← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 6 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 6 Ch. 119-120

အခန်း (၁၁၉)

နွားနက်ကြီးသည် ချန်ရွှင်ကို အနှောင့်အယှက် မပေးဘဲ ဂူအတွင်းရှိ ဝိညာဉ်သားရဲ နေထိုင်ရာ အခန်းသို့ ပြေးသွားလိုက်၊ ချန်ရွှင်ကို ပြန်ထွက်ကြည့်လိုက်နှင့် လုပ်နေသည်။ သူသည် သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို အစီအရင်အောက်တွင် ဝှက်ထားပြီး တိတ်တဆိတ် စီမံခန့်ခွဲနေသည်။ နောက်နှစ်ကျလျှင် လေလံပွဲကြီး သွားရဦးမည် ဖြစ်ရာ ဝိညာဉ်ကျောက်တုံး လောက်ငှပါ့မလားဟု တွေးပူနေခြင်း ဖြစ်သည်။

"မွန်း..."

နွားနက်ကြီး တိုးညှင်းစွာ အော်မြည်လိုက်သည်။ ဝိညာဉ်သားရဲ အခန်းအတွင်း၌ သိုလှောင်အိတ် ဆယ်ဂဏန်းခန့် ပေါ်လာသည်။ သူ ပါးစပ်ဟလိုက်ရာ ဗိုက်ထဲမှ သိုလှောင်လက်စွပ် နှစ်ကွင်း ထွက်ကျလာသည်။ ၎င်းတို့ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်း ပေးပြီး ဝယ်ယူခဲ့ရခြင်း ဖြစ်သည်။ အသေးစား ဖြစ်သော်လည်း သိုလှောင်အိတ်များထက် ပိုမို ကျယ်ဝန်းပြီး အသုံးပြုရ လွယ်ကူသည်။ ဝိညာဉ်ကျောက်တုံးများ ထည့်ထားလျှင်လည်း ကျပ်သိပ်နေခြင်း မရှိပေ။ နွားနက်ကြီးသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဖြည်းညှင်းစွာ ရေတွက်နေသည်။ ပါးစပ်မှလည်း တမွန်းမွန်းနှင့် မည်သည့်အရာများ ရေရွတ်နေမှန်း မသိရပေ။

ဤနှစ်များအတွင်း သူတို့သည် အတော်လေး ချမ်းသာလာကြပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသိန်းကျော်ခန့် ရှာဖွေနိုင်ခဲ့ကြသည်။ သို့သော် ချန်ရွှင်သည် အလွန် သတိကြီးသူ ဖြစ်သဖြင့် တစ်ခါတစ်ရံ ဆေးလုံးများပင် ထုတ်မရောင်းဘဲ နေရာအနှံ့ လျှောက်သွားကာ မြောက်ဘက်ပိုင်းမှ တစ်ကိုယ်တော် ကျင့်ကြံသူများကို နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် အချို့သာ ထုတ်ရောင်းလေ့ ရှိသည်။ သို့မဟုတ်လျှင် ယခုထက်ပိုပြီး ရှာနိုင်ပေလိမ့်မည်။ သို့သော် သုံးစွဲရသည်မှာလည်း များပြားလှသည်။ သူတို့သည် ဆိုင်ပေါင်းများစွာကို နှိုင်းယှဉ်ပြီးနောက် ချီသန့်စင်ခြင်းအဆင့်မှ ရွှေအမြူတေအဆင့်အထိ ကျင့်ကြံနိုင်သော ဓာတ်ငါးပါး ဝိညာဉ်အမြစ် ကျင့်စဉ် တစ်စုံကို ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးပြီး ဝယ်ယူခဲ့ကြသည်။

ကျင့်စဉ်အမည်မှာ 'ထောင်ချီသန့်စင်ခြင်း ဓာတ်ငါးပါး ကျင့်စဉ်' ဖြစ်သည်။ ချန်ရွှင်က 'သောင်းချီသန့်စင်ခြင်း ဓာတ်ငါးပါး ကျင့်စဉ်' ရော ရှိလားဟု မေးမြန်းခဲ့သေးသည်။ သို့သော် မူလဝိညာဉ်အဆင့် ကျင့်စဉ်ဟူ၍ လုံးဝ မရှိပေ။ သို့သော် ဤကျင့်စဉ်သည် သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ်၏ အဆင့်မြင့် ဗားရှင်း ဖြစ်နေပြီး သူတို့နှင့် အလွန် ကိုက်ညီမှု ရှိသည်။ သူတို့၏ ကိုယ်ဖော့ပညာ ပါ အဆင့်မြင့်လာပြီး ယင်းသည် 'ဓာတ်ငါးပါး ပျံသန်းခြင်း' ဟု အမည်ရသည်။ ယင်းကို သူတို့၏ ဝိညာဉ်စွမ်းအား ပံ့ပိုးမှုဖြင့် အသုံးပြုလိုက်ပါက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကိုယ်ပွားများသည် သာမန် သဘာဝဓာတ်ငါးပါး ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားရုံမကဘဲ အလင်းရောင်နှင့် အရိပ်များသဖွယ် လျင်မြန်စွာ လှုပ်ရှားနိုင်ပေသည်။

