အခန်း (၂၀၃-၂၀၅)
Vol. 15 Ch. 203-205
အခန်း (၂၀၃) - သန္ဓေတည်ဝိညာဉ်အဆင့် အခွင့်အရေး၊ ရှေးဟောင်းရတနာ ဆေးမျိုးတစ်သောင်း ဆေးဖိုကို ရရှိခြင်း။
"မှန်တယ်..."
ဖန့်ဝေ၏ စကားကို ကြားသောအခါ ကျန်းဖန်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ကီလိုမီတာ ထောင်နှင့်ချီသော ခရီးကို ဖြတ်ကျော်ရန်မှာ အလွန် အန္တရာယ်များသော်လည်း ရွှေအမြုတေအဆင့် ဂိုဏ်းကြီးများက လေလွင့်ကျင့်ကြံသူများကို လူကဲ့သို့ မဆက်ဆံတော့သည့် အတွက် ဤနေရာတွင် ဆက်နေခြင်းမှာ အသေခံခြင်းနှင့် အတူတူပင်။ ထွက်သွားခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
ထို့ပြင် အကယ်လို့များ ကံကောင်း၍ လမ်းခရီးတွင် မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများကို မတွေ့ခဲ့လျှင် အခြားသော ကျင့်ကြံရေး မြို့တော်များနှင့် စျေးတန်းများသို့ ဘေးကင်းစွာ ရောက်ရှိသွားနိုင်ပေသည်။
သိသာလှသည်မှာ ဤရွေးချယ်မှုမှာ အကျပ်အတည်းကြားမှ ရွေးချယ်ရခြင်းပင်။
"ဒါပေမဲ့ လောလောဆယ်တော့ ဒါက ဆွေးနွေးနေတုန်း အဆင့်ပဲ ရှိသေးတယ်"
"တကယ်လို့ ငါတို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မိတ်ဆွေကို သေချာပေါက် အကြောင်းကြားပါ့မယ်" ဟု ဖန့်ဝေက ကျန်းဖန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
ဖန့်ဝေသည် သူ၏မိသားစုနှင့်အတူ ထွက်ခွာမည်ဆိုပါက အင်အားကြီးမားပြီး အနက်အဓိပ္ပာယ် နက်နဲလှသော ကျန်းဖန်ကို အတူတူ လိုက်စေချင်နေသည်။ ကျန်းဖန်သာ အတူပါလျှင် သူ၏မိသားစုအတွက် ဘေးကင်းလုံခြုံမှုမှာ အဆပေါင်းများစွာ တိုးတက်သွားမည် မဟုတ်ပါလား။
"ပြဿနာမရှိပါဘူး" ဟု ကျန်းဖန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
ဂိုဏ်း၏ သင်္ဘောပျံမရှိဘဲ မိမိဘာသာ ကီလိုမီတာ ထောင်ချီ ခရီးနှင်ရခြင်းမှာ အန္တရာယ်များသည် မှန်သည်။ သို့သော်လည်း ဤနေရာတွင် ဆက်နေခြင်းက ပို၍ပင် အန္တရာယ် ကြီးမားနိုင်ကြောင်း သူ တွေးမိသည်။
ထို့ကြောင့် ထွက်သွားခြင်းကသာ ပို၍ သင့်လျော်ပေလိမ့်မည်။
ကျန်းဖန်သည် ဖန့်ဝေကို နှုတ်ဆက်ပြီးနောက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ မထွက်ခွာမီတွင် မလိုလားအပ်သော အကြည့်များဖြင့် ကြည့်နေကြသည့် ဂိုဏ်းဝင်ကျင့်ကြံသူ အချို့ကိုလည်း သူ သတိပြုမိလိုက်၏။
သို့သော် ထိုသူတို့မှာ တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသဖြင့် ချက်ချင်း လက်စွမ်းမပြကြပေ။
ထို့ကြောင့် ကျန်းဖန်သည် ခြေလှမ်းကို အရှိန်မြှင့်ကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
သူသည် မြစိမ်းတော ဈေးတန်းသို့ မကြာမီအတွင်း ပြန်လာရန် အစီအစဉ်မရှိတော့ပေ။ မူလက ဆေးလုံးအချို့ ဝယ်ရန် စီစဉ်ထားသော်လည်း ယခုအခါ ဤစျေးတန်းမှာ အလွန် အန္တရာယ်များနေပြီဖြစ်ရာ ဆေးလုံးအနည်းငယ် အတွက်နှင့် အသက်ကို အပေါင်မထားနိုင်ပေ။
"ဝိညာဉ်ကျောက်တုံးတွေ ရှိနေရင်တောင် ဒီမှာ သုံးလို့မရတော့ဘူး၊ မြစိမ်းတော ဈေးတန်းက သေးလွန်းနေပြီ"
