ထူးဆန်းသော သတ္တဝါ၏ တိုက်ခိုက်မှု
Vol. 7 Ch. 80
ချန်ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွား၏။ သို့သော် သူ အနားယူခြင်း မရှိဘဲ သူ့အခန်းသို့ ပြန်ကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ယနေ့အတွက် အတွင်းအား ကျင့်စဉ် အိမ်စာများကို ချန်ဖေး မလုပ်ဆောင်ရသေးသလို ထုံယွမ် ကျင့်စဉ် ဒုတိယအဆင့်ကိုလည်း မလေ့ကျင့်ရသေးပေ။ သူ အနားယူရန် အစီအစဉ် မရှိသဖြင့် ဒီညသည်လည်း ညဉ့်နက်သည်အထိ ကျင့်ကြံရမည့် ညတစ်ည ဖြစ်လာပေလိမ့်မည်။
နောက်တစ်နေ့ နံနက်တွင် ဆေးဖက်ဝင် အပင်ရှာဖွေသူများ အလုပ်ပြန်ဆင်းကြပြီး တပည့်တစ်ဦးစီက နေရာခွဲ၍ ကြီးကြပ်ကြသည်။
ထိုမနက်ခင်းတွင် မည်သည့် ထူးခြားမှုမျှ မရှိခဲ့ပေ။ စခန်းရှိ ဆေးဖက်ဝင် အပင်များသည် လှည်းများနှင့် ပြည့်နေပြီ ဖြစ်သည်။ အပင်အားလုံးမှာ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားခြင်း ဖြစ်သဖြင့် အပြောင်းအလဲများ မဖြစ်ပေါ်မီ နတ်တိမ်မြို့သို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်သင့်လေသည်။
နတ်တိမ် ဓားဂိုဏ်းသည် ဆေးလုံးဖော်စပ်ရာတွင် အခြားဂိုဏ်းများကို အထင်သေးလေ့ ရှိသဖြင့် ဆေးဖက်ဝင် ကုန်ကြမ်းပစ္စည်းများ အပေါ်တွင်လည်း တင်းကျပ်သော စည်းမျဉ်းများ ထားရှိသည်။ ထို့ကြောင့် နေ့စဉ် ဆေးဖက်ဝင် အပင်များ သယ်ယူပို့ဆောင်ခြင်းသည် မရှိမဖြစ် လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်နေသည်။
"ဂျူနီယာဂိုဏ်းတူဦးလေး... အားလုံး အဆင်သင့် ဖြစ်ပါပြီ..." ကော်လင်ရှန်းက ချန်လင်တု အနားသို့ လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကောင်းပြီ... မင်း ဒီမှာပဲ နေခဲ့... ခြင်ဆီသန့်စင်ခြင်း အဆင့် တပည့်တချို့ပဲ ငါနဲ့အတူ လိုက်ခဲ့ကြ..." ချန်လင်တု ခေါင်းညိတ်လိုက်သည်။
မနေ့က ချန်လင်တု သည် အခြားဂိုဏ်းအချို့ကို သွားရောက် မေးမြန်းခဲ့ရာ ဂိုဏ်းအားလုံး တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ ပေတို မျှော်စင် တစ်ခုတည်းသာ အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရကြောင်း သိရှိခဲ့ရသည်။
ပေတို မျှော်စင်၏ အဖွဲ့ဝင်များသည် သူတို့၏ ကျင့်စဉ် သဘောသဘာဝအရ စိတ်ဆတ်ပြီး သည်းခံနိုင်စွမ်း နည်းပါးကြသည်။ လက်တွေ့ အခြေအနေကို ကောင်းစွာ သဘောပေါက်စေရန် အဆင့်မြင့် ကျင့်ကြံသူများက ဆုံးမပေးမှသာ သတိပြန်ဝင်လေ့ ရှိကြသည်။
ထို့ကြောင့် ပေတို မျှော်စင်သည် တိုက်ခိုက်သူများကို ရှာဖွေရန် အကြီးစား ရှာဖွေမှုများကို စတင် ပြုလုပ်နေပြီ ဖြစ်သည်။ ဤအချက်ကို ထောက်ရှု၍ ယနေ့တွင် ရှန်ယန် ဂိုဏ်းသားများ လာရောက်ရန် အကြောင်း မရှိလောက်ပေ။
