အခန်း (၁၁၃-၁၁၄)
Vol. 6 Ch. 113-114
အခန်း (၁၁၃)
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အသံလာရာ အရပ်သို့ လှမ်းကြည့်လိုက်ကြသည်။ ထိုသူမှာ နဖူးပေါ်တွင် အရေးအကြောင်းများ ထင်နေသော သက်လတ်ပိုင်း လူတစ်ဦး ဖြစ်ပြီး ချီသန့်စင်ခြင်း အဆင့်ရှစ် ရှိသည်။ သူသည် သတိကြီးသော အမူအရာဖြင့် လျှောက်လှမ်းလာပြီး လေးနက်စွာ လက်သီးဆုပ်ကာ ပြောလိုက်သည်။
"စီနီယာ... ယွီရွှပ်မြို့တော် ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား မသိဘူး"
"ဟဲဟဲ... ဘာကိစ္စ ရှိလို့လဲ"
ချန်ရွှင်သည် နွေးထွေးစွာ ပြုံးလိုက်ပြီး နတ်အသိကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထားလိုက်သည်။ နွားနက်ကြီးသည်လည်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ နေရာစိမ်း ဖြစ်သဖြင့် ဘေးကင်းရေးသည် ပထမ ဖြစ်သည်။
"စီနီယာ... ကျွန်တော့်နာမည် လီမြောင် ပါ"
ထိုလူသည် ရုတ်တရက် ရင်းနှီးဖော်ရွေသော ပုံစံ ပြောင်းလဲသွားသည်။
"ကျွန်တော်က ဒီမြို့မှာ နေတာ ကြာပါပြီ... စီနီယာ လိုအပ်မယ် ဆိုရင် ကျွန်တော် လမ်းပြ လုပ်ပေးနိုင်ပါတယ်"
"ဪ... အဲဒီလိုကိုး"
ချန်ရွှင် သဘောပေါက်သွားသည်။ လမ်းပြ ဖြစ်နေသည်။
"ဈေးနှုန်းက ဘယ်လိုလဲ"
"စီနီယာ... ငါးနာရီကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးပါ"
လီမြောင်သည် ဘေးဘီကို ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဒါက အသက်သာဆုံး ဈေးပါ... တခြားလူ ဆိုရင် အနည်းဆုံး လေးတုံး ယူပါတယ်"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်ထဲတွင် အနည်းငယ် နာကျင်သွားသည်။ ယခင်တုန်းက သူတို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ရဖို့အတွက် (၇) နှစ်လုံးလုံး ကြိုးစားခဲ့ရသည် မဟုတ်ပါလား။
"အင်း... ငါ စဉ်းစားလိုက်ဦးမယ်... စဉ်းစားလိုက်ဦးမယ်"
ချန်ရွှင် ခေါင်းညိတ်လိုက်ပြီး လေးဘက်လေးတန် ရှုပ်ထွေးနေသော လမ်းမများကို ကြည့်လိုက်သည်။
"ရပါတယ်" လီမြောင် က ပြုံးလိုက်သည်။ သူသည် ဘေးနားတွင် ဂရုတစိုက် ရပ်နေပြီး တခြားလူများ ဧည့်သည် လုသွားမည်ကို စိုးရိမ်သကဲ့သို့ ဘေးဘီကို ကြည့်နေသည်။
"ငါတို့ အရင် လျှောက်ကြည့်လိုက်ဦးမယ်... လိုအပ်ရင် မင်းကို လာရှာမယ်"
ချန်ရွှင်သည် နေရာအနှံ့ ကြည့်ရှုပြီးနောက် ဦးတည်ရာ တစ်ဖက်ကို ရွေးချယ်လိုက်သည်။
"အဆင်ပြေမလား"
လီမြောင် ဝမ်းသာသွားပြီး အသံလွှင့်အဆောင် တစ်ခုကို ထုတ်ယူကာ ချန်ရွှင်အား ပေးအပ်လိုက်သည်။
"စီနီယာ... လိုအပ်ရင် ဒီအနီးအနားမှာ အဆောင်ကို အသက်သွင်းလိုက်ပါ... ကျွန်တော် လာခဲ့ပါ့မယ်"
"ကောင်းပြီ" ချန်ရွှင် အသံလွှင့်အဆောင် ကို လက်ခံရယူလိုက်သည်။
"မွန်း"
နွားနက်ကြီးလည်း အော်မြည်လိုက်ပြီး နဖားကြိုးကို ချန်ရွှင်လက်ထဲ ထည့်ပေးလိုက်သည်။
သူတို့ ထွက်ခွာသွားသော်လည်း လီမြောင်ကမူ နေရာမှာပင် ရပ်ကျန်ရစ်ခဲ့ပြီး အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားမည် စိုးသဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
လမ်းမပေါ်တွင်...
