အခန်း (၁၀၉-၁၁၀)
Vol. 6 Ch. 109-110
အခန်း (၁၀၉)
"မွန်း"
နွားနက်ကြီးသည် သူတို့၏ ဓားပြဝတ်စုံသုံးခု ကို ထုတ်ယူလိုက်ပြီး ချန်ရွှင်ကို ဝှေ့လိုက်သည်။ သူတို့တွင် ရွှေအမြူတေ ငါးခုစီ ရှိသဖြင့် မူလလက်နက် ငါးခုအထိ ပိုင်ဆိုင်နိုင်သည်။ ဤဝတ်စုံသည် တစ်နေရာစာသာ ယူသည်။
"နွားကြီး... ငါတို့ ဝတ်စုံတွေနဲ့ လက်နက်တွေကို ဆက်ပြီး အားဖြည့်ကြမယ်... သစ်သားဓာတ် ပါတဲ့ ပစ္စည်းမှန်သမျှ အကန့်အသတ်မရှိ တိုးတက်စေနိုင်တယ်"
ချန်ရွှင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူတို့၏ ရွှေအမြူတေဖြင့် ပြုလုပ်ထားသော သစ်သားဓာတ် ပစ္စည်းများသည် သူတို့နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ မူလစွမ်းအင် နှင့် အလွန် ကိုက်ညီမှု ရှိနေသည်။ ခန္ဓာကိုယ် ကြံ့ခိုင်လာသဖြင့် မူလလက်နက် ပြုလုပ်ရာတွင် အားနည်းသွားသော အချိန်ကာလသည်လည်း တိုတောင်းသွားသည်။
"မွန်း မွန်း"
နွားနက်ကြီး ရယ်မောလိုက်သည်။ ဤနေရာတွင် နေရသည်မှာ ကောင်းလှသည်။ မည်သူမျှ လာရောက် မနှောင့်ယှက်ပေ။
"နွားကြီး... တစ်ဖက်က လက်နက်လုပ်ရင်း တစ်ဖက်က ရွှေအမြူတေကို တည်ငြိမ်အောင် လုပ်... မလောနဲ့"
ချန်ရွှင် ပြုံးလျက် ပြောလိုက်သည်။
"ခြေလှမ်းတိုင်းကို ခိုင်မာအောင် လျှောက်ရမယ်"
"မွန်း"
"နွားကြီး... အလုပ် လုပ်ကြစို့... စမယ်"
ချန်ရွှင် အော်ဟစ်လိုက်ပြီး အဝေးမှ သဲမုန်တိုင်းများကို ကြည့်လိုက်သည်။
"မွန်း..."
နွားနက်ကြီးလည်း ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။
လူတစ်ယောက်နှင့် နွားတစ်ကောင် ပြန်လည် အလုပ်ရှုပ်လာကြသည်။ အားလပ်လျှင် ကြိုးကြာဖြူပင် များ စိုက်ပျိုးပြီး မူလစွမ်းအင် ဖြင့် ပြုစုပျိုးထောင်ကြသည်။ သူတို့ စိုက်ပျိုးလိုက်သော ကြိုးကြာဖြူပင် များကြောင့် သဲကန္တာရထဲတွင် စိမ်းလန်းစိုပြေမှုများ ဖြစ်ပေါ်လာသည်။ သို့သော် ဤနေရာတွင် ဝိညာဉ်စွမ်းအင် မရှိသဖြင့် သူတို့ ထွက်ခွာသွားလျှင် ညှိုးနွမ်းသေဆုံးသွားကြပေလိမ့်မည်။
အချိန်များ ကုန်ဆုံးသွားသည်။ ချင်တိုင်းပြည် သည် တိုးတက်လာပြီး ဝိညာဉ်အမြစ် ပါရှိသူများ ပိုမို များပြားလာသည်။ ဂိုဏ်းကြီးများ၏ လိုအပ်ချက်မှာလည်း မြင့်မားလာကြပြီး ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင်များကို လက်မခံကြတော့။ အလုပ်ကြမ်းသမား အဖြစ်ပင် မခေါ်ကြတော့ပေ။ ထိုသူများသည် သာမန်လောကတွင်သာ နေထိုင်ကြရသည်။ သို့သော် ရည်မှန်းချက်ကြီးမားမှု မရှိလျှင် သာမန်ဘဝသည်လည်း ပျော်ရွှင်စရာ ကောင်းပါသည်။
ကောင်းကင်လွင်ပြင် အတွင်းရှိ မထင်ရှားသော နေရာတစ်ခုတွင် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ထိုကဲ့သို့သော သာမန် ပျော်ရွှင်မှုကို ခံစားနေကြသည်။ ကြိုးကြာဖြူပင် ဘုရင် သေဆုံးပြီးနောက် (၂၁) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ပစ္စည်းများ သိမ်းဆည်းနေကြသည်။ ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ သူတို့သည် သက်တမ်းအမှတ် (၂၀) ကို ဝိညာဉ်စွမ်းအား တွင် ပေါင်းထည့်လိုက်သည်။ ကျင့်ကြံခြင်းလောကတွင် နေထိုင်မည်ဆိုပါက ဝိညာဉ်စွမ်းအား မရှိလျှင် မဖြစ်ပေ။
"နွားကြီး... ပြည်တော်ပြန်ဖို့ ပြင်ဆင်တော့"
ချန်ရွှင် အိမ်အပြင်ဘက်မှ လှမ်းအော်လိုက်သည်။ ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေနေသော်လည်း မြေပြင်ပေါ်တွင် မီးလောင်ထားသော အရာများ ရှိနေသည်။
"မွန်း"
နွားနက်ကြီးသည် သစ်ပင်အောက်တွင် ရပ်လျက် အစီအရင်အလံများကို ကိုင်ထားသည်။ ကိုယ်ပေါ်တွင် ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များ ချိတ်ဆွဲထားသည်။ ချန်ရွှင် အိမ်ရှေ့တွင် ထိုင်လိုက်သည်။ မျက်လုံးများ အရောင်တောက်လာသည်။ သူ၏ မီးလုံးပစ်လွှတ်ခြင်းပညာ သည် နောက်ဆုံးတွင် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ မဟာမီးလုံးပစ်လွှတ်ခြင်းပညာ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ်များကို တိုက်ရိုက် ကျင့်ကြံနိုင်သော်လည်း စိတ်မဝင်စားပေ။ အဆင့်မြင့်လာသည်နှင့်အမျှ ကိုက်ညီသော ကျင့်စဉ်များ ရရှိရန် ခက်ခဲလာမည်။ အဆင်သင့်ရသော အရာများကိုသာ အားကိုးနေလျှင် သူ၏ ကျင့်ကြံခြင်း လမ်းစဉ်သည် အဓိပ္ပာယ် မရှိတော့ဘဲ တစ်နေ့တွင် လမ်းဆုံးသွားလိမ့်မည်။
သူသည် ဂါထာမန္တန်များကို ကိုယ်တိုင် လေ့လာဖန်တီးရသည်ကို နှစ်သက်သည်။
"ငါ့ရဲ့ ကျင့်စဉ်က ဗဟုသုတ နည်းလွန်းတော့ လောလောဆယ် မြှင့်တင်လို့ မရသေးဘူး"
ချန်ရွှင် ခေါင်းခါလိုက်သည်။ သို့သော် စိတ်ထဲတွင် ကျေနပ်နေသည်။
"နှစ်ပေါင်း တစ်ရာလောက် အချိန်ပေးပြီး မဟာမီးလုံးပစ်လွှတ်ခြင်းပညာ ကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့တယ်... ဘယ်သူ ယှဉ်နိုင်မှာလဲ"
"နွားကြီး... မင်းက အစီအရင်ပညာမှာ ငါ့ထက် သာတယ် ဆိုပေမဲ့... သိပ်မဟုတ်သေးပါဘူး"
ချန်ရွှင် ခေါင်းမော့လိုက်ပြီး အဝေးမှ နွားနက်ကြီးကို ကြည့်လိုက်သည်။ နွားနက်ကြီးကလည်း သူ ဖန်တီးထားသော မဟာမီးလုံးပစ်လွှတ်ခြင်းပညာ ကို သင်ယူထားသည်။ ထိုစဉ်က နွားနက်ကြီးသည် ဝမ်းသာလွန်း၍ မျက်ရည်ပင်ကျခဲ့ပြီး တိုက်ပွဲတွင် အစီအရင် မသုံးတော့ဘဲ ဒါကိုပဲ သုံးတော့မည်ဟု ပြောခဲ့ဖူးသည်။
"မွန်း"
နွားအော်သံ ကြောင့် ချန်ရွှင် စိတ်ကူးယဉ်နေရာမှ သတိဝင်လာသည်။
"နွားကြီး... ပြီးပြီလား"
"မွန်း မွန်း"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ အစီအရင်အလံ လေးခုစလုံး သိမ်းဆည်းပြီးပြီ။ သို့သော် ပျက်စီးလုနီးပါး ဖြစ်နေသည်။
"သွားကြစို့"
ချန်ရွှင် ပြုံးလိုက်ပြီး ကောက်ရိုးဦးထုပ်ကို ဆောင်းလိုက်သည်။ ခါးတွင် လေခွင်းပုဆိန် သုံးလက်ကို ချိတ်ဆွဲထားသည်။ သိုင်းလောကထဲ သွားလာရာတွင် အနိုင်ကျင့်မခံရအောင် ပြင်ဆင်ထားရမည်။ နွားနက်ကြီး ပြေးလာပြီး ချန်ရွှင်ကို ဝှေ့လိုက်သည်။ ပြီးနောက် အရပ်လေးမျက်နှာကို ကြည့်လိုက်သည်။
"နွားကြီး... ဒီနေရာကို မှတ်သားထားလိုက်... လမ်းပြမြေပုံ အနေနဲ့ပေါ့"
ချန်ရွှင် ပြောလိုက်သည်။
"ကောင်းကင်လွင်ပြင် ကို ဖြတ်သန်းဖို့အတွက် ချင်တိုင်းပြည် မှာ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်"
နွားနက်ကြီး ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူတို့သည် အလွန် ချွေတာခဲ့ကြသဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့် ကျန်ရှိနေသေးသည်။ အကယ်၍ ဘာမှ မပြင်ဆင်ဘဲ ဖြတ်သန်းပါက လမ်းတစ်ဝက်တွင် ဝိညာဉ်စွမ်းအား ကုန်ခမ်းပြီး လမ်းပျောက်သွားနိုင်သည်။ ယခုအခါ သူတို့ အဆင်သင့် ဖြစ်နေပြီ။ မူလလက်နက် များကိုလည်း အားဖြည့်ပြီးပြီ။ ရွှေအမြူတေ အတွင်း၌ သိမ်းဆည်းထားသည်။
သူတို့၏ မူလလက်နက် များသည် နှစ်ပေါင်း (၅၀၀၀၀) သက်တမ်းရှိ ကြိုးကြာဖြူပင် ၏ အမှောင်အရှိန်အဝါများဖြင့် အားဖြည့်ထားသော်လည်း အကန့်အသတ်သို့ မရောက်သေးပေ။ နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း ထပ်မံ အားဖြည့်ရမည်။ ဓားပြဝတ်စုံသုံးမျိုး သည်လည်း နှစ်ထောင်ချီ သက်တမ်းဖြင့် အားဖြည့်ထားသဖြင့် အလွန် ပျော့ပျောင်းပြီး ခန္ဓာကိုယ်နှင့် အံဝင်ဂွင်ကျ ဖြစ်နေသည်။ ယခုဆိုလျှင် ရွှေအမြူတေအဆင့် နတ်အသိ ဖြင့်ပင် ဖောက်ထွင်းမမြင်နိုင်တော့ပေ။ မည်သည့် အဆင့်အတန်း ရှိသည်ကို သူတို့ မသိသလို မည်သူကမျှလည်း မသိနိုင်ပေ။ ကောက်ရိုးဦးထုပ် ဆောင်းထားသော လူရိပ်နှစ်ခုသည် နေရောင်အောက်တွင် အိမ်ကလေးကို ကျောခိုင်းလျက် ထွက်ခွာသွားကြသည်။ ခေါင်းလောင်းသံလေးများ ထွက်ပေါ်လာပြီး သူတို့၏ ပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးသွားကာ ပျောက်ကွယ်သွားလေတော့သည်။
ထိုနှစ်များအတွင်း သူတို့ မသိလိုက်သည်မှာ ထိုစဉ်က ဖြစ်ပျက်ခဲ့သော ထူးခြားဖြစ်ရပ်ကြီးကို စုံစမ်းရန် ကျီယန်ပြည်နယ် နှင့် ခိုင်ရန်ပြည်နယ် မှ ဂိုဏ်းများသည် ရွှေအမြူတေအဆင့် ကျင့်ကြံသူများကို စေလွှတ်ခဲ့ဖူးသည်။ သို့သော် ဘာသဲလွန်စမျှ မတွေ့ရသဖြင့် လက်လျှော့သွားခဲ့ကြရသည်။
သုံးလ ကြာပြီးနောက်...
ချင်တိုင်းပြည် ၏ အနောက်ဘက် နယ်စပ်မြို့လေး ဖြစ်သော ပိုင်လင်းမြို့
ဤနေရာတွင် လူများစွာ သွားလာလှုပ်ရှားနေကြပြီး ဈေးသည်များ၏ အော်ဟစ်သံများ ဆူညံနေသည်။ သိုင်းလောကသားများ(ကျင့်ကြံခြင်းလောကက သပ်သပ်ရှိပါသည်)၊ လက်နက်ကိုင်ဆောင်ထားသူများ၊ ဂိုဏ်းသားများနှင့် ကိုယ်ရံတော်များလည်း ရှိကြသည်။ ကုန်သည်အဖွဲ့များ ဝင်ထွက်သွားလာနေကြသည်။ မြင်းလှည်းများလည်း ရှိသည်။ တခါတရံ မြင်းစီးသူရဲကောင်းများ ဖြတ်သန်းသွားလာတတ်ကြသည်။ ပညာတတ် နည်းပါးသော်လည်း အရိုင်းဆန်သော အလှတရား တစ်မျိုး ရှိနေသည်။ မြို့ထဲတွင် လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်များ များပြားပြီး ပုံပြောသူများလည်း ရှိရာ အလွန် စည်ကားလှသည်။ ကောက်ရိုးဦးထုပ် ဆောင်းထားပြီး နွားနက်ကြီးတစ်ကောင်ကို ဆွဲထားသော လူတစ်ယောက်သည် မြို့ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ သူတို့တွင် ဝိညာဉ်စွမ်းအား အရှိန်အဝါ လုံးဝ မရှိဘဲ သာမန်လူများကဲ့သို့ ဖြစ်နေသည်။ မျက်ဝန်းများထဲတွင်မူ အေးချမ်းမှုများ ပြည့်နှက်နေလေသည်။
အခန်း (၁၁၀)
"ဟူး... နွားကြီးရေ၊ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ" ချန်ရွှင်သည် ပတ်ဝန်းကျင်မှ အငွေ့အသက်များကို ကြည့်ရှုရင်း ဝမ်းမြောက်စွာ ပြောလိုက်သည်။
"မြို့ထဲမှာက ပိုကောင်းပါတယ်၊ နေ့တိုင်း သဲတွေကိုကြည့်နေရတော့ ငါ့မျက်လုံးတွေတောင် ဝါနေပြီ"
"မွန်း မွန်း"
နွားနက်ကြီးသည် ရယ်မောလိုက်သည်။ မြို့ထဲတွင် နေရာအနှံ့၌ မွှေးရနံ့များ ရှိနေသဖြင့် သူသည် အားရပါးရ ရှူရှိုက်လိုက်လေသည်။ ကောင်းကင်လွင်ပြင် ၏ ပတ်ဝန်းကျင် အခြေအနေသည် နွားတစ်ကောင်ကိုပင် ကျင့်ကြံရင်း ရူးသွပ် သွားစေနိုင်သည့် အနေအထားမျိုး ဖြစ်သည်။ ဥစ္စာ၊ မိတ်ဆွေ၊ နည်းလမ်း၊ နေရာ ဟူသည့် ကျင့်ကြံခြင်း လိုအပ်ချက် လေးမျိုးတွင် နေရာ သည်လည်း အလွန် အရေးကြီးပေသည်။
သူတို့သည် ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း နေရာအနှံ့ လိုက်လံကြည့်ရှုကြသည်။ ဆေးဆိုင်သို့ သွားရောက်ကာ ရှားပါး ဆေးဖက်ဝင်အပင် အချို့ကို ထုတ်ယူပြီး ငွေစအချို့နှင့် လဲလှယ်ကြသည်။ ချန်ရွှင်သည် သူ၏ စရိုက်အတိုင်းပင် ဆိုင်ရှင်နှင့် အချိန်ကြာမြင့်စွာ ဈေးဆစ်လေရာ ဆိုင်ရှင်မှာအလွန်စိတ်ညစ်လေသည်။ ဆိုင်ရှင်သည် လူစီးလူကပ်တစ်ယောက်ဖြစ်သဖြင့် နွားနက်ကြီးသည်ပင်လျှင် အတွင်းသို့ ဝင်ရောက်ကာ ဝင်ရောက် အော်ဟစ် ကူညီချင်စိတ်များ ဖြစ်နေသည်။ ဤဆေးပင်များသည် သူတို့ လွယ်လွယ်ကူကူ ရထားခြင်း မဟုတ်ဘဲ ခက်ခဲပင်ပန်းစွာ ရှာဖွေထားရခြင်း ဖြစ်သည် မဟုတ်ပါလား။
နောက်ဆုံးတွင် ချန်ရွှင်သည် ကျေနပ်အားရသော မျက်နှာဖြင့် ထွက်ခွာလာခဲ့သည်။ ဈေးဆစ်သည့် နေရာတွင် သူသည် မည်သူ့ကိုမျှ မကြောက်ဖူးပေ။ ထို့နောက် နွားနက်ကြီးကို ဆွဲလျက် လမ်းမပေါ်သို့ တက်လာခဲ့သည်။ ဆိုင်ရှင်သည် တံခါးဝတွင် ရပ်လျက် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။ ဤလူငယ်သည် ကြည့်ရသည်မှာ အတွေ့အကြုံနုနယ်သူ တစ်ဦးနှင့် တူသော်လည်း ရှစ်စပ်ကဂျင်ဂျင်လည်သူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။
လမ်းမကြီးသည် အတော်လေး ကျယ်ဝန်းလှသည်။ ဤနေရာတွင် ဆောင်ကြာမြိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အလွန် များပြားပြီး ဧည့်သည်ခေါ်သံများ နေရာအနှံ့ ထွက်ပေါ်နေသည်။ ၎င်းတို့သည် သိုင်းလောကသားများ၏ ငွေကြေးကို အဓိကထား ရှာဖွေကြခြင်း ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပေါက်စီဆိုင် တစ်ဆိုင်နားသို့ လျှောက်သွားကြသည်။ မွှေးကြိုင်လှသော ရနံ့တို့ ပျံ့လွင့်နေသည်။ ဆိုင်ရှင်သည် သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်ပြီး သူ၏ ဇနီးသည်နှင့်အတူ ဤဆိုင်ကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ဆိုင်ရှင်သည် ချန်ရွှင် တစ်ယောက် ဆိုင်ရှေ့တွင် ရပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရင်းနှီးဖော်ရွေစွာ ပြုံးလျက် မေးလိုက်သည်။
"ညီလေး... ဘာစားမလဲ"
ချန်ရွှင်၏ မျက်လုံးများ အရောင်တောက်လာပြီး အမြင့်ဆုံးတွင် ဆင့်ထားသော ပေါက်စီပေါင်းအိုးကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ဆိုင်ရှင်... အသားပေါက်စီ တစ်ပွဲ၊ ဪ... မဟုတ်ဘူး... နှစ်ပွဲ ပေးပါ"
"မွန်း"
နွားနက်ကြီးသည် ပေါက်စီကို မျက်လုံးပင် မခွာနိုင်တော့အောင်ဖြစ်နေသည်။ သူတို့ အသားမစားရသည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီကိုပင် မသိတော့ပေ။ အရသာကိုပင် မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ရွှေအမြူတေအဆင့်သို့ ရောက်ရှိထားသဖြင့် အစာမစားလည်းရပြီ ဖြစ်ကာ ဗိုက်ထဲတွင် မြက်ခြောက်များ ပြည့်နေသကဲ့သို့ ခံစားရခြင်းမျိုး မရှိတော့သော်လည်း ဗိုက်ပြည့်သည့် ခံစားချက်မျိုးတော့ မရရှိပေ။ အကယ်၍ အစားအစာများကို မစားသောက်ပါက လူ့ဘဝသည် ပျော်ရွှင်မှုများစွာ လျော့နည်းသွားပေလိမ့်မည်။
"ကောင်းပါပြီဗျာ"
ဆိုင်ရှင်ကပြောလိုက်သည်။ သူသည် ဆီစိမ်စက္ကူဖြင့် ပေါက်စီများကို ထုပ်ပိုးလိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ အလွန် သွက်လက် ယောက်ျားပီသလှသည်။ ငယ်ရွယ်စဉ်က သိုင်းလောကထဲတွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ဟန်တူသည်။ ချန်ရွှင်သည် လက်ဖြင့် လှမ်းယူလိုက်ပြီး ကြေးပြားများကို ဆိုင်ရှင်အမျိုးသမီးအား ပေးအပ်လိုက်သည်။ ထို့နောက် ကျေးဇူးတင်စကား တစ်ခွန်းဆိုကာ ထွက်ခွာလာခဲ့သည်။
လမ်းတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဘ၀ပေါင်းများစွာငတ်ပြတ်လာခဲ့သူများကဲ့သို့ တစ်လုပ်ပြီး တစ်လုပ် အားရပါးရ စားသောက်နေကြရာ ပါးစပ်တွင် ဆီများ ပေကျံနေသည်။
"နွားကြီး... ဒီ အသားက တကယ့်ကို အနှစ်ပဲကွ"
ချန်ရွှင်သည် ပါးစပ်ဖြင့်အပြည့် ဝါးနေပြီး အားရပါးရ မျိုချလိုက်သည်။
"မွန်း"
နွားနက်ကြီးသည် လျှာဖြင့် လှမ်းယူလိုက်ရာ နောက်ထပ် တစ်လုံး သူ့ပါးစပ်ထဲကို ဝင်ရောက်သွားပြန်သည်။ အလွန် အရသာ ရှိလှသည်။
လမ်းမပေါ်တွင် ဓားကိုင်ဆောင်ထားသော သိုင်းလောကသားများ မကြာခဏ ဖြတ်သန်းသွားလာနေကြသည်။ တစ်ခါတစ်ရံတွင် နွားတစ်ကောင် ဆွဲထားသော ဤလူကို လှမ်းကြည့်တတ်ကြသည်။ အချို့က ခေါင်းခါလျက် အေးစက်စက် ပြုံးကာ ဆရာကြီးစတိုင် ပုံဖမ်းသွားကြသည်။ သူတို့သည် ရှန်ဟွိုင်မျှော်စင် ဟု အမည်ရသော စားသောက်ဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်ရှိလာကြသည်။ ချန်ရွှင်သည် ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး သေချာ ကြည့်ရှုလိုက်သည်။ ဖန်နင်းမြို့တွင်သူသည် ဆောင်ကြာမြိုင်ကို တစ်ခါမျှမမြင်ခဲ့ဖူးကြောင်းသတိရလိုက်မိသည်။
နွားနက်ကြီးသည် သံသယဖြင့် ချန်ရွှင်ကို ကြည့်လိုက်သည်။ ဒါ ဘာနေရာလဲ၊ ဘာလို့ တစ်မျိုးကြီး ခံစားနေရတာလဲ၊ ဝင်သွားတဲ့ ယောကျာ်းတွေက ဘာလို့ အိမ်ပြန်ရောက်သွားသလို ပုံစံမျိုး ဖြစ်နေကြတာလဲ ဟူ၍ တွေးတောနေမိသည်။ ရှန်ဟွိုင်မျှော်စင်၏ တံခါးဝသည် အလွန် စည်ကားနေသည်။ လှပသော အမျိုးသမီးများ နေရာအနှံ့ ရှိနေပြီး ဧည့်သည်များကို နှုတ်ဆက်နေကြသလို လမ်းသွားလမ်းလာများကိုလည်း အကဲခတ်နေကြသည်။ သူတို့သည် ချန်ရွှင်ကို မြင်တွေ့လိုက်ရသော်လည်း အပေါစား အဝတ်အစား ဝတ်ဆင်ထားပြီး ကောက်ရိုးခမောက် ဆောင်းကာ နွားနက်ကြီး တစ်ကောင်ကို ဆွဲထားသော ထိုသူသည် သူတို့၏ ဖားရိုက်မည့် စားရင်း၌ အောက်ခြေနားပင်မကပ်ပေ။
"မွန်း"
"ဟဲဟဲ... နွားကြီး သွားစို့၊ ဒါက စားသောက်ဆိုင် တစ်ခုပါပဲ"
"မွန်း"
နွားနက်ကြီးသည် နားလည်တစ်ချက် မလည်တစ်ချက်ဖြင့် ခေါင်းညိတ်လိုက်ပြီး ချန်ရွှင်၏ နောက်သို့ လိုက်ပါသွားလေသည်။ သူတို့သည် ပိုင်လင်းမြို့ တွင် ငါးရက်ခန့် လှည့်လည်သွားလာခဲ့ကြသည်။ နေရာအနှံ့ စားသောက်ကြပြီး တစ်ခါတစ်ရံ လူများ သိုင်းပြိုင်နေသည်ကို သွားရောက် ကြည့်ရှုကာ ဘေးမှနေ၍ အော်ဟစ်အားပေးကြရာ အလွန် ပျော်ရွှင်ဖွယ် ကောင်းလှသည်။
ပိုင်လင်းမြို့မှ ထွက်ခွာသောအခါ ချန်ရွှင်သည် ဆေးဖက်ဝင်အပင် အချို့ ဝယ်ယူခဲ့ပြီး နွားနက်ကြီးသည် သိုလှောင်အိတ်တစ်ခုထဲတွင် ရေများ အပြည့်ဖြည့်ထားလိုက်သည်။ ပျော်ရွှင်ရသော်လည်း ဖန်နင်းမြို့တွင် ရှိစဉ်ကကဲ့သို့သော သံယောဇဉ်မျိုး မရှိတော့ပေ။ သူတို့၏ အတွေးအခေါ်များသည် မသိလိုက်ဘာသာဖြင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပိုင်လင်းမြို့ အပြင်ဘက်တွင် ဆောင်းလေများသည် တဝေါဝေါ တိုက်ခတ်နေပြီး ဖုန်မှုန့်များ လွင့်ပျံနေကာ လမ်းမများပေါ်တွင် ဖုံးလွှမ်းနေသည်။ ချန်ရွှင်သည် ဝါးခြင်းတောင်း တစ်လုံးကို လွယ်ထားပြီး လက်ထဲတွင် သစ်ကိုင်းခြောက် တစ်ချောင်းကို ကိုင်ကာ ဝှေ့ယမ်းလျက် ပျော်ရွှင်စွာ သီချင်းညည်းဆိုနေသည်။ နွားနက်ကြီးသည် သစ်ရွက်ကြွေများကို ရံဖန်ရံခါ ကန်ထုတ်လိုက်ပြီး လောကအရသာကိုခံစားနေ၏။ တစ်ခါတစ်ရံ အခြားသူများ တိုက်ခိုက်နေသည်ကို တွေ့ရပါက သူတို့၏ နတ်အသိကို ဖြန့်ကျက်ထားပြီးသား ဖြစ်သဖြင့် ရှောင်ကွင်း သွားလိုက်ရုံသာ ဖြစ်သည်။
"နွားကြီး... သာမာန်လောက က ပိုကောင်းတယ်ကွ၊ လွတ်လပ်တယ်"
ချန်ရွှင်သည် သိုင်းပြိုင်နေသူများကဲ့သို့ သစ်ကိုင်းခြောက်ဖြင့် တည့်တည့် ထိုးစိုက်လိုက်သည်။
"အဲဒီ ဆိုင်ရှင်တွေက စကားပြောတာလည်း ကောင်းတယ်၊ လူအများစုက သဘောကောင်းကြတယ်"
"မွန်း မွန်း"
နွားနက်ကြီးသည် ရယ်မောလျက် ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့လိုက်သည်။ သူလည်း ထိုသို့ပင် ခံစားရသည်။ ကျင့်ကြံသူများမှာမူ တစ်ယောက်နှင့် တစ်ယောက် စိတ်ရင်းမမှန်ကြဘဲ ကောက်ကျစ်ကြသဖြင့် သူတို့နှင့် သိပ်အဆင်မပြေလှပေ။ သူတို့သည် ရိုးရှင်းသော လူများကိုသာ နှစ်သက်ကြသည်။
"နွားကြီး... ငါတို့ လောကထဲမှာ ကျင်လည်နေတာ ဒီလောက်ကြာပြီ၊ သံအဆီအနှစ် တစ်တုံးတောင် မကောက်ရသေးဘူးလို့ မင်း မထင်ဘူးလား"
ချန်ရွှင်သည် စိတ်ပျက်လက်ပျက် ပြောဆိုလိုက်ပြီး လေးနက်စွာ စဉ်းစားလိုက်သည်။
"အဲဒီ ဂိုဏ်းတွေက အကုန် သိမ်းယူသွားတာတော့ မဖြစ်နိုင်ပါဘူး"
"မွန်း"
နွားနက်ကြီး လန့်သွားသည်။ တကယ် ဖြစ်နိုင်သည်ဟု တွေးကာ ချန်ရွှင်ကို ယုံကြည်မှုရှိစွာ ကြည့်လိုက်သည်။
"ဟူး... ငါ ပြောသားပဲ၊ ချင်တိုင်းပြည်က ကြီးမားပေမဲ့ ဒီလောက်နှစ်တွေ အများကြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တာ၊ ငါတို့အတွက် ရင်းမြစ်တွေ ကျန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"
"မွန်း"
"ချင်တိုင်းပြည် ကို ထားလိုက်ပါတော့၊ နောက်ကျရင် ငါတို့ ပိုကြီးတဲ့ နေရာကို သွားပြီး မခိုးမဝှက် မလုမယက်ဘဲနဲ့ကြိုးစားမယ်ဆိုရင် ကောင်းကင်က ငါတို့ကို သေချာပေါက် ကောင်းကောင်း စောင့်ရှောက်မှာပါ"
"မွန်း မွန်း"
"ဟားဟား..."
ချန်ရွှင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခုန်လိုက်ရာ သစ်ကိုင်းခြောက်သည် ဝှေ့ယမ်းသွားပြီး သစ်ရွက်ကြွေများ လွင့်ပျံသွားကာ နွားနက်ကြီး၏ ခေါင်းပေါ်သို့ ကျရောက်ကုန်သဖြင့် နွားနက်ကြီးမှာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။
နောက်ပိုင်း နေ့ရက်များတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ကြီး၊ မြစ်ကြီးများကို သွားရောက် ကြည့်ရှုကြသည်။ သူတို့သည် တောင်တန်းတစ်ထောင်ကို ကျော်ဖြတ်၍ မြစ်ပေါင်းတစ်သောင်း ဖြတ်သန်းကာ ကြုံသလို နေထိုင်ရင်း အလွန်အေးချမ်းသောဘ၀ကိုဖြတ်သန်းကြသည်။ တစ်ခါတစ်ရံ တစ္ဆေဖမ်းခြင်း၊ ဆေးကုသခြင်းများကို ပြုလုပ်ကြသည်။ နင်ဆစ် သင်ပေးထားသော ဆေးပညာကို အလဟဿ မဖြစ်စေလိုသောကြောင့် ဖြစ်သည်။ သို့သော် ဆေးကုသခ ယူကြသည်။ ကျောက်ခဲတစ်လုံး ပေးလျှင်ပင် ရသည်။ ပန်းပဲဖိုများကို တွေ့လျှင် ချန်ရွှင်သည် ဝင်ရောက်ပြီး လက်စွမ်းပြလေ့ ရှိသည်။ ဘကြီးစွန်း၏ အမွေအနှစ် ပြတ်တောက်မသွားစေရန် ဖြစ်သည်။ ပန်းပဲဆရာများသည် လက်မထောင်ကာ ချီးကျူးကြပြီး ဒူးထောက်ကာ ဆရာတင်လိုသည်အထိ ဖြစ်ကြရသည်။
လမ်းခရီးရှိ ကျေးရွာများတွင် မင်္ဂလာဆောင်၊ အသုဘ အခမ်းအနားများ ရှိပါက နွားနက်ကြီးသည် အလွန် တက်ကြွနေတတ်သည်။ ဤသည်မှာ ကုသိုလ်ရသော အလုပ် ဖြစ်သည်။ ချန်ရွှင်သည် အဝတ်အစားလဲလှယ်ပြီး ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ ကုသိုလ်အတွက် ကူညီပေးကာ စားသောက်ပွဲတွင် ပါဝင်စားသောက်လေ့ရှိသည်။ ရွာသူရွာသားများသည် မျက်လုံးများ အရောင်တောက်ကာ ဤလောကတွင် ဤမျှ ကျွမ်းကျင်ပိုင်နိုင်သူ ရှိပါသေးလားဟု အံ့သြကြရသည်။ ကျေးရွာ အသီးသီးမှ အသက် သုံးဆယ်ကျော်ပြီးသော အပျိုကြီးများသည် ချန်ရွှင်ကို အသည်းအသန် လိုက်လံ ပိုးပန်းကြသလို သူ့အတွက်လည်း တိတ်တဆိတ် ဝမ်းနည်းကြေကွဲကြရသည်။ နောက်ဆုံးတော့ သူ၏ ကျောပြင်ကိုသာ ငေးမောကျန်ရစ်ခဲ့ကြရသည်။ ချန်ရွှင်သည် တိတ်တဆိတ် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ဤသည်မှာ ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မှု ဖြစ်ပေလိမ့်မည်။
သူတို့သည် နေရာအနှံ့ လှည့်လည်သွားလာကြသော်လည်း တောင်ကြီး၊ မြစ်ကြီးများကို ကြည့်ရှုရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မလှုပ်မယှက်ဘဲ ရက်ပေါင်းများစွာ ထိုင်ကြည့်နေနိုင်သည်။ ထိုကဲ့သို့ သဘာဝတရားနှင့် ရင်းနှီးကျွမ်းဝင်ပြီး လွတ်လပ်ပေါ့ပါးသော ခံစားမှုမျိုးသည် ချန်ရွှင်နှင့် နွားနက်ကြီးအား ထူးခြားသော ကျင့်ကြံခြင်း ခံစားမှုမျိုးကို ပေးစွမ်းပြီး တရားမှတ်နေသကဲ့သို့ ခံစားရစေသည်။ လက်ယားလာသောအခါ ချန်ရွှင်သည် ပန်းချီဆွဲလေ့ ရှိသည်။ သိုလှောင်အိတ်တစ်ခုလုံးတွင် သူ၏ 'ကမ္ဘာကျော်' ပန်းချီကားများဖြင့် ပြည့်နှက်နေပြီး ရံဖန်ရံခါ ထုတ်ယူကာ နွားနက်ကြီးအား ခံစားကြည့်ရှုစေသည်။
သို့သော် ဤခရီးလမ်းတစ်လျှောက်တွင် မည်သည့် ပြဿနာမျှ သူတို့ထံ ရောက်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြဿနာများထက် ခြေလှမ်းတစ်သောင်း ပိုမြန်နေပြီး ဥာဏ်နီဥာဏ်နက်များနှင့် လုပ်ကြံမှုများသည် သူတို့ထက် ခြေလှမ်းတစ်ထောင် နောက်ကျနေသောကြောင့် ဖြစ်သည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မကောင်းသော အကြံအစည်များကို စွန့်လွှတ်ခြင်း မရှိသေးပေ။ ရှုခင်းကြည့်ပြီးတိုင်း ချောက်ကမ်းပါး အောက်ခြေများ၊ ကျောက်စက်ပန်းဆွဲ ဂူများ စသည်တို့ကို သေချာစွာ လိုက်လံ ရှာဖွေလေ့ ရှိသည်။
နောက်ဆုံးတွင် နေသာသော နေ့လယ်ခင်း တစ်ခု၌ ပြဿနာ ဖြစ်ပွားလေတော့သည်။ သူတို့သည် တောင်မြင့်တစ်လုံးပေါ်ရှိ ကျောက်ဂူတစ်ခုထဲသို့ စမ်းတဝါးဝါး ဝင်ရောက်သွားကြသည်။ ပတ်ဝန်းကျင်တွင် အစီအရင် မရှိသလို အတွင်းထဲတွင်လည်း လူမရှိကြောင်း သေချာစွာ စစ်ဆေးပြီးမှ ဖြစ်သည်။ သို့သော် သူတို့ ဝင်ရောက်ပြီး နာရီဝက်ခန့် ကြာသောအခါ အပြင်ဘက်မှ ချစ်သူရည်းစား စုံတွဲတစ်တွဲ ရောက်ရှိလာသည်။ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့သည် အနီးနားတွင် ပုံရိပ်ယောင် အစီအရင်များကို စတင် ခင်းကျင်းကြသည်။ ဤဂူသည် သူတို့ ချိန်းတွေ့ရာ နေရာ ဖြစ်ပုံရသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟုဆိုရမည်။ ဓားပြဝတ်စုံသည် ရွှေအမြူတေ အတွင်းမှ ထွက်ပေါ်လာပြီး ချန်ရွှင်နှင့် နွားနက်ကြီး တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ သိုလှောင်အိတ်ကို အသုံးပြုသည်ထက် ပိုမို မြန်ဆန်သည်။ နွားနက်ကြီးကလည်း တပြိုင်နက်တည်း မတ်တပ်ရပ်လိုက်သည်။ ထိုလူနှစ်ဦးသည် ချစ်စခန်းဖွင့်ရန် ပြင်ဆင်နေစဉ် ချန်ရွှင်သည် တစ်ခုခုလုပ်မှရတော့မည်ဆိုသည်ကို သိလိုက်သည်။