လက်ဖက်ရည် တစ်ခွက်စာ သောက်ချိန် မပြည့်မီမှာပင် ယာဉ်တန်း အဆင်သင့် ဖြစ်သွားပြီး စတင် ထွက်ခွာတော့သည်။ ချန်လင်တု သည် သာမန် တပည့်တစ်ဦးအဖြစ် ရုပ်ဖျက်၍ ယာဉ်တန်းနောက်မှ လိုက်ပါသွား၏။
စခန်းရှိ အခြားသူများမှာမူ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေကြသည်။ တစ်နာရီခန့် အကြာတွင် စာပို့ချိုးငှက် တစ်ကောင် ရောက်ရှိလာပြီး ကော်လင်ရှန်းက ၎င်း၏ ခြေထောက်မှ စာကို ဖြည်ယူလိုက်သည်။
"စီနီယာအစ်ကိုကော်... အခြေအနေ ဘယ်လိုလဲ..." တပည့်အများအပြားက မနေနိုင်ဘဲ ဝိုင်းအုံလာကြသည်။
"ယာဉ်တန်းက နတ်တိမ်မြို့ကို ဘေးကင်းကင်းနဲ့ ရောက်သွားပါပြီ... ဂျူနီယာဂိုဏ်းတူဦးလေးတို့ တိုက်ခိုက်မခံရပါဘူး..." ကော်လင်ရှန်း မော့ကြည့်လိုက်သည်။
"တော်ပါသေးရဲ့..." တပည့်အများအပြား ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့၏ ခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးနေသည်။
တစ်ဖက်တွင် အသေအပျောက် ရှိနိုင်သဖြင့် ဤကဲ့သို့ တိုက်ခိုက်မှုမျိုး ထပ်မဖြစ်စေလိုကြသော်လည်း အခြားတစ်ဖက်တွင်မူ ရှန်ယန် ဂိုဏ်းသားများ ထပ်လာစေချင်ကြသည်။ ချန်လင်တု ရှိနေသဖြင့် မနေ့က သေဆုံးသွားသော တပည့်နှစ်ဦးအတွက် လက်စားချေနိုင်မည်ဟု မျှော်လင့်နေကြသောကြောင့် ဖြစ်၏။
ချန်ဖေးသည် အနီးနားတွင် ရှိနေသဖြင့် ကော်လင်ရှန်းနှင့် အခြားသူများ တည်ငြိမ်နေသည်ကို မြင်လိုက်ရသောကြောင့် ဘာမှ မဖြစ်လောက်ဟု တွေးလိုက်မိသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်... မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဆေးဖက်ဝင် အပင် ရှာဖွေရေး မစ်ရှင်သည် စနစ်တကျ ပြီးစီးသွားပြီး ယာဉ်တန်းသည်လည်း ထပ်မံ တိုက်ခိုက်မခံရတော့ပေ။ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသကဲ့သို့ ရှိ၏။
ချန်လင်တု က အခြားဂိုဏ်းများကို မေးမြန်းကြည့်ရာတွင်လည်း ထပ်မံ တိုက်ခိုက်ခံရခြင်း မရှိကြောင်း သိရသည်။ ပထမနေ့က ဖြစ်ရပ်သည် ရှန်ယန် ဂိုဏ်း၏ စိတ်ကူးပေါက်ရာ လုပ်ရပ်တစ်ခု ဖြစ်ပုံရသည်။
သို့သော် ရှန်ယန် ဂိုဏ်းသည် ဤကဲ့သို့ ခန့်မှန်းရခက်သော ပုံစံဖြင့် လှုပ်ရှားလေ့ ရှိပြီး တိုက်ခိုက်မှု အများစုသည် မျှော်လင့်မထားသော အချိန်တွင် ဖြစ်ပွားတတ်သည်။ တစ်ခါတစ်ရံ အခြေအနေ ကောင်းနေပြီး ရှန်ယန် ဂိုဏ်းက ဆက်လက် အနိုင်ယူတော့မည်ဟု ထင်ရချိန်တွင် ရုတ်တရက် ဆုတ်ခွာသွားတတ်သည်။
တစ်ခါတစ်ရံတွင်မူ ရှုံးနိမ့်တော့မည့် အခြေအနေ ဖြစ်နေပါလျက် ရူးသွပ်သူများကဲ့သို့ ခေါင်းမာစွာဖြင့် လူများကို အသေခံ စေလွှတ်တတ်သည်မှာ နားမလည်နိုင်စရာ ကောင်းလှသည်။