ချန်ရွှင်နှင့် နွားနက်ကြီးတို့ လမ်းလျှောက်နေကြသည်။ လမ်းဘေးဝဲယာတွင် အဆောင်ဆိုင်၊ လက်နက်ဆိုင်၊ ဆေးဆိုင်များ အပြင် ဝိညာဉ်သားရဲ ရောင်းချသော ဆိုင်များနှင့် ကုန်ကြမ်းပစ္စည်း ဝယ်ယူသော အဆောက်အအုံများ ပြည့်နှက်နေသည်။ နေရာအနှံ့တွင် ကျင့်ကြံသူများ သွားလာလှုပ်ရှားနေကြသည်။ အချို့က မျက်မှောင်ကြုတ်ထားကြပြီး အချို့က မျက်နှာတွင် အပြုံးများ ရှိနေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း နတ်အသိဖြင့် စကားပြောဆို နေကြသည်။
"နွားကြီး... နောက်နောင် ငါတို့ ဒီမှာပဲ လုပ်ကိုင်စားသောက်ရတော့မယ်"
ချန်ရွှင် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"ဒီအထိ ရောက်လာရတာ တကယ် မလွယ်ကူလှဘူး"
"မွန်း"
နွားနက်ကြီး အမြီးယမ်းလိုက်ပြီး ချန်ရွှင်ကို ပြန်ကြည့်လိုက်သည်။ ရလဒ်ကတော့ ကောင်းမွန်ပါသည်။
"ရွှေအမြူတေအဆင့် ကျင့်စဉ်တွေ... ကျင့်ကြံခြင်းအဆင့် တိုးတက်စေတဲ့ ဆေးဖော်နည်းတွေ... ဝိညာဉ်ဆေးပင်တွေ... ဒီနေရာက ပစ္စည်းတွေက ဝူယွင်ဂိုဏ်း ထက် သေချာပေါက် ပိုများမှာပဲ"
"မွန်း မွန်း"
"ငါ စဉ်းစားကြည့်မယ်... ငါတို့ အနည်းဆုံးတော့ နေစရာ တစ်နေရာ ရှာရမယ်... ဧည့်ရိပ်သာတို့ စားသောက်ဆိုင်တို့မှာ နေဖို့က မဖြစ်နိုင်ဘူး... ဈေးကြီးလွန်းတယ်"
ချန်ရွှင် စဉ်းစားလိုက်သည်။
"အိမ်တစ်လုံးလောက် ဝယ်လိုက်ရင် ကောင်းမလား... ဒီမြို့ထဲမှာ ရှိမရှိတော့ မသိဘူး... ပတ်ဝန်းကျင်မှာ ဆိုင်ခန်းတွေချည်းပဲ"
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို ဝှေ့လိုက်ပြီး တစ်နေရာကို လှမ်းကြည့်လိုက်သည်။ ဆေးရနံ့များ သင်းပျံ့နေသည်။
ဆေးမျှော်စင်...
ချန်ရွှင်နှင့် နွားနက်ကြီးတို့ လမ်းဘေးတွင် ရပ်လိုက်ပြီး မော့ကြည့်လိုက်သည်။ ငါးထပ်မြင့်သော အဆောက်အအုံကြီး ဖြစ်ပြီး အပေါ်ထပ်တွင် အစိမ်းရောင် ဖျော့ဖျော့ သုတ်လိမ်းထားကာ ခန့်ညားထည်ဝါလှသည်။
"နွားကြီး... ဆိုင်းဘုတ်က အမှတ်တံဆိပ်ကို ကြည့်စမ်း"
ချန်ရွှင် မျက်လုံး မှေးသွားပြီး မေးငေါ့ပြလိုက်သည်။
"မွန်း"
နွားနက်ကြီး မော့ကြည့်လိုက်ပြီး မျက်လုံးများ မှေးကျဉ်း သွားသည်။
"မွန်း"
ဒါက ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဆေးဂိုဏ်း ရဲ့ အမှတ်တံဆိပ်ဖြစ်ကာ သူတို့ နန်ဒုတောင် မှာ တွေ့ဖူးသည်။
"မင်းက တကယ် ဟုတ်တာပဲ နွားကြီး"
ချန်ရွှင် ရယ်မောလိုက်သည်။
"နွားနှာခေါင်းက တကယ် အာရုံခံ ကောင်းတာပဲ"
"မွန်း"
နွားနက်ကြီး ရယ်လိုက်သည်။ ဒါပေါ့...
