ရှန်ယန် ဂိုဏ်း
Vol. 7 Ch. 78
ယွမ်ချန် ဓားဂိုဏ်းမှ အဖွဲ့ဝင်များသည် ကြောင်အမ်းအမ်းဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ နတ်တိမ် ဓားဂိုဏ်းမှ ချမှတ်ပေးသော ဤမစ်ရှင်ကို လုပ်ဆောင်နေသော တပည့် အများအပြားသည် ချန်ဟုန် ဂိုဏ်းမှ ဖြစ်ကြသည်။
အပင်ရှာဖွေရမည့် ဧရိယာများကို ကြိုတင် သတ်မှတ်ထားသော်လည်း အကြမ်းဖျင်းသာ ဖြစ်သည်။ သီအိုရီအရ အပင်ရှာဖွေသူ တစ်ဦးသည် နယ်နိမိတ် ကျော်လွန်သွားနိုင်သည်မှာ ဖြစ်နိုင်သော်လည်း လက်တွေ့တွင် နယ်နိမိတ် သတ်မှတ်ချက်များမှာ ဝေဝါးနေပြီး အပင်ရှာဖွေသူများသည်လည်း မတုံးအကြပေ။ အဘယ်ကြောင့် အခြားဂိုဏ်း၏ ဧရိယာသို့ သွားရောက်ပြီး အပင်ရှာဖွေရမည်နည်း။
ငွေနည်းနည်း ပိုရဖို့အတွက်လား... ဒါက ဒုက္ခရှာသလို ဖြစ်နေပြီ။ ဖြစ်နိုင်ချေ အလွန် နည်းပါးသည်။
“စီနီယာအစ်ကို... နားလည်မှုလွဲတာ တစ်ခုခု ရှိနေလောက်တယ်..." တစ်ယောက်ယောက်က ညင်သာစွာ ပြောလိုက်သည်။
"မင်းက ဒါကို နားလည်မှုလွဲတာလို့ ခေါ်သလား... သူ နယ်နိမိတ်ကျော်ပြီး ဆေးဖက်ဝင် အပင်တွေ ခိုးနေတာကို ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ... ဒါက ငါမြင်လိုက်တာပဲ ရှိသေးတယ်... ငါမမြင်လိုက်တာတွေ အများကြီး ရှိဦးမှာ..." ခွမ်တင့်ပေါ် က မဲ့ပြုံး ပြုံးလိုက်သည်။
"ကျွန်... ကျွန်တော် မလုပ်ပါဘူး..." အပင်ရှာဖွေသူက ကြောက်လန့်တကြား အလျင်အမြန် ငြင်းဆန်လိုက်သည်။ အကယ်၍ ဒီစွပ်စွဲချက်သာ အတည်ဖြစ်သွားရင် သူ အရိုက်ခံရပြီး သေသွားနိုင်သည်။
“ငါ မင်းကို မေးခွန်း မေးနေလို့လား…”
ခွမ်တင့်ပေါ် ရုတ်တရက် အပင်ရှာဖွေသူ၏ ရှေ့သို့ ရောက်လာပြီး ရင်ဘတ်ကို ကန်ထည့်လိုက်သည်။ အပင်ရှာဖွေသူသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နောက်ဘက်ရှိ စားပွဲနှင့် ဝင်ဆောင့်မိသွားသည်။
"ဘုန်း..."
အသံအုပ်အုပ် တစ်ချက်နှင့်အတူ ချန်ဖေးသည် အပင်ရှာဖွေသူ၏ ကိုယ်ခန္ဓာကို ဖမ်းထိန်းလိုက်ပြီး သူ့ကိုယ်တွင်းရှိ ဧရာမ ခွန်အားကို ဖြိုခွင်းကာ အသက်ကို ကယ်တင်လိုက်သည်။
ဒါတောင်မှ အပင်ရှာဖွေသူသည် ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ထွက်နေဆဲ ဖြစ်ပြီး ကုသမှု မခံယူပါက ခဏအကြာတွင် သေဆုံးသွားနိုင်သည်။
ချန်ဖေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အပင်ရှာဖွေသူ၏ ခန္ဓာကိုယ်ကို အားဖြင့် အကြိမ်အနည်းငယ် ဖိနှိပ်လိုက်ကာ ကုသရေး ဆေးလုံးကို ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး ဆေးအာနိသင် စုပ်ယူနိုင်စေရန် အားဖြင့် ကူညီပေးလိုက်သည်။
ထို့နောက် ချန်ဖေးက အပင်ရှာဖွေသူကို ချထားလိုက်သည်။ သူ လုပ်ပေးနိုင်သည်မှာ ဤမျှသာ ဖြစ်၏။ အပင်ရှာဖွေသူ အသက်ရှင် မရှင်က သူ၏ ခံနိုင်ရည်အပေါ် မူတည်နေသည်။
"မင်း ရှင်းရှင်းလင်းလင်း ဖြေရှင်းချက် မပေးဘဲနဲ့... လူသတ်ဖို့ ကြိုးစားနေတာလား..."
ခွမ်တင့်ပေါ် ၏ စကားနှင့် အပြုအမူများသည် ယွမ်ချန် ဓားဂိုဏ်း တပည့်များ၏ ဒေါသကို မီးဟုန်းဟုန်း တောက်စေခဲ့သည်။ သူတို့၏ ဆေးယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တပည့်များသည် ဒေါသထွက်နေကြပြီး ဖြစ်သည်။
ခွမ်တင့်ပေါ် သည် ဆင်ခြေတစ်ခု ရှာပြီး မောက်မာရိုင်းစိုင်းသော ပုံစံဖြင့် တံခါးဝသို့ လာရောက်ကာ လျော်ကြေး တောင်းခံနေခြင်းက ယွမ်ချန် ဓားဂိုဏ်း တပည့်များကို သည်းခံနိုင်စွမ်း ကုန်ဆုံးစေခဲ့သည်။
"ဘာလဲ... မင်းတို့က တိုက်ချင်လို့လား..."
လူအုပ်ကြီး၏ အကြည့်များကို ရင်ဆိုင်ရင်း ခွမ်တင့်ပေါ် သည် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။
"ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်ရင်... ကိုယ်ခံပညာရှင်တွေ အတွက်တော့ တိုက်ခိုက်တာက အကောင်းဆုံး နည်းလမ်းပဲ... ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ဆိုတာ ထင်ရှားသွားမှာပါ... နိုင်တဲ့သူက သဘာဝကျကျ မှန်ကန်သူ ဖြစ်သွားမှာပေါ့..."
"မင်း တကယ် ဘာလိုချင်တာလဲ..."
ဝင်ဇီချန် ရှေ့သို့ တိုးလာပြီး ခွမ်တင့်ပေါ် ကို စိုက်ကြည့်လိုက်သည်။ ကော်လင်ရှန်း မရှိသလို အခြားသော ခြင်ဆီသန့်စင်ခြင်း အဆင့် စီနီယာအစ်ကိုများလည်း မရှိကြပေ။ ဝင်ဇီချန်သည် လက်ရှိ ရှိနေသူများထဲတွင် ဝါအကြီးဆုံး စီနီယာအစ်ကို ဖြစ်လာသည်။
ခွမ်တင့်ပေါ် သည် ပြဿနာ ရှာနေပုံရပြီး ဆင်ခြေတစ်ခုလည်း ရှိနေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ပြန်လည် တိုက်ခိုက်ခြင်းဖြင့် ဖြေရှင်းကြမည် ဖြစ်သည်။ သို့သော် ပြဿနာမှာ သူတို့ မနိုင်နိုင်ခြင်းပင်။
ခွမ်တင့်ပေါ် ၏ သဘောထား မည်သို့ပင် ရှိစေကာမူ သူ၏ ကျင့်ကြံမှု အဆင့်သည် စစ်မှန်သော ခြင်ဆီသန့်စင်ခြင်း အဆင့် ဖြစ်သဖြင့် လူအင်အား သာလွန်နေလျှင်ပင် ဤအရိုးသန့်စင်ခြင်း အဆင့်များကို အနိုင်ယူရန် မခက်ခဲပေ။
သိုင်းပညာ အဆင့်တွင် တစ်ဆင့်မြင့်ရုံဖြင့် တစ်ခါတစ်ရံ အလွန်တရာ အားကောင်းနေတတ်သည်။ ဂိုဏ်းသားများ ဖြစ်သည့်အတွက် သူတို့၏ ကျင့်စဉ်များမှာလည်း ထိပ်တန်း ရွေးချယ်စရာများ ဖြစ်ကြသည်။
"ငါ ဘာမှ မလိုချင်ပါဘူး... လူသိရှင်ကြား ဖြေရှင်းချက် လာတောင်းတာပါ..."
ခွမ်တင့်ပေါ် တိုးတိုးလေး ရယ်မောလိုက်ပြီး အခန်းကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်...
"ဒီလိုလုပ်ကြမလား... ငါတို့ ဂိုဏ်းနှစ်ခုက တစ်ယောက်စီ ထွက်တိုက်ကြမယ်... ဒီအတိုင်း တိုက်ရုံဆိုရင် ပျင်းစရာ ကောင်းတယ်... ဆုကြေးအနေနဲ့ ဆေးဖက်ဝင် အပင် လှည်းအစီးရေ အနည်းငယ်လောက် ထည့်လိုက်ရင် ဘယ်လိုလဲ..."
ချန်ဖေး မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ ဒါဆိုရင်... ပြောနေသမျှ စကားတွေ အားလုံးက ဒီဆေးဖက်ဝင် အပင်တွေ အတွက်ပေါ့။
သို့သော် ဂိုဏ်းအများအပြားကို မစ်ရှင်များ ပေးအပ်ထားကြောင်း စဉ်းစားကြည့်လျှင် ဆေးဖက်ဝင် အပင် လုံလောက်အောင် မစုဆောင်းနိုင်ပါက တောင်ပေါ်တွင် အချိန်ကြာကြာ နေရပေလိမ့်မည်။ ဤမစ်ရှင်များသည် မရှုပ်ထွေးသော်လည်း ငြီးငွေ့ဖွယ် ကောင်းလှသဖြင့် အားလုံး အမြန်ဆုံး ပြန်ချင်နေကြသည်။
ချန်ဟုန် ဂိုဏ်းက ယွမ်ချန် ဓားဂိုဏ်းထက် အမှန်တကယ် ပိုမို အားကောင်းသဖြင့် ယွမ်ချန် ဓားဂိုဏ်းကို ပစ်မှတ်ထားခြင်းမှာ နားလည်ပေးနိုင်ပါသည်။
“မင်းက ခြင်ဆီသန့်စင်ခြင်း အဆင့် ရောက်နေပြီးတော့... ငါတို့ အရိုးသန့်စင်ခြင်း အဆင့်တွေကို အနိုင်ကျင့်ရဲတယ်ပေါ့..."
ဝင်ဇီချန် မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကို ဖိနှိပ်ထားပေးလို့ ရပါတယ်..."
ခွမ်တင့်ပေါ် က ဝင်ဇီချန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး "ဒါမှ မလုံလောက်သေးဘူး ဆိုရင်... ငါ ပြန်သွားပြီး အရိုးသန့်စင်ခြင်း အဆင့် ဂျူနီယာညီလေး တစ်ယောက် သွားရှာပေးမယ်... ဌာနထဲမှာ အရိုးသန့်စင်ခြင်း အဆင့် အဖွဲ့ဝင် သိပ်မများပေမဲ့... နည်းနည်းတော့ ရှိပါသေးတယ်..." ဟု ပြောလိုက်သည်။
"ဘာလို့ အရိုးသန့်စင်ခြင်း အဆင့်ကို ရှာနေမှာလဲ... မင်း တိုက်ချင်ရင် ကောင်းပြီ... ငါ မင်းနဲ့ တိုက်မယ်..."
ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာပြီး ကော်လင်ရှန်း၏ ပုံရိပ်သည် အဝေးမှ ချဉ်းကပ်လာကာ ခဏချင်းပင် စခန်းရှေ့သို့ ရောက်ရှိလာသည်။
ကော်လင်ရှန်း ဘာမှ ထပ်မပြောတော့ပေ။ ဓားမကြီး တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ခွမ်တင့်ပေါ် ကို ခုတ်ပိုင်းလိုက်သည်။
"အချိန်ကိုက်ပဲ..."
ခွမ်တင့်ပေါ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ လှံရှည်သည် ပင်လယ်ကို မွှေနှောက်သော နဂါးတစ်ကောင်ကဲ့သို့ လည်ပတ်သွားကာ ကော်လင်ရှန်း၏ ဓားကို ရိုက်ခတ်လိုက်သည်။ သို့သော် ချက်ချင်းပင် ခွမ်တင့်ပေါ် ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လှံသွားသည် အားအဟုန်ကြောင့် ကွေးညွှတ်သွားသည်။
"ဘုန်း..."
အသံအုပ်အုပ် တစ်ချက်နှင့်အတူ ခွမ်တင့်ပေါ် အနောက်သို့ အလိုအလျောက် ဆုတ်လိုက်ရသည်။ ကော်လင်ရှန်းသည် အခွင့်ကောင်းယူ၍ ဖိတိုက်လိုက်ရာ ဓားသိုင်းကွက်သည် ခွမ်တင့်ပေါ် ကို လုံးဝ လွှမ်းခြုံသွားတော့သည်။
လှံရှည်များသည် ကျယ်ပြန့်သော တိုက်ခိုက်မှု နယ်ပယ်ရှိသဖြင့် အနိုင်ယူ၍ မရနိုင်ဟု ယူဆရသော်လည်း ယခုအချိန်တွင် ခွမ်တင့်ပေါ် မှာ ဖိနှိပ်ခံနေရသည်။
ကော်လင်ရှန်း၏ ဓားကစားပုံသည် ခွမ်တင့်ပေါ် ထက် ပိုမို လွတ်လပ်ပြီး ရိုင်းစိုင်းသည်။ ဓားချက်တိုင်းတွင် ခွမ်တင့်ပေါ် မှာ လုံးဝ ရှုံးနိမ့်လုနီးပါး ဖြစ်နေသည်။
"ဘုန်း..."
နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ခွမ်တင့်ပေါ် သည် ခြေလှမ်းအနည်းငယ် နောက်သို့ လျှောတိုက်ပါသွားပြီးမှ ရပ်တန့်သွားသည်။ ကော်လင်ရှန်းလည်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရပြီး သူ၏ ပါးပြင်ပေါ်တွင် ခြစ်ရာသေးသေးလေး တစ်ခု ပေါ်လာသည်။
လက်ရှိ အခြေအနေအရ နှစ်ဖက်စလုံး ခြေရည်တူ ဖြစ်နေသည်။ အနိုင်အရှုံး ဆုံးဖြတ်ရန်အတွက် အစွမ်းကုန် ထုတ်သုံးရပေလိမ့်မည်။ ထိုအခါ သေရေးရှင်ရေး တိုက်ပွဲ ဖြစ်လာနိုင်ပြီး တစ်ယောက် သေမှ တစ်ယောက် ရှင်မည့် ပွဲမျိုး ဖြစ်သွားနိုင်သည်။
"အားကောင်းလိုက်တာ... မင်း မကြာခင် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ကို ရောက်တော့မယ် ထင်တယ်... ဂုဏ်ယူပါတယ်..."
ခွမ်တင့်ပေါ် မျက်လုံးများကို ကျဉ်းမြောင်း၍ ကော်လင်ရှန်းကို ကြည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
"အပိုတွေ ပြောမနေနဲ့... ဆက်တိုက်ကြမယ်..." ကော်လင်ရှန်းက လက်ဝှေ့ယမ်းလိုက်ပြီး ခွမ်တင့်ပေါ် ၏ ဟန်ဆောင် ရင်းနှီးမှုကို လုံးဝ လျစ်လျူရှုလိုက်သည်။
“ဒီနေ့တော့ ဒီလောက်ပါပဲ... နောက်တစ်ခါမှပဲ မင်းနဲ့ ထပ်ပြိုင်ကြတာပေါ့…”
ခွမ်တင့်ပေါ် ခေတ္တမျှ တွန့်ဆုတ်နေပြီး ယဉ်ကျေးသော စကားတစ်ခွန်း ဆိုလိုက်ကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“စီနီယာအစ်ကိုကြီး... နောက်ဆုံးတော့ ပြန်ရောက်လာပြီ... ဟိုမှာ အခြေအနေ ဘယ်လိုလဲ..." တပည့်များက ရှေ့သို့ တိုးလာပြီး ကော်လင်ရှန်းကို ဝမ်းသာအားရ ကြည့်လိုက်ကြသည်။
အကယ်၍ ကော်လင်ရှန်းသာ အချိန်မီ ပြန်မရောက်လာပါက ဒီနေရာမှ အခြေအနေသည် ထိန်းချုပ်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
ကျင့်ကြံမှု အဆင့်က သူများထက် နိမ့်ကျနေသလို ဂိုဏ်းအချင်းချင်း အင်အား နှိုင်းယှဉ်ရာတွင်လည်း အားနည်းနေသည်။ တိုက်ခိုက်၍လည်း မနိုင်၊ ပြောစကားကိုလည်း ဘယ်သူမှ နားမထောင်။ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှသည်။
"ငါတို့ အချိန်မမီလိုက်ဘူး... ဂျူနီယာညီလေး နှစ်ယောက်စလုံး သေသွားပြီ..." ကော်လင်ရှန်း၏ အသံ ရုတ်တရက် လေးနက်သွားသည်။
ဒီဂျူနီယာညီလေးတွေနဲ့ အချိန်အကြာကြီး အတူမနေခဲ့ရပေမဲ့ အားလုံးက ဂိုဏ်းတူတွေ ဖြစ်ကြပြီး အခုတော့ သူတို့ မရှိတော့ဘူး။ ဆေးဖက်ဝင် အပင်တွေ ဆုံးရှုံးတာကတော့ သေးမွှားတဲ့ ကိစ္စလို့ ထင်ရသွားသည်။
ပြုံးရွှင်နေသော တပည့်များမှာ တောင့်တင်းသွားကြသည်။ အတိုင်းအတာ တစ်ခုအထိ မျှော်လင့်ထားပြီး ဖြစ်သော်လည်း ကိုယ်တိုင် ကြားလိုက်ရသည့်အခါ လက်ခံရန် ခက်ခဲနေဆဲပင်။
မစ်ရှင် ကိုယ်တိုင်က အန္တရာယ် မရှိပေ။ ဆေးဖက်ဝင် အပင်များကို သယ်ယူပို့ဆောင်ခြင်း သက်သက်သာ ဖြစ်ပြီး နတ်တိမ်မြို့နှင့်လည်း နီးကပ်သည်။ ဒါတောင်မှ ပထမဆုံး နေ့မှာတင် စီနီယာအစ်ကို နှစ်ယောက် သေဆုံးသွားခဲ့ရသည်မှာ လက်ခံနိုင်စရာ မရှိသော ဆုံးရှုံးမှုပင်။
"စီနီယာအစ်ကိုကော်... ဘယ်သူလုပ်တာလဲ ဆိုတာ သိရပြီလား..." ဝင်ဇီချန်က အံကြိတ်ပြီး မေးလိုက်သည်။
“ကျန်ခဲ့တဲ့ ခြေရာတွေအရ... ရှန်ယန် ဂိုဏ်း လုပ်တာ ဖြစ်နိုင်တယ်..." ကော်လင်ရှန်းက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။