ညအမှောင်ထု လွှမ်းမိုးနေချိန်တွင် ချန်ဖေးသည် တင်ပျဉ်ခွေ ကျင့်ကြံနေစဉ် သူ၏ လက်မောင်းပေါ်မှ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ မျက်လုံးဖွင့်ပြီး လက်မောင်းကို ကြည့်လိုက်ရာ အရိုးကျိန်စာအမှတ်သည် သက်ဝင် လှုပ်ရှားနေလေသည်။
ချန်ဖေး ရုတ်ခြည်း မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ထူးခြားမှု မရှိပေ။ အရိုးကျိန်စာအမှတ်၏ လှုပ်ရှားမှုမှာလည်း သိပ်မပြင်းထန်လှပေ။ သို့သော် ချန်ဖေးသည် ထိုကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်များအကြောင်း သိပ်နားမလည်သဖြင့် အခြေအနေကို တင်ပြခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။
“စီနီယာအစ်ကိုကော်..." ချန်ဖေးသည် ကော်လင်ရှန်း အနားသို့ လျှောက်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ..." ကော်လင်ရှန်း မျက်လုံးဖွင့်လိုက်ပြီး ချန်ဖေးကို အံ့သြစွာ ကြည့်လိုက်သည်။
"ဒီပတ်ဝန်းကျင်မှာ ထူးဆန်းတာ တစ်ခုခု ရှိနေလောက်တယ်... ဂျူနီယာဂိုဏ်းတူဦးလေးကို သတိပေးလိုက်ရမလား..."
"ထူးဆန်းတာ ဟုတ်လား..." ကော်လင်ရှန်း အံ့သြစွာ မတ်တပ်ရပ်လိုက်သည်။
ချန်ဖေး ခေါင်းညိတ်လိုက်ပြီး လက်မောင်းကို ဆန့်ထုတ်ပြလိုက်ရာ အနက်ရောင် ဖျော့ဖျော့ အမှတ်အသား တစ်ခု ပေါ်နေသည်။
"ဒါက ကျိန်စာအမှတ်လား..." ကော်လင်ရှန်း စစ်ဆေးကြည့်ပြီးနောက် အမှတ်အသား၏ သဘောသဘာဝကို နားလည်သွားသည်။
"ဟုတ်တယ်... ကျွန်တော် အရင်က ထူးဆန်းတဲ့ သတ္တဝါ တစ်ကောင်ရဲ့ မှတ်သားခြင်း ခံခဲ့ရဖူးတယ်... နောက်ပိုင်းကျမှ ဒီအဆိပ်က ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အငွေ့အသက်ကို အရမ်း အာရုံခံလွယ်မှန်း သိရလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ချန်ထားခဲ့တာ..." ချန်ဖေးက အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"ဂျူနီယာညီလေး... မင်း တကယ် ကံကောင်းတာပဲ... အဲဒီ ထူးဆန်းတဲ့ သတ္တဝါက မင်းနောက် လိုက်မလာဘူးလား..." ကော်လင်ရှန်းက စပ်စုလိုက်သည်။
“မလာပါဘူး... အဲဒီ သတ္တဝါမှာ ပိုကြီးမားတဲ့ ပစ်မှတ် ရှိပုံရတယ်..." ချန်ဖေးက ဖျင်းယင်း ခရိုင် အကြောင်း တွေးမိရင်း ခေါင်းခါလိုက်သည်။
ချန်ဖေး၏ မျက်နှာအမူအရာကို မြင်သောအခါ ကော်လင်ရှန်းက ဆက်မမေးတော့ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်…
"မင်းရဲ့ ကျိန်စာအမှတ်က တုံ့ပြန်မှု ပြနေပြီ ဆိုတော့ ဒီနားတဝိုက်မှာ ထူးဆန်းတဲ့ အရာတစ်ခုခု ပုန်းခိုနေတာ သေချာတယ်... ဒါပေမဲ့ သိပ်တော့ အားမကြီးလောက်ဘူး... ငါတို့ စခန်း လုံခြုံရေးအတွက် သွားကြည့်ကြရအောင်... အကယ်၍ အဲဒီအရာက အရမ်း အားကောင်းနေရင် ငါတို့ ဆုတ်ခွာကြတာပေါ့..."
