← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 6 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 6 Ch. 115-116

အခန်း (၁၁၅)

"မွန်း မွန်း"

နွားနက်ကြီးလည်း ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း ပျော်ရွှင်နေသည်။

"နွားကြီး... တောင်ဘက်ပိုင်းကနေ အရှေ့ဘက်ပိုင်း လာတဲ့လမ်းကို မှတ်မိလား"

ချန်ရွှင် စနောက်လိုက်သည်။

"ငါတို့ အဆင့်တက်ပြီးတော့ အားအင်တွေ ပြည့်ဝနေတာ နေ့တိုင်း နားစရာ မလိုတော့ဘူး"

"မွန်း"

နွားနက်ကြီး စိတ်ဆိုးသလို ချန်ရွှင်ကို ဝှေ့လိုက်သည်။ လမ်းမှတ်တာလောက်ကိုတော့ သူကောင်းကောင်းရပါသည်။

"နွားကြီး... သွားစို့... လမ်းမှာ ဆေးဆိုင် အချို့ကို ငါ တွေ့ထားတယ်... ငါတို့ ဒီနှစ်ဝက်အတွင်း ပျိုးထောင်ထားတဲ့ ဆေးပင်တွေကို ရောင်းလိုက်ရအောင်" ချန်ရွှင် နတ်အသိဖြင့် ပြောလိုက်သည်။

"အားလုံးက နှစ်တစ်ရာ သက်တမ်းတွေဆိုတော့ ဝိညာဉ်ကျောက်တုံး သိပ်မရလောက်ဘူး... ဒါပေမဲ့ ခွဲပြီး ရောင်းရမယ်... မပေါ့ဆနဲ့"

နွားနက်ကြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး နားလည်ကြောင်း အကြည့်ဖြင့် ကြည့်လိုက်သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင် ဆူညံသော နေရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ တစ်နာရီခန့် ကြာသောအခါ အလွန်ရောင်းကောင်းသော ဆေးဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားကြသည်။ နွားနက်ကြီးသည် မတ်တပ်ရပ်လျက် ဝင်လာခြင်း ဖြစ်သည်။ သို့သော် ဆိုင်ထဲမှ လူများက လုံးဝ မထူးဆန်းသကဲ့သို့ နေနေကြသည်။ ယွီရွှပ်မြို့တော် မှာ ဆိုင်ဖွင့်စားသူများကက ဗဟုသုတ ကြွယ်ဝကြသည်။

ချီသန့်စင်ခြင်းအဆင့် ဆိုင်ဝန်ထမ်း အချို့က အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာကို တွေ့သောအခါ သွားရောက် မနှုတ်ဆက်ဝံ့ကြပေ။

"တာအိုမိတ်ဆွေ ဘာဝယ်ချင်လို့လဲ... ဒုတိယထပ်ကို ကြွပါ ခင်ဗျာ"

ထိုအချိန်တွင် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် အဖြူရောင်ဝတ် အဘိုးအိုတစ်ဦး လျှောက်လာသည်။ မျက်နှာက ပြုံးရွှင်နေသည်။

"ပထမထပ်မှာက ချီသန့်စင်ခြင်းအဆင့် ဆေးတွေပဲ ရှိတာပါ... တာအိုမိတ်ဆွေ စိတ်တိုင်းကျမှာ မဟုတ်ပါဘူး"

ချန်ရွှင် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည် စိတ်ထဲတွင် လေးလံနေပုံ ရသည်။ နွားနက်ကြီးလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ သူ့မျက်နှာကို ကြည့်ပြီး ဘာဖြစ်နေသည်ကို သိဖို့ ခက်ခဲသည်။ ဒုတိယထပ်တွင် လူများနည်းပါး၏။ ဆေးနမူနာ အချို့ကို နေရာအနှံ့ ခင်းကျင်းထားသည်။ ဆေးဖော်နည်း အချို့လည်း ရောင်းချသော်လည်း အစီအရင်ဖြင့် ပိတ်ဆို့ထားသည်။ သူတို့ သီးသန့်ခန်းလေး တစ်ခုထဲသို့ ဝင်ရောက်သွားကြပြီး ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ကြသည်။ အဖြူရောင်ဝတ် အဘိုးအိုက လက်ဖက်ရည် ငှဲ့ပေးသည်။ အလုပ်လုပ်ပုံက စနစ်ကျလှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် စီးပွားရေးက သူတို့အတွက် အလွန် အရေးကြီးသည်။ မိတ်ဆွေဖွဲ့ထားခြင်းလည်း ဖြစ်သည်။ လူမှုဆက်ဆံရေးက နေရာတိုင်းမှာ လိုအပ်သည်။

"ဒီဆိုင်က ဝိညာဉ်ဆေးပင် ဝယ်လား မသိဘူး"

"ဪ... တာအိုမိတ်ဆွေက ဆေးပင် လာရောင်းတာကိုး"

အဖြူရောင်ဝတ် အဘိုးအို ဖြည်းညှင်းစွာ ရယ်မောလိုက်သည်။

"ဘယ်ဆေးပင်လဲ... သက်တမ်း ဘယ်လောက်လဲ"

ချန်ရွှင် စိတ်လေးနေသည့် ပုံစံဖြင့် နှမြောတသ ဖြစ်နေသော မျက်လုံးများဖြင့် သိုလှောင်အိတ်ထဲမှ ဆေးသေတ္တာ သုံးလုံး ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။ အဖြူရောင်ဝတ် အဘိုးအိုက ချန်ရွှင်၏ မျက်နှာကို အကဲခတ်နေသည်။ စိတ်ထဲတွင် ဝမ်းသာသွားသည်။ ဒုက္ခရောက်နေပြီး ပစ္စည်းကောင်း လာရောင်းတာလား။ ဆေးသေတ္တာ သုံးလုံး ပွင့်သွားပြီး ဝိညာဉ်ဆေးပင် သုံးပင် ပေါ်လာသည်။

"မီကျင်းမြက်... သက်တမ်း ၁၅၀ ၊ ယွိယွမ်ပန်း... သက်တမ်း ၁၂၀ ၊ ကျောက်သွေးမှို... သက်တမ်း ၁၀၀"

ချန်ရွှင် တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်သည်။ နောက်ဆုံးတွင် အံကိုတင်းခနဲကြိတ်လိုက်၏။

"တာအိုမိတ်ဆွေ... ဈေးခေါ်လိုက်ပါ"

"မွန်း"

နွားနက်ကြီးလည်း ဘေးကနေ အော်လိုက်သည်။ အဖြူရောင်ဝတ် အဘိုးအို မျက်လုံး ပြူးသွားသည်။ ဒါပဲလား... ဟု အော်ပြောလုနီးပါး ဖြစ်သွားသည်။ ဤဆေးပင် သုံးပင်က အခြေခံတည်ဆောက်ခြင်းအဆင့် အတွက် အသုံးဝင်သော်လည်း သက်တမ်းက သာမာန်သာဖြစ်သည်။ အဖြူရောင်ဝတ် အဘိုးအို စိတ်ပျက်သွားသည်။ သို့သော် သူက ချန်ရွှင်ကို ပြုံးပြလိုက်သည်။

"တာအိုမိတ်ဆွေ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ ဘယ်လိုလဲ"

"မဖြစ်ဘူး... ဒီဆေးပင် သုံးပင်က ဆေးအာနိသင်ပဲ ဖြစ်ဖြစ် ၊ ပြည့်စုံမှုပဲ ဖြစ်ဖြစ် အပြစ်ပြောစရာ မရှိဘူး"

ချန်ရွှင် လေးနက်စွာ ခေါင်းခါလိုက်သည်။

"သူတို့ကို ဆက်လက် ပျိုးထောင်လို့ ရသေးတယ်... အနည်းဆုံး ၅၀ ထပ်ပေါင်းပေးပါ... တာအိုမိတ်ဆွေ ကျွန်တော့်ကို ပစ္စည်းမကြည့်တတ်တဲ့လူလို့ မထင်ပါနဲ့"

"မွန်း"

နွားနက်ကြီး မျက်လုံးများ အရောင်တောက်နေပြီး ထပ်အော်လိုက်သည်။ အစ်ကိုကြီး ပြောတာ မှန်တယ်လို့ ထောက်ခံနေသည်။ အဖြူရောင်ဝတ် အဘိုးအို မျက်လုံးများကို မှေးလိုက်သည်။ နတ်အသိဖြင့် စစ်ဆေးကြည့်လိုက်ရာ ခေါင်းညိတ်လိုက်သည်။

"တကယ် မဆိုးဘူးပဲ"

နောက်ဆုံးတွင် နှစ်ဖက်စလုံး ကျေနပ်သွားကြသည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၅၀ ဖြင့် အရောင်းအဝယ် ဖြစ်သွားသည်။ အဖြူရောင်ဝတ် အဘိုးအိုက နောက်ထပ် ဆေးပင် ရှိလျှင် လာရောင်းဖို့ ပြောလိုက်သည်။ ချန်ရွှင် ရိုးသားသော မျက်နှာဖြင့် နောက်တစ်ခါ လာခဲ့ပါ့မယ်ဟု ပြောဆိုပြီး နွားနက်ကြီးကို ဆွဲကာ လှည့်ထွက်သွား၏။ အဖြူရောင်ဝတ် အဘိုးအို သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး တခြားသူများကို သွားရောက် နှုတ်ဆက်လိုက်သည်။

လမ်းမပေါ်တွင် ချန်ရွှင်နှင့် နွားနက်ကြီး နတ်အသိဖြင့် စကားပြောနေကြသည်။

"နွားကြီး... ငါတို့ ဆေးပင်တင်မကဘူး... ဆေးပါ ရောင်းလို့ ရတယ်"

"မွန်း... မွန်း"

"ငါ့ရဲ့ ဆေးဖော်တဲ့ နည်းစနစ်က... လွန်ခဲ့တဲ့ ရက်ပိုင်းက ငါအိပ်မက်တစ်ခုမက်တယ်... လက်တွေ့အခြေအနေကို ထားလိုက်ပါတော့... အဲဒီ ဆေးနတ်ဘုရားက ဒူးထောက်ပြီး ငါ့ကို ပညာသင်ပေးဖို့ တောင်းပန်နေတာ"

"မွန်း..."

နွားနက်ကြီး မျက်လုံး ပြူးသွားကာ သူ့စကားကိုယုံကြည်သွား၏။

"ငါ့ထက် အဆပေါင်းထောင်ချီ သန်းချီ စွမ်းအားကြီးပေမဲ့ ဆေးဖော်တာ ငါ့လောက် မတော်တဲ့ သူလေ သူက" ချန်ရွှင် ကြွားလုံးထုတ်နေသည်။ နွားနက်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ လမ်းပေါ်တွင် ကျင့်ကြံသူ အများအပြား သူတို့ဘေးမှ ဖြတ်သန်းသွားကြသည်။ လူတစ်ယောက်က လက်ဟန်ခြေဟန်ဖြင့် လေးနက်စွာ ပြောပြနေပြီး နွားတစ်ကောင်က ထိုလူကို လေးနက်စွာ ကြည့်နေသည်။ မျက်လုံးထဲတွင် သံသယ လုံးဝ မရှိပေ။ ရံဖန်ရံခါ ရယ်မောသံများနှင့် နွားအော်သံများ ထွက်ပေါ်နေသည်။

နောက်ပိုင်း နှစ်လ အတွင်း သူတို့ တောင်ဘက်ပိုင်း တစ်ခွင်လုံး လှည့်ပတ်ပြီး ဆိုင်ကြီးများတွင် နှစ်တစ်ရာသက်တမ်းရှိ ဆေးပင် သုံးပင်စီ လိုက်ရောင်းကြသည်။ ဆိုင်ကြီးများကိုသာ သွားခြင်း ဖြစ်ပြီး နေရာအတော်လေး ဝေးကွာသဖြင့် သူတို့လို ဆင်းရဲသား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို မည်သူမျှ စိတ်မဝင်စားကြပေ။ သူတို့ကလည်း မြို့ပြင် လုံးဝ မထွက်ကြပေ။ မောလျှင် လူရှင်းသော ထောင့်တစ်နေရာတွင် နားသည်။ ကြယ်တွေ လတွေ ကြည့်သည်။ အနာဂတ်အတွက် စီစဉ်သည်။ ဝိညာဉ်စွမ်းအား ပြန်ဖြည့်သည်။ ယွီရွှပ်မြို့တော် ၏ ဝိညာဉ်စွမ်းအင်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ ယခုအခါ သူတို့လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ရှိနေပြီ ဖြစ်သည်။ တော်လောက်ပြီဟု ယူဆကာ ဆေးပင် ဆက်မရောင်းတော့ပေ။

ထို့အပြင် ချန်ရွှင် သိလိုက်ရသည်မှာ ဆေးဈေးနှုန်းက သာမန် သက်တမ်းနိမ့် ဆေးပင်များထက် အများကြီး ပိုဈေးကြီးသည်။ သူ့အတွက် အကျိုးအမြတ် အလွန် များပြားပြီး အန္တရာယ်လည်း အလွန် နည်းပါးသည်။ တစ်ခါတလေ ကျင့်စဉ် ဘယ်မှာ ရောင်းလဲ ဆိုတာ စုံစမ်းကြည့်သည်။ ဓာတ်ငါးပါး ဝိညာဉ်အမြစ် ရွှေအမြူတေအဆင့် ကျင့်စဉ်က ရှာရ မခက်လောက်ပေ။ အကယ်၍ဖြစ်နိုင်လျှင် ဝိညာဉ်ကူးပြောင်းခြင်းအဆင့် ကျင့်စဉ်ကိုပါ ဝယ်ထားချင်သည်။ ယနေ့ နေသာနေသည်။ အရာအားလုံး ကောင်းမွန်နေ၏။ အရိပ်မည်း နှစ်ခု လူရှင်းသော ထောင့်မှ ထွက်လာသည်။

သူတို့ နှုတ်ခမ်းထောင့်စွန်းတွင် အမြဲတမ်း အပြုံးများ ရှိနေသည်။

"သွားမယ် နွားကြီး... ကျင့်စဉ် သွားကြည့်ရအောင်"

"မွန်း"

သူတို့ စုံစမ်းထားပြီး ဖြစ်သည်။ တောင်ဘက်ပိုင်းမှာ မော့ယွီရွှမ် ဖွင့်ထားသည့် ဆိုင်ကြီး ရှိသည်။ တောင်ဘက်ပိုင်း၏ မြောက်ဘက်၊ မြို့လယ်နဲ့ နီးသည့်နေရာမှာ ရှိသည်။ ဘာမဆို ရောင်းသည်။

နှစ်နာရီ ကြာပြီးနောက်...

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အလွန် ခမ်းနားထည်ဝါသော အဆောက်အအုံ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ခုနစ်ထပ် မြင့်သော အဆောက်အအုံ ဖြစ်ပြီး နေရာအကျယ်ကြီး ယူထားသည်။ ကျင့်ကြံသူများ ဝင်ထွက်သွားလာမှု မပြတ်ပေ။ ဤနေရာက ပစ္စည်း အရည်အသွေး ကောင်းမှန်း အားလုံး သိကြသည်။ သူတို့ လမ်းဘေးတွင် ရပ်လျက် အဝေးမှ လှမ်းကြည့်နေကြသည်။

"နွားကြီး... ဒီလောက် ကျယ်တဲ့ မြေနေရာကို ရဖို့ ဝိညာဉ်ကျောက်တုံး သောင်းချီ ပေးရလောက်တယ်"

ချန်ရွှင် မော့ကြည့်ပြီး အံ့အားသင့်သွား၏။

"ငါတို့လည်း ဝင်ကြည့်ရအောင်"

"မွန်း"

နွားနက်ကြီး မျက်လုံးထဲတွင် အံ့သြမှုများ ဖြစ်ပေါ်နေပြီး ချန်ရွှင်နောက်သို့ လိုက်ပါသွားသည်။ ဤကဲ့သို့ ကျင့်ကြံခြင်းမြို့တော်က သာမာန်လူများနေထိုင်ရာလောက မြို့တော်များ၊ တစ်ကိုယ်တော် ကျင့်ကြံသူ စုဝေးရာ နေရာများ၊ ဂိုဏ်းများနှင့် လုံးဝ ကွာခြားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးကဲ့သို့ ထာဝရအသက်ရှင်သူတွေအတွက်တော့ အကောင်းဆုံး အတွေ့အကြုံ၊ အစစ်မှန်ဆုံး ခံစားမှုပင် ဖြစ်သည်။ ဆိုင်ထဲ ဝင်လိုက်သည်နှင့် အလွန် စည်ကားနေသည်။ နွားနက်ကြီးလည်း မတ်တပ်ရပ်လိုက်သည်။ လူများသည့်အချိန် လမ်းလျှောက်ရသည်မှာ ပိုအဆင်ပြေသည်။ ပထမထပ်ကို ချီသန့်စင်ခြင်းအဆင့် အတွက် သီးသန့် ဖွင့်လှစ်ထားသည်။ ပစ္စည်းများ စုံလင်လှသည်။ နေရာအလိုက် ခွဲခြားထားသည်။ မိစ္ဆာကောင် ဝိညာဉ်သားရဲ ကုန်ကြမ်းပစ္စည်းများပင် ရှိသည်။ ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ အဆောင်လက်ဖွဲ့ နေရာတွင် အကြာကြီး လှည့်ပတ်ကြည့်ရှုနေသည်။

စုတ်တံများ၊ စက္ကူအဝါများ အများအပြားကို မိစ္ဆာကောင်များ၏ ကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ အကယ်၍ ဝိညာဉ်သားရဲ သွေးနှင့် ပေါင်းစပ်လိုက်လျှင် အဆောင် အာနိသင် ပိုကောင်းသည်ဟု ကြားဖူးသည်။

"နွားကြီး... ငါတို့ ဝူယွင်ဂိုဏ်း မှာတုန်းက မိစ္ဆာသားရဲ နဲ့ ဝိညာဉ်သားရဲ ဘယ်လောက်မှ မတွေ့ခဲ့ရဘူး... နန်ဒုတောင် မှာပဲ များတာ"

ချန်ရွှင် နတ်အသိဖြင့် နွားနက်ကြီးကို ပြောလိုက်သည်။

"ချင်တိုင်းပြည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာတော့ တချို့ မိစ္ဆာကောင်တွေ အသတ်ခံလိုက်ရပြီ ထင်တယ်"

"မွန်း" နွားနက်ကြီး ထောက်ခံလိုက်ပြီး အပြင်က ဆိုင်းဘုတ်ကို တစ်ချက် ကြည့်လိုက်သည်။

"နွားကြီး... ဒီ မော့ယွီရွှမ် က ချင်တိုင်းပြည် က မဟုတ်ဘူး... အခြားနိုင်ငံတွေမှာလည်း ဆိုင်တွေ ရှိလောက်တယ်... သူတို့ ချမ်းသာတာ မဆန်းပါဘူး"

ချန်ရွှင် ပြုံးလိုက်ကာ စင်ပေါ်က အဆောင်လက်ဖွဲ့ တွေကို ကြည့်ပြီး သွားရည်ကျနေသည်။ သူလည်း ဤပညာကို အနည်းငယ် လေ့လာဖူးသော်လည်း ကုန်ကြမ်းမှာ ရှားပါးလွန်းပေသည်။

အခန်း (၁၁၆)

"မွန်း"

နွားနက်ကြီးသည် အစီအရင် ကဏ္ဍဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်လုံးထဲတွင် အတွေးများ နက်နေသည်။ ထိုနေရာတွင် အစီအရင်အလံများ၊ အစီအရင် ကုန်ကြမ်းပစ္စည်းများနှင့် အစုံလိုက် ရောင်းချသော အစီအရင်ဗန်းများ ရှိနေသည်။ ကိုယ်တိုင် စီစဉ်စရာ မလိုဘဲ ဝယ်ယူပြီးသည်နှင့် တန်း၍ အသုံးပြုနိုင်သည်။

ချန်ရွှင်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။

"နွားကြီး... မင်းဘာသာ သွားကြည့်လိုက်၊ ကိစ္စရှိရင် ငါ့ကို ခေါ်"

"မွန်း မွန်း"

နွားနက်ကြီး နှစ်ချက် အော်မြည်လိုက်ပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ ချန်ရွှင်က သူ့အကြောင်း တကယ် နားလည်ပေသည်။ သူတို့သည် ပထမထပ်တွင် တစ်ယောက်တစ်နေရာစီ လှည့်လည် ကြည့်ရှုကြသည်။ ချီသန့်စင်ခြင်းအဆင့် ပစ္စည်းများ ဖြစ်သော်လည်း သူတို့ မမြင်ဖူးသော၊ နာမည်သာ ကြားဖူးသော ပစ္စည်းများ များပြားလှသည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီး အဓိက စိတ်ဝင်စားသည်မှာ ဈေးနှုန်း ဖြစ်သည်။ ပထမထပ်ရှိ ဈေးနှုန်းများကိုမူ လက်ခံနိုင်သေးသည်။

သူတို့ ဒုတိယထပ်သို့ တက်ရောက်သွားကြသည်။

တစ်နာရီခန့် ကြာသောအခါ...

လူရိပ်နှစ်ခု အောက်သို့ ၀ုန်းဒိုင်းကျဲ ပြေးဆင်းလာကြသည်။ မျက်နှာများတွင် အလွန် ထိတ်လန့်သော အမူအရာများ ပေါ်နေပြီး မျှော်စင်အပြင်ဘက်သို့ ၀ုန်းခနဲ ပြေးထွက်သွားကြသည်။

"သောက်ကျိုးနည်း... နွားကြီး၊ ပြေး ပြေး ဒီစျေးနဲ့သာဝယ်ရရင် ဘစ်တောင်ကျန်မှာမဟုတ်ဘူး"

"မွန်း မွန်း"

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် နတ်အသိဖြင့် အော်ဟစ်လိုက်ကြပြီး ထွက်ပြေးကြရာ လမ်းမပေါ်တွင် ချက်ချင်း ပျောက်ကွယ်သွားကြသည်။

မျှော်စင်ပေါ်ရှိ သီးသန့်အခန်းငယ် တစ်ခုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အမျိုးသမီး တစ်ဦးသည် အံ့သြတကြီး ထိုင်နေမိသည်။ လက်ထဲရှိ လက်ဖက်ရည်ခွက်ကိုပင် ပြန်မချမိပေ။ ဒါ ဘယ်လို လူစားမျိုးတွေလဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ဟုတ်ရဲ့လား... စောစောက ထိုလူနှင့် နွားသည် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ဟန်ပန်မျိုး ပေါက်နေပြီး အထင်ကြီးစရာအလွန်ကောင်းသည်။ စကားစပြောသည်နှင့် ဓာတ်ငါးပါး အဆင့်နိမ့်အမြစ် ကျင့်စဉ်များကို လေ့လာချင်သည်ဟု ဆိုသည်။ ချီသန့်စင်ခြင်းအဆင့် တစ်စုံ၊ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်စုံ၊ ရွှေအမြူတေအဆင့် အတွက်ပါ တစ်စုံ လိုချင်သည်ဟု ပြောသည်။ ထိုကဲ့သို့သော ကျင့်ကြံသူ မျိုးအတွက် သူမကလည်း အကောင်းဆုံးများကို ထုတ်ပြခဲ့သည်။ အကောင်းစားက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀၀၊ သာမန်အမျိုးအစားက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဖြစ်သည်။

... လမ်းမပေါ်တွင်...

ငလူးမ...

ချန်ရွှင် စိတ်ထဲမှ ဆဲလိုက်သည်။ ဤအပြင်လောကမှ ပစ္စည်းများသည် ဂိုဏ်းထဲကထက် ပို၍ ဈေးကြီးလွန်းလှသည်။ ထောင်ဂဏန်း ချည်းသာ ဖြစ်နေသည်။ ယခင်က ဂိုဏ်းအကျိုးပြု ခန်းမဆောင်ကို ဈေးကြီးသည်ဟု ထင်ခဲ့သော်လည်း ယခု အပြင်ရောက်မှသာ ဂိုဏ်းက တော်သေးကြောင်း သိလိုက်ရသည်။ နွားနက်ကြီးလည်း ရင်တုန်နေသည်။ ထို အစီအရင် ကုန်ကြမ်းပစ္စည်းများသည် ဈေးကြီးလွန်းလှသည်။ ဂိုဏ်းအကျိုးပြုအမှတ်ဖြင့် လဲလှယ်၍ ရမရ စာရေးမေးချင်စိတ်ပင် ပေါက်သွားသည်။ အထူးသဖြင့် ဤကဲ့သို့ အင်အားစုကြီးများ ဖွင့်လှစ်ထားသော ဆိုင်များသည် သာမန်ဆိုင်များထက် ဈေးနှုန်း အဆများစွာ ပိုကြီးရာ သာမန် ကျင့်ကြံသူများ အနေဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် မဖြစ်နိုင်ပေ။

"နွားကြီး... ငါတို့ ဂူတစ်လုံး သွားဝယ်ကြစို့"

ချန်ရွှင် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

"အပြင်မှာ လုပ်ကိုင်စားသောက်နေရတာ ကိုယ်ပိုင် နေစရာမရှိရင် တစ်မျိုးကြီးပဲ"

"မွန်း"

နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး နှာမှုတ်လိုက်သည်။ သူတို့သည် နေရာအနှံ့ လှည့်လည်သွားလာနေရသော်လည်း ရင်ထဲတွင် အမြဲတမ်း အိမ်တစ်လုံး ပိုင်ဆိုင်ချင်ခဲ့ကြသည်။ သူတို့ အရှိန်ဖြင့် ပြေးလွှားသွားကြသည်။ ယခုအချိန်တွင် အခြား စိတ်ကူးများ မရှိတော့ပေ။ ဂူအရင်ဝယ်မည်။ ပြီးမှ ရှေ့ဆက်မည့် အစီအစဉ်ကို တွေးမည်။

အရှေ့ဘက်ပိုင်း၊ ချင်ရှန်တောင်၊ တောင်ခြေ၊ ရှုရှင်းစံအိမ်…..

၎င်း၏ အပြင်အဆင်သည် အလွန် ခန့်ညားထည်ဝါသည်။ မြင့်မားသော ဧည့်ခန်းမဆောင်နှင့် ကြီးမားသော တံခါးပေါက်ကြီး ရှိသည်။ ကျောက်လှေကားထစ်များကို တမင်တကာ မညီမညာ ပြုလုပ်ထားပြီး ရိုးရှင်းမှုနှင့် ခန့်ညားမှု ပေါင်းစပ်ထားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကျောက်လှေကားအောက်တွင် အချိန်ကြာမြင့်စွာ ရပ်ကြည့်နေကြသည်။ ဤနေရာတွင် ဆူညံသံ လုံးဝ မရှိသော်လည်း ရှုရှင်းစံအိမ် အတွင်း၌ ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေကြောင်း သေချာသည်။ သူတို့သည် ထို ဝိညာဉ်စွမ်းအား လှိုင်းများကို ခံစားမိသည်။ ပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာသော ကျင့်ကြံသူ အလွန် နည်းပါးသည်။ ဝယ်နိုင်သူများက ဝယ်ပြီးကြပြီ ဖြစ်ပြီး မဝယ်နိုင်သူများကလည်း ဤနေရာသို့ လာရောက်ကာ အရှက်မကွဲလိုကြပေ။

"သွားမယ် နွားကြီး"

ချန်ရွှင် မသိမသာ စိတ်လှုပ်ရှားနေသည်။ ဝယ်ယူရရှိမည့် ဂူသည် သူတို့ကိုယ်တိုင် တောင်ကိုထွင်းပြီး နေထိုင်ခဲ့သော ဂူများထက် သေချာပေါက် ပိုကောင်းမည်ဟု ခံစားနေရသည်။

"မွန်း"

နွားနက်ကြီး စိတ်လှုပ်ရှားစွာဖြင့် ချန်ရွှင်ကို ဝှေ့လိုက်သည်။ သူ မစောင့်နိုင်တော့ပေ။ သူတို့ သည် ခြေလှမ်းကျဲကြီးများဖြင့် ရှုရှင်းစံအိမ် အတွင်းသို့ ဝင်ရောက်သွားကြသည်။ အတွင်းပိုင်းသည် အလွန် ကျယ်ဝန်းပြီး နေရာအနှံ့တွင် အသံလုံ အစီအရင်များနှင့် သီးသန့် ခန်းမဆောင်များ ရှိသည်။ ချင်တိုင်းပြည် ကျင့်ကြံခြင်းလောကသည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီ ဖြစ်ရာ ကျင့်ကြံသူများ၏ စိတ်သဘောထားကို ကောင်းစွာ နားလည်ထားသည်။ ဥစ္စာဓနကို ထုတ်မပြလိုခြင်း၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်လိုခြင်း တို့ကို ဦးစားပေးထားသဖြင့် ကျင့်ကြံသူများ၏ ဝယ်ယူလိုစိတ်ကို ပိုမို ဆွဲဆောင်နိုင်သည်။ ဤနေရာသည် သာမာန်လူများနေထိုင်ရာလောက မဟုတ်ပေ။ ဈေးသည်များကဲ့သို့ ဆူညံအော်ဟစ် ရောင်းချပြီး နောက်ဆုံးတွင် ပြဿနာများ ဖြစ်ပွားပါက မည်သူမျှ စီးပွားရေး လုပ်၍ ရတော့မည် မဟုတ်ပေ။

"တာအိုမိတ်ဆွေက ဂူ လာဝယ်တာလား"

ချန်ရွှင်နှင့် နွားနက်ကြီး ဟိုကြည့်သည်ကြည့် လုပ်နေစဉ် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် လူငယ်တစ်ဦး ဘေးမှ လျှောက်လာသည်။

"ဟုတ်ပါတယ်... လမ်းညွှန်ပြသပေးပါဦး"

ချန်ရွှင် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး မျက်နှာက အေးဆေးတည်ငြိမ်နေသည်။

"ကြွပါ"

လူငယ်က လက်ကို နောက်ပစ်လျက် လမ်းပြသည်။ စကားပြောဆိုပုံ တည်ငြိမ်သည်။ သူတို့ သီးသန့် ခန်းမဆောင်ငယ် တစ်ခုထဲသို့ ဝင်ရောက်သွားကြသည်။ ပတ်ဝန်းကျင်တွင် လက်ရာမြောက်သော တောင်ရေမြေတော ပန်းချီကားများ ချိတ်ဆွဲထားပြီး ကြည့်လိုက်သည်နှင့် စိတ်နှလုံး အေးချမ်းသွားစေသည်။

"မွန်း"

နွားနက်ကြီး၏ အကြည့်များသည် ထိုပန်းချီကားများ အပေါ်သို့ ရောက်ရှိသွားသည်။ ချန်ရွှင် ဆွဲတာထက် ပိုလှနေသလိုပဲ...

ချန်ရွှင် မသိမသာ လက်သီးဆုပ်လိုက်ပြီး နွားနက်ကြီးကို မျက်စောင်းထိုးလိုက်ရာ နွားနက်ကြီး လန့်ဖျပ်ပြီး အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

သူတို့ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ကြသည်။ ယခုတစ်ကြိမ်တွင် လက်ဖက်ရည် မချပေးပေ။ သစ်သားစားပွဲပေါ်တွင် အမွှေးတိုင်အိုး တစ်လုံးသာ ရှိပြီး စိတ်ကို ကြည်လင်စေသော ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။

ပရော်ဖက်ရှင်နယ် ဆန်လိုက်တာ... ချန်ရွှင် စိတ်ထဲမှ ချီးကျူးလိုက်သည်။

"တာအိုမိတ်ဆွေက အနက်ရောင်အဆင့် ဂူကို ဝယ်မလား... အဝါရောင်အဆင့် ဂူကို ဝယ်မလား"

လူငယ်က အလျင်မလိုဘဲ ကျောက်စိမ်းပြား နှစ်ခုကို ထုတ်လိုက်သည်။

"ကောင်းကင်အဆင့် နဲ့ မြေကြီးအဆင့် ကတော့ ရွှေအမြူတေအဆင့် စီနီယာတွေမှ ဝယ်ယူခွင့် ရှိတာမို့ တာအိုမိတ်ဆွေ နားလည်ပေးပါ"

"ရပါတယ်"

ချန်ရွှင် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ဤလူ စကားပြောတာ နားထောင်၍ ကောင်းသည်။

"ကျွန်တော်တို့ အဝါရောင်အဆင့် ဂူပဲ ဝယ်ပါမယ်"

"ကောင်းပါပြီ"

လူငယ်က မျက်နှာအမူအရာ မပျက်ဘဲ ကျောက်စိမ်းပြား တစ်ခုကို ပြန်သိမ်းလိုက်သည်။ အထင်သေးသော အရိပ်အယောင် လုံးဝ မပြပေ။ ကျန် ကျောက်စိမ်းပြား တစ်ခုကို စားပွဲပေါ် တင်ပေးလိုက်သည်။

"တာအိုမိတ်ဆွေ ကြည့်ရှုပါဦး"

"ကျေးဇူးတင်ပါတယ်"

ချန်ရွှင် နတ်အသိဖြင့် ဝင်ရောက် ကြည့်ရှုလိုက်သည်။ နွားနက်ကြီးကိုလည်း ကြည့်ခိုင်းလိုက်သည်။

"လောလောဆယ် အဝါရောင်အဆင့် ဂူတွေထဲမှာ နေရာ နည်းနည်း ခေါင်တဲ့ ဂူတွေပဲ ကျန်တော့တယ်... ဝိညာဉ်စွမ်းအင်က တခြား ဂူတွေလောက် မများပေမဲ့ ဂူတွင်း အပြင်အဆင်တွေကတော့ ပြည့်စုံပါတယ်"

လူငယ်က ရိုးသားစွာ ပြောပြသည်။ လိမ်ညာခြင်း မရှိပေ။

"တာအိုမိတ်ဆွေ သဘောမကျရင် တောင်အောက်က လူနေအိမ်တွေကို ဝယ်လို့ ရပါတယ်... ဂူအသစ်တွေ ထွက်လာမှ ပြန်လာဝယ်ပေါ့"

ဤစကားကို ကြားရသောအခါ ချန်ရွှင် စိတ်ထဲတွင် ကျေနပ်သွားသည်။ မဝယ်ချင်ရင်တောင် ဝယ်ချင်စိတ် ပေါက်သွားစေသည်။ နွားနက်ကြီးက ကျေးဇူးတင်စကား ပြောလိုက်သည်။ စိတ်ထဲတွင် ထိခိုက်ခံစားမိသည်။ သူများတွေရဲ့ စိတ်ထားက တချို့သော ကျင့်ကြံခြင်း မိသားစုတွေနဲ့ ယှဉ်ရင် အများကြီး သာလွန်တာပဲ…..။ လူငယ်က နွားနက်ကြီးကို ပြုံးပြလိုက်သည်။ မျက်လုံးထဲတွင် တည်ငြိမ်အေးဆေးမှုများသာ ရှိနေသည်။

"တာအိုမိတ်ဆွေ... ဒီ အမှတ်စဉ် ၃၅၈၇ အဝါရောင်အဆင့် ဂူက ဝိညာဉ်ကျောက်တုံး ဘယ်လောက် ကျမလဲ"

ချန်ရွှင် ယဉ်ကျေးစွာ မေးလိုက်သည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၄၀၀ ပါ... နှစ် ၂၀၀ နေထိုင်ခွင့် ရှိပါတယ်... ဒါပေမဲ့ ပြင်ပလူကို စိတ်ကြိုက် ခေါ်လာခွင့် မရှိပါဘူး"

လူငယ်က ချန်ရွှင်၏ မျက်လုံးထဲမှ သံသယကို မြင်သောအခါ ထပ်ရှင်းပြသည်။

"ချင်ရှန်တောင် မှာ ဝိညာဉ်စွမ်းအင် စုစည်းတဲ့ အစီအရင် ရှိနေလို့ပါ... လူများလွန်းရင် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်လို့ပါ"

ချန်ရွှင် သဘောပေါက်လိုက်သည်။ စကားကို ယဉ်ကျေးစွာ ပြောလိုက်ခြင်းသာ ဖြစ်သည်။ တနည်းအားဖြင့် လူအများကြီး ခေါ်လာပြီး ဝိညာဉ်စွမ်းအင် လာမခိုးနဲ့ဟု ပြောခြင်း ဖြစ်သည်။

"ကောင်းပြီ... တာအိုမိတ်ဆွေ... အဲဒီ ဂူကိုပဲ ယူလိုက်မယ်"

ချန်ရွှင် အံကြိတ်ပြီး အပြတ်ပေး ဝယ်ယူလိုက်သည်။

"မွန်း"

နွားနက်ကြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူတို့ ခရီးတစ်လျှောက်လုံး အိမ်ခြံမြေ တစ်ခါမှ မဝယ်ဖူးခဲ့ပေ။ လူငယ်၏ အံ့သြနေသော မျက်လုံးများအောက်တွင် ချန်ရွှင်က ကိုယ်ပေါ်မှ သိုလှောင်အိတ် ငါးလုံးကို ဖြုတ်ယူလိုက်သည်။ နွားနက်ကြီးကလည်း ကိုယ်ပေါ်မှ သိုလှောင်အိတ် ငါးလုံးကို ထုတ်လိုက်သည်။ ခြောက်ထောင့်ပုံဆောင်ခဲ ဝိညာဉ်ကျောက်တုံးလေးများ သိုလှောင်အိတ်ထဲမှ ထွက်ကျလာပြီး ကြမ်းပြင်ပေါ်တွင် ပုံလာသည်။ လူငယ်က နတ်အသိဖြင့် စစ်ဆေးလိုက်ရာ တစ်တုံးမှ မပို မလို ကွက်တိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အားလုံးက အကောင်းပကတိ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ သူ လက်ထဲမှ သိုလှောင်လက်စွပ်ဖြင့် ကြမ်းပြင်ပေါ်မှ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အံ့သြသွားကြပြန်သည်။ ဒဏ္ဍာရီလာ သိုလှောင်လက်စွပ် ပါလား…..။ သို့သော် ကြည့်ရသည်မှာ အလုပ်ကိစ္စ သုံးရန် ဂိုဏ်းက ပေးထားခြင်း ဖြစ်ပုံရသည်။ သူပိုင်သည့် ပစ္စည်း ဟုတ်ပုံမရပေ။

လူငယ်က သိုလှောင်လက်စွပ် ထဲမှ အစီအရင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး တံဆိပ်ပြားထဲသို့ ဝင်ရောက်သွားသည်။ သူက ချန်ရွှင်ကို ကြည့်ပြီး တံဆိပ်ပြားကို စားပွဲပေါ် တင်ပေးလိုက်သည်။

"တာအိုမိတ်ဆွေ လက်ခံပါ... ဒါက ချင်ရှန်တောင် နဲ့ ကိုယ်ပိုင် ဂူကို ဝင်ထွက်နိုင်တဲ့ တံဆိပ်ပြားပါ"

All Chapters