← Chapters

အခန်း (၂၀၀-၂၀၂)

Vol. 15 Ch. 200-202

အခန်း (၂၀၀-၂၀၂)

Vol. 15 Ch. 200-202

အခန်း (၂၀၀) - နေမင်းကြီးဓားဂိုဏ်းက ဘာမို့လို့လဲ၊ သတ်မြဲအတိုင်း သတ်မည်။(အပိုင်း ၂)

"မဖြစ်နိုင်တာ"

"မင်းရဲ့ ကိုယ်ပေါ်မှာ ဘယ်လို ကာကွယ်ရေးဝိညာဉ်လက်နက်မျိုး ရှိနေတာလဲ"

"ငါတို့ ဓားကျင့်ကြံသူ ငါးယောက်ပေါင်းပြီး တိုက်တာကိုတောင် ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိနေရတာလဲ"

ဤမြင်ကွင်းကို ကြည့်ပြီး ဝေထုံဟိန်းနှင့် သူ၏အပေါင်းအပါများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြကာ သူတို့၏ မျက်ဝန်းအိမ်များမှာလည်း တုန်လှုပ်မှုကြောင့် ကျဉ်းမြောင်းသွားကြသည်။

အမှန်တကယ်ပင် သူတို့သည် သတ်ဖြတ်ခြင်း အတတ်တွင် ပြိုင်ဘက်ကင်းကာ မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်သည်ဟု နာမည်ကျော်ကြားသော ဓားကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် ယခုမူ တစ်ဖက်လူက ဝိညာဉ်ဒိုင်းတစ်ခုတည်းဖြင့် သူတို့၏ ဓားချီလှိုင်းများကို အေးအေးဆေးဆေး ပိတ်ဆို့ထားနိုင်ခဲ့သည်။ ၎င်းမှာ သူတို့အတွက် လက်ခံနိုင်စရာမရှိသော ကိစ္စပင်။

သူတို့၏ ဓားချီလှိုင်းက ရန်သူ၏ ကာကွယ်ရေးကိုပင် မဖောက်နိုင်လျှင် သူတို့၏ စွမ်းအားမှာ အသုံးမဝင်တော့ဟု အဓိပ္ပာယ်ရပေသည်။

"မင်းတို့ သိစရာ မလိုပါဘူး၊ ငရဲကိုပဲ သွားလိုက်ကြတော့"

ကျန်းဖန်၏ မျက်လုံးများမှာ အေးစက်လှသော အလင်းတန်းများဖြင့် တောက်ပနေပြီး မည်သည့်အရာကိုမျှ ရှင်းပြရန် ဆန္ဒမရှိပေ။

သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်သွေးကြောအင်း ဖြစ်သော 'ကြာပြာမြေမီးလျှံအင်း'ကို ချက်ချင်း နှိုးဆွလိုက်သည်။

ဤသည်မှာ အဆင့် (၂) ရှိသော အင်းတစ်ခုဖြစ်ပြီး ကြာပြာမြေမီးလျှံ၏ စွမ်းအားများ ကိန်းအောင်းနေသည်။ ၎င်းမှာ ကျန်းဖန်၏ အစွမ်းထက်ဆုံးသော အသက်သွေးကြောအင်း ဖြစ်ပြီး အလွန်ပင် ပြင်းထန်သော စွမ်းအားရှိ၏။

ယခုအခါ 'ချီ' ကျင့်ကြံခြင်း အဆင့် (၇) သို့ ရောက်ရှိထားသဖြင့် ကျန်းဖန်၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာလည်း ဒီရေတက်သကဲ့သို့ တိုးပွားနေလေပြီ။ ထို့ကြောင့် သူသည် ဤအင်းကို ယခင်ကထက် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်လာခြင်း ဖြစ်သည်။

ထိုခဏတွင် ကြာပြာမြေမီးလျှံအင်းမှာ တုန်ခါသွားပြီး ဝိညာဉ်စွမ်းအား အမြောက်အမြားကို ဝါးမြိုလိုက်ကာ စိမ်းပြာရောင် အလင်းတန်းများ ဖြာထွက်လာတော့သည်။

သူ၏ တန်းထျန် နှင့် ဝိညာဉ်ပင်လယ်အတွင်းမှ ကြာပြာမြေမီးလျှံ စွမ်းအားလှိုင်းများသည် ကျန်းဖန်၏ လက်ချောင်းထိပ်များဆီသို့ စုစည်းရောက်ရှိလာသည်။

ထို့နောက် နောက်ဆုံးတွင် စိမ်းပြာရောင် မီးလျှံကျည်ဆံများအဖြစ်သို့ ပြောင်းလဲသွားတော့၏။

"ဘာ..."

