အခန်း (၁၁၁-၁၁၂)
Vol. 6 Ch. 111-112
အခန်း (၁၁၁)
"တာအိုမိတ်ဆွေ... နေပါဦး
"ဟာ... ဘယ်သူလဲ"
"ဘယ်သူလဲ"
ထိုလူနှစ်ဦးသည် မျက်နှာများ ဖြူရော် သွားပြီး အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ဤနေရာသည် ဝိညာဉ်စွမ်းအင် မရှိသော နေရာဖြစ်ပါလျက် ကျင့်ကြံသူများ ရောက်လာကြသည်လား။ သူတို့သည် အသံလာရာဘက်သို့ ကြည့်လိုက်ပြီး လက်ထဲမှ လက်နက်များကို ထုတ်လိုက်ကြသည်။ ရန်သူများက သူတို့ကို ဤနေရာတွင် လာရောက် စောင့်ဆိုင်းနေခြင်းများလား။ နတ်အသိဖြင့်ပင် ထောက်လှမ်း၍ မရခဲ့ပေ။ မည်းနက်နေသော ပုံရိပ်နှစ်ခုသည် ဂူအတွင်းပိုင်းမှ ထွက်ပေါ်လာပြီး အားတုံ့အားနာဖြင့် ရယ်မောလိုက်သည်။
"ငါတို့ အရင် သွားလိုက်မယ်... မင်းတို့ လုပ်စရာရှိတာဆက်လုပ်ကြပါ..."
နွားနက်ကြီးသည်လည်း အနောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။ မျက်နှာတွင် အားနာသော အရိပ်အယောင်များ ပေါ်နေသည်။ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးနဲ့ လာကြုံရတာလဲ။ ထိုလူနှစ်ဦးသည် အံ့သြတုန်လှုပ်သွားကြသည်။ အလွန် ထူးဆန်းသော ဝတ်စားဆင်ယင်မှုပါလား။ အမျိုးသား၏ မျက်နှာ အေးစက်သွားသည်။
"ငါတို့က ဟွာမင်ဂိုဏ်း က ဂိုဏ်းသားတွေပါ၊ ဒီနေရာကို မိတ်ဆွေ အရင် ရောက်နေတာဆိုတော့ ငါတို့ပဲ လမ်းဖယ်ပေးပါ့မယ်..."
သူ၏ အသံသည် ရုတ်တရက် ရပ်တန့်သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ အမျိုးသမီးသည်လည်း မျက်ဝန်း များမှေးကျဉ်းသွားပြီး ပြောလုဆဲဆဲ ဒေါသစကားလုံးပေါင်း တစ်သောင်းကို ရင်ထဲသို့ ပြန်မျိုချလိုက်ရသည်။ သူတို့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် အပြင်းအထန် ဖိနှိပ်ခံလိုက်ရ၍ဖြစ်သည်။ ဤ ထူးထူးဆန်းဆန်း လူနှစ်ဦးမှာ စီနီယာများ ဖြစ်နေကြသည်ကိုး။
"စီနီယာ ရောက်လာမှန်း မသိလိုက်လို့ ခွင့်လွှတ်ပေးပါ"
"စောစောက ပြစ်မှားမိတာ ရှိရင် စီနီယာ ခွင့်လွှတ်ပေးပါ"
သူတို့နှစ်ဦး၏ သဘောထားသည် ရုတ်ခြည်း ပြောင်းလဲသွားပြီး အလျင်အမြန် ခေါင်းငုံ့ကာ လက်သီးဆုပ် ဦးညွှတ်လိုက်ကြသည်။ ဤကဲ့သို့ တောကြီးမျက်မည်းထဲတွင် အသတ်ခံလိုက်ရလျှင် အလကား သေခြင်းသာ ဖြစ်ပေလိမ့်မည်။
"ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး"
ချန်ရွှင်သည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သူတို့ဘေးမှ ဖြတ်သန်းသွားသည်။
"အစီအရင်ကို ရုပ်သိမ်းလိုက်ပါတော့... မင်းတို့ ကိုယ်တိုင် ပြန်ထိခိုက်မှာစိုးလို့ပါ"
နွားနက်ကြီးကလည်း ထိုသူနှစ်ဦးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ အစီအရင်ကို အတင်း ဖျက်ဆီးလိုက်ပါက အစီအရင် ခင်းကျင်းသူကို ထိခိုက်စေနိုင်ပေသည်။
"ဟုတ်ကဲ့ပါ စီနီယာ"
ထိုချစ်သူစုံတွဲသည် အလွန်အမင်း တုန်လှုပ်သွားကြသည်။ ကျင့်ကြံခြင်းလောကတွင် ဤမျှ သဘောကောင်းသော စီနီယာမျိုး ရှိသေးသည်လား။ မဖြစ်နိုင်ဘူး... သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရင်ထဲတွင် မရေမရာ ဖြစ်နေသော်လည်း အစီအရင်ကို ရုပ်သိမ်းလိုက်ကြသည်။ ထို့နောက် ခေါင်းမမော့ရဲဘဲ ရိုသေစွာ ရပ်နေကြသည်။ ခဏကြာသောအခါ ဂူအတွင်း၌ လှုပ်ရှားသံများ မရှိတော့ပေ။ အမျိုးသားသည် တိတ်တဆိတ် မော့ကြည့်လိုက်ရာ ထိုသူနှစ်ဦး ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ သူတို့သည် စစ်ပွဲကြီး တစ်ခု တိုက်ခိုက်ပြီးသကဲ့သို့ ကျောပြင်တွင် ချွေးများ ရွှဲနစ်နေပြီး သေဘေးမှ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ကျန်း စီနီယာအစ်ကို... အဲဒီ စီနီယာ နှစ်ယောက်က..."