နွားနက်ကြီးကလည်း အစီအရင် ပစ္စည်းများကို အများအပြား ဝယ်ယူခဲ့သည်။ သူသည် ကိုယ့်ဘာသာ လေ့လာစမ်းသပ်နေဆဲ ဖြစ်ပြီး ဟိုဟိုသည်သည် ဝယ်ယူလိုက်ရာ ဝိညာဉ်ကျောက်တုံး သောင်းချီ ကုန်ကျသွားသည်။ သာမန် ကျင့်ကြံသူများ အနေဖြင့် လိုက်လုပ်နိုင်မည့် အရာ မဟုတ်ပေ။ ချန်ရွှင် ပြောဖူးသကဲ့သို့ပင် ဆေးဖော်ခြင်း၊ လက်နက်လုပ်ခြင်း၊ အဆောင်ရေးဆွဲခြင်း၊ အစီအရင် ခင်းကျင်းခြင်း တို့သည် ငွေကြေး အမြောက်အမြား အကုန်အကျခံမှသာ ထိတွေ့နိုင်သော ပညာရပ်များ ဖြစ်သည်။ ပါရမီရှိရုံနှင့် ကစားစရာသဖွယ် သဘောထား၍ မရနိုင်ပေ။

"မွန်း..."

နွားနက်ကြီး ဝမ်းနည်းစွာ အော်မြည်လိုက်သည်။ ချန်ရွှင်သည် အဆောင်ရေးဆွဲခြင်း ပညာရပ်တွင်လည်း ဝိညာဉ်ကျောက်တုံး အများအပြား သုံးစွဲခဲ့သည်။ သူတို့သည် ကျင့်ကြံခြင်းအဆင့် တိုးတက်စေမည့် ရွှေအမြူတေအဆင့် ဆေးဖော်နည်းများကိုလည်း ဝယ်ယူခဲ့ကြသည်။ သို့သော် ဝူယွင်ဂိုဏ်းမှ ယူဆောင်လာခဲ့သော ဝိညာဉ်ဆေးပင် အနည်းငယ်မှလွဲ၍ ကျန်ရှိသော ဆေးဖော်နည်းပါ ဝိညာဉ်ဆေးပင်များကို ဆိုင်များတွင် လုံးဝ ရောင်းချခြင်း မရှိပေ။ ၎င်းတို့သည် ချင်တိုင်းပြည် ကျင့်ကြံခြင်းလောက၏ စစ်မှန်သော ရှားပါးပစ္စည်းများ ဖြစ်ကြသည်။ ယခုအခါ သူတို့လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ခန့်သာ ကျန်ရှိတော့သည်။

ဤနှစ်များအတွင်း သူတို့သည် ကိုယ်ပိုင် မူလလက်နက်များကိုပင် အဆင့်မြှင့်တင်ခြင်း မပြုနိုင်ဘဲ ဝိညာဉ်ဆေးပင်များကိုသာ စိုက်ပျိုးနေခဲ့ရသည်။ တော်သေးသည်က သူတို့တွင် ထာဝရအသက်ရှင်ခြင်း ရှိနေ၍သာ ဖြစ်သည်။ သို့မဟုတ်ပါက အခြား ကျင့်ကြံသူများကဲ့သို့ အပြင်ထွက်ပြီး အသက်နှင့်ရင်းကာ လုယက် တိုက်ခိုက်နေရပေလိမ့်မည်။ ရွှေအမြူတေအဆင့် သက်တမ်းသည် သူတို့အတွက် လုံလောက်မည် မဟုတ်ပေ။

"မွန်း "

နွားနက်ကြီး ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်လုံးထဲတွင် လေးစားမှုများ ပြည့်နှက်နေသည်။ အစ်ကိုကြီး ရှိနေလို့သာ တော်တော့သည်။ ကျင့်စဉ် ဝယ်ယူပြီးနောက် ချန်ရွှင် ဖော်စပ်ထားသော ဓာတ်ငါးပါးဆေး သည် ကျင့်ကြံခြင်း တိုးတက်မှုအတွက် ထိရောက်မှု ရှိနေဆဲ ဖြစ်သော်လည်း ဝိညာဉ်ဆေးပင် ကုန်ကျမှုမှာ အလွန် ကြီးမားလှသည်။ တစ်ခါသောက်လျှင် ငါးလုံး သောက်ရသည်။ သို့သော် ချန်ရွှင် ရွှေအမြူတေအဆင့်သို့ ရောက်ရှိပြီး ဉာဏ်အလင်းပွင့်သွားသဖြင့် ဆေးဖော်ရာတွင် အောင်မြင်မှု နှုန်းထား များစွာ တိုးတက်လာသည်။ ရွှေအမြူတေအဆင့်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည်။

ကောင်းကျိုးမှာ သူတို့၏ ဝိညာဉ်စွမ်းအားသည် အလွန် များပြားလာပြီး ဂါထာမန္တန်များသည် ဝိညာဉ်စွမ်းအား အားဖြည့်မှု မပါလျှင်ပင် အစွမ်းထက်ကာ ကြာရှည်ခံသည်။ ဆိုးကျိုးမှာ ကျင့်ကြံခြင်းအဆင့် တိုးတက်ရန် လိုအပ်သော ဝိညာဉ်စွမ်းအင် ပမာဏသည်လည်း အလွန် ကြီးမားလာသည်။ ဂူထဲတွင် ကျင့်ကြံ နေလျှင်ပင် ချီသန့်စင်ခြင်းအဆင့်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရပြီး တဖြည်းဖြည်းချင်း ကြိတ်မှိတ် သည်းခံကာ စုဆောင်းနေရသည်။ ပြောရမည် ဆိုလျှင် ချင်တိုင်းပြည်၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ဓာတ်ငါးပါး ဝိညာဉ်အမြစ် ပိုင်ရှင်များ အဆင့်တက်ရန် လုံလောက်မှု မရှိခြင်းလည်း ဖြစ်နိုင်သည်။