"နောက်ကျရင် ဝိညာဉ်ဆေးပင် ရောင်းရင် ဒီလို ကျွမ်းကျင်တဲ့ နေရာမျိုးကို ရှာရမယ်... သူတို့က မက်လောက်အောင် ပေးနိုင်တယ်"
ချန်ရွှင် မျက်လုံးများ အရောင်တောက်လာပြီး ဖြတ်သန်းသွားလာနေသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။
"ဒါမှ အချောင်နှိုက်ချင်တဲ့ ဆိုင်ငယ်လေးတွေရဲ့ ပစ်မှတ်ထားတာကို မခံရမှာ... နို့မို့ပြဿနာ သိပ်များတယ်"
နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ အထူးသဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူ အချို့ ဖွင့်ထားသော ဆိုင်များ ဖြစ်သည်။ ဝိညာဉ်ဆေးပင် မျိုးစေ့ တစ်ဝက်လောက်ကိုပင် လိမ်ရောင်းတတ်ကြသည်။
"ငါတို့ ဆက်လျှောက်ကြည့်ရအောင်... မြို့တံခါးနားမှာတော့ ဆိုင်ခန်းတွေချည်းပဲ"
ချန်ရွှင် လေးဘက်လေးတန် ကြည့်လိုက်ပြီး နွားနက်ကြီးကို ဆွဲကာ ဆက်လျှောက်သွားသည်။
"ဒီ ကျင့်ကြံခြင်းမြို့တော်က တကယ် ကြီးတာပဲ... ဘာမဆို ရှိတယ်"
နွားနက်ကြီး ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ ဟိုကြည့်သည်ကြည့် လုပ်နေပြီး လမ်းဘေးက ဝိညာဉ်သားရဲ များကိုတောင် မျက်လုံးချင်း နှုတ်ဆက်လိုက်သေးသည်။ သူတို့ နာရီဝက်ခန့် လျှောက်ပြီးနောက် ရုတ်တရက် ခြေလှမ်း ရပ်တန့်သွားကြသည်။ နှာခေါင်းများ ရှုံ့ပွရှုံ့ပွ ဖြစ်လာသည်။ အမွှေးနံ့များ ရနေသည်။ အရက်နံ့များလည်း ပါဝင်နေသည်။
ကျင်းရှင်းစားသောက်ဆိုင်...
သာမာန်လူများနေထိုင်ရာလောက စားသောက်ဆိုင်များထက် (၁၀) ဆခန့် ပိုမို ကြီးမားသည်။ ကျင့်ကြံသူများ သုံးစုတစ်ဖွဲ့ ငါးစုတစ်ဖွဲ့ ဝင်ထွက်သွားလာနေကြသည်။ သို့သော် အပြင်ဘက်တွင် ဆူညံသံ မကြားရပေ။ အထဲတွင် သီးသန့်ခန်းများ ရှိပြီး အသံလုံ အစီအရင်များ တပ်ဆင်ထားပုံ ရသည်။
"နွားကြီး... ဒီအနံ့က... အနည်းဆုံးတော့ မိစ္ဆာကောင် အသားပဲ"
ချန်ရွှင် အံ့သြသွားသည်။
"အဲဒါက သွေးစွမ်းအင်ကို အားဖြည့်ပေးတာ"
"မွန်း မွန်း"
နွားနက်ကြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။ မျက်လုံးကြီးများ ပြူးကျယ်လျက် နှာခေါင်းဖြင့် အတင်း ရှူရှိုက်နေသည်။ သူတို့ အရင်က စားဖူးသည်။ နောက်ပိုင်းမှ သိလာရသည်မှာ ဝိညာဉ်သားရဲနှင့် မိစ္ဆာကောင်များကို နည်းစနစ်တကျ ချက်ပြုတ်ပြီး ဝိညာဉ်ဆေးပင်များဖြင့် ပေါင်းစပ်လိုက်ပါက ကျင့်ကြံသူများ၏ သွေးစွမ်းအင်ကို ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်ကိုပါ အနည်းငယ် ကြံ့ခိုင်စေကြောင်း သိရှိခဲ့ရသည်။ သွေးစွမ်းအင် ဆိုသည်မှာ ကျင့်ကြံသူများ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဆုံးဖြတ်ပေးသည်။ အထူးသဖြင့် သက်တမ်းကုန်ဆုံးခါနီးအချိန်တွင် အစွမ်းကုန် တိုက်ခိုက်လိုပါက သွေးစွမ်းအင် ပြည့်ဝနေမှ ဖြစ်မည်။ ချန်ရွှင် တက်ခေါက်လိုက်သည်။ သူတို့က ပေါက်စီသာ အကောင်းလုပ် စားနေရချိန်တွင် သူများတွေက အားဖြည့်အစားအစာတွေ နေ့တိုင်း စားနေကြသည်။
"ကိစ္စမရှိပါဘူး နွားကြီး... နောက်ကျရင် ငါတို့ ဝိညာဉ်ကျောက်တုံး ရလာရင် တစ်ဝကြီး လာစားကြမယ်"
"မွန်း"
"ဟားဟား... စားရမှာပေါ့"
ချန်ရွှင် ရယ်မောလျက် နွားနက်ကြီးကို ပုတ်လိုက်သည်။ နွားနက်ကြီးလည်း ကျေနပ်စွာဖြင့် ချန်ရွှင်ကို ပြန်ပုတ်လိုက်သည်။ ငါ့အစ်ကိုကြီး စီစဉ်တာက အကောင်းဆုံးပဲ။
"လမ်းတွေက ရှုပ်ထွေးလွန်းတယ်... နေစရာ နေရာလည်း မတွေ့သေးဘူး"
ချန်ရွှင် နောက်ကိုလှည့်ကြည့်လိုက်သည်။ လူများ ပြည့်ကျပ်နေပြီး စကားပြောသံများ ဆူညံနေသည်။
"ငါတို့ စောစောက ညီလေးကို သွားရှာကြစို့"
"မွန်း"
နွားနက်ကြီးလည်း ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ မြို့ကြီးမှာ လမ်းပြမရှိလျှင် မျက်စိလည်သွားနိုင်သည်။
မြို့တံခါးဝတွင် လီမြောင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ သူ့လက်ထဲမှ အသံလွှင့်အဆောင် ရုတ်တရက် လင်းလက်လာသည်။ သူ အံ့သြသွားပြီး ဦးတည်ရာ တစ်ဖက်ကို ကြည့်ကာ အမြန် ပြေးထွက်သွားသည်။
လမ်းမပေါ်တွင်...