" ဂျူနီယာညီမလေး... ဒါက သွားမထိသင့်တဲ့ထိပ်သီးတွေပဲ" ကျန်း စီနီယာအစ်ကို ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး လေးနက်စွာ ပြောလိုက်သည်။
"ဒီနေ့ ငါတို့ ဘာမှ မမြင်ခဲ့ဘူး... ဘာမှလည်း ထပ်မပြောကြေး"
"ဟုတ်ကဲ့... ကျန်း စီနီယာအစ်ကို"
ဂျူနီယာညီမလေး ၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။ သူတို့နှစ်ဦးလည်း ချက်ချင်း ထွက်ခွာသွားကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ကြောင့် ကြည်နူးသည့်စိတ်ကလေးများလည်း ပျောက်ဆုံးကုန်ကြပြီ ဖြစ်သည်။
အခြား တောင်ထိပ်တစ်ခု ပေါ်တွင်...
လူရိပ်နှစ်ခုသည် မြေကြီးပေါ်တွင် ထိုင်နေကြသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ကြည့်ကာ ခေါင်းခါလျက် ရယ်မောလိုက်သည်။
"တကယ့်ကို ရယ်စရာ ကောင်းတဲ့ ကိစ္စပဲ... စိတ်ဝင်စားစရာပဲကွ"
"မွန်း မွန်း"
နွားနက်ကြီးသည် နှာမှုတ်သံ တစ်ချက် ပြုလိုက်ပြီး လိုက်လံ ရယ်မောလိုက်သည်။ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူများသည် သူတို့အပေါ် ကြင်နာမှုများ ပြည့်နှက်လာပြီး ပြဿနာများလည်း များစွာ လျော့နည်းသွားသကဲ့သို့ ရှိသည်။ ချန်ရွှင်သည် သက်ပြင်းတစ်ချက် ဖွဖွ ချလိုက်ပြီး အဝေးမှ တောင်တန်းကြီးများနှင့် လျှိုမြောင်ကြီးများကို လှမ်းမျှော်ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် အတွေးများ လွင့်မျောနေသည်။ ဤခရီးလမ်းတစ်လျှောက်တွင် သူတို့သည် ပြည်နယ်တစ်ခုကို တောက်လျှောက် လျစ်လျူရှုခဲ့ကြသည်။ ယခုအချိန်သည် အချိန်မကျသေးပုံ ရသည်။ သူတို့၏ ခန္ဓာကိုယ်များသည်လည်း တဖြည်းဖြည်းနှင့် ပုံရိပ်ယောင်များ အဖြစ် ပြောင်းလဲသွားကြသည်။ တောင်ပေါ်လေပြည် တိုက်ခတ်သွားရာ ထိုအရိပ်များသည် လေနှင့်အတူ ဖြည်းညှင်းစွာ လွင့်ပါးပျောက်ကွယ်သွားကြသည်။ လေတိုက်ခတ်ရာ နေရာတွင် ထင်းရှူးပင်များ၏ မြည်သံသည် ကမ်းခြေကို ရိုက်ခတ်သော ဒီလှိုင်းသံများကဲ့သို့ မြည်ဟည်းနေလေ၏။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သာမာန်လူများနေထိုင်ရာလောကတွင် လှည့်လည်သွားလာနေကြသော်လည်း လောကကြီးကို အထင်သေးသော သဘောထားမျိုး မရှိသလို ဝမ်းနည်းပူဆွေးမှုများလည်း မရှိဘဲ၊ သူတို့သည် လူ့လောကထဲတွင် ကောင်းစွာ ဝင်ဆံ့နေကြသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် သစ်ပင်ရိပ်အောက်တွင် အဘိုးအိုများ စစ်တုရင် ထိုးနေသည်ကို မကြာခဏ သွားရောက် ကြည့်ရှုလေ့ရှိသည်။ သူသည် ကျန်းမာရေး လက်ဖက်ရည် တစ်ခွက်ကို ကိုင်လျက် အရသာခံကာ ကြည့်ရှုနေတတ်သည်။ နွားနက်ကြီးသည်လည်း မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရှုနေပြီး ရံဖန်ရံခါ လက်ဖက်ရည် တစ်ငုံ စုပ်သောက်လိုက်သေးသည်။ အမှန်တကယ်တွင် သူတို့နှစ်ဦးစလုံးသည် ဘာမှ နားမလည်ကြပေ။ အချိန်များဖြည်းညှင်းစွာ ကုန်ဆုံးသွားသည့် ခံစားချက်ကို နှစ်သက်ပြီး အေးဆေးသော အချိန်ကာလကို ခံစားနေကြခြင်းသာ ဖြစ်သည်။ ချန်ရွှင်သည် သာမန်လူစစ်စစ် ဖြစ်ပြီး ဂီတ၊ စစ်တုရင်၊ စာပေ၊ ပန်းချီ စသည့် အနုပညာများကို တစ်ခုမှ မတတ်မြောက်ပေ။ မည်သည့် ပါရမီမှလည်း မရှိပေ။ အခွင့်အရေးရလျှင် ကြည့်ရှုပြီး အခွင့်အရေး မရလျှင် အတင်းအကျပ် မလုပ်ယူပေ။