သူတို့သည် ဤနှစ်များအတွင်း ရရှိသော သက်တမ်းအမှတ် များကို ဝိညာဉ်စွမ်းအား တွင် အကုန် ပေါင်းထည့်ရန် ရည်ရွယ်ခဲ့သော်လည်း (၁၄၀) မှတ် ရောက်သောအခါ အကန့်အသတ်နှင့် ကြုံတွေ့လိုက်ရသဖြင့် ခံစစ်စွမ်းရည် တွင် ပြောင်းလဲ ပေါင်းထည့်လိုက်ရသည်။ သူတို့၏ လက်ရှိ သက်တမ်းအမှတ်များမှာ - ခွန်အား ၉၀၊ အမြန်နှုန်း ၉၀၊ မူလစွမ်းအင် ၉၀၊ ဝိညာဉ်စွမ်းအား ၁၄၀ (၉၀)၊ ခံစစ်စွမ်းရည် ၁၃၇ (၉၀) တို့ ဖြစ်ကြသည်။

နှစ်ရက် ကြာပြီးနောက်...

ဂူအပြင်ဘက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"နွားကြီး..."

"မွန်း"

နွားနက်ကြီး ကျယ်လောင်စွာ အော်မြည်လိုက်ပြီး အမြီးတနှံ့နှံ့ဖြင့် အလျင်အမြန် ပြေးထွက်သွားသည်။ ချန်ရွှင်သည် ထိုအချိန်၌ တည်ငြိမ်သော အမူအရာ မရှိတော့ဘဲ ရယ်မောနေသည်။

" (၄၉) နှစ် ကြာပြီးမှ ငါကိုယ်တော် ခံစားချက် ကလေး တစ်ခု ရှာတွေ့သွားပြီကွ"

"မွန်း မွန်း..."

နွားနက်ကြီးသည် ပျော်ရွှင်စွာဖြင့် ချန်ရွှင်ကို ပတ်ပြေးနေသည်။ မီးသွေးတုံးကြီးလိမ့်နေသလို ထင်ရသည်။

"နွားကြီး... သုံးရက်နေရင် ခရီးထွက်ဖို့ ပြင်ဆင်ထား"

ချန်ရွှင်သည် တောင်ဖြိုပုဆိန်ကို ခါးတွင် ချိတ်လိုက်ပြီး မျက်လုံးများ အရောင်တောက်လာသည်။

"ယွမ်ချန်ဂျင်ဆင်း ၊ ယွီချန်မြက် ၊ ညဖြူမှို ... ငါတို့ အားလုံးလိုတယ်…."

ဓာတ်ငါးပါးဆေး ရှိသဖြင့် သူတို့ ရွှေအမြူတေ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန်မှာ အခက်အခဲ မရှိသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်တုန်းကကဲ့သို့ ကျင့်ကြံခြင်းအဆင့် ထပ်မတက်နိုင်တော့မည့် အခြေအနေမျိုး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သည်။ သူတို့ ယခုအခါ ရွှေအမြူတေအဆင့်အတွက် အဖိုးတန်ဆေး ဖြစ်သော မူလဆေး ကို ဖော်စပ်ရန်အတွက် ဤ ဝိညာဉ်ဆေးပင် သုံးမျိုး လိုအပ်နေသည်။

သူတို့သည် မြောက်ဘက်ပိုင်းရှိ စစ်ရှန်မဟာမိတ် အဖွဲ့ ဆိုင်ခွဲသို့ သွားရောက်ပြီး ဝိညာဉ်ကျောက်တုံး နှစ်ရာ ပေးကာ သတင်းတစ်ခု ဝယ်ယူခဲ့သည်။ သုံးရက်အကြာတွင် အရှေ့ဘက်ပိုင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများ ပါဝင်မည့် လေလံပွဲ တစ်ခု ရှိသည်ဟု ဆိုသည်။ စီစဉ်သူ၏ ပြောကြားချက်အရ ယွမ်ချန်ဂျင်ဆင်း ပါဝင်လာမည်ဟု သိရသည်။ စစ်ရှန်မဟာမိတ် မှ ကျင့်ကြံသူများသည်လည်း အလွန် ကျွမ်းကျင်ပိုင်နိုင်ကြပြီး အကြောင်းရင်းကို မမေးမြန်းဘဲ ဝိညာဉ်ကျောက်တုံး ရသည်နှင့် အလုပ်လုပ်ပေးကြသည်။ သို့သော် သူတို့၏ သတင်းကွန်ရက် ကျယ်ပြန့်မှုက ချန်ရွှင်ကို အံ့အားသင့်စေခဲ့သည်။ သူနှင့် နွားနက်ကြီးသည် အရှေ့ဘက်ပိုင်းတွင် နေထိုင်သော်လည်း ဤသတင်းကို လုံးဝ မကြားမိခဲ့ပေ။

နွားနက်ကြီး၏ နားရွက်များ လှုပ်ရှားသွားပြီး မျက်လုံးများ လေးနက်သွားသည်။ သူတို့ ယခု လျှောက်လှမ်းနေသော ခြေလှမ်းတိုင်းသည် အနာဂတ်တွင် ကောင်းကင်လွင်ပြင် ကို ဖြတ်သန်းရန်အတွက် ပြင်ဆင်မှုများ ဖြစ်သည်။

"မွန်း..."