ချန်ရွှင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး အရင် ပေးလိုက်သည်။ လီမြောင် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် လက်ခံယူလိုက်ကာ အကောင်းဆုံး ဝန်ဆောင်မှု ပေးပါမည်ဟု ကတိပြုလိုက်သည်။
"စီနီယာ... ဒီ ယွီရွှပ်မြို့တော် ကို အပိုင်း (၅) ပိုင်း ခွဲခြားထားပါတယ်"
"ဪ..."
"ကျွန်တော်တို့ အခု ရောက်နေတာက တောင်ဘက်ပိုင်းပါ... ဒီနေရာမှာ ဂိုဏ်းအသီးသီးရဲ့ ဆိုင်ခန်းတွေ အများဆုံး ရှိပါတယ်... တကယ်လို့ စီနီယာက ကုန်ကြမ်းပစ္စည်းတွေ ဝယ်ချင်ရင် ဒါမှမဟုတ် ကြိုတင်မှာယူချင်ရင် ဒီနေရာက အသင့်တော်ဆုံးပါပဲ"
လီမြောင်က ရေပက်မဝင်အောင် ရှင်းပြနေသည်။
"အရှေ့ဘက်ပိုင်းမှာတော့ ဂူတွေနဲ့ နေအိမ်တွေ အများကြီး ရှိပါတယ်... အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာ အများစုက အဲဒီမှာ နေထိုင်ကြပါတယ်... ပြီးတော့ ဆွေးနွေးပွဲလေးတွေ... လေလံပွဲလေးတွေလည်း ရှိတတ်ပါတယ်"
"အနောက်ဘက်ပိုင်းကတော့ ထိပ်သီးဂိုဏ်းကြီးတွေနဲ့ အင်အားစုကြီးတွေရဲ့ အခြေစိုက် စခန်းတွေပါ... ဖိတ်ကြားချက် မရှိရင် ပြင်ပလူတွေ ဝင်ခွင့် မရှိပါဘူး"
"ဂိုဏ်းတွေအပြင် တခြား အင်အားစုတွေလည်း ရှိသေးတာလား"
ချန်ရွှင် စိတ်ဝင်စားသွားသည်။
"လီမြောင်... ငါ့ကို သေချာ ပြောပြစမ်း"
နွားနက်ကြီးလည်း လီမြောင် ကို သံသယဖြင့် ကြည့်လိုက်သည်။ ဤချင်တိုင်းပြည် မှာ ဂိုဏ်းများက အကြီးဆုံး မဟုတ်ဘူးလား။ ကျန်သည့်အရာများမှာ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မိသားစုများသာ ရှိခြင်းမဟုတ်လား။ တချို့ဆိုလျှင် အဆင့်မမီ၎င်း နန်ဒုတောင် လျှို့ဝှက်နယ်မြေကိုပင် ဝင်ခွင့် မရကြပေ။
အခန်း (၁၁၄)
"စီနီယာ... ယွီရွှပ်မြို့တော် မှာ လူသိများတဲ့ အင်အားစုကြီး သုံးခု ရှိပါတယ်..."
လီမြောင် သည် ဘာမှ ဆက်မမေးဘဲ ကျွမ်းကျင်စွာ ရှင်းပြလိုက်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့လည်း နားထောင်ရင်း သဘောပေါက်လာကြသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဦးတည်ချက်မရှိ လျှောက်သွားနေကြသည်။ ရှန်ယွဲ့မျှော်စင် ၊ မော့ယွီရွှမ် ၊ စစ်ရှန်မဟာမိတ် ။ ဤအင်အားစုကြီး သုံးခုလုံးမှာ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူတွေ ရှိတယ်လို့ ကြားသိရသည်။ သို့သော် မြို့ထဲမှာတော့ မနေကြ။ သူတို့က ချင်တိုင်းပြည် က မဟုတ်ဘဲ အခြား တိုင်းပြည်က လာသူများဖြစ်ကြသည်။ လီမြောင် သိသလောက်ကတော့ ရှန်ယွဲ့မျှော်စင် မှာ ကျင့်ကြံသူ အမျိုးသမီး အများအပြား ရှိပြီး ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံကြသည်။ ဂိုဏ်းကြီးများမှ ပါရမီရှင်များနှင့်လည်း ရင်းနှီးကြသည်။ အထူးသဖြင့် ယွီရွှပ်မြို့တော် နှစ်တစ်ရာပြည့် ပွဲတော်မှာဆိုလျှင် ခရမ်းရောင်တိမ်ဂိုဏ်း က နတ်မိမယ်တွေနှင့်ပင် ယှဉ်ပြိုင်နိုင်ကြသည်။
မော့ယွီရွှမ် ကတော့ စီးပွားရေး သက်သက် လုပ်သည်။ ဆေးဖော်ခြင်း၊ လက်နက်လုပ်ခြင်း၊ အစီအရင် ကုန်ကြမ်း၊ အဆောင်လက်ဖွဲ့ စသည့် နယ်ပယ်စုံတွင် ပါဝင်ပတ်သက်နေသည်။ စီးပွားရေး အလွန် ကောင်းမွန်ပြီး ငွေသောက်သောက်လဲဝင်သည် ဆိုကြသည်။ နိုင်ငံငယ်လေး အတော်များများ၏ ကျင့်ကြံခြင်း ရင်းမြစ်တွေကို မော့ယွီရွှမ် က လက်ဝါးကြီးအုပ်ထားခြင်းဖြစ်သည်။ စစ်ရှန်မဟာမိတ် ကတော့ နည်းနည်း လျှို့ဝှက်ဆန်းကြယ်သည်။ အထဲမှာ နိုင်ငံစုံက တစ်ကိုယ်တော် ကျင့်ကြံသူတွေ ပါဝင်နေသည်။ ကျင့်ကြံခြင်းလောက သတင်းအချက်အလက်များကိုလည်း ရောင်းချသည်။ လေလံပွဲတွေမှာ သတင်းတွေကို ဈေးကြီးပေးပြီး ရောင်းချတာမျိုးတောင် ရှိဖူးသည်။
"နွားကြီး... ကြားလား... အပြင်လောကကို များများ လေ့လာတာ မမှားဘူး"
ချန်ရွှင် နွားနက်ကြီးကို ရိုက်လိုက်သည်။ ဖြောင်းခနဲ အသံ မြည်သွားပြီး နွားနက်ကြီး လန့်ပြီး အော်လိုက်သည်။ သူ စဉ်းစားနေတာကို လာနှောင့်ယှက်သည်။
"မွန်း"
နွားနက်ကြီး ချန်ရွှင်ကို မကျေမနပ် ကြည့်လိုက်သည်။ လီမြောင် ဘေးနားမှာ ပြုံးနေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးကို ကြည့်ပြီး တခြားတိုင်းပြည်က တစ်ကိုယ်တော် ကျင့်ကြံသူလား၊ ဂိုဏ်းသားလား ဆိုသည်ကို ခွဲခြားမရနိုင်ပေ။ သူ စကားလမ်းကြောင်း လွှဲလိုက်ပြီး ဆက်လက် ရှင်းပြသည်။
"မြောက်ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်းက သိပ်မကွာခြားပါဘူး... ဒါပေမဲ့ အဲဒီမှာက လူစုံတယ်... အင်အားစု အသေးစားလေးတွေနဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ စုဝေးရာ နေရာပါ... တစ်ခါတလေ ရတနာတွေ ရတတ်ပါတယ်"
"အင်း"
"နောက်ဆုံးကတော့ မြို့လယ်ပိုင်းပါ... လေလံပွဲတွေ ကျင်းပတဲ့နေရာ၊ ပါရမီရှင်တွေ စုဝေးရာ နေရာပါ... နှစ်တစ်ရာပြည့် ပွဲတော်ကိုလည်း အဲဒီမှာ ကျင်းပပါတယ်... စားသောက်ဆိုင်တွေ ဧည့်ရိပ်သာတွေ ပေါများပါတယ်"
"ဪ... အဲဒီလိုကိုး"