တစ်ခါတစ်ရံ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ရွာငယ်လေးများတွင် ရက်အနည်းငယ်ကြာ နေထိုင်တတ်ကြသည်။ ကလေးများကို စနောက်ခြင်း သို့မဟုတ် ခွေးဝါကြီးများနှင့် ဆော့ကစားခြင်းများ ပြုလုပ်ကြသည်။ ချန်ရွှင်သည် ခွေးပေါက်လေးများကို အမြဲတမ်း စနောက်လေ့ရှိရာ ခွေးများ ဒေါသထွက်ပြီး သူငယ်ချင်း တစ်သိုက်ကို ခေါ်ကာ အတင်း လိုက်လံ ကိုက်ခဲကြသည်။ ဘေးမှ နွားနက်ကြီးကမူ မွန်းခနဲ အော်ဟစ် ရယ်မောနေပြီး အမြီးသည် ကောင်းကင်သို့ ထောင်တက်နေသည်။ သူတို့သည် ပြည်နယ် အတော်များများကို ဖြတ်ကျော်ခဲ့ကြသည်။ လမ်းခရီးတွင် ဘာသာရေး အဆောက်အအုံ များစွာကို ဝင်ရောက်ခဲ့ကြသည်။ ထို နတ်ဘုရားများကို တစ်ပါးမှ မသိရှိကြသော်လည်း ဂါရဝပြု ပူဇော်ကြရသည်။ အကယ်၍ ချန်ရွှင်သာ နွားနက်ကြီးကို ခြေထောက်ဖြင့် ကန်မထုတ်ခဲ့လျှင် သူတို့ လမ်းတစ်လျှောက် ရှာဖွေထားသမျှ ငွေကြေး အားလုံးသည် အလှူငွေအဖြစ် ပါသွားပေလိမ့်မည်။ နောက်ဆုံးတွင် ကိုယ်ပိုင် ငွေကြေး၏ ခုနစ်ပုံ တစ်ပုံကို ပေးလှူလိုက်မှသာ နွားနက်ကြီး ကျေနပ်သွားတော့သည်။
ထို ကျောင်းထိုင်ဆရာတော်များသည် သူတို့၏ ကြည်ညိုလေးစားမှုကို မြင်တွေ့ရသဖြင့် ကျမ်းစာအုပ် အချို့ကို လက်ဆောင် ပေးလိုက်ကြသည်။ ချန်ရွှင်သည် လက်ခံရရှိပြီးနောက် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ကျန်ရှိနေသော ငွေကြေး သုံးပုံထဲမှ နှစ်ပုံကို ထပ်မံ လှူဒါန်းလိုက်ပြန်သည်။ နွားနက်ကြီးသည် ဝမ်းနည်းပက်လက် ငိုကြွေးပြီး ဘုရားကျောင်းများတွင် မပြန်ဘဲ နေရစ်တော့မလိုပင် ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ကျင်းဖုန်းပြည်နယ် သို့ ရောက်ရှိလာကြပြီး ချင်တိုင်းပြည် ၏ မြို့တော် ရှေ့သို့ ရောက်ရှိလာကြသည်။ ယခုအချိန်သည် တိုင်းပြည်သို့ ပြန်ရောက်သည့် နေ့မှစ၍ (၇) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့၏ သက်တမ်းအမှတ် များကို ဝိညာဉ်စွမ်းအား တွင်သာ ဆက်လက် ပေါင်းထည့်လိုက်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နေ့စဉ် မူလစွမ်းအင် ကို အသုံးပြုပြီး မူလလက်နက် ကို ပျိုးထောင်နေကြသည်။ အကန့်အသတ်သို့ မရောက်ရှိသေးသဖြင့် ဆက်လက် မြှင့်တင်နေကြသည်။
လမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့ရာ သူတို့၏ မျက်နှာများတွင် လောကဒဏ် ခံစားခဲ့ရသော အရိပ်အယောင်များ ပိုမို များပြားလာသလို စိတ်သဘောထားများလည်း ပိုမို ပွင့်လင်းလာကြသည်။ နေဝင်ချိန် ဆည်းဆာရောင်တွင် ကမ္ဘာမြေကြီးသည် ရောင်စုံ တိမ်တိုက်များ၏ အလင်းရောင်အောက်တွင် နစ်မြုပ်နေသကဲ့သို့ ရှိပြီး ညနေခင်း လေပြည်သည် ပန်းရနံ့ သင်းပျံ့သော အငွေ့အသက်များကို သယ်ဆောင်လာသည်။ နန်းတော်သည် ကောင်းကင်အောက်တွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ ရှေးဟောင်း မြို့ရိုးများပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသဖြင့် ကမ္ဘာလောကကြီးကို မထီမဲ့မြင် ပြုနေသကဲ့သို့ ရှိသည်။ ကျင့်ကြံသူများ၏ အဆောက်အအုံများနှင့် မတူညီဘဲ ဤအရာသည် သာမန်လူ အများအပြား၏ ဉာဏ်ပညာနှင့် သွေးချွေးတို့ ပေါင်းစပ်ထားသော ရလဒ် ဖြစ်သဖြင့် သမိုင်းဆိုင်ရာ လေးနက်မှုများ ပါဝင်နေသည်။