ကော်လင်ရှန်းက ပြောရင်းဆိုရင်း သူ့အနောက်ရှိ အထုပ်ထဲမှ ဖယောင်းတိုင် အနီ တစ်တိုင်ကို ထုတ်ယူလိုက်ပြီး "ဒါရှိရင် သဘာဝလွန် အရာတွေနဲ့ ရင်ဆိုင်ရရင်တောင် ခဏလောက်တော့ တောင့်ခံထားနိုင်မှာပါ..." ဟု ပြောလိုက်သည်။
“စီနီယာအစ်ကို... ကျွန်တော့်မှာလည်း တစ်တိုင် ရှိပါတယ်..." ချန်ဖေးက ဖယောင်းတိုင် အနီကို ကြည့်ပြီး သူ့အင်္ကျီလက်ကြားထဲမှ တစ်တိုင် ထုတ်ပြလိုက်သည်။
"ဟားဟား... ဒါဆိုရင်တော့ ကြောက်စရာ မလိုတော့ဘူးပေါ့..." ကော်လင်ရှန်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။
ချန်ဖေး ခေါင်းညိတ်လိုက်ပြီး အရိုးကျိန်စာအမှတ်၏ တုံ့ပြန်မှု ပြင်းထန်အပေါ် မူတည်၍ စတင် ရှာဖွေလိုက်သည်။
အရိုးကျိန်စာအမှတ်၏ တုံ့ပြန်မှုမှာ အမှန်တကယ်ပင် အားနည်းပြီး ချန်ဖေး ယခင်က ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆန်းများလောက် မပြင်းထန်ပေ။ ထို့ကြောင့်ပင် ချန်ဖေးသည် တက်ကြွစွာ ရှာဖွေရန် ကန့်ကွက်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် လမ်းလျှောက်လိုက် ရပ်လိုက်ဖြင့် သွားနေကြပြီး ထိုထူးဆန်းသော သတ္တဝါသည်လည်း ရွေ့လျားနေပုံရသည်။ မကြာမီတွင် သူတို့နှစ်ဦးသည် ၁၀ မိုင်နီးပါး ခရီးရောက်လာခဲ့ကြသည်။
"ငါတို့ ဆက်လိုက်စရာ မလိုတော့ဘူး... အဲဒီ ထူးဆန်းတဲ့ အရာက ဖြတ်သွားတာ ဖြစ်မယ်... ဒါမှမဟုတ် တစ်ယောက်ယောက်က ထိန်းချုပ်ထားတာ ဖြစ်မယ်... ဒါ့အပြင် ဒီလောက် အကွာအဝေး ဆိုရင် ငါတို့ စခန်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး..."
ကော်လင်ရှန်း ရပ်တန့်လိုက်သည်။ ထူးဆန်းသော အရာများသည် သူတို့ကို မခြိမ်းခြောက်သရွေ့ မဖြစ်မနေ သတ်ဖြတ်ပစ်စရာ မလိုပေ။
ချန်ဖေး ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ သူ့နားရွက်များ အနည်းငယ် လှုပ်ရှားသွားပြီး အဝေးမှ မကြားတကြား အသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ချန်ဖေးသည် ကော်လင်ရှန်းကို လှည့်ကြည့်လိုက်ရာ ကော်လင်ရှန်းကလည်း အသံကို ကြားလိုက်ပုံရသည်။
"စီနီယာအစ်ကို... ဟိုဘက်မှာ ဂိုဏ်းတစ်ခုခုရဲ့ ယာယီစခန်း ရှိနေတာလား..."