သူသည် လက်ဝါးကို အောက်သို့ ရိုက်ချလိုက်ပြီး နတ်အသိကို ဖြန့်ကျက်လိုက်ရာ အစီအရင်အလံများ နေရာအနှံ့ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာပြီး အစိမ်းရောင် အလင်းတန်းများ လင်းလင်းလက်လက် ဖြစ်သွားကာ ဂူတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ဤ (၄၉) နှစ် အတွင်း နွားနက်ကြီးသည် အချိန်ဖြုန်းမနေခဲ့ပေ။ ဂူပတ်ဝန်းကျင် တစ်ခုလုံးကို သူက ခံတပ်ကြီးသဖွယ် ပြင်ဆင်ထားပြီး ဖြစ်သည်။ အပြင်လူများ မြင်ရသည်မှာ ပုံရိပ်ယောင် အစီအရင်၏ ပထမအလွှာလောက်သာ ဖြစ်ပေလိမ့်မည်။

ပတ်ဝန်းကျင်တွင် လင်းလက်ကျယ်ဝန်းသော လမ်းတစ်ခု ပေါ်လာပြီး အစီအရင် အပြင်ဘက်သို့ ဦးတည်သွားသည်။ ချန်ရွှင် လက်တစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ ဂူပေါက်ဝရှိ ဆိုင်းဘုတ်ကို ကြည့်ကာ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။

သုံးရက် ကြာပြီးနောက်...

မြို့တော် ကောင်းကင်သည် အနည်းငယ် အုံ့မှိုင်းနေသည်။ နှစ်တစ်ရာပြည့် ပွဲတော် နီးကပ်လာပြီ ဖြစ်ရာ ကျင့်ကြံသူများ စုဝေးရောက်ရှိလာကြသည်။ ကျင့်ကြံသူများ စုဝေးပြီး ဆွေးနွေးပွဲငယ်လေးများ ပြုလုပ်ကြသလို ဂုဏ်သတင်း ကျော်ကြားသော ကျင့်ကြံသူ အချို့ကလည်း လေလံပွဲငယ်လေးများ ကျင်းပကြသည်။ အရှေ့ဘက်ပိုင်းရှိ တောင်ကုန်းမြင့် တစ်ခုပေါ်တွင် ချန်ရွှင်သည် နွားနက်ကြီးကို ခေါ်ဆောင်ကာ သတင်း အရ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများ ပိုမို များပြားလာသည်ကို ခံစားလိုက်ရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ရာဂဏန်းခန့် ရှိပြီး ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းကျော်ခန့် ရှိနေသည်။ အတော်လေး အံ့သြစရာ ကောင်းသည်။

ချန်ရွှင် မျက်လုံးများ အရောင်တောက်သွားပြီး တည်ငြိမ်သော မျက်နှာဖြင့် တောင်ပေါ်သို့ တက်သွားလိုက်သည်။ သူ့၏ တစ်ကိုယ်လုံးတွင် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအား အရှိန်အဝါများ လွှမ်းခြုံထားသည်။ သူ၏ ရည်ရွယ်ချက်မှာ ရွှေအမြူတေအဆင့် အသုံးပြုသော ဝိညာဉ်ဆေးပင်များ ဖြစ်သည်။ အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အဖြစ် ဟန်ဆောင်သွားပါက ငချွတ်ဟုယူဆကာ အနိုင်ကျင့်ခံရနိုင်သည်။ နွားနက်ကြီးကမူ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် အဖြစ် ဟန်ဆောင်ထားပြီး ချန်ရွှင် အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။ လမ်းတွင် ထူးဆန်းသော ဝတ်စားဆင်ယင်မှုများ ရှိသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား ရှိနေပြီး ချန်ရွှင်ကို မြင်လိုက်ရသောအခါ အံ့သြတကြီး လက်သီးဆုပ် နှုတ်ဆက်ကြသည်။

ချန်ရွှင်က တစ်ချက် ဝေ့ကြည့်ပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ တောင်ထိပ်ပေါ်တွင်မူ တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေသည်မှာ ကြာပြီ ဖြစ်သည်။ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမသည် ဇင်ယော်တောင်မျက်ခုံးကလေးများဖြင့် အလွန်လှပပြီး မျက်လုံးများမှာ တောက်ပကာ အထက်တန်းဆန်သော အရှိန်အဝါ ရှိသည်။ သူမသည်လည်း ရွှေအမြူတေ အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူမသည် တောင်ပေါ်သို့ တက်လာသော ချန်ရွှင်ကို ကြည့်နေသည်။ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည် ကျက်သရေ ရှိစွာ ပြုံးလိုက်သည်။

"တာအိုမိတ်ဆွေ ကြွရောက်လာတာ ဝမ်းသာပါတယ် ကြိုမဆိုလိုက်ရတဲ့အတွက် ခွင့်လွှတ်ပေးပါ"

"ဖိတ်ကြားမထားဘဲ ရောက်လာမိတာကို တာအိုမိတ်ဆွေ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ချန်ရွှင်၏ အသံမှာ တည်ငြိမ်နေသည်။ သူသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော်လည်း ခြေလှမ်းများက အလွန် လျင်မြန်လှသည်။ နွားနက်ကြီးလည်း တစ်လှမ်းချင်း လိုက်ပါလာသည်။ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး၏ အပြုံး ပိုပီပြင်လာသည်။ သူမက ကိုယ်ကို အနည်းငယ် စောင်းလိုက်သည်။ "တာအိုမိတ်ဆွေ... ကြွပါ"