မြို့တံခါး အတွင်း၌ လူများ စည်ကားနေဆဲ ဖြစ်သည်။ လူအများအပြားသည် တန်ဖိုးကြီးသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ မြို့တံခါးနှင့် မြို့ရိုးပေါ်တွင် မြို့စောင့်တပ်များ နေရာအနှံ့ ရှိနေပြီး သူတို့၏ မျက်လုံးများသည် နေရာအနှံ့ကို ကြည့်ရှု စစ်ဆေးနေကြသည်။ ယနေ့တွင် စာမေးပွဲ ဖြေဆိုရန် မြို့တော်သို့ လာရောက်ကြသော ကျောင်းသား အများအပြား ရှိနေသည်။ သူတို့၏ ခြေလှမ်းများ မြန်ဆန်နေပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ၊ ရင်ထဲတွင် တက်ကြွမှုများ ရှိနေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြို့တော် အပြင်ဘက် အဝေးတစ်နေရာတွင် ထိုင်လျက် ရွှေရောင် တောက်ပနေသော မြို့ရိုးကြီးကို ကြည့်ကာ ဝေဖန်သုံးသပ်နေကြသည်။
"နွားကြီး... ဒါ နန်းမြို့တော်ပဲကွ"
ချန်ရွှင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"တကယ်ကို ခမ်းနားထည်ဝါတာပဲ..."
"မွန်း..."
နွားနက်ကြီးသည်လည်း အံ့သြသွားသည်။ ဤမြို့တော်သည် ဖန်နင်းမြို့ ထက်ပင် ပိုမို ကြီးကျယ်ခမ်းနားလှသည်။ မြို့ရိုးက အလွန် မြင့်မားသည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ထိုကဲ့သို့ ငြိမ်သက်စွာ ထိုင်ကြည့်နေကြသည်။ ညနေဆည်းဆာမှသည် ညရောက်သည်အထိ ကြည့်ရှုနေကြသည်။ လမ်းသွားလမ်းလာ အများအပြားသည် သူတို့ကို သတိမထားမိဘဲ ကျော်ဖြတ်သွားကြသည်။ ထိုအချိန်တွင် ညီအစ်မ နှစ်ယောက် လျှောက်လာကြသည်။ တစ်ယောက်က ဖြူစင်ပွင့်လင်းသည့်ဟန်ရှိပြီး တစ်ယောက်က အေးစက်သော ဟန် ရှိသည်။ မျက်လုံးများ ကြည်လင်တောက်ပပြီး ရုပ်ရည် ချောမောလှပကြသည်။ တစ်ယောက်က အစိမ်းရောင် ဝတ်ရုံ၊ တစ်ယောက်က ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ချန်ရွှင်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကြပြီး ပြောလိုက်သည်။
"သခင်လေး..."
"ဟင်"
ချန်ရွှင် မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ ကျင့်ကြံသူများ ဖြစ်နေသည်။ ချီသန့်စင်ခြင်း အဆင့်ငါး ရှိကြသည်။
"မိန်းကလေးတို့ နှစ်ယောက်... ဘာကိစ္စ ရှိလို့ပါလဲ"
နွားနက်ကြီးသည် မလှုပ်မယှက် ထိုနှစ်ယောက်ကို ကြည့်နေသည်။ သာမန် နွားတစ်ကောင်ကဲ့သို့ပင် ဖြစ်ပြီး ထုံထုံအအ ပုံဖမ်းထားသည်။
"ကျွန်မတို့ ညီအစ်မ နှစ်ယောက်က သခင်လေးရဲ့ အရှိန်အဝါ တစ်မျိုး ဖြစ်နေတာကို တွေ့လို့ မိတ်ဖွဲ့ချင်လို့ပါ"
"ဟဲဟဲ"
ချန်ရွှင်သည် ဟန်လုပ်ပြုံး ပြုံးလိုက်သည်။
"မိန်းကလေး နှစ်ယောက်... ကိစ္စရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ"
သူတို့နှစ်ဦး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ရုတ်တရက် နေရခက်သလို ခံစားလိုက်ရသည်။ ဤလူသည် ကြည့်လိုက်လျှင် အေးဆေးတည်ငြိမ်သော်လည်း တစ်ချိန်တည်းမှာပင် မည်သူနှင့်မျှ မပတ်သတ်ချင်သလိုလိုလည်းဖြစ်နေသည်။
အခန်း (၁၁၂)
"သခင်လေးက ကျင့်ကြံသူ ဟုတ်ပါသလား"
"မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော် မြင်ဖူးတယ်" ချန်ရွှင် ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မိန်းကလေးတို့ နှစ်ယောက်က ကျွန်တော့်ကို အင်မော်တယ်လို့ ထင်နေတာလား... ခင်ဗျားတို့ ထင်တာ မှားသွားပြီ"
"ဒါပေမဲ့ သခင်လေးရဲ့ ထူးခြားတဲ့ အရှိန်အဝါက သာမန်လူနဲ့ မတူဘူး... ကျွန်မတို့က..."