“မရှိပါဘူး... အဲဒီနေရာက မှောင်ရိပ်ကျပြီး ဆေးဖက်ဝင် အပင်တွေ ပေါက်တဲ့နေရာ မဟုတ်ဘူး... ဘယ်ဂိုဏ်းမှ အဲဒီမှာ စခန်းချမှာ မဟုတ်ဘူး..." ကော်လင်ရှန်း ခေါင်းခါလိုက်သည်။
"ရှန်ယန် ဂိုဏ်း ဖြစ်နိုင်မလား..." ချန်ဖေး ရုတ်တရက် မေးလိုက်သည်။
ကော်လင်ရှန်း၏ မျက်လုံးများ အရောင်တောက်လာ၏။ ဒါက ဖြစ်နိုင်ချေ အလွန် များသည်။ သို့သော် သေချာစေရန် အတွက် သွားရောက် အတည်ပြုရန် လိုအပ်သည်။
“ညီလေး... မင်းရဲ့ ကျင့်ကြံမှု အဆင့်က မလုံလောက်သေးဘူး... ပြန်သွားပြီး ဂျူနီယာဂိုဏ်းတူဦးလေးချန်ကို သွားရှာပါ... ပြီးရင် လူတွေ ခေါ်လာခဲ့ခိုင်းလိုက်..."
ကော်လင်ရှန်းက အဝေးကို လှမ်းကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
"စီနီယာအစ်ကိုကော်... တစ်ယောက်တည်း သွားကြည့်မလို့လား... အရမ်း အန္တရာယ် များတယ်နော်..." ချန်ဖေးက မနေနိုင်ဘဲ တားမြစ်လိုက်သည်။
"ကိစ္စမရှိပါဘူး... ငါက အဝေးကနေပဲ ချောင်းကြည့်မှာပါ... ဝင်မပါပါဘူး..."
ကော်လင်ရှန်းက ပြုံး၍ ပြောလိုက်သည်... "တစ်ခုခု သိထားတာက ကောင်းပါတယ်... မဟုတ်ရင် ဂျူနီယာဂိုဏ်းတူဦးလေးတို့ ဘာမှ မသိဘဲ ရောက်လာရင် ပိုပြီး အန္တရာယ် များလိမ့်မယ်..."
ချန်ဖေး ပါးစပ်အနည်းငယ် ဟသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အသင့်လျော်ဆုံး ဖြေရှင်းနည်း ဖြစ်သည်။
ချန်ဖေးသည် အချိန်မဆွဲရဲတော့ဘဲ လာရာလမ်းအတိုင်း အမြန် ပြန်ပြေးလေသည်။ သူ အမြန်ပြန်ရောက်ပြီး အကူအညီ တောင်းနိုင်လေ ကော်လင်ရှန်းအတွက် အန္တရာယ် နည်းပါးလေ ဖြစ်သည်။
ချန်ဖေးသည် လေကဲ့သို့ လျင်မြန်စွာ ပြေးနေသော်လည်း မိုင်အနည်းငယ် အရောက်တွင် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ငြိမ်သက်နေသော အရိုးကျိန်စာအမှတ်သည် ရုတ်တရက် ပြန်လည် လှုပ်ရှားလာပြီး အနီးနားတွင် အခြားသော ထူးဆန်းသည့် သတ္တဝါတစ်ကောင် ရှိနေကြောင်း ပြသနေသည်။
ထို့အပြင် အမှတ်အသား၏ လှုပ်ရှားမှုမှာ တိုးမြင့်လာပြီး ထိုထူးဆန်းသော သတ္တဝါသည် ချန်ဖေး ရှိရာသို့ တရှိန်ထိုး ပြေးဝင်လာနေသည်။