ကျန်းဖန်က လက်သီးကို တင်းတင်းဆုပ်ရင်း ဤနေရာမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးရက် ကုန်ဆုံးသွားခဲ့သည်။ သန်းခေါင်ယံ အချိန်တွင် ကျန်းဖန်သည် အမည်မဲ့ချိုင့်ဝှမ်းမှ ထွက်လာခဲ့ပြီး 'ပဉ္စမအဆင့် အခွင့်အရေး' ရှိရာ နေရာသို့ အမြန်ဆုံး ရောက်ရှိလာခဲ့၏။
သူသည် သစ်ပင်ကြီးတစ်ပင်အောက်သို့ ရောက်လာသော်လည်း မည်မျှပင် ရှာဖွေစေကာမူ မည်သည့် အခွင့်အရေးကိုမျှ မတွေ့ရပေ။
ဝုန်း…
ထိုခဏတွင် မြေပြင်ကြီးမှာ အပြင်းအထန် တုန်ခါသွားတော့သည်။ ၎င်းမှာ ပြင်းအားအဆင့် ၇ သို့မဟုတ် ၈ ရှိသော ငလျင်တစ်ခုကဲ့သို့ပင် ကီလိုမီတာ ထောင်ချီသော ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့၏။
မြေပြင်ကြီးမှာ အက်ကွဲကြောင်းများ ပေါ်လာပြီး ဝေးလံသော တောင်တန်းအချို့ပင်လျှင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရသည်။
"အဲဒီဘက်က... 'သန္ဓေတည်ဝိညာဉ်အဆင့် ဂူဗိမာန်' ရှိတဲ့ ဘက်ပဲ"
"ဂူဗိမာန်မှာ တစ်ခုခု ဖြစ်လို့လား၊ ဒါမှမဟုတ် ဂိုဏ်းကြီးတွေက အရှင်သခင်တွေ ပေါင်းပြီး တားမြစ်ချက်တွေကို သွားထိလိုက်လို့လား"
ကျန်းဖန်သည် ဝေးလံသော အရပ်ဆီသို့ လှမ်းကြည့်ရင်း စိတ်ဝင်တစား ရှိနေမိသည်။
ဤထူးခြားသော တုန်ခါမှုမှာ ဂူဗိမာန်နှင့် သက်ဆိုင်နေမည်မှာ သေချာလှသည်။ သို့သော် ၎င်းမှာ သူနှင့် မသက်ဆိုင်ပေ။ သူသည် ထိုဂူဗိမာန်သို့ လုံးဝ သွားရန် အစီအစဉ်မရှိပေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာမှ အခွင့်အရေးများသည် သူနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။
ရှပ်
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်ကျော်ကာ ညအမှောင်ထုကို ခွင်း၍ ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် ပျံသန်းလာသည်။ ၎င်းမှာ တစ်စုံတစ်ရာ ပျံသန်းလာခြင်း ဖြစ်ပုံရ၏။
ကျန်းဖန်၏ မျက်စိရှေ့မှာတင် ထိုလျှို့ဝှက်ဆန်းပြားသော အရာမှာ ဤနေရာသို့ ရောက်သည်နှင့် အရှိန်ကုန်သွားကာ သူ၏ ခြေရင်းသို့ ဘုန်းခနဲ ကျလာတော့သည်။
"ပဉ္စမအဆင့် အခွင့်အရေးလား... ဒါက အဲဒီ အခွင့်အရေးပဲလား"
ကျန်းဖန်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ရင်ထဲတွင်လည်း လှိုင်းထန်သွားရသည်။ သူသည် သူ၏ ကံကြမ္မာဇာတာ၏ စွမ်းအားကို အကြိမ်ကြိမ် အံ့ဩခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာမူ မယုံနိုင်စရာပင်။ ၎င်းမှာ အနာဂတ်၏ လမ်းကြောင်းကို ကြိုတင်သိမြင်နေသကဲ့သို့ပင်။
သူ့ကို အကောင်းဆုံးအချိန်တွင် အခွင့်အရေးများကို အရယူစေကာ သူ၏ ကံကြမ္မာကို ပိုမိုမြင့်မားစေခဲ့သည်။
"ဒါက... ဆေးပေါင်းဖိုလေးလား"
ကျန်းဖန်သည် ထိုရတနာကို ကောက်ယူကြည့်လိုက်သောအခါ လက်ဝါးခန့်သာရှိသော ဆေးပေါင်းဖိုလေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုဆေးပေါင်းဖိုပေါ်တွင် လျှို့ဝှက်ဆန်းပြားသော အင်းစာလုံးများစွာကို ထွင်းထုထားပြီး နက်နဲသော စွမ်းအားများလည်း ကိန်းအောင်းနေပုံရသည်။
သံသယဖြစ်စရာ မလိုပါ။ ဤသည်မှာ ထူးခြားဆန်းပြားသော ရတနာကြီးတစ်ခုပင်။
သို့သော် ၎င်းမှာ စွမ်းအင်များ ကုန်ဆုံးနေသည့် အခြေအနေတွင် ရှိနေသဖြင့် လောလောဆယ်တွင် မည်သည့် စွမ်းအားမျှ ထွက်ပေါ်မလာသေးပေ။
ကျန်းဖန်သည် ထိုရတနာကို ရရှိသည်နှင့် ထိုနေရာမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။
အခြားကျင့်ကြံသူများ ဤနေရာသို့ လိုက်လာမလားဆိုသည်ကို မသိနိုင်သဖြင့် 'ပေါ့ပါးခြင်းအင်း' ၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေတော့သည်။
သိပ်မကြာခင်မှာပင် ကျန်းဖန်သည် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ထိုအခါမှသာ သူ စိတ်အေးသွားရတော့သည်။ ဤရတနာကို လုယူရန်အတွက် မည်သူမျှ သူ့နောက်သို့ လိုက်မလာခဲ့ပေ။
သို့သော် ကံကြမ္မာ၏ စောင့်ရှောက်မှုသာ မပါလျှင် ဤရတနာကို သူ ရရှိနိုင်မည် မဟုတ်ပေ။
"ဒါက... 'သန္ဓေတည်ဝိညာဉ်အဆင့် ဂူဗိမာန်' ထဲကနေ လွင့်ထွက်လာတဲ့ ရတနာလား"
ကျန်းဖန်သည် မသင်္ကာသလို တွေးလိုက်မိသည်။ ဤကမ္ဘာပေါ်တွင် တိုက်ဆိုင်မှုဆိုသည်မှာ အကြောင်းမဲ့ မရှိနိုင်ပေ။
ငလျင်ကြီး ဖြစ်ပြီးနောက်တွင် ဤရတနာ ပေါ်လာခြင်းမှာ နှစ်ခုကြားတွင် လျှို့ဝှက်ဆန်းပြားသော ဆက်နွှယ်မှုတစ်ခု ရှိနေသည်မှာ သေချာလှသည်။
"ဒါက ဘာရတနာလဲဆိုတာ သိရအောင်... အရင်ဆုံး ဒါကို ငါ့ရဲ့ လက်နက်အဖြစ် အသိအမှတ်ပြုလိုက်ရမယ်"
ကျန်းဖန်သည် သူ၏ ကံကောင်းခြင်းအမှတ်များကို ချက်ချင်း အသုံးပြုလိုက်သည်။
ကံကောင်းခြင်းအမှတ်များ၏ စွမ်းအားမှာ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးရုံတင်မကဘဲ မည်သည့်ရတနာကိုမဆို မိမိနှင့် တစ်သားတည်းကျအောင် ပြုလုပ်ရာတွင်လည်း ကူညီပေးနိုင်စွမ်း ရှိသည်။
ဝုန်း
ခဏချင်းမှာပင် သူ၏ လက်ကျန် ကံကောင်းခြင်းအမှတ် နှစ်ထောင်လုံးကို အသုံးပြုလိုက်သည်။ ထိုအခါ သူ၏ ကိုယ်တွင်းမှ လျှို့ဝှက်ဆန်းပြားသော စွမ်းအင်များ ထွက်ပေါ်လာပြီး ဆေးပေါင်းဖိုအတွင်းသို့ စီးဝင်သွားတော့သည်။
ထိုခဏတွင် ကျန်းဖန်၏ ဝိညာဉ်အာရုံမှာ ထိုရတနာ၏ အတွင်းပိုင်း အနှစ်သာရအထိ အခက်အခဲမရှိ ထိုးဖောက်သွားနိုင်ခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းမှာလည်း ထိုရတနာ၏ အနှစ်သာရနှင့် ပေါင်းစပ်သွားခဲ့လေပြီ။
…..
အခန်း (၂၀၄) - သန္ဓေတည်ဝိညာဉ်အဆင့် အခွင့်အရေး၊ ရှေးဟောင်းရတနာ ဆေးမျိုးတစ်သောင်း ဆေးပေါင်းဖိုကို ရရှိခြင်း (အပိုင်း ၂)
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းဖန်သည် ဤရတနာနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ၎င်းကို အခြေခံအားဖြင့် စတင် ထိန်းချုပ်နိုင်လေပြီ။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက သာမန် 'ချီ' ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာကို ငါ့ရဲ့ ဆေးမျိုးတစ်သောင်း ဆေးပေါင်းဖိုကို ဘယ်လိုလုပ်ပြီး အသိအမှတ်ပြု လက်နက်အဖြစ် ပြုလုပ်နိုင်ရတာလဲ"
ထိုခဏတွင် ကျန်းဖန်၏ ဝိညာဉ်အသိစိတ်အာရုံထဲ၌ အလွန်အမင်း တုန်လှုပ်ခြောက်ခြားကာ မယုံကြည်နိုင်ဖြစ်နေသော အသံတစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
၎င်းမှာ ဆေးမျိုးတစ်သောင်း ဆေးပေါင်းဖို၏ ကိရိယာဝိညာဉ်ပင် ဖြစ်၏။
ဤဆေးပေါင်းဖို၏ အဆင့်မှာ အလွန်မြင့်မားလှသော 'ရှေးဟောင်းရတနာ' အဆင့် ဖြစ်သဖြင့် မမှန်းဆနိုင်သော စွမ်းအားများ ကိန်းအောင်းနေသည်။
အကယ်၍ ၎င်းကသာ သဘောမတူပါက ရွှေအမြုတေအဆင့် အရှင်သခင်များပင်လျှင် ၎င်းကို ပိုင်ဆိုင်ရန် အိပ်မက်မက်နိုင်မည် မဟုတ်ပေ။
ယခုအခါ စွမ်းအင်များ ကုန်ဆုံးနေသဖြင့် အလွန်အမင်း အားနည်းနေသည့်တိုင်အောင် 'ချီ' ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဤသို့ အတင်းအကျပ် အသိအမှတ်ပြု လက်နက်ပြုလုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
"ငါလည်း မသိဘူးလေ၊ ဒီတိုင်း အလိုလို ဖြစ်သွားတာပဲ"
"ဒါမှမဟုတ် နင်ကပဲ ထူးခြားနေလို့လား" ဟု ကျန်းဖန်က ဘာမှမသိသလို ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
"ထူးဆန်းတယ်... မင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်ခုခု ရှိနေလို့လား"
"ဒါကြောင့်ပဲ ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ထိန်းချုပ်နိုင်တာလား။ အခုတော့ အားလုံးက ပြီးသွားပြီဆိုတော့ နောင်တရလည်း နောက်ကျသွားပြီပေါ့"
"ဒါပေမဲ့ မင်းကတော့ ဒီတစ်ခါ တကယ် ကံထူးတာပဲ။ ငါက ဆေးမျိုးတစ်သောင်း ဆေးပေါင်းဖိုပဲ။ ငါ့ရဲ့ စွမ်းရည်က ရိုးရှင်းတယ်၊ အဲဒါကတော့ ဆေးလုံးအမျိုးမျိုးကို သန့်စင်ပေးနိုင်သလို ဆေးအဆိပ် မှန်သမျှကိုလည်း ဖြေဖျောက်ပေးနိုင်တယ်"
"ဆိုလိုတာက မင်းမှာ အဆင့်မမီတဲ့ ဆေးလုံးတွေပဲဖြစ်ဖြစ်၊ အညံ့စားဆေးလုံးတွေပဲဖြစ်ဖြစ် ရှိရင် ဒီပေါင်းဖိုထဲ ထည့်လိုက်ရုံပဲ။ ငါက အဲဒီဆေးလုံးတွေကို လုံးဝသန့်စင်ပေးပြီး 'ပြီးပြည့်စုံသောအဆင့်' ဆေးလုံးတွေ ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ငါ့ရဲ့ အရင်သခင် 'ဝမ်ဟွာ' ဆိုရင် ညံ့ဖျင်းတဲ့ ဝိညာဉ်မြစ်ဖျားလေးနဲ့တောင် ငါ့ရဲ့ စွမ်းအားကို သုံးပြီး သန္ဓေတည်ဝိညာဉ်အဆင့် ဘိုးဘေးတစ်ဦး ဖြစ်လာခဲ့တာ။ စိတ်မကောင်းစရာက သူက အရမ်းထောင်လွှားလွန်းတော့ နောက်ဆုံးမှာ အခြားသူတွေရဲ့ ဝိုင်းသတ်တာကို ခံလိုက်ရတာပေါ့" ဟု ဆေးပေါင်းဖိုဝိညာဉ်က နောင်တရစွာဖြင့် ပြောပြလေသည်။
"နင်က အဲဒီ သန္ဓေတည် ဝိညာဉ်အဆင့် ဂူဗိမာန်ထဲကနေ လွတ်လာတာလား" ဟု ကျန်းဖန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
သူ ကြိုတင်မှန်းဆထားသော်လည်း ဆေးပေါင်းဖိုကိုယ်တိုင် ပြောပြလာသောအခါ အံ့ဩမိဆဲ ဖြစ်သည်။ သူသည် ဂူဗိမာန်အနီးသို့ပင် မသွားဘဲ ဂိုဏ်းဝင်အရှင်သခင်တွေ လိုက်ရှာနေကြတဲ့ အဖိုးတန်ရတနာကြီးကို လက်ဝယ်ပိုင်ဆိုင်လိုက်ရ၏။
"မှန်တယ်... ခုနက ရွှေအမြုတေအဆင့် အရှင်သခင်တွေ အုပ်စုလိုက်ကြီး ဂူဗိမာန်ရဲ့ တားမြစ်ချက်တွေကို ဝိုင်းတိုက်နေကြတာလေ။ ငါက အိပ်ပျော်နေတာကို သူတို့က လာနှိုးလိုက်ကြတာ။ ဒါပေမဲ့ အဲဒီ အသုံးမကျတဲ့သူတွေ လက်ထဲကို မကျချင်တာနဲ့ ငါ ထွက်ပြေးလာခဲ့တာ။ ဒါပေမဲ့ နိုးလာတာ မကြာသေးတော့ ခဏလေး ပျံလာရသေးတယ် စွမ်းအင်က ကုန်သွားတာနဲ့ မင်းလို ကျင့်ကြံသူလေးရဲ့ လက်ထဲကို ရောက်သွားတာပဲ။ ကြည့်ရတာ မင်းက တကယ် ကံကောင်းတဲ့သူ ဖြစ်ရမယ်"
ဆေးပေါင်းဖိုဝိညာဉ်က စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။
"ဒါဆိုရင် အဲဒီ အရှင်သခင်တွေ ဂူဗိမာန်ထဲကို ရောက်သွားကြပြီလား"
"အဲဒါက ထင်သလောက် မလွယ်ဘူးလေ။ သူတို့ ဝင်နိုင်တာက အပြင်ဘက် ဧရိယာလေးတင်ပဲ။ အတွင်းပိုင်း ဧရိယာမှာရှိတဲ့ အစီအရင်တွေက ပိုပြီး အားကောင်းတယ်။ အဲဒီ အရှင်သခင် အနည်းငယ်လောက်နဲ့တော့ မဖောက်နိုင်ပါဘူး။ ဒါပေမဲ့ မင်းကတော့ အထဲက ရတနာတွေကို သွားပြီး မမက်မောနဲ့ဦး။ ဒီဂူဗိမာန်တစ်ခုလုံးမှာ အဖိုးတန်ဆုံး ရတနာက ငါပဲ၊ ကျန်တာတွေက ပြောပလောက်တာ မဟုတ်ဘူး" ဟု ဆေးပေါင်းဖိုက ဂုဏ်ယူစွာ ပြောလိုက်သည်။
အမှန်တကယ်ပင် ဆေးလုံးများကို သန့်စင်ပေးနိုင်ပြီး ဆေးအဆိပ်များကို ဖယ်ရှားပေးနိုင်သော စွမ်းရည်မှာ ကျင့်ကြံသူတိုင်းအတွက် မက်လောက်စရာပင်။
အညံ့စား 'အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး' တစ်လုံးကိုပင် ပြီးပြည့်စုံသောအဆင့် ဖြစ်အောင် လုပ်ပေးနိုင်လျှင် ၎င်း၏ တန်ဖိုးမှာ အဆပေါင်းများစွာ တက်သွားပေလိမ့်မည်။
"ဆေးလုံးတွေကို သန့်စင်ပေးနိုင်တဲ့ စွမ်းရည်က တကယ် အံ့ဩစရာပဲ"
ကျန်းဖန်သည် ဆေးပေါင်းဖို၏ အစွမ်းကို စမ်းသပ်ရန် သူ၏ လက်ဝယ်ရှိ 'သစ်သားဓာတ် ဆေးလုံး' သုံးလုံးကို ထုတ်ယူကာ ဆေးပေါင်းဖိုအတွင်းသို့ ထည့်လိုက်သည်။
သူသည် သူ၏ 'ဓာတ်ကြီးငါးပါး အင်းကျမ်း' ကို လည်ပတ်စေကာ ဝိညာဉ်စွမ်းအားများကို ဆေးပေါင်းဖိုအတွင်းသို့ စီးဝင်စေလိုက်၏။
"မင်းရဲ့ ဝိညာဉ်စွမ်းအားက ဘာလို့ ဒီလောက်တောင် စင်ကြယ်နေရတာလဲ။ မင်း ဘာကျင့်စဉ်ကို ကျင့်နေတာလဲ"
ဆေးပေါင်းဖိုဝိညာဉ်မှာ အံ့ဩသွားရသည်။ ဤမျှ စင်ကြယ်ပြီး နက်နဲလှသော စွမ်းအားမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
ခဏချင်းမှာပင် ဆေးမျိုးတစ်သောင်း ဆေးပေါင်းဖို တစ်ခုလုံး တုန်ခါလာပြီး အတွင်းပိုင်းမှ 'သောင်းပြောင်းလဲခြင်း ချီ' လှိုင်းများ ထွက်ပေါ်လာကာ ဆေးလုံးများကို စတင် သန့်စင်တော့သည်။
ဝုန်း
လက်မခန့်ရှိသော 'သစ်သားဓာတ် ဆေးလုံး' သုံးလုံးမှာ ထိုအရှိန်အဝါအောက်တွင် စတင် ကျုံ့ဝင်သွားပြီး မည်းနက်သော ဆေးအဆိပ်များနှင့် အညစ်အကြေးများမှာ အပြင်သို့ ထွက်ပေါ်လာသည်။
မကြာမီမှာပင် ဆေးလုံးများမှာ မုယောစပါးစေ့ခန့်သာ ရှိတော့သော်လည်း ကြည်လင်တောက်ပနေကာ မွှေးပျံ့လှသော ဆေးရနံ့များ ထွက်ပေါ်လာတော့၏။
ပြီးပြည့်စုံသောအဆင့် ဆေးလုံး။
သာမန်အဆင့်ရှိသော ဆေးလုံးများမှာ ဆေးပေါင်းဖို၏ အစွမ်းဖြင့် အညစ်အကြေးကင်းစင်သော ပြီးပြည့်စုံသည့် ဆေးလုံးများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။
အရွယ်အစား သေးသွားသော်လည်း ကျန်ရှိနေသည်မှာ ဆေး၏ အနှစ်သာရများသာ ဖြစ်သဖြင့် ဆေးစွမ်းအင်မှာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။
ကျန်းဖန်သည် ထိုဆေးလုံးတစ်လုံးကို ချက်ချင်း မျိုချလိုက်၏။ ဆေးလုံးမှာ ပါးစပ်ထဲရောက်သည်နှင့် ချက်ချင်း အရည်ပျော်သွားပြီး ပြင်းထန်သော ဆေးစွမ်းအင်များမှာ သူ၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်လာတော့သည်။
"ကောင်းလိုက်တာ..."
ကျန်းဖန်သည် ကျန်ရှိသော ဆေးလုံး နှစ်လုံးကိုပါ တစ်ဆက်တည်း သောက်သုံးလိုက်သည်။
ဆေးစွမ်းအင်များမှာ ချော်ရည်များကဲ့သို့ သူ၏ ကိုယ်တွင်း၌ စီးဆင်းနေပြီး သူ၏ တန်းထျန် နှင့် ဝိညာဉ်ပင်လယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ တရိပ်ရိပ် မြင့်တက်လာတော့သည်။
၉၅%၊ ၉၆%၊ ၉၇%၊ ၉၈%၊ ၉၉%...
သာမန်ဆိုပါက လပေါင်းများစွာ ကြိုးစားကျင့်ကြံရမည့် အဆင့်မှာ ပြီးပြည့်စုံသောအဆင့် ဆေးလုံး သုံးလုံးနှင့်တင် မျက်တောင်တခတ်အတွင်း ရောက်ရှိလာခဲ့သည်။
" 'ချီ' ကျင့်ကြံခြင်း အဆင့် (၇) အထွတ်အထိပ်ကို ရောက်ပြီ"
ယခုအခါ ကျန်းဖန်၏ ကိုယ်တွင်းရှိ အဓိက သွေးကြောခုနစ်သွယ်လုံးမှာ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်လျှံနေပြီး အနည်းငယ်မျှ တွန်းအားပေးလိုက်ရုံနှင့် အဆင့် (၈) သို့ တက်လှမ်းနိုင်တော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
……
အခန်း (၂၀၅) - 'ချီ' ကျင့်ကြံခြင်း အဆင့် (၈) သို့ တက်လှမ်းခြင်းနှင့် နိမိတ်ဖတ်အင်း။
ဝုန်း…
ထိုခဏတွင် ကျန်းဖန်သည် 'ဓာတ်ကြီးငါးပါး အင်းကျမ်း' ကို လည်ပတ်စေလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝိညာဉ်စွမ်းအား ဝဲဂယက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့၏။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကမ္ဘာမှ ဝိညာဉ်စွမ်းအား အမြောက်အမြားမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာကြသည်။
၎င်းမှာ အရှိန်အဟုန်ပြည့်နေသော ရေလှိုင်းကြီးတစ်ခုက နောက်ဆုံးအတားအဆီးကို ရိုက်ခတ်လိုက်သကဲ့သို့ပင်။
သူ၏ ကိုယ်တွင်းရှိ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများသည် ရှစ်ခုမြောက် သွေးကြောမကြီးကို အားစိုက်စရာမလိုဘဲ အလိုအလျောက် ထိုးဖောက်သွားနိုင်ခဲ့လေပြီ။
'ချီ' ကျင့်ကြံခြင်း အဆင့် (၈)။
ယခုအခါ ကျန်းဖန်သည် အဆင့် (၈) သို့ တရားဝင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ကိုယ်တွင်းရှိ အဓိက သွေးကြောမကြီး ရှစ်သွယ်လုံးမှာ ဆက်သွယ်သွားခဲ့ပြီဖြစ်ရာ ဝိညာဉ်စွမ်းအားများမှာ သွေးကြောတစ်ခုချင်းစီအတွင်း လွတ်လပ်စွာ စီးဆင်းနေကြတော့သည်။
၎င်းမှာ မြစ်မကြီးများအတွင်း အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေလှိုင်းကြီးများကဲ့သို့ပင် အားမာန်အပြည့် ရှိနေတော့၏။
"ဒါက အဆင့် (၈) ရဲ့ စွမ်းအားပေါ့..."
"အရင်ကနဲ့ တကယ် ကွာခြားတာပဲ၊ ကျင့်စဉ်အဆင့်က အများကြီး တိုးတက်လာပြီ။ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ ပိုပြီး နီးစပ်လာပြီ"
ကျန်းဖန်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်ရင်း ခန္ဓာကိုယ်၏ အခြေအနေကို အာရုံခံကြည့်လိုက်သည်။
ယခင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ ဝိညာဉ်စွမ်းအားမှာ အနည်းဆုံး တစ်ဝက်ခန့် ထပ်မံတိုးပွားလာခဲ့သည်။
ထို့ပြင် သွေးကြောတစ်ခုချင်းစီမှာလည်း ပိုမိုကျယ်ပြန့်လာပြီး ဝိညာဉ်စွမ်းအားများကို ပိုမိုသိုလှောင်နိုင်လာသလို ဝိညာဉ်အာရုံမှာလည်း ပိုမိုစူးရှလာခဲ့သည်။
ပို၍ အရေးကြီးသည်မှာ သူ၏ တန်းထျန်နှင့် ဝိညာဉ်ပင်လယ် အတွင်းရှိ 'မူလအင်းသန္ဓေ' မှာလည်း ပိုမိုကြီးထွားလာခဲ့ပြီး ရှစ်ခုမြောက် 'အသက်သွေးကြောအင်း' ကို ထွင်းထုရန် အဆင်သင့် ဖြစ်နေခြင်းပင်။
"ရှစ်ခုမြောက် အသက်သွေးကြောအင်းအတွက် ရွေးချယ်စရာတွေ အများကြီးရှိပေမဲ့... ငါ့စိတ်ထဲမှာ ကြိုတင်သတ်မှတ်ထားတာကတော့ 'နိမိတ်ဖတ်အင်း'ပဲ"
ကျန်းဖန်၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ ဤ 'နိမိတ်ဖတ်အင်း' ဆိုသည်မှာ အဆင့်မြင့်အင်းတစ်ခု ဖြစ်သော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ ထင်သလောက် မကြီးမားလှပေ။
၎င်းကို အသုံးပြုပါက ကံကောင်းခြင်းနှင့် ကံဆိုးခြင်း နိမိတ်အချို့ကိုသာ အနည်းငယ်မျှ အာရုံခံနိုင်ခြင်းဖြစ်ပြီး အကွာအဝေး ကန့်သတ်ချက်များလည်း ရှိနေတတ်သည်။
သာမန်ကျင့်ကြံသူများအတွက်မူ ဤအင်းမှာ အသုံးမဝင်သော အရာတစ်ခုကဲ့သို့ပင်။
စျေးနှုန်းကြီးသလောက် ထိရောက်မှု မရှိသောကြောင့်ပင်။ သို့သော် ကျန်းဖန်မှာမူ မတူပေ။ သူသည် 'ကောင်းကင်နှင့်အမျှ ကောင်းချီးခံစားရသူ' ဟူသော ထူးခြားသည့် ကံကြမ္မာဇာတာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အကယ်၍ ဤ 'နိမိတ်ဖတ်အင်း' ကိုသာ ပေါင်းစပ်လိုက်ပါက ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
ဝုန်း…
ကျန်းဖန်သည် မဆိုင်းမတွဘဲ သူ၏ ကံကောင်းခြင်းအမှတ် နှစ်ထောင်ကို အသုံးပြုကာ ထိုးထွင်းသိမြင်မှု အခြေအနေသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။
ထိုအခါ သူ၏ ကိုယ်တွင်းရှိ မူလအင်းသန္ဓေမှာ တရိပ်ရိပ် လည်ပတ်နေပြီး 'နိမိတ်ဖတ်အင်း' ၏ ဝိညာဉ်စာလုံးများမှာ တစ်လုံးချင်းစီ စတင် ပေါ်ပေါက်လာတော့သည်။
အချိန်အတန်ကြာပြီးနောက်တွင် 'နိမိတ်ဖတ်အင်း' မှာ မူလအင်းသန္ဓေပေါ်တွင် အောင်မြင်စွာ ထွင်းထုပြီးစီးသွားခဲ့ချေပြီ။
ဒေါင်
ကျန်းဖန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး မမြင်ရသော ကံကြမ္မာစွမ်းအားတစ်ခုမှာ ထိုအင်းအတွင်းသို့ စီးဝင်သွားကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာတော့သည်။
ထိုအင်းမှ ထွက်ပေါ်လာသော မမြင်ရသည့် စွမ်းအားတစ်ခုက သူ၏ ဝိညာဉ်ကို ကံကြမ္မာမြစ်ကြီးအတွင်းသို့ ခေါ်ဆောင်သွားရာ ကံကြမ္မာ၏ မြူခိုးများကို မြင်တွေ့သကဲ့သို့ ခံစားလိုက်ရသည်။
ယခုအခါ သူသည် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်း ရှိသွားခဲ့ချေပြီ။
"မနက်ဖြန်က ခရီးဝေးသွားဖို့ မသင့်တော်တဲ့နေ့ပဲ၊ အိမ်မှာပဲ ကျင့်ကြံနေတာက ကံကောင်းခြင်းလေးတွေ ရနိုင်တယ်"
ကျန်းဖန်၏ အသိစိတ်အာရုံထဲသို့ သတင်းစကားတစ်ခု စီးဝင်လာသည်။ သူသည် မနက်ဖြန်အတွက် သူ၏ ကံကြမ္မာကို ကြိုတင်သိရှိသွားခြင်းပင်။ ၎င်းမှာ အနာဂတ်ကို ပိုမိုပိုင်နိုင်စွာ ထိန်းချုပ်နိုင်လာခြင်း ဖြစ်သည်။
"နိမိတ်ဖတ်အင်းက ငါနဲ့ တကယ် လိုက်ဖက်တာပဲ"
"သာမန်ကျင့်ကြံသူတွေဆိုရင် ဒီအင်းကို သုံးရင်တောင် ဒီလောက်အထိ ထိရောက်မှာ မဟုတ်ဘူး"
ကျန်းဖန်မှာ ရင်ထဲတွင် ဝမ်းသာပီတိ ဖြစ်နေမိသည်။
ဤသို့ ထူးခြားသော ရလဒ်ထွက်ပေါ်လာခြင်းမှာ 'နိမိတ်ဖတ်အင်း' ကို လည်ပတ်စေသော စွမ်းအားမှာ ဝိညာဉ်စွမ်းအားသက်သက် မဟုတ်ဘဲ ကျင့်ကြံသူ၏ ကံကြမ္မာအရှိန်အဝါကြောင့်ပင် ဖြစ်သည်။ သာမန်ကျင့်ကြံသူများတွင် ကံကြမ္မာအရှိန်အဝါ နည်းပါးသဖြင့် ဤအင်း၏ အကျိုးသက်ရောက်မှုမှာ မသိသာလှပေ။
သို့သော် ကျန်းဖန်မှာမူ 'ကောင်းကင်နှင့်အမျှ ကောင်းချီးခံစားရသူ' ဇာတာကို ပိုင်ဆိုင်ထားသဖြင့် ကမ္ဘာလောက၏ ကံကြမ္မာများကို အဆုံးမရှိ စုပ်ယူနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် သူ၏ ကိုယ်ပေါ်ရှိ ကံကြမ္မာအရှိန်အဝါမှာ အလွန်ပင် ကြီးမားနေခြင်း ဖြစ်၏။
ယခင်က ဘေးအန္တရာယ်များကို ရှောင်ကွင်းနိုင်ခြင်းမှာ ပင်ကိုယ်ဗီဇအသိ အပေါ်မှာသာ အခြေခံခဲ့သော်လည်း ယခုမူ မတူတော့ပေ။
'နိမိတ်ဖတ်အင်း' ၏ စွမ်းအားဖြင့် ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်သလို အခွင့်အရေးများကိုလည်း ကြိုတင်သိရှိနိုင်တော့မည် ဖြစ်သည်။
တစ်ခုမှာ 'အလိုက်သင့်' ဖြစ်သော်လည်း ယခုမှာမူ 'တက်ကြွစွာ' ဖြစ်လာခဲ့ချေပြီ။
၎င်းမှာ သူ၏ အသက်ရှင်သန်နိုင်စွမ်းကို ထိတ်လန့်စရာကောင်းသော အဆင့်အထိ မြှင့်တင်ပေးလိုက်ခြင်းပင်။ မမျှော်လင့်သော ဘေးဆိုးများ ကြုံလာရမှာကို စိုးရိမ်နေစရာ မလိုတော့ပေ။
ကျန်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ အခြေအနေပြ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။
[ အမည် - ကျန်းဖန် ]
[ ကံကြမ္မာဇာတာ - ကောင်းကင်နှင့်အမျှ ကောင်းချီးခံစားရသူ (ဘေးဒုက္ခကို အန်တုနိုင်ပြီး ကံကောင်းခြင်းများ နောက်ကလိုက်တတ်သည်) ]
[ သက်တမ်း - ၁၇၀ နှစ် ]
[ ဝိညာဉ်အမြစ် - မြေကမ္ဘာ ဝိညာဉ်အမြစ် ]
[ ကံကောင်းခြင်းအမှတ် - ၂၀၀၀ အမှတ် ]
[ ပိုင်ဆိုင်မှု - ဝိညာဉ်ကျောက်တုံး ၄၅၀၀၀ ]
[ ကျင့်စဉ် - မြွေပျံကျင့်စဉ် (မပြည့်စုံ) - 'ချီ' ကျင့်ကြံခြင်း အခန်း ]
[ ဓာတ်ကြီးငါးပါး အင်းကျမ်း (ပထမအဆင့်) ၊ အသက်သွေးကြောအင်း ၊ ကြာပြာမြေမီးလျှံအင်း (အစပြုအဆင့်), ပေါ့ပါးခြင်းအင်း (အောင်မြင်မှုကြီး), အရှိန်အဝါဖျောက်အင်း (အောင်မြင်မှုကြီး), ကာကွယ်ရေးအင်း (အောင်မြင်မှုကြီး), ရွှေရောင်အလင်းအင်း (အောင်မြင်မှုကြီး), ကိုယ်ရည်စစ်အင်း (အောင်မြင်မှုကြီး), ယင်ယန်ကတ္တုဝါအင်း (အစပြုအဆင့်), နိမိတ်ဖတ်အင်း (အစပြုအဆင့်) ]
[ ကျင့်စဉ်အဆင့် - 'ချီ' ကျင့်ကြံခြင်း အဆင့် (၈) (၁%) ]
[ အသက်မွေးဝမ်းကျောင်း - ထိပ်တန်း အင်းဆရာ (၅၀%) ]
ပေါ်ထွက်လာသော အချက်အလက်များကို ကြည့်ရင်း ကျန်းဖန်သည် အလွန်ပင် စိတ်ကျေနပ်သွားတော့လေသည်။