"ကျွန်တော့်မှာ နေရမယ့်ရက် သိပ်မကျန်တော့ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ယောက်တည်း ငြိမ်ငြိမ်နေခွင့် ပေးပါ"
ချန်ရွှင်၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ရုတ်တရက် ပေါ်လာပြီး အိုမင်းရင့်ရော်သော အရှိန်အဝါ တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ကြည့်လိုက်သည်နှင့် သေခါနီး လူတစ်ယောက်လိုဖြစ်နေသည်။ နွားနက်ကြီး ပင်လျှင် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သူသည်ပင် ယုံချင်ချင်ဖြစ်သွား၏။
"ရှင်..."
သူတို့နှစ်ဦး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရင်ထဲတွင် အလွန် တုန်လှုပ်သွားကြသည်။ လူမှားသွားကြပြီ။
"ဒါဆိုရင် သခင်လေးကို မနှောင့်ယှက်တော့ပါဘူး"
"ခွင့်ပြုပါဦး"
အမျိုးသမီး နှစ်ဦးသည် ခြေလှမ်း မြန်မြန်ဖြင့် ထွက်ခွာသွားကြသည်။ မျက်လုံးထဲတွင် လက်မလျှော့ချင်သော အရိပ်အယောင်များ ပါဝင်နေသည်။ မြို့တော်ကဲ့သို့သော နေရာမျိုးတွင် စီနီယာ တစ်ယောက်ယောက်နှင့် တွေ့ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ အကယ်၍ စီနီယာ တစ်ယောက်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့လျှင် အစေခံ အဖြစ် ပြုစုစောင့်ရှောက်ရလျှင်ပင် အခွင့်အရေး တစ်ခု ဖြစ်သည်။ ဤသည်မှာလည်း တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ဘဝပေးကုသိုလ်ပင် ဖြစ်သည်။ သို့သော် သေမင်းနှင့် ရင်ဆိုင်နေရသော၊ သေခြင်းတရားကို သဘောပေါက် နားလည်ထားသော လူတစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ချန်ရွှင်သည် သူတို့၏ ကျောပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"တကယ်ကို စိတ်ပျက်စရာပဲ... မြို့ရိုးလေး ကြည့်တာတောင် အေးအေးဆေးဆေး မနေရဘူး"
"မွန်း"
နွားနက်ကြီးလည်း ခေါင်းညိတ်ပြီး အော်မြည်လိုက်သည်။ ချန်ရွှင်၏ အရှိန်အဝါများ ပြောင်းလဲသွားပြီး ဈေးသည်တစ်ယောက်၏ အငွေ့အသက်များ ပြန်လည် ပြည့်နှက်လာသည်။ သူသည် နွားနက်ကြီးကို ဆွဲလျက် မြို့ထဲသို့ ဝင်ရောက်သွားသည်။ ချင်တိုင်းပြည် တွင် ညမထွက်ရအမိန့် မရှိသဖြင့် မြို့တော်သည် ညဘက်တွင်လည်း စည်ကားနေသည်။ သူတို့ မြို့ထဲသို့ ဝင်ရောက်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ အလွန် စည်ကားလှသည်။ ခေတ်မီ တိုးတက်နေသော မြင်ကွင်းပင် ဖြစ်သည်။
လမ်းဘေး ဝဲယာတွင် ဆိုင်ခန်းများ စီတန်းနေသည်။ အေးမြသော လရောင်သည် အုတ်အနီ၊ အုတ်အဝါများ သို့မဟုတ် အရောင်အသွေး စုံလင်သော အဆောက်အအုံများ၏ ခေါင်မိုးစွန်းများပေါ်သို့ ဖြာကျနေသည်။ ဤသည်မှာ စည်ကားသိုက်မြိုက်နေသော မြို့တော်ကြီးအား ဆန်းကြယ်ပြီး ကဗျာဆန်သော အလှတရားကို ပိုမို တိုးပွားစေသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် စည်ကားနေသော လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေသည်။ ခြေလှမ်းများက ပေါ့ပါးသွက်လက်နေပြီး ဖြတ်သန်းသွားလာနေသော လူအုပ်ကြီးထဲသို့ တိုးဝင်သွားကာ မီးရောင်စုံများကြားတွင် ပျောက်ကွယ်သွားလေသည်။ သူတို့သည် ရှေးဟောင်း အဆောက်အအုံ အများအပြားကို သွားရောက် ကြည့်ရှုခဲ့ကြပြီး နန်းတော်ကိုလည်း သွားရောက် ကြည့်ရှုခဲ့ကြသည်။ တစ်ခါတစ်ရံ အခြား ဈေးသည်များ၏ ဆိုင်ဘေးတွင် ရပ်လျက် ခေါက်ဆွဲစားရင်း ဖြတ်သန်းသွားလာနေသော လူများကို ကြည့်ကာ ဟားတိုက် ရယ်မောနေတတ်ကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့ မောပန်းလာသောအခါ တံတားအောက်တွင် အနားယူကြသည်။ ကျန်းမာရေး လက်ဖက်ရည် သောက်ရင်း ရေစီးသန်သော မြစ်ရေကို ကြည့်ကာ ကျောက်ခဲများဖြင့် ရေပြင်ပေါ်တွင် ခုန်ပျံအောင် ပစ်ကစားကြသည်။ ချန်ရွှင်သည် ကတိတည်သောအားဖြင့် နွားနက်ကြီးကို ခေါ်ဆောင်ကာ မီးခိုးရောင် ပိတ်စဖြင့် ချုပ်လုပ်ထားသော ဝတ်စုံတစ်စုံကို အတိုင်းအတာ ယူ၍ ချုပ်ပေးလိုက်သည်။ သူနှင့်ဆင်တူ ဝတ်စုံပင် ဖြစ်သည်။ ထို အပ်ချုပ်ဆရာ၏ လက်ရာကို ကြည့်ပြီး ချန်ရွှင် မှာ အံ့အားသင့်ရသည်။ ကျွမ်းကျင်သော အလုပ်ကို ကျွမ်းကျင်သူကိုသာ လုပ်ခိုင်းသင့်သည်။ သို့သော် ဆိုင်ရှင်မှာ အံ့သြတကြီး ဖြစ်နေသည်။ နွားတစ်ကောင်ကို အဝတ်ချုပ်ပေးသည်မှာ တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ သို့သော် ငွေရလျှင် (၁၀) စုံ ချုပ်ခိုင်းလည်း ပြဿနာ မရှိပေ။ လူတိုင်း အလုပ်ရှုပ်နေကြသဖြင့် အသေးစိတ် လိုက်လံ မေးမြန်းနေဖို့ အချိန်မရှိကြပေ။
ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ချင်တိုင်းပြည် မြို့တော်မှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။ သူတို့သည် မြို့တော် အပြင်ဘက်တွင် ခြေလှမ်းရပ်တန့်လိုက်ပြီး အရပ်လေးမျက်နှာကို ကြည့်ရှုကာ နှုတ်ဆက်လိုက်ကြသည်။ ဤလူတစ်ယောက်နှင့် နွားတစ်ကောင်သည် နေရာအနှံ့အပြားသို့ သွားရောက်ခဲ့ကြသော်လည်း မည်သည့်နေရာတွင်မျှ ခြေရာလက်ရာ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ မိုးရေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သည်။ သူတို့ ဘာကို နှုတ်ဆက်နေမှန်း မည်သူမျှ မသိသလို သူတို့ ဘာတွေ ဖြတ်သန်းခဲ့ရသလဲ ဆိုတာကိုလည်း မည်သူမျှ မသိကြပေ။ နွားခေါင်း ဘယ်အရပ်သို့ ဦးတည်နေသနည်း။ နေဝင်ဆည်းဆာ တောင်တန်းများဆီသို့ပင် ဖြစ်သည်။ ပုံရိပ်နှစ်ခုသည် ချင်တိုင်းပြည် သာမာန်လူများနေထိုင်ရာလောကထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ အခြားသူများ၏ အမှတ်ရနေမှု၊ သတိရနေမှုများကို မလိုအပ်ပေ။ သူတို့သည် လွတ်လပ်သူများ ဖြစ်ကြသည်။
ခြောက်လ ကြာပြီးနောက်... ဆောင်းရာသီ……
ချင်တိုင်းပြည် ၏ အကြီးကျယ်ဆုံး၊ အကျော်ကြားဆုံး ကျင့်ကြံခြင်းမြို့တော် ဖြစ်သည့် ယွီရွှပ်မြို့တော် သည် ချင်တိုင်းပြည် အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ၎င်းသည် ကောင်းကင်လွင်ပြင် နှင့် ကပ်လျက် တည်ရှိပြီး ဧရိယာ အကျယ်အဝန်းမှာ သန်းချီသည်။ ဤမြို့တော်ကို ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ပူးပေါင်း တည်ဆောက်ထားခြင်း ဖြစ်ပြီး စစ်မှန်သော အဆင့်မြင့် ကျင့်ကြံခြင်းမြို့တော်ကြီး ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းက ကြည့်လျှင်ပင် မြို့တော်ကြီး၏ ပုံသဏ္ဌာန်ကို မြင်တွေ့နိုင်ပေသည်။ မြို့တော်ကြီး၏ အပြင်ဘက်တွင် ရောင်စုံ အလင်းတန်းများ တောက်ပနေပြီး နေရာအနှံ့တွင် လက်နက်များကို စီးနင်းကာ ကောင်းကင်၌ ပျံသန်းနေသော ကျင့်ကြံသူများ ရှိနေသည်။ ကောင်းကင်တွင် ပျံသန်းနေသော ဝိညာဉ်သားရဲများလည်း ရှိနေပြီး အော်မြည်သံများ ထွက်ပေါ်နေသည်။
ဤမြို့တော်သည် နေရာအနှံ့မှ ကျင့်ကြံသူများကို လက်ခံကြိုဆိုသည်။ ပျံသန်းမှုတားဆီးရေးမဟာအစီအရင် သည် မြို့တော်ကြီး၏ အပေါ်တွင် အဆက်မပြတ် လည်ပတ်နေသည်။ လမ်းပေါ်တွင် အခြားတိုင်းပြည်မှ ကျင့်ကြံသူများစွာလည်း ရှိနေသည်။ လမ်းပေါ်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဝိညာဉ်သားရဲများ နေရာအနှံ့ သွားလာနေကြသည်။ ဧရာမ ဝိညာဉ်သားရဲကြီးများ လှေပျံပေါ်မှ ဆင်းလာသည်ကိုလည်း တွေ့ရသည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် ကုန်ပစ္စည်း အမြောက်အမြား တင်ဆောင်ထားပြီး လမ်းလျှောက်လိုက်တိုင်း မြေကြီးများ တုန်ခါသွားသည်။ ဘေးပတ်ဝန်းကျင်တွင် အစောင့်အရှောက် ကျင့်ကြံသူများ ပြည့်နှက်နေသည်။ ကြည့်လိုက်သည်နှင့် အင်အားစု တစ်ခုခု၏ ကုန်သည်အဖွဲ့ ဖြစ်ကြောင်း သိသာလှသည်။ အချို့သော လက်နက်လုပ်သည့် ကုန်ကြမ်းပစ္စည်းများကို သိုလှောင်အိတ် ထဲတွင် ထည့်၍ မရနိုင်ပေ။