ဤစိမ်းပြာရောင် မီးလျှံစွမ်းအားကို မြင်လိုက်ရသောအခါ ဝေထုံဟိန်းနှင့် ကျန်သူများမှာ ကြက်သီးမွေးညင်းများ ထသွားကြပြီး သူတို့၏ အသက်အန္တရာယ်ကို ကြီးမားစွာ ခြိမ်းခြောက်ခံနေရပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်ကြသည်။

"ဘာတွေ ဖြစ်နေတာလဲ... ဒီစိမ်းပြာရောင် မီးလျှံကို ရင်းနှီးနေသလိုပဲ"

"တောက်... ဒါက သာမန်မီးလျှံ မဟုတ်ဘူး၊ ကောင်းကင်နဲ့ မြေကမ္ဘာကြားက ထူးခြားဆန်းပြားတဲ့ မီးလျှံ... ကြာပြာမြေမီးလျှံပဲကွ"

"မဖြစ်နိုင်တာ... သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမီးလျှံမျိုးကို ရနိုင်မှာလဲ။ ဒီကောင်လေး ဘယ်လိုလုပ်လိုက်တာလဲ"

"ပြေးကြ... ငါတို့ ကြာပြာမြေမီးလျှံကို မယှဉ်နိုင်ဘူး"

ဝေထုံဟိန်းနှင့် ကျန်သူများ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ ကျန်းဖန်၏ လက်ချောင်းထိပ်မှ စိမ်းပြာရောင် မီးလျှံများကို ကြည့်ရင်း သူတို့ဂိုဏ်း၏ မှတ်တမ်းများထဲတွင် ဖတ်ဖူးခဲ့သော သတင်းအချက်အလက်များကို ချက်ချင်း သတိရသွားကြခြင်း ဖြစ်သည်။

ယခင်က သူတို့သည် 'ဓာတ်ကြီးငါးပါး ဆေးလုံးဂိုဏ်း' နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုဂိုဏ်းမှ ဆေးလုံးကျင့်ကြံသူများသည် အလွန်ပင် ခက်ထန်ကြမ်းတမ်းကြ၏။

အချို့သော ဆေးလုံးကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကမ္ဘာကြားရှိ ဝိညာဉ်မီးလျှံများကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်ထားကြသည်။

ထို့ကြောင့် နေမင်းကြီးဓားဂိုဏ်းမှ ဓားကျင့်ကြံသူများသည် ထူးခြားဆန်းပြားသော မီးလျှံများအကြောင်းကို ကောင်းကောင်း သိထားကြသည်။ ထိုမီးလျှံများထဲတွင်ပင် ကြာပြာမြေမီးလျှံမှာ အကောင်းဆုံးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အတိုင်းအဆမရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဒီလေလွင့်ကျင့်ကြံသူက ဒါကို ဘယ်လိုလုပ် ရထားတာလဲ။ မဟုတ်ဘူး... ဒီကောင်လေးက လေလွင့်ကျင့်ကြံသူ မဟုတ်လောက်ဘူး။ သူက 'ဓာတ်ကြီးငါးပါးဆေးလုံးဂိုဏ်း' ရဲ့ အတွင်းစည်းတပည့် ဖြစ်ရမယ်။ ဒီနေ့ကိစ္စက သူတို့ ခင်းထားတဲ့ ထောင်ချောက်ပဲ ဖြစ်ရမယ်။ ငါတို့တော့ ခံလိုက်ရပြီ...။

ဤသို့တွေးလိုက်မိသည်နှင့် ဝေထုံဟိန်းနှင့် သူ၏အပေါင်းအပါများမှာ ချက်ချင်းပင် ထွက်ပြေးရန် ပြင်လိုက်ကြသည်။ သို့သော်လည်း အားလုံးက နောက်ကျသွားခဲ့ချေပြီ။

ရှပ် ရှပ် ရှပ်

တစ်ခဏချင်းမှာပင် ကျန်းဖန်က လက်ဦးမှု ယူလိုက်သည်။ သူ၏ ကိုယ်တွင်းရှိ ကြာပြာမြေမီးလျှံအင်းမှာ ပေါက်ကွဲထွက်လာပြီး မီးလျှံကျည်ဆံ ငါးခုအဖြစ် ပစ်လွှတ်လိုက်လေပြီ။

ထိုမီးလျှံကျည်ဆံများမှာ အသံထက်မြန်သော အရှိန်ဖြင့် ရန်သူများထံသို့ တိုးဝင်သွားတော့၏။

"သွားပြီ..."

