပုံစံအတိုင်း ပြန်လည် ပြောင်းလဲသွားသည်။

"မွန်း..."

သူသည် ချန်ရွှင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး အပြေးသွားလိုက်သည်။

"နွားကြီး..."

ချန်ရွှင်လည်း ရယ်မောလျက် ပြေးသွားလိုက်သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ပြန်လည် ဆုံတွေ့ကြသည်။

"နွားကြီး... ခြေရာလက်ရာ ဖျောက်ပြီး နေရာပြောင်းကြစို့... ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး"

"မွန်း"

သူတို့သည် ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ပျက်စီးနေသော နေရာများကို ပြုပြင်လိုက်ပြီး သဲများဖြင့် ဖုံးအုပ်လိုက်ကြသည်။ ထို့နောက် လေပေါ်သို့ ပျံတက်သွားပြီး မိုးကုပ်စက်ဝိုင်းအဆုံးသို့ ပျောက်ကွယ်သွားကြသည်။ သူတို့သည် ဦးတည်ချက်တစ်ခုသို့ လဝက်ခန့် ပျံသန်းခဲ့ကြသော်လည်း ကောင်းကင်လွင်ပြင် သည် သဲကန္တာရ အတိ ဖြစ်နေဆဲပင်။

"နွားကြီး... မင်း စိတ်ချင်းဆက်သွယ် စကားပြောတတ်ပြီလား"

ချန်ရွှင် ရုတ်တရက် သတိရသွားသည်။ ရွှေအမြူတေအဆင့် ရောက်လျှင် ရပြီ မဟုတ်ပါလား။ သူတို့ မြေကြီးပေါ်သို့ ဆင်းသက်လိုက်ကြသည်။ နွားနက်ကြီး၏ အသံသည် ချန်ရွှင်၏ ခေါင်းထဲသို့ ရောက်ရှိလာသည်။

"မွန်း"

ချန်ရွှင် လန့်သွားသည်။ ခေါင်းထဲတွင် နွားအော်သံ ပေါ်လာသောကြောင့် ဖြစ်သည်။

"ငါက မင်း စကားပြောတတ်ပြီ မှတ်နေတာ"

"မွန်း"

"ကိစ္စမရှိပါဘူး... မင်း မျက်လုံး ကြည့်ရုံနဲ့ ဘာဆိုလိုလဲဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ စိတ်ချင်းဆက်သွယ် ပြောနိုင်တော့ တခြားလူတွေ ငါတို့ ဘာပြောလဲဆိုတာ မသိနိုင်တော့ဘူးပေါ့"

ချန်ရွှင် ရယ်မောလိုက်သည်။

"ဒါက အသက်မွေးဝမ်းကျောင်း ပြုဖို့အတွက် နည်းလမ်းကောင်း တစ်ခုပဲ"

ချန်ရွှင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

"နွားကြီး... ငါတို့ သစ်ပင်စိုက်ပြီး မြေရိုင်းတွေဖော်ကြမယ်... ပြီးရင် တဲအိမ်လေး တစ်လုံး ဆောက်ပြီး ဒီမှာ ခဏ နေကြမယ်... မူလလက်နက် ကိုလည်း ပေါင်းစပ်ရဦးမယ်... အစီအစဉ်တွေ ဆွဲစရာ ရှိသေးတယ်... ဆယ်စုနှစ် အနည်းငယ်လောက် ပုန်းနေပြီးမှ ထွက်ကြမယ်"

"မွန်း မွန်း"

နွားနက်ကြီး မျက်လုံးများ အရောင်တောက်သွားသည်။ သူ မြေရိုင်းဖော်ရတာကို အနှစ်သက်ဆုံး ဖြစ်သည်။ ချန်ရွှင်သည် သိုလှောင်အိတ် တစ်လုံးကို ထုတ်လိုက်သည်။ အတွင်းထဲတွင် ကြိုးကြာဖြူပင် ပျိုးပင်များ ပြည့်နှက်နေသည်။ နောက်ပိုင်း တစ်လအတွင်း၌ သူတို့သည် ကျောက်ခဲထုခြင်းနှင့် မြေရိုင်းဖော်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးခဲ့ကြသည်။ ချန်ရွှင်သည် မြေကွက်လပ် တစ်ခုကို ပိုင်းခြားသတ်မှတ်လိုက်ပြီး နွားနက်ကြီးက အစီအရင် ခင်းကျင်းကာ ကာကွယ်လိုက်သည်။ နှစ်ပေါင်းများစွာ အသက်ရှည်မည့် ရွှေအမြူတေအဆင့် ကျင့်ကြံသူ နှစ်ဦး၏ နေ့စဉ်ဘဝသည် ဤမျှ ရိုးရှင်းလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားမည် မဟုတ်ပေ။