စကားဆုံးသည်နှင့် ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ တောင်ထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အံ့အားသင့်ကုန်ကြ၏။

"ကြွပါ"

ချန်ရွှင် ပတ်ဝန်းကျင်ရှိ ကွင်းပြင်ကို ကြည့်လိုက်သည်။ လဟာပြင် ကွင်းပြင် ဖြစ်နေသဖြင့် သူ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ နွားနက်ကြီးလည်း အမြီးယမ်းကာ နေရာအနှံ့ ကြည့်ရှုနေသည်။ လူတော်တော်များသည်။ နေရာတိုင်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ရှိနေသည်ကိုတွေ့ရ၏။

အခန်း (၁၂၀)

တောင်ထိပ်ပေါ်တွင် စင်မြင့်တစ်ခု ရှိနေသည်။ ၎င်းနှင့် မျက်နှာချင်းဆိုင် ပေ (၃၀) ခန့် အကွာတွင် ကျောက်တုံးဖြူဖြူများဖြင့် စီစီရီရီ တည်ဆောက်ထားသော ထိုင်ခုံများ ရှိသည်။ ရှေ့ဆုံးတွင် စားပွဲများ ပြင်ဆင်ထားပြီး အပေါ်တွင် လက်ဖက်ရည် မွှေးမွှေးလေးများ တည်ခင်းထားသည်။ ကြည့်လိုက်သည်နှင့် ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများ အတွက် သီးသန့် ပြင်ဆင်ထားကြောင်း သိသာလှသည်။ သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကမူ အနောက်ဘက်တွင်သာ ထိုင်ရမည် ဖြစ်သည်။ သို့သော် ချန်ရွှင် အမြင်တွင်တော့ ဤ လေလံပွဲသည် အနည်းငယ် ရိုးရှင်းလွန်းပြီး တခမ်းတနား ပုံစံမျိုး ပေါက်နေသည်။ ယခုအခါ သူသည်လည်း ဗဟုသုတ ကြွယ်ဝသူ တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။ ထို့နောက် သူသည် ဘာမှ ဆက်မတွေးတော့ဘဲ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး နောက်သို့ လိုက်ပါသွားလိုက်သည်။

သူမသည် ချန်ရွှင်နှင့် နွားနက်ကြီးကို ထိုင်ခုံတစ်နေရာသို့ ခေါ်ဆောင်သွားပြီး ပြုံးကာ မေးလိုက်သည်။

"တာအိုမိတ်ဆွေ... အစေခံ အမျိုးသမီး လိုမလား"

"မလိုပါဘူး... ကျွန်တော်က တိတ်ဆိတ်တာကိုပဲ ကြိုက်တယ်"

"ဒါက လေလံပစ္စည်း စာရင်းပါ... တာအိုမိတ်ဆွေ ကြည့်ရှုပါဦး"

နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည် သိုလှောင်လက်စွပ် ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူကာ စားပွဲပေါ် တင်ပေးလိုက်သည်။

"ဒါဆို တာအိုမိတ်ဆွေကို မနှောင့်ယှက်တော့ပါဘူး... လေလံပွဲက နောက်ထပ် တစ်နာရီ ကြာရင် စပါတော့မယ်"

ချန်ရွှင် တည်ငြိမ်စွာ လက်သီးဆုပ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည် ခေါင်းအနည်းငယ် ညိတ်ပြပြီး လှည့်ထွက်သွားသည်။ နှစ်ယောက်စလုံးက မြေခွေးအိုကြီးများ ဖြစ်ကြရာ မျက်နှာ အမူအရာကို ကြည့်ပြီး ဘာမှ ခန့်မှန်း၍ မရနိုင်ပေ။ နွားနက်ကြီးသည် ကုလားထိုင်တစ်လုံးကို တွန်းဖယ်လိုက်ပြီး ချန်ရွှင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းကို စားပွဲပေါ် တင်လိုက်ကာ ချန်ရွှင်နှင့်အတူ ပစ္စည်းစာရင်းကို ကြည့်ရှုနေသည်။ သူတို့သည် နတ်အသိဖြင့် စကားပြောဆိုနေကြသည်။

"ဟိုး... နွားကြီး... ဒီနေရာက ဘာမှမဟုတ်သလိုထင်ရပေမယ့် ပစ္စည်းတွေက မဆိုးဘူးကွ"

"မွန်း"

"ရတနာရှစ်ပါး သွေးသတ္တု ဟာ... ပစ္စည်းကောင်းပဲ ဒါပေမဲ့ လောလောဆယ်တော့ သိပ်အသုံးမဝင်သေးဘူး"

ချန်ရွှင် ပြောရင်း သက်ပြင်းချလိုက်သည်။ အကြည့်ကို အောက်ဘက်သို့ ရွှေ့လိုက်သည်။

"ရှန်လင်းကျောက်တုံး အဲဒါ ဟိုဟာ မဟုတ်ဘူးလား"

နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့ စာအုပ်ထဲမှာ တွေ့ဖူးသလိုပဲ။

"ရတနာခုနှစ်ပါးခရစ်စတယ် ကျင်းယွီသံနက်….. ဂျင်ယွမ်ဆေး အဆင့်နိမ့် သုံးပုလင်း" ချန်ရွှင် မျက်လုံးများ မှေးကျဉ်းသွားသည်။

"နွားကြီး... ပွဲစီစဉ်သူတွေ ထုတ်ရောင်းတာ ဖြစ်လောက်တယ်"

"မွန်း မွန်း..."

နွားနက်ကြီး မျက်နှာ လေးနက်သွားပြီး မျက်လုံးကြီးများကို စာရွက်ပေါ်မှ မခွာနိုင်တော့ပေ။

"ယွမ်ချန်ဂျင်ဆင်း ... တကယ် ပါတာပဲ"

"မွန်း"

သူတို့ စိတ်သက်သာရာ ရသွားကြသည်။ လေလံပစ္စည်း စာရင်းထဲတွင် ပါဝင်နေသည်။ သို့သော် ဤနေရာတွင် ရှိမရှိ သူတို့ သိပ်ဂရုမစိုက်ပေ။ အသက်ရှည်နေသမျှ ကာလပတ်လုံး တစ်နေ့နေ့တော့ တွေ့ရမှာပင်။ သူတို့ ဂရုစိုက်သည်မှာ ဝိညာဉ်ကျောက်တုံး နှစ်ရာ ပေးဝယ်ထားသော သတင်းအချက်အလက် ဖြစ်သည်။ အကယ်၍ သတင်းမှား ဖြစ်နေပါက ချန်ရွှင်နှင့် နွားနက်ကြီးတို့ အနည်းဆုံး နှစ်ရက်လောက် စိတ်ဆင်းရဲနေကြရလိမ့်မည်။

ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများ တဖြည်းဖြည်း များပြားလာသည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ ထိုင်ခုံများမှာ အနည်းငယ် ခပ်ခွာခွာ ဖြစ်နေသည်။ သိကျွမ်းသူ အချင်းချင်း နှုတ်ဆက်ကြသည်။ သို့သော် ဝတ်စားဆင်ယင်ပုံအရ ရွှေအမြူတေအဆင့် ကျင့်ကြံသူ အချို့သည် ချင်တိုင်းပြည် မှ မဟုတ်ကြပေ။ သူတို့သည် ချန်ရွှင်ကိုလည်း သတိထားမိကြသည်။ အကဲခတ်သလိုကြည့်နေ ကြသည်။ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ အချင်းချင်း နတ်အသိဖြင့် စပ်စုခြင်း မပြုရဲကြပေ။ ထိုအရာသည် အလွန် ရိုင်းပျသော အပြုအမူ ဖြစ်သည်။

အကယ်၍ ချန်ရွှင်ကဲ့သို့ လူမျိုးနှင့် သွားတိုးမိပါက စားပွဲခုံကို လှန်ပစ်ပြီး တောင်ဖြိုပုဆိန် သုံးလက် ဆွဲထုတ်ကာ စကားပြောလာနိုင်သည်။ ချန်ရွှင်ကမူ ပြုံးကာ ရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။ စားပွဲပေါ်ရှိ လက်ဖက်ရည်ကို တစ်ငုံမျှ မသောက်ဘဲ ကိုယ်ပိုင် ရေဘူးကိုသာ ထုတ်သောက်နေသည်။ ကြည့်ရသည်မှာ အလွန် သဘောကောင်းမည့်ပုံ ပေါက်နေသည်။ နွားနက်ကြီးသည်လည်း စင်မြင့်ကိုသာ ငေးကြည့်နေပြီး အခြားသူများနှင့် မျက်လုံးချင်း ပင်ဆုံခြင်းမပြုပေ။

လူစုံပြီ ဆိုသည်နှင့် စင်မြင့်ပေါ်တွင် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ရှိသော လူလတ်ပိုင်း အမျိုးသား တစ်ဦး ထွက်ပေါ်လာသည်။ မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးမွှေး ထူထူအောက်တွင် ပါးနပ်ပြီး နက်ရှိုင်းသော မျက်လုံးတစ်စုံ ရှိသည်။ သူ့ဘေးတွင် လှပသော အမျိုးသမီး အစေခံများ ပါလာပြီး လက်ထဲတွင် ရတနာ ပစ္စည်းများ ကိုင်ဆောင်ထားကြသည်။ သို့သော် နတ်အသိကို ကာကွယ်ရေး ပစ္စည်းများဖြင့် ဖုံးအုပ်ထားသည်။ ကွင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံး စကားပြောသံများ ရပ်တန့်သွားပြီး စင်မြင့်ကို ကြည့်လိုက်ကြသည်။ အားလုံးမှာ အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။ ချန်ရွှင်သည် ကျန်းမာရေး လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ သူ့ မျက်ဝန်းများသည် တည်ငြိမ်နေပြီး ယုံကြည်မှု အပြည့်ရှိနေသည်။ နွားနက်ကြီးကလည်း စင်မြင့်ကို မပြတ်တမ်းကြည့်ထားသည်။

"လေလံပွဲကို လာရောက် အားပေးကြတဲ့ တာအိုမိတ်ဆွေများ၊ စီနီယာများကို ကြိုဆိုပါတယ်"

လူလတ်ပိုင်း အမျိုးသားသည် စင်မြင့်ပေါ်တွင် လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

"အခု လေလံပွဲကို တရားဝင် စတင်ပါပြီ လေလံပစ္စည်း တစ်ခုချင်းစီအတွက် ဈေးတိုးရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးရာ အောက် မနည်းရပါဘူး တာအိုမိတ်ဆွေများ မိမိတတ်နိုင်သလောက် ယှဉ်ပြိုင်ကြပါ"

စကားဆုံးသည်နှင့် အမျိုးသမီး အစေခံ တစ်ဦး ရှေ့ထွက်လာသည်။ လူလတ်ပိုင်း အမျိုးသား၏ လက်ထဲမှ ဝိညာဉ်စွမ်းအား တစ်ခု ထွက်ပေါ်လာပြီး ရတနာပစ္စည်း ပေါ်လာသည်။

"ပထမဆုံး ပစ္စည်းကတော့ မြေကမ္ဘာအဆင့် အဆင့်နိမ့် ဝိညာဉ်လက်နက် ရှန်လင်းဓား ပါ မြေဓာတ် ပါဝင်တဲ့အတွက် မြေဓာတ် ဝိညာဉ်အမြစ် ပိုင်ရှင် တာအိုမိတ်ဆွေများနဲ့ အလွန် ကိုက်ညီပါတယ် အလွန် မာကျောပြီး အဆင့်တူ လက်နက်တွေထက် သာလွန်ပါတယ်" လူလတ်ပိုင်း အမျိုးသား၏ အသံမှာ တည်ငြိမ်ပြီး စကားပြောဆိုပုံမှာ မှန်ကန်တိကျသည်။

"စဖွင့်ဈေး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပါ"

"၂၅၀၀" "၃၀၀၀"

အနောက်ဘက်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဈေးစတင် ခေါ်ကြသည်။ အသံတိတ် စစ်ပွဲကြီး စတင်လေပြီ။ ဝိညာဉ်လက်နက် ဆိုသည်မှာ မျိုးဆက်တစ်ခုလုံး လက်ဆင့်ကမ်း အသုံးပြုနိုင်သော ပစ္စည်းဖြစ်ရာ ဈေးကြီးသော်လည်း ဝယ်ယူသင့်သည်။ ထို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အကြည့်များမှာ ရဲတင်းကြသည်။ ဘယ်သူ ဈေးခေါ်ခေါ် လှမ်းကြည့်ကြသည်။ အကွက်ချောင်းနေသကဲ့သို့ ရှိသည်။ ဤအချက်သည် သာမန် လေလံပွဲများ၏ ကြီးမားသော အားနည်းချက် ဖြစ်ပြီး ဈေးအမြင့်ဆုံး မရနိုင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူ အများစုသည် နောက်ဆုံးတွင် လက်ကျန်ထားတတ်ကြသည်။ မြို့ပြင်ထွက်သည့်အခါ ဘာမဆို လုပ်ရဲသည့် ကောင်များနှင့် တွေ့ပြီး အလုခံရမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ တက်ခေါက်လိုက်ကြသည်။ ကိုယ်ကို မတ်မတ် ထိုင်လိုက်ကြသည်။

အစဖွင့်တာနဲ့တင် ဒီလောက် ကြမ်းနေပြီလား...

ရှန်လင်းဓား ကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင် ဖြင့် လေလံ အောင်သွားသည်။ အစေခံ အမျိုးသမီး တစ်ဦး ဘေးမှ လျှောက်လာပြီး ဝိညာဉ်ကျောက်တုံး ကောက်ခံသည်။ လေလံပွဲ ပြီးမှ ပစ္စည်းယူလို့ ရသလို၊ ယခု ပစ္စည်းယူပြီး ပြန်လို့လည်း ရသည်။

"နောက်ထပ် ပစ္စည်းကတော့ ရတနာရှစ်ပါး သွေးသတ္တု အလေးချိန် ၂ ပိဿာ ၂ ကျပ်သား ပါ တာအိုမိတ်ဆွေများ သိကြတဲ့အတိုင်း ဒီပစ္စည်းက သထ္ထုဓာတ် အလွန် ကြွယ်ဝတဲ့ နေရာမှာပဲ ဖြစ်ပေါ်နိုင်တာပါ စစ်မှန်တဲ့ သဘာဝ ရတနာပါပဲ"

"လက်နက် လုပ်တဲ့အခါ ထည့်သွင်း အသုံးပြုမယ် ဆိုရင် ကိုယ်တွင်း ဝိညာဉ်စွမ်းအားနဲ့ လက်နက်ရဲ့ လိုက်လျောညီထွေမှုကို မြှင့်တင်ပေးနိုင်ပြီး လက်နက်ရဲ့ စွမ်းအားကို အဆမတန် တိုးတက်စေနိုင်ပါတယ်"

"စဖွင့်ဈေး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ပါ"

လူလတ်ပိုင်း အမျိုးသားသည် ကွင်းပြင်ကို ဝေ့ကြည့်လိုက်ပြီး ရတနာရှစ်ပါး သွေးသတ္တု ကို စင်ပေါ် တင်လိုက်သည်။ ၎င်းသည် ရွှေရောင် တောက်ပနေပြီး ကျင့်ကြံသူများအားလုံးကို သွားရည်ကျစေသည်။

"မွန်း..."

နွားနက်ကြီး စိတ်လှုပ်ရှားစွာဖြင့် ချန်ရွှင်ကို ကြည့်လိုက်သည်။

"၃၅၀၀ "

ချန်ရွှင်သည် အသံထဲတွင် ဝိညာဉ်စွမ်းအား ထည့်သွင်းပြီး ပြတ်သားစွာ ပြောလိုက်သည်။ သိပ်မလိုအပ်သော်လည်း ထိုအရာကို သူကပုံထဲမှာသာ မြင်ဖူးတာမို့ ပါဝင်ဆင်နွှဲချင်စိတ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူ ဈေးခေါ်လိုက်သည်နှင့် အနောက်ဘက်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ မျက်လုံး ပြူးသွားကြသည်။

"၅၀၀၀ "

ရွှေအမြူတေအဆင့် အမျိုးသမီး တစ်ဦးက တည်ငြိမ်စွာ ပြောလိုက်ကာ ချန်ရွှင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ချန်ရွှင်က ပြုံးပြလိုက်ပြီး ကုလားထိုင်ပေါ် မှီချလိုက်ကာ ဆက်မပြိုင်တော့ပေ။ နွားနက်ကြီးက နှာမှုတ်လိုက်သည်။ ချန်ရွှင် တဟဲဟဲ ရယ်မောလိုက်ပြီး နွားနက်ကြီးကို ပုတ်လိုက်သည်။ လေလံပွဲသည် ပုံမှန်အတိုင်း ဆက်လက် ကျင်းပနေသည်။ ရတနာ ပစ္စည်းများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။ တချို့ပစ္စည်းများဆိုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်အထိ ဈေးပေါက်သွားသည်။

ဂျင်ယွမ်ဆေး သုံးပုလင်းကိုလည်း ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦးက ဝယ်ယူသွားသည်။ ထိုသူသည် အလွန် ကျေနပ်နေပုံ ရသည်။ လာရကျိုးနပ်သည်ဟု တွေးနေပုံရသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့လည်း ပွဲကြည့်ပရိသတ် လုပ်ကာ ကျန်းမာရေး လက်ဖက်ရည် သောက်နေကြသည်။ အခြားသူများမှာ စျေးပြိုင်ပေးနေကြသလို အချို့ကလည်း အကောက်ကြံမည့် အကြည့်များဖြင့် ကြည့်နေကြသည်။ မြို့ပြင်ရောက်ရင်တော့ ကျင့်ကြံခြင်း အတွေ့အကြုံတွေ ဖလှယ်ကြဦးမည့် ပုံပင်။ နောက်ဆုံးတွင် လေလံအချီပေါင်းများစွာ ပြီးဆုံးပြီးနောက် သူတို့ မျှော်လင့်စောင့်စားနေသော ပစ္စည်း ရောက်ရှိလာသည်။

"ယွမ်ချန်ဂျင်ဆင်း သက်တမ်း နှစ် (၅၀၀) ချင်တိုင်းပြည် ရဲ့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်းကလွဲရင် ပြင်ပလောကမှာ မျိုးတုန်းလုနီးပါး ဖြစ်နေပါပြီ ရရှိဖို့ အလွန် ခက်ခဲပါတယ်"

လူလတ်ပိုင်း အမျိုးသား၏ တည်ငြိမ်သော မျက်ဝန်းများတွင်လည်း စိတ်လှုပ်ရှားမှုများ ဖြတ်သန်းသွားသည်။

"ဒီပစ္စည်းကို လာရောက် ရောင်းချတဲ့ တာအိုမိတ်ဆွေက ရည်ရွယ်ချက် တစ်ခု ရှိပါတယ် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင် နဲ့ လဲလှယ်ချင်တာပါ"

ယွမ်ချန်ဂျင်ဆင်း ကို ဆေးသေတ္တာထဲ ထည့်ထားပြီး စင်မြင့်ပေါ်တွင် ငြိမ်သက်စွာ တင်ထားသည်။ ဂျင်ဆင်း၏၏၏ မျက်နှာပြင်သည် ချောမွတ်ပြီး စက်လုံးပုံသဏ္ဌာန် ရှိသည်။ သေးငယ်ပြီး ချစ်စရာ ကောင်းသော်လည်း အရောင်အဆင်း မှိန်ဖျော့နေသဖြင့် အာနိသင် မကောင်းမွန်ကြောင်း သိသာလှသည်။ ဤစကားကို ကြားလိုက်ရသောအခါ ကွင်းပြင်တွင် တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။ ဝိညာဉ်ကျောက်တုံးက ရှာရလွယ်သော်လည်း နှစ်တစ်ထောင် ဝိညာဉ်ဆေးပင်က ရှာရခက်သည်။

ဝိညာဉ်ဆေးပင် တစ်ပင်သည် နှစ်တစ်ထောင် သက်တမ်း ရှိသွားပါက (၉၉၉) နှစ် သက်တမ်းရှိသော ဆေးပင်နှင့် မျိုးစိတ်ချင်း တူရင်တောင်မှ အလွန် ကွဲပြားခြားနားသော ပစ္စည်းနှစ်ခု ဖြစ်သွားတတ်သည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ အချို့ မျက်နှာပျက်သွားကြသည်။ သူတို့လည်း ဤပစ္စည်းကို လိုချင်ကြသော်လည်း နှစ်တစ်ထောင် ဝိညာဉ်ဆေးပင်နှင့် လဲလှယ်ရမည် ဆိုသည်မှာ မတန်တဆ ဖြစ်နေသည်။ လေလံပွဲ တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးသည် ပေးရမည့်အရာနှင့် ပြန်ရမည့်အကျိုးအမြတ်ကို တန်၊ မတန် တွက်ချက်ကြည့်နေကြလေသည်။

All Chapters