ဝေထုံဟိန်းနှင့် ကျန်သူများမှာ အစပိုင်းတွင် သူတို့၏ ကိုယ်ပေါ်ရှိ ကာကွယ်ရေးဝိညာဉ်လက်နက်များကို အသုံးပြုကာ ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သွားခဲ့သည်။

ဝုန်း

မီးလျှံကျည်ဆံများမှာ သူတို့၏ ဝိညာဉ်ဒိုင်းများကို အားစိုက်စရာမလိုဘဲ အလွယ်တကူ ဖောက်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို စတင် လောင်ကျွမ်းစေတော့သည်။

ကြာပြာမြေမီးလျှံ၏ စွမ်းအားမှာ ပြင်းထန်လှသဖြင့် သူတို့တစ်ကိုယ်လုံးကို မီးလျှံများဖြင့် ဖုံးလွှမ်းသွားစေသည်။

"တောက်... ဓာတ်ကြီးငါးပါးဆေးလုံးဂိုဏ်း၊ ငါတို့ နေမင်းကြီးဓားဂိုဏ်းက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

ဝေထုံဟိန်းနှင့် သူ၏အပေါင်းအပါများမှာ နာကျင်စွာ အော်ဟစ်နေကြရင်း ကျန်းဖန်ကို ဓာတ်ကြီးငါးပါး ဆေးလုံးဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးဟု အခိုင်အမာ ထင်မှတ်သွားကြတော့သည်။

အကြောင်းမှာ ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် မီးလျှံမျိုးကို ထိုဂိုဏ်းမှ ကျင့်ကြံသူများသာ ကိုင်တွယ်နိုင်သည်ဟု သူတို့ ယုံကြည်ထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း သူတို့ မည်မျှပင် အော်ဟစ်နေပါစေ အရာမထင်တော့ပေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့အားလုံးမှာ ကြာပြာမြေမီးလျှံ၏ လောင်ကျွမ်းမှုကြောင့် အသက်ပျောက်သွားခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ပြာအတိ ဖြစ်သွားခဲ့ရရုံတင်မကဘဲ ကိုယ်ပေါ်ရှိ ကာကွယ်ရေးဝိညာဉ်လက်နက်များပင်လျှင် အရည်ပျော် ပျက်စီးသွားခဲ့ရသည်။

၎င်းမှာ ကြာပြာမြေမီးလျှံ၏ ထိတ်လန့်စရာကောင်းသော ဖျက်ဆီးနိုင်စွမ်းပင် ဖြစ်ပေသည်။

"ကြာပြာမြေမီးလျှံအင်းကတော့ ငါ့ကို စိတ်မပျက်စေဘူးပဲ၊ စွမ်းအားက တကယ် ကြောက်စရာကောင်းတယ်"

"တကယ်လို့ ငါ့ဆီမှာ ဝိညာဉ်စွမ်းအားသာ ပိုရှိမယ်ဆိုရင် ဒီအင်းရဲ့ စွမ်းအားနဲ့ 'အုတ်မြစ်တည်ဆောက်ခြင်းအဆင့်' ကျင့်ကြံသူကိုတောင် ယှဉ်နိုင်မှာပဲ"

ကျန်းဖန်သည် ဤအင်း၏ အစွမ်းကို ကောင်းစွာ ခံစားမိလိုက်သည်။ ထို့ကြောင့်ပင် သူသည် အချိန်အတော်ကြာ ကျင့်ကြံခဲ့သော်လည်း ဤအင်းဖော်စပ်မှု ကျွမ်းကျင်စွမ်းရည်မှာ 'အစပြုသူအဆင့်' မှာပဲ ရှိနေသေးခြင်း ဖြစ်သည်။ 'ကျွမ်းကျင်အဆင့်' သို့ တက်လှမ်းရန်မှာ 'ချီ' ကျင့်ကြံခြင်း အဆင့် (၇) ရုံနှင့် မလုံလောက်သေးပေ။

မည်သို့ပင်ဆိုစေ... နေမင်းကြီးဓားဂိုဏ်းမှ ဓားကျင့်ကြံသူ ငါးဦးစလုံးမှာတော့ သူ၏ လက်ချက်ဖြင့် အစအနမကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။

"ဒါပေမဲ့... အဆိပ်ဖြေအင်းတွေကို ဆက်ရောင်းဖို့ကတော့ မလွယ်တော့ဘူးပဲ" ဟု ကျန်းဖန်က သက်ပြင်းချရင်း တွေးလိုက်သည်။

ကျင့်စဉ်လောကတွင် ငွေရှာရသည်မှာ အလွန်ပင် ခက်ခဲလှ၏။ ဝင်ငွေနည်းပြန်လျှင်လည်း ကျင့်ကြံရေးအတွက် မလုံလောက်၊ ဝင်ငွေများလာပြန်လျှင်လည်း အခြားသူများ၏ မနာလိုမှုကို ခံရကာ ဘေးဒုက္ခများ ဖိတ်ခေါ်သကဲ့သို့ ဖြစ်တတ်သည်။ ယခုကိစ္စမှာ သက်သေပင်။

သူသည် တစ်ခါတည်းနှင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော် ရှာလိုက်သဖြင့် ဂိုဏ်းဝင်ကျင့်ကြံသူများ၏ ပစ်မှတ်ဖြစ်သွားခဲ့ရသည်။

ကံကောင်းသည်မှာ သူသည် မြစိမ်းတော ဈေးတန်း အတွင်း၌ မရောင်းဘဲ ဆင်းရဲသားရပ်ကွက်ရှိ မှောင်ခိုစျေးတွင် ရောင်းချခဲ့ခြင်းပင်။

သို့မဟုတ်ပါက သူ လွယ်လွယ်နှင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

လေလွင့်ကျင့်ကြံသူများကြားတွင် ရောနှောနေထိုင်ပြီး အခြားသူများကဲ့သို့သာ ရှာဖွေစားသောက်ခြင်းက ပို၍ စိတ်ချရလေသည်။

သို့သော် ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်လိုလျှင် ငွေရှာရန်မှာလည်း မရှိမဖြစ် လိုအပ်လှပေသည်။

"အင်းတွေကို ဆက်ရောင်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

"ဒါပေမဲ့ ဒီနေမင်းကြီးဓားဂိုဏ်းသားတွေကို ရှင်းထုတ်လိုက်ရတော့ ခဏလောက်တော့ ရောင်းလို့ဖြစ်မှာ မဟုတ်ဘူး"

"မြစိမ်းတော ဈေးတန်းထဲကို ဝင်ပြီး ဆေးလုံးတွေ ဝယ်ဖို့ကလည်း ခဏလောက်တော့ ဆိုင်းငံ့ထားရဦးမယ်"

ကျန်းဖန်၏ မျက်လုံးများမှာ အေးစက်သွားသည်။ သူသာ ရတနာများနှင့် ဆေးလုံးများကို အမြောက်အမြား ဝယ်ယူနေပါက နေမင်းကြီးဓားဂိုဏ်း၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။

သာမန် လေလွင့်ကျင့်ကြံသူ တစ်ဦးက ဤမျှများပြားသော ရတနာများကို မည်သို့ ဝယ်ယူနိုင်ပါမည်နည်း။

သို့သော် ကိစ္စမရှိပေ။ ခဏလောက် လူမသိအောင် ပုန်းနေလိုက်လျှင် အားလုံး အဆင်ပြေသွားပါလိမ့်မည်။

ကျန်းဖန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ ဝိညာဉ်သိုလှောင်အိတ် ငါးအိတ်နှင့် ဓားပျံ ငါးစင်းလုံးကို ချက်ချင်း သိမ်းဆည်းလိုက်သည်။

သူခိုးဆိုသည်မှာ ဘာမှ ချန်မထားခဲ့သင့်ပေ။ ရတနာ တစ်ခုတစ်လေကိုပင် သူ မချန်ခဲ့ပေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းဖန်သည် 'ပေါ့ပါးခြင်းအင်း' ၏ စွမ်းအားကို အသုံးပြုကာ သူ၏ အရှိန်အဝါကို ဖျောက်ပစ်ပြီး ထိုနေရာမှ အစအနမကျန် ပျောက်ကွယ်သွားခဲ့လေတော့သည်။

ကျန်းဖန် ထွက်ခွာသွားပြီး မကြာမီမှာပင် အခြားသော လေလွင့်ကျင့်ကြံသူ အချို့ ရောက်ရှိလာကြသည်။ ကျန်းဖန်၏ နောက်သို့ နေမင်းကြီးဓားဂိုဏ်းသား ငါးဦးတည်း လိုက်လာခြင်း မဟုတ်ဘဲ အခြားသူများလည်း လိုက်လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဓားကျင့်ကြံသူ ငါးဦးမှာ အမြန်ဆုံးဖြစ်သဖြင့် အခွင့်အရေးကို လက်ဦးမှု ယူနိုင်ခဲ့ကြခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းမှာ သူတို့အတွက် ချမ်းသာမည့်လမ်း မဟုတ်ဘဲ သေမင်းတံခါးဝ ဖြစ်နေခဲ့သည်။

"မဖြစ်နိုင်တာ... နေမင်းကြီးဓားဂိုဏ်းက တပည့်ငါးယောက်လုံးကို အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ အင်းဆရာက သတ်ပစ်လိုက်တာလား"

"တကယ့်ကို အားကောင်းလွန်းတယ်၊ သူတို့ထဲက တစ်ယောက်ကို ငါ သိတယ်၊ အဲဒါ ဝေထုံဟိန်းပဲ။ သူက နေမင်းကြီးဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်၊ 'ချီ' ကျင့်ကြံခြင်း အဆင့် (၈) ရှိတဲ့ ဓားကျင့်ကြံသူလေ။ သူတောင် ခံလိုက်ရတာလား"

"ဒီအင်းဆရာက ဘယ်သူမို့လို့ ဂိုဏ်းသားတွေကို သတ်ရဲရတာလဲ။ နေမင်းကြီးဓားဂိုဏ်းရဲ့ ဒေါသကို မကြောက်ဘူးလား၊ 'ရွှေအမြုတေ' အဆင့်ရှိတဲ့ ဂိုဏ်းကြီးရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရမှာ မစိုးရိမ်ဘူးလား"

"မင်း ငအပဲ... ပတ်ဝန်းကျင်မှာ ပြန့်လွင့်နေတဲ့ ထူးခြားဆန်းပြားတဲ့ မီးလျှံအရှိန်အဝါကို မင်း အာရုံမခံမိဘူးလား။ 'ဓာတ်ကြီးငါးပါး ဆေးလုံးဂိုဏ်း' ကလွဲရင် ဘယ်သူက ဝိညာဉ်မီးလျှံကို သုံးနိုင်မှာလဲ။ ဒါကြောင့် ဒီလျှို့ဝှက်အင်းဆရာက အဲဒီဂိုဏ်းက ဖြစ်ရမယ်။ ဒါက ဂိုဏ်းကြီးနှစ်ခုကြားက အားပြိုင်မှုပဲဟ၊ ငါတို့သာ အတင်းဝင်တိုက်မိရင် ငါတို့လည်း အသက်ပျောက်မှာပဲ"

"ဟင်... ဓာတ်ကြီးငါးပါး ဆေးလုံးဂိုဏ်းနဲ့ နေမင်းကြီးဓားဂိုဏ်းက ငြိမ်းချမ်းရေး ယူထားကြတာ မဟုတ်ဘူးလား။ ဘာလို့ ပြန်တိုက်နေကြတာလဲ"

"ဟဲဟဲ... မိတ်ဆွေတွေ၊ ဆွေမျိုးတွေ သေထားကြတာကို တစ်ညတည်းနဲ့ ငြိမ်းချမ်းရေး ရပါ့မလား။ အပေါ်ယံမှာတော့ အဆင်ပြေချင်ယောင် ဆောင်နေကြပေမဲ့ အောက်ခြေမှာ ဘယ်လောက်တောင် တိုက်ခိုက်နေကြမလဲဆိုတာ ဘယ်သူသိမှာလဲ"

"တောက်... ငါတို့တော့ လုပ်ကြံမှုတွေကြားထဲ ရောက်သွားပြီ ထင်တယ်။ ပြေးကြရအောင်၊ မဟုတ်ရင် ငါတို့လည်း ကြားညှပ်ကုန်မယ်။ ဒါက ငါတို့လို လေလွင့်ကျင့်ကြံသူတွေ ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး"

လေလွင့်ကျင့်ကြံသူ အများအပြားမှာ မျက်နှာပျက်ကုန်ကြပြီး ဤကိစ္စမှာ သူတို့ မစွက်ဖက်ရဲသော လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နိုင်ကြောင်း ရိပ်မိသွားကြကာ ထိုနေရာမှ အသီးသီး ထွက်ပြေးကုန်ကြတော့လေသည်။

…..

အခန်း (၂၀၁) - ပဉ္စမအဆင့် အခွင့်အရေးနှင့် အဆင့်မြင့် 'သစ်သားဓာတ်' ဆေးလုံးများ ရရှိခြင်း။

သိပ်မကြာခင်မှာပင် ကျန်းဖန်သည် မည်သူမျှ သတိမပြုမိစေဘဲ အမည်မဲ့ ချိုင့်ဝှမ်းအတွင်းသို့ အေးအေးဆေးဆေး ပြန်လည်ရောက်ရှိလာခဲ့သည်။

ဝုန်း

ထိုခဏတွင် သူ၏ ဝိညာဉ်အသိစိတ်အာရုံထဲသို့ သတင်းစကားတစ်ခု စီးဝင်လာတော့သည်။

"နေမင်းကြီးဓားဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် သင်သည် ပြန်လည်ခုခံကာ ရန်သူကို သတ်ဖြတ်နိုင်ခဲ့ပြီး သေဘေးမှ သီသီလေး လွတ်မြောက်ကာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သင်သည် ကံကောင်းခြင်းအမှတ် လေးထောင်နှင့် ပဉ္စမအဆင့် အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။"

ဤသတင်းစကားကို အာရုံခံမိလိုက်သောအခါ ကျန်းဖန်သည် အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားခဲ့ရသည်။

မိမိ၏ ပတ်ဝန်းကျင်ရှိ ကံကြမ္မာ အရှိန်အဝါ ပိုမိုတောက်ပလာပြီး ကောင်းကင်ဘုံ၏ စောင့်ရှောက်မှုကို ရရှိထားသကဲ့သို့ ခံစားလိုက်ရသည်။

အမှန်တကယ်တော့ သူ၏လက်ဝယ်တွင် ကံကောင်းခြင်းအမှတ် နှစ်ထောင်ခန့်သာ ကျန်တော့ခြင်း ဖြစ်သည်။ ယခု ထပ်တိုးလာသော လေးထောင်နှင့်ဆိုပါက စုစုပေါင်း ခြောက်ထောင်အထိ ရှိသွားချေပြီ။ သူ့အတွက်မူ ကံကောင်းခြင်းအမှတ် များလေလေ၊ ကောင်းလေလေ မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ 'ပဉ္စမအဆင့် အခွင့်အရေး' ပင် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ထိတ်လန့်စရာကောင်းသော အခွင့်အရေးမျိုး ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သိသာလှသည်မှာ သူ၏ ကံကြမ္မာကြယ်ပွင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းပင်။

ကျန်းဖန်သည် မဆိုင်းမတွဘဲ စိတ်အာရုံဖြင့် ထိုအခွင့်အရေး အလင်းစက်ကို နှိပ်လိုက်သည်။ ထိုအခါ နောက်တစ်စက္ကန့်တွင် အခွင့်အရေးနှင့်ဆိုင်သော အချက်အလက်များ ထပ်မံ ပေါ်လာတော့သည်။

"နောက်ထပ် ဆယ်ရက်အကြာ၊ သန်းခေါင်ယံ အချိန်၌ အရှေ့မြောက်ဘက် ဆယ့်သုံးကီလိုမီတာ အကွာရှိ သစ်ပင်ကြီးတစ်ပင်အောက်သို့ သွားရောက်၍ ပဉ္စမအဆင့် အခွင့်အရေးကို ရယူပါ။"

"တကယ်ပဲ ဒီလောက် ရိုးရှင်းတာလား..."

ဤသတင်းစကားကြောင့် ကျန်းဖန်မှာ မျက်တောင်တခတ်ခတ်ဖြင့် အံ့အားသင့်သွားရသည်။ ပဉ္စမအဆင့် အခွင့်အရေးကို ရယူရန်မှာ ဤမျှလွယ်ကူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သူသည် အများကြီး ဆက်မစဉ်းစားတော့ဘဲ နောက်ထပ် ဆယ