ချန်ရွှင် စိတ်ထဲတွင် အကြမ်းဖျင်း မှတ်သားလိုက်သည်။ နွားနက်ကြီးလည်း စိတ်ဝင်တစား နားထောင်နေသည်။ အမြီးတနှံ့နှံ့ ဖြစ်နေသည်။ ဒီမြို့ကြီးက ကြယ်ကိုးလုံးတောင်ကြား ထက် အများကြီး ပိုကောင်းတာပဲ။
"စီနီယာ နေဖို့ နေရာ ရှိပြီလား... မြို့ထဲမှာ အကြာကြီး နေမှာလား ဒါမှမဟုတ် ကျင့်ကြံခြင်း ပစ္စည်းတွေ လာဝယ်တာလား"
"အရှေ့ဘက်ပိုင်းက ဈေးမကြီးဘူး ဆိုရင်တော့ စဉ်းစားလို့ ရပါတယ်"
ချန်ရွှင်၏ မျက်နှာ တည်ငြိမ်နေသည်။ လမ်းတစ်လျှောက် ဆိုင်ခန်းများကို လိုက်ကြည့်နေပြီး မှတ်သားထားလိုက်သည်။
"စီနီယာက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်တဲ့အတွက် ချင်ရှန်တောင် မှာ ဂူ ဝယ်ယူခွင့် ရှိပါတယ်"
လီမြောင် အားကျသော မျက်လုံးများဖြင့် အရှေ့ဘက်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် တောင်တန်းများနှင့် ရေအရင်းမြစ်များ ရှိပြီး ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင်များလည်း ရှိသည်။ အနောက်ဘက်ပိုင်းထက် အနည်းငယ်သာ နိမ့်ကျသည်။ ချန်ရွှင်နှင့် နွားနက်ကြီး ခြေလှမ်းများ ရပ်တန့်လိုက်သည်။ အရှေ့ဘက်ကို မော့ကြည့်လိုက်ရာ မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထွတ်အချို့ကို တွေ့လိုက်ရသည်။ ဤနေရာနှင့် အတော်လေး ဝေးကွာသည်။
"နွားကြီး... မိုက်တယ်ဟ... "
ချန်ရွှင် နတ်အသိဖြင့် ပြောလိုက်သည်။
"ငါတို့ မြေကွက်တစ်ကွက်လောက် ဝယ်လိုက်ရမလား... ဒီမှာ အေးအေးဆေးဆေး နေပြီး ကောင်းကင်လွင်ပြင် ကို ဖြတ်သန်းဖို့ ပြင်ဆင်ကြမယ်"
"မွန်း"
နွားနက်ကြီးလည်း စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ သို့သော် မျက်နှာတွင် ဘာမှ ထုတ်မပြပေ။
"ဟဲဟဲ.... ပြီးရင် လေလံပွဲတွေ သွားကြည့်မယ်... ပါရမီရှင်တွေ တိုက်ခိုက်တာတွေ သွားကြည့်မယ်.... ဒီဘဝကြီးက..."
"မွန်း"
နွားနက်ကြီး ကြားလေ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။
သို့သော် လီမြောင် အမြင်တွင်တော့ သူတို့နှစ်ဦးသည် အရှေ့ဘက်ကို တည်ငြိမ်စွာ ငေးကြည့်နေပြီး မျက်ဝန်းထဲတွင် ဘာမှ မလှုပ်ရှားသကဲ့သို့ ထင်ရသည်။
"လီမြောင်... ချင်ရှန်တောင် က ဂူတွေက ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက် ရှိလဲ"
ချန်ရွှင် အကြည့်လွှဲလိုက်သည်။ သူတို့ အိမ်ခြံမြေ တစ်ခါမှ မဝယ်ဖူးပေ။ မိမိတို့ဘာသာ တောင်ဖောက်ပြီး နေခဲ့ကြသည်ချည်း ဖြစ်သည်။
"မွန်း"
နွားနက်ကြီးလည်း လီမြောင် ကို ကြည့်လိုက်သည်။ သူ စိတ်ထဲတွင် တွက်ချက်ထားသည်။ ဘယ်လောက်ပဲ ဈေးကြီးကြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀) ထက်တော့ မပိုလောက်ပါဘူး။
"စီနီယာကို ပြောပြရရင်... အဆင်ပြေအောင်လို့ ချင်ရှန်တောင် ကို ကောင်းကင်၊ မြေကြီး၊ အနက်ရောင်၊ အဝါရောင် ဆိုပြီး အဆင့် ၄ ဆင့် ခွဲခြားထားပါတယ်... အဆင့်မြင့်လေ ဝိညာဉ်စွမ်းအင် သိပ်သည်းလေပါပဲ... အဝါရောင်အဆင့် ဂူဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) လောက် ရှိပါတယ်"
လီမြောင် စိတ်ထဲတွင် သိထားသော်လည်း ဤမျှ များပြားသော ပမာဏကို ပြောလိုက်ရသောအခါ စိတ်မကောင်း ဖြစ်မိသည်။ သူ တစ်သက်လုံး ရှာလျင်ပင်မရနိုင်သည့်ပမာဏဖြစ်သည်။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဟုတ်လား"
ချန်ရွှင် အလွန်အံ့အားသင့်ကာ မယုံကြည်နိုင် ဖြစ်သွားသည်။
"အပိုင်လား... အမွေပေးလို့ကော ရလား... တခြား ပေးရမယ့် စရိတ်တွေ ရှိသေးလား"
"မွန်း မွန်း"
နွားနက်ကြီးလည်း မျက်လုံးပြူးကျယ်ပြီး လီမြောင် ကို ကြည့်နေသည်။
"...... အင်း... ဟုတ်ပါတယ် စီနီယာ"
လီမြောင် ကြောင်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ဂူကို နှစ် (၂၀၀) အသုံးပြုခွင့် ရှိပါတယ်... သက်တမ်းကုန်သွားရင် ဆက်နေချင်ရင် ပိုက်ဆံ ထပ်ပေးရပါတယ်... တခြား စရိတ်စကတော့ မရှိပါဘူး"
သွားပြီ... ချန်ရွှင် လက်များ တုန်သွားသည်။ နွားနက်ကြီး ခြေထောက် များ တုန်သွားသည်။ သူတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။
"နွားကြီး... ငါတို့ အိမ်က ထွက်လာတာ... ဂိုဏ်းအကျိုးပြုအမှတ်တွေနဲ့ လဲလို့ မရတော့ဘူး... ကောင်းကောင်း ကြိုးစားကြရအောင်... ကျင့်ကြံခြင်းလောကမှာ ဝိညာဉ်ကျောက်တုံး ရှိရင် ဘာမဆို ဝယ်လို့ ရတယ်"
"မွန်း မွန်း"
သူတို့ နတ်အသိဖြင့် ဆက်လက် ပြောဆိုနေကြသည်။ ဝိညာဉ်ကျောက်တုံး ရှာဖွေမည့် စီမံကိန်းများကို ပြောဆိုနေကြပြီး လီမြောင် ကို ဘေးဖယ်ထားလိုက်သည်။ လီမြောင်ကတော့ သူတို့ စဉ်းစားနေသည်ဟု ထင်မှတ်နေသည်။
"သွားကြည့်ရအောင်"
"ဟုတ်ကဲ့ပါ စီနီယာ"
သူတို့ ခြေလှမ်းများ မြန်ဆန်လာသည်။ ယခုအချိန်သည် နေ့လည်ခင်း ဖြစ်သည်။ လမ်းမပေါ်တွင် လူသွားလူလာ များပြားပြီး စကားပြောသံများ ဆူညံနေသည်။ သို့သော် သူတို့က စိတ်မဝင်စားဘဲ ခရီးဆက်နေကြသည်။ အချိန်မည်မျှ ကြာသွားသည် မသိ ရုတ်တရက် မိုးကုပ်စက်ဝိုင်းမှ တောက်ပသော ရောင်ခြည်တန်းတစ်ခု ဖြာထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင် တစ်ခုလုံး နီရဲသွားပြီး မြင်ကွင်းမှာ အလွန် ခမ်းနားထည်ဝါလှသည်။
သူတို့ အရှေ့ဘက်ပိုင်းသို့ ရောက်ရှိလာကြသည်။ လီမြောင် ချွေးများ ရွှဲနစ်နေသော်လည်း မမောပန်းပေ။ ကျင့်ကြံသူတိုင်း ကြိုးစား ရှင်သန်နေကြရသည်ချည်းဖြစ် သည်။ အဝေးတွင် မှုန်ဝါးနေသော ဧရာမ တောင်ထွတ်ကြီး တစ်ခု ထိုးထွက်နေသည်ကို တွေ့လိုက်ရသည်။ မိုးထိအောင် မြင့်မားပြီး နေရောင်ခြည်ကြောင့် အောက်တွင် နီရဲတောက်ပနေသည်။ ပတ်ဝန်းကျင်တွင် အစီအရင် အလင်းရောင်များ တောက်ပနေသည်။ အတွင်းပိုင်းကို လုံးဝ မမြင်ရပေ။ နေထိုင်သူများ၏ လွတ်လပ်ခွင့်ကို ကောင်းစွာ ကာကွယ်ပေးထားသည်။
တောင်အောက်တွင် အလွန် စည်ကားနေသည်။ ဈေးသည်များ ရှိနေသည်။ သို့သော် ရောင်းချသော ပစ္စည်းများမှာ ကျင့်ကြံခြင်း ပစ္စည်းများ ဖြစ်သည်။ ဝိညာဉ်သားရဲ များကိုပင် လက်နက်ထဲ ထည့်ပြီး ရောင်းချကြသည်။ ကျင့်ကြံသူ အများအပြား ဝိုင်းအုံနေကြသည်။ ဈေးသည်များဆီတွင် ဝယ်ယူခြင်းသည် ဆိုင်ကြီးများထက် ဈေးသက်သာသည်။ အနီးအနားတွင် ဆိုင်ငယ်လေးများစွာ ရှိသည်။ ဂိုဏ်းပိုင် ဆိုင်ကြီးများလောက် ခမ်းနားထည်ဝါခြင်း မရှိသော်လည်း အရှေ့ဘက်ပိုင်းသည် လူနေမှုဘဝ ပုံစံ ပိုအဆင့်မြင့်၏။ ချန်ရွှင်နှင့် နွားနက်ကြီး အကြိုက်ဆုံး အချက်မှာ ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေပင် ဖြစ်သည်။ ဈေးတန်းတစ်ခုကဲ့သို့ စည်ကားသိုက်မြိုက်နေ၏။
"စီနီယာ... ဟိုအဝေးက တောင်က ချင်ရှန်တောင် ပါ... တကယ်လို့ နီးနီးနားနား နေချင်ရင် တောင်အောက် ဝင်ပေါက်နားမှာ ရှုရှင်းစံအိမ် ရှိပါတယ်"
လီမြောင် ချွေးများကိုသုတ်လိုက်သည်။
"တကယ်လို့ စိတ်ဝင်စားရင် အဲဒီမှာ ဂူ ဝယ်လို့ ရပါတယ်"
ချန်ရွှင် သိုလှောင်အိတ် ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးတုံးနှင့် အသံလွှင့်အဆောင် ကို ထုတ်လိုက်သည်။
"ပင်ပန်းသွားပြီ"
"စီနီယာ..... နှစ်တုံးပဲ ပေးပါ" လီမြောင် လန့်သွားပြီး နောက်ဆုတ်ကာ လက်သီးဆုပ်လိုက်သည်။
"ကျွန်တော် ဘာမှ ပင်ပင်ပန်းပန်း မလုပ်ပေးခဲ့ပါဘူး"
"ဒါဆို မိတ်ဆွေက ကျုပ်ကို အထင်သေးတာလား" ချန်ရွှင် မျက်လုံး မှေးကျဉ်းသွားကာ မျက်နှာထားက ရုတ်တရက် တင်းမာသွားသည်။
"ဗျာ..."
လီမြောင် ကြောင်သွားသည်။ နဖူးပေါ်တွင် ချွေးစေးများ ပိုများလာသည်။
"ဟုတ်... ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် စီနီယာ... ကျေးဇူးတင်ပါတယ်"
လီမြောင် လက်သီးဆုပ်ပြီး ခါးကို ကိုင်းထားသည်။ ယူဖို့ တွန့်ဆုတ်နေသည်။ ချန်ရွှင် ဝိညာဉ်စွမ်းအား တစ်ခု ထုတ်လွှတ်လိုက်ပြီး ပစ္စည်းများကို သူ့လက်ထဲ ထည့်ပေးလိုက်၏။ ထို့နောက် နွားနက်ကြီးကို ခေါ်ပြီး လှည့်ထွက်သွားသည်။ လီမြောင် ချန်ရွှင်၏ ကျောပြင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ ထို့နောက် လေးစားစွာ နှုတ်ဆက်ပြီး အမြန် လှည့်ပြေးသွားလေသည်။ နေဝင်ချိန်တွင် လီမြောင် မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပါဝင်နေသည်။
‘တကယ်လို့ နေ့တိုင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃) တုံး ပုံမှန် ရှာနိုင်ရင် တစ်လဆို (၉၀)... တစ်နှစ်ဆို (၁၀၈၀) တောင် ရမှာပါလား’ သူ တွေးလေ စိတ်လှုပ်ရှားလေ ဖြစ်လာပြီး ခြေလှမ်းများ ပိုမြန်လာကာ အရှေ့ဘက်ပိုင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ချင်ရှန်တောင် အောက် အဝေးတစ်နေရာတွင်...
ချန်ရွှင် ပြုံးလိုက်ပြီး တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ နွားနက်ကြီးကို ကြည့်လိုက်သည်။
"နွားကြီး... ဟိုတုန်းက ကြယ်ကိုးလုံးတောင်ကြား က 'အစ်ကိုကြီး' ကို မှတ်မိသေးလား"
"မွန်း"
နွားနက်ကြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ သူမှတ်မိသည်။ သူတို့ လူများစွာ နှင့်ဆက်ဆံခဲ့ဖူးသော်လည်း ဤသို့သောသူများက မှတ်မိလွယ်ပါသည်။
"ဟိုတုန်းက အဲဒီ အစ်ကိုကြီးကို ဦးနှောက်မရှိဘူးလို့ ထင်ခဲ့တာ... အခု ပြန်စဉ်းစားကြည့်တော့ ဦးနှောက်မရှိတာ ငါတို့ ဖြစ်နေတာပါလား"
ချန်ရွှင် ရယ်မောလိုက်သည်။ ရင်ထဲတွင် နွေးထွေးမှုတစ်ခု စီးဆင်းသွား၏။ အခွင့်အရေး ရလျှင် ထိုစီနီယာနှင့် ပြန်တွေ့ချင်ပါသည်။