ယွီရွှပ်မြို့တော် ၏ မြို့ရိုးသည် ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက၏ လက်နက်လုပ်ငန်း အထွတ်အထိပ် လက်ရာတစ်ခုကဲ့သို့ နေရောင်အောက်တွင် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ ၎င်းသည် ဖြတ်သန်းသွားလာနေသော ကျင့်ကြံသူ အားလုံးကို မောက်မာစွာ စီးမိုးကြည့်ရှုနေသည်။ ယွီရွှပ်မြို့တော် နယ်နိမိတ် အတွင်းတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။ ချိုးဖောက်သူများကို ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းက ပူးပေါင်းပြီး ကွပ်မျက်မည် ဖြစ်သည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသည်။ ဤမြို့တော်ကြီးသည် ဝိညာဉ်သွေးကြော ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကောင်းကင်တွင် ရံဖန်ရံခါ ဧရာမ လှေကြီးများ ဖြတ်သန်းသွားလာနေသည်။ မြို့ပြင်တွင် သီးသန့် ရပ်နားရန် နေရာများ ရှိပြီး စည်းကမ်းသေဝပ်လှသည်။ ချင်တိုင်းပြည် ၏ ကျင့်ကြံခြင်းလောကသည် ယခုအခါ အလွန် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ရာ အားလုံးကရိုသေခံ့ညားမှုရှိကြသည်။
ဆောင်းရာသီ၏ နေရောင်ခြည် နုနုလေးသည် မြေကြီးပေါ်သို့ ဖြာကျနေပြီး အေးမြသော ဆောင်းရာသီကို အလင်းရောင် တစ်ခုအဖြစ် ဖြည့်စွက်ပေးထားသည်။ နွားစီးလာသော ပုံရိပ်တစ်ခု မိုးကုပ်စက်၀ိုင်းတွင် ဖြည်းညှင်းစွာ ပေါ်လာသည်။ သူတို့သည် ပိတ်ဖြင့်ချုပ်လုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်နေကာ မျက်ဝန်းထဲတွင် တည်ငြိမ်မှုများ ရှိနေပြီး ကျင့်ကြံသူ တစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်။ သူတို့သည် အဝေးတစ်နေရာရှိ ဝေဝါးနေသော မြို့တော်ကြီး၏ ပုံရိပ်ကို စိုက်ကြည့်နေကြသည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။ "နွားကြီး... မိုက်တယ်ဟ"
"မွန်း... မွန်း မွန်း"
ကျင့်ကြံသူများ၏ ပုံရိပ်များ ပျက်စီးသွားသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာများ နီရဲနေပြီး အသစ်အဆန်းများကို အမြဲတမ်း စိတ်အားထက်သန်နေတတ်သူများ ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်သည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင် ရှိနေသည်။ ဤလူနှင့် နွားသည် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြောင်း မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
"နွားကြီး... ချ"
ချန်ရွှင်သည် ကိုယ်ကို ကိုင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် ချိုကို ကိုင်ကာ စိတ်လှုပ်ရှားသော မျက်လုံးများဖြင့် ရှေ့ကို ကြည့်လိုက်သည်။
"မွန်း"
နွားနက်ကြီးလည်း စိတ်လှုပ်ရှားစွာဖြင့် ရှည်လျားစွာ အော်ဟစ်လိုက်ပြီး ဝုန်းခနဲ ပြေးထွက်သွားသည်။ ကျင့်ကြံခြင်းမြို့တော်ကြီးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် စိတ်ကူးယဉ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဤခရီးစဉ်သည် ကျင့်ကြံခြင်း ကမ္ဘာထဲသို့ တရားဝင် ဝင်ရောက်ခြင်း ဖြစ်ပုံရသည်။ နွားနက်ကြီး ပြေးလွှားသွားသော လမ်းတစ်လျှောက်တွင် မြေကြီးများ တုန်ခါသွားသည်။
ဟိုအရင်တုန်းက နေဝင်ချိန်တွင် သူတို့ ပြေးလွှားပြီး ဖန်နင်းမြို့ ထဲသို့ ဝင်ရောက်ခဲ့သော အချိန်ကကဲ့သို့ပင် ဖြစ်သည်။ သို့သော် ယခုအခါ ကွဲပြားခြားနားသော ဘ၀ နှစ်ခု ဖြစ်သွားခဲ့ပြီ။ အချိန်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားပြီး အရာအားလုံးသည် မနေ့တစ်နေ့ကလို ဖြစ်နေသော်လည်း ပြန်လှည့်ကြည့်၍ မရနိုင်တော့ပေ။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက လမ်းဖယ်ပေးပြီး လက်သီးဆုပ် နှုတ်ဆက်ကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက ရယ်မောလိုက်ကြသည်။ ဝိညာဉ်သားရဲ အချို့ကလည်း ဤနွားနက် ဝိညာဉ်သားရဲကြီးကို သတိထားမိလိုက်ကြပြီး မျက်လုံးထဲတွင် အံ့သြသွားကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာပါလား။
ယွီရွှပ်မြို့တော် တွင် အမြင့် (၁၀) ပေ ရှိသော မြို့တံခါးကြီး (၈) ပေါက် ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ စောင့်ကြပ်နေသည်။ အမြင့် (၅) ပေ ရှိသော မြို့တံခါးငယ် (၁၆) ပေါက် တွင် ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ချီသန့်စင်ခြင်းအဆင့် တပည့်များ စောင့်ကြပ်နေသည်။ သို့သော် ဝင်ကြေး ပေးစရာ မလိုပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြို့တံခါးဝတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေပြီး အချိန်အတော်ကြာအောင် ကြည့်ရှုနေကြသည်။ တအံ့တသြ ဖြစ်နေပြီး မြို့ရိုးကိုလည်း စမ်းသပ်ကြည့်နေကြသည်။ မြို့တံခါးအောက်တွင် စကားပြောဆိုနေကြသော ကျင့်ကြံသူများ နေရာအနှံ့ ရှိနေသည်။ သို့သော် လမ်းပိတ်နေခြင်း မရှိပေ။ အချို့ဆိုလျှင် မြို့တံခါးဝမှာပင် အရောင်းအဝယ် လုပ်နေကြသေးသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နောက်ဆုံးတွင် မြို့တံခါးငယ်လေးမှ ရိုးရိုးသားသား ဝင်ရောက်သွားကြသည်။
ယွီရွှပ်မြို့တော် နှင့် သာမာန်လူများနေထိုင်ရာလောက မြို့တော်တို့သည် လုံးဝ ကွဲပြားခြားနားသည်။ ဤနေရာရှိ အဆောက်အအုံများသည် အင်မော်တယ် အငွေ့အသက်များ ပြည့်နှက်နေပြီး ရှေးဆန်ကာ ခမ်းနားထည်ဝါလှသည်။ မြို့ထဲရှိ လေထုထဲတွင် မွှေးပျံ့သော ရနံ့များ ရှိနေသည်။ လမ်းမကြီးများသည် ပိုမို ကျယ်ဝန်းသော်လည်း ဈေးသည်များ၏ ဈေးခေါ်သံများ မကြားရပေ။ လမ်းဘေး ဝဲယာတွင် ဆိုင်ခန်းများ စီတန်းနေပြီး ပုံသဏ္ဌာန် အမျိုးမျိုးသော ဝိညာဉ်သားရဲများကို စီးနင်းသွားလာနေသူ အများအပြား ရှိနေသည်။ ခေါင်းမော့ကြည့်လိုက်လျှင် အဆုံးကို မမြင်ရပေ။ မည်းနက်နေသော မျှော်စင်မြင့်ကြီး အချို့ တည်ရှိနေပြီး မြို့တံခါးဝက ကြည့်လျှင်ပင် ပုံသဏ္ဌာန်ကိုသာ သဲသဲကွဲကွဲ မြင်ရသည်။ ကြီးမားခမ်းနားသော အရှိန်အဝါများလည်း ထွက်ပေါ်နေသည်။
"မိုက်တယ်..."
ချန်ရွှင် တိုးတိုးလေး ရေရွတ်လိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"မွန်း"
နွားနက်ကြီး တိုးတိုးလေး ပြန်ထူးလိုက်သည်။ ဤနေရာတွင် ကျယ်လောင်စွာ အော်ဟစ်ရန်ပင် သူ့မှာသတ္တိမရှတော့ပေ။ ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများ ပြည့်နှက်နေသည်။ သူတို့သည် ဆိုင်ခန်း အသီးသီးသို့ ဝင်ထွက်သွားလာနေကြသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများ၊ အခြားတိုင်းပြည်မှ လူများ၊ ဂိုဏ်းသားများ အများအပြား ရှိနေသည်။ ယခုအချိန်သည် နှစ်တစ်ရာပြည့် ပွဲတော် မဟုတ်သေးပေ။ အကယ်၍ ထိုအချိန် ရောက်လျှင် ပိုမို စည်ကားသိုက်မြိုက်နေမည် ဖြစ်သည်။ နိုင်ငံအသီးသီးမှ ကျင့်ကြံသူများ စုဝေးရောက်ရှိလာကြလိမ့်မည်။
"စီနီယာ"
ချီသန့်စင်ခြင်းအဆင့် အမျိုးသားတစ်ဦးသည် သူတို့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။