ကြိုးကြာဖြူပင် များ တဖြည်းဖြည်း ကြီးထွားလာသည်။ ခုတ်လှဲလိုက်၊ ပြန်စိုက်လိုက်ဖြင့် နောက်ဆုံးတွင် သစ်သားအိမ်လေး တစ်လုံး ဆောက်လုပ်ပြီးစီးသွားသည်။ တောင်ပေါ်ရွာလေးက သက်ကယ်တဲနှင့် တစ်ပုံစံတည်းပင်ဖြစ်သည်။ အတွင်းတွင် စားပွဲ၊ ကုလားထိုင် မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသည်။ သူတို့သည် ယခင်ကတည်းက ကြမ်းပြင်ပေါ်တွင် အိပ်စက်ပြီး ကြမ်းပြင်ပေါ်တွင်သာ ထမင်းစားလေ့ရှိကြပေသည်။

အခန်း (၁၀၈)

ယနေ့တွင် နွားနက်ကြီး အလုပ်သွားလုပ်နေသဖြင့် ချန်ရွှင်သည် အိမ်ထဲတွင် ထိုင်လျက် သူ၏ လက်မောင်းကို ကြည့်ရှုနေသည်။ သူသည် ကျောက်တုံးများကို ထုခွဲနေခြင်းမှာ ကြွားဝါလို၍ မဟုတ်ဘဲ မိုးကြိုးလျှပ်စီးဖြင့် ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်မှု မည်မျှ တိုးတက်လာသည်ကို စမ်းသပ်လို၍ ဖြစ်သည်။ သူ၏ အသားအရေသည် ငွေရောင် တောက်ပနေ၏။

"တကယ်လို့ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ် တစ်ခုလောက် ထပ်ရမယ် ဆိုရင်... ပြီးတော့ ဝိညာဉ်စွမ်းအား အကာအကွယ်နဲ့ ခံစစ်စွမ်းရည်ပါ ပေါင်းလိုက်ရင်..." ချန်ရွှင် စိတ်ကူးယဉ်နေမိသည်။

"ကောင်းကင်ပြစ်ဒဏ် ဆိုတာက ငါတို့ကို လက်ဆောင်ပေးနေတာပါလား"

"ကောင်းကင်ကြီး... ခင်ဗျားရဲ့ ပေးကမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"

ချန်ရွှင် လေးနက်စွာ ရေရွတ်လိုက်သော်လည်း နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။ သူသည် နတ်အသိ ဖြင့် အပြင်ဘက်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ နွားနက်ကြီး သစ်ပင်စိုက်နေသည်ကို တွေ့ရသဖြင့် စိတ်ချသွားသည်။

သူသည် သိုလှောင်အိတ် ထဲမှ အမွှေးတိုင်အိုးကို ထုတ်ယူလိုက်ပြီး ရွတ်ဖတ်လိုက်သည်။

"နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကောင်းကင်ကြီးက မျက်နှာသာ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဟိုတုန်းက ကျွန်တော့် ညီ နွားကြီးကို စိုးရိမ်လို့ ပြောမိပြောရာပြောတာပါ... အခု တောင်းပန်တဲ့ အနေနဲ့..."

"မွန်း..."

နွားနက်ကြီး ရုတ်တရက် ဝင်ရောက်လာသည်။ သူ အမွှေးတိုင် အနံ့ကို ရလိုက်သည်။ ချန်ရွှင် နတ်မင်းများကိုပူဇော်နေသည်လား။ ဒီလို ကိစ္စမျိုး သူ့ကို ဘာလို့ မခေါ်တာလဲ။ ချန်ရွှင် မျက်နှာပျက်သွားသည်။

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ရုတ်တရက်...

အိမ်တံခါး ၀ုန်းခနဲ ပိတ်သွားပြီး အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"နွားနက်ကြီး... ငါ့နေရာကို လာလုရဲတယ်ပေါ့... သေစမ်း..."

"မွန်း... မွန်း..."

အိမ်ထဲမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး နွားနက်ကြီး လွင့်စင်ထွက်သွားသည်။ သို့သော် သူ ဒေါသထွက်သွားသည်။ ချန်ရွှင်က သူမသိအောင် တိတ်တိတ်လေး နတ်မင်းများကိုပူဇော်နေသည်မှာ မတရားပေ။ သူ ပြန်ဝင်သွားပြီး ချန်ရွှင်ကို တိုက်ခိုက်လိုက်ရာ ချန်ရွှင် လွင့်စင်ထွက်လာသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် သဲကန္တာရထဲတွင် နေ့ဝက်ခန့် တိုက်ခိုက်ကြရာ နေရောင်ပင် ပျောက်ကွယ်လုလုဖြစ်လာသည်။ နောက်ဆုံးတွင် ချန်ရွှင်က သူ၏ ကုသိုလ်ကောင်းမှုများအား နွားနက်ကြီးအား ပေးပါမည်ဆိုမှသာ နွားနက်ကြီးသည် ကျေနပ်သွားပြီး သစ်ပင် ပြန်စိုက်လေသည်။

ချန်ရွှင်သည် အိမ်ထဲသို့ ပြန်ရောက်သောအခါ မျက်နှာ မကောင်းပေ။ သို့သော် နွားနက်ကြီး မသိလိုက်သဖြင့် စိတ်သက်သာရာ ရသွားသည်။ သူ အခြားအရာများကို စဉ်းစားလိုက်သည်။

"ဆေးကြိုး ဆိုတာ ဘာလဲ... ဆေးဋ္ဌာန က လူတွေတောင် တခါမှ မကြားဖူးဘူး... ငါ အတင်း မေးလို့လည်း မဖြစ်ဘူး"

ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ အဆင့်တက်စေသော ဤဆေးကို ဖော်စပ်ရန် သူ အားကုန်ထုတ်ခဲ့ရသည်။ နှစ်ပေါင်း (၅၀) ကြာမြင့်ခဲ့သည်။

"အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး တုန်းကလည်း ပြဿနာ ရှိခဲ့တယ်... ဒန်တန်ကို ချဲ့ထွင်ပေးလိုက်တာ... ဒါတွေက တိုက်ဆိုင်မှု မဟုတ်ဘူး"

ချန်ရွှင် ရေရွတ်လိုက်သည်။ သူတို့တွင် ယခုအခါ ရွှေအမြူတေ ငါးလုံးစီ ရှိနေသည်။ သို့သော် အားလုံးက မှေးမှိန်နေပြီး အာနိသင် မပြည့်ဝသေးပေ။ ရွှေအမြူတေအဆင့် ကျင့်စဉ် မရှိသဖြင့် ဆက်လက် မကျင့်ကြံနိုင်သေးပေ။

"ဒီကျင့်ကြံခြင်း လောကမှာ ရွှေအမြူတေ အများကြီး ရှိတဲ့လူ မကြားဖူးဘူး... တစ်ခုတည်းရှိကြတာ မဟုတ်ဘူးလား….ဒါပေမဲ့ မူလလက်နက် အတွက်တော့ အကျိုးရှိမှာပါ"

သူသည် စာအုပ်လေးကို ထုတ်ပြီး အနာဂတ် အစီအစဉ်များကို ရေးဆွဲလိုက်သည်။ လူဆိုသည်မှာ အနာဂတ်အတွက် မျှော်လင့်ချက် ရှိရမည်။ နောက်ပိုင်း ရက်များတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ရွှေအမြူတေ ငါးလုံးကို အခြေခံခိုင်မာအောင် လုပ်ဆောင်ခြင်း၊ ကြိုးကြာဖြူပင် များ စိုက်ပျိုးခြင်းနှင့် အနာဂတ် အစီအစဉ်များကို ဆွေးနွေးခြင်းတို့ ပြုလုပ်ကြသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအား ဖြည့်တင်း၍ မရသဖြင့် ဂါထာမန္တန်များကို မလိုအပ်ဘဲ မသုံးစွဲကြပေ။

နွားနက်ကြီးသည် ရွှေအမြူတေ စွမ်းအားဖြင့် အနက်ရောင် ခေါင်းတလား ကို အဆက်မပြတ် ပြုစုပျိုးထောင်နေပြီး မူလလက်နက် အဖြစ် ပြောင်းလဲရန် ကြိုးစားနေသည်။ သို့မှသာ သိုလှောင်အိတ် သုံးစရာ မလိုတော့မည်ဖြစ်သည်။ ရွှေအမြူတေအဆင့် ရောက်ရှိသွားသဖြင့် ဝိညာဉ်စွမ်းအားနှင့် နတ်အသိ များစွာ တိုးတက်လာပြီး ဂါထာမန္တန်များကို ပိုမို နက်ရှိုင်းစွာ နားလည်လာကြသည်။ ချန်ရွှင်သည် ကျန်ရှိသော အချိန်များတွင် ဂါထာ စာအုပ်များကို ဖတ်ရှုနေသည်။ ယခင်က နားမလည်ခဲ့သော အရာများကို ယခုအခါ ချက်ချင်း နားလည်သဘောပေါက်လာသည်။ ဉာဏ်အလင်းပွင့်သွားသည့် ခံစားမှုမျိုး ဖြစ်သည်။

ဘဝသည် ရိုးရှင်းသော်လည်း အဓိပ္ပာယ် ရှိလှသည်။ သူတို့သည် ဘဝနေထိုင်မှု အဆင့်အတန်းကို အထူးတလည် မလိုအပ်ဘဲ စိတ်ကျေနပ်မှု ရှိလျှင် ပြီးပြည့်စုံပြီဟု ခံယူထားကြသည်။ မျက်စိတစ်မှိတ်အတွင်း ချန်ရွှင်နှင့် နွားနက်ကြီးတို့ ကောင်းကင်လွင်ပြင် တွင် နေထိုင်သည်မှာ နှစ် (၂၀) ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သက်တမ်းအမှတ်များကို ဝိညာဉ်စွမ်းအား တွင် ပေါင်းထည့်လိုက်ကြသည်။ သဲကန္တာရထဲတွင် အိမ်လေးတစ်လုံး အထီးကျန်စွာ တည်ရှိနေသော်လည်း အစီအရင်ဖြင့် ဖုံးကွယ်ထားသဖြင့် မည်သူမျှ မမြင်နိုင်ပေ။ နွားနက်ကြီး၏ အစီအရင် ပညာသည်လည်း ပိုမို တိုးတက်လာသည်။ အစီအရင် အတွင်းရှိ မြေကွက်လပ်တွင် ကြိုးကြာဖြူပင် များ စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေသည်။

၀ုန်း...

ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေသော တောင်ဖြိုပုဆိန် တစ်လက်သည် ကြိုးကြာဖြူပင် တစ်ပင်ကို ခုတ်လှဲလိုက်သည်။ သစ်ပင် လဲကျသွားပြီးနောက် ဖြည်းညှင်းစွာ ခြောက်သွေ့ဆွေးမြေ့သွားပြီး အမှုန့်ဖြစ်သွားသည်။ ချန်ရွှင်သည် နေရောင်အောက်တွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

"နွားကြီး... ဘယ်လိုလဲ"

ချန်ရွှင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရေဝိညာဉ်ပညာ သည် အမှောင်အရှိန်အဝါများကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

"မွန်း"

နွားနက်ကြီး အံ့သြစွာ ခေါင်းညိတ်လိုက်သည်။ ယခင်ကထက် ပိုကောင်းလာသည်။ သူသည် အနက်ရောင် ခေါင်းတလားကို ရွှေအမြူတေ အတွင်း၌ ထည့်သွင်းထားနိုင်ပြီ ဖြစ်ပြီး စိတ်တိုင်းကျ ထုတ်ယူ အသုံးပြုနိုင်သည်။

"ဒါပေမဲ့ ဒီ ပုဆိန် သုံးလက်ကိုတော့ ခါးမှာ ချိတ်ထားလို့ မရဘူး"

ချန်ရွှင် တည်ငြိမ်စွာ ပြောလိုက်သည်။ လက်ထဲရှိ ပုဆိန်များကို သူ မြတ်နိုးစွာ ကြည့်လိုက်သည်။ ဤ လေခွင်းပုဆိန် သုံးလက်သည် လွန်ခဲ့သော တစ်နှစ်က ကြိုးကြာဖြူဘုရင် အပင် ကို အသုံးပြုပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ သူ၏ ဆေးမီးတောက် ဖြင့် အစွမ်းကုန် ပုံဖော်ထားသဖြင့် အလွန် ထက်မြက်လှသည်။ ပထမပုဆိန်က ခုခံမှုကို ဖျက်ဆီးသည်၊ ဒုတိယပုဆိန်က ဒဏ်ရာရစေသည်၊ တတိယပုဆိန်ဆိုလျှင် အသက်ပျောက်ပြီဖြစ်သည်။ နောက်ဆုံးတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထိုပုဆိန်များကို အမည်ပေးလိုက်သည်မှာ - လေခွင်းပုဆိန် ဟူ၍ ဖြစ်သည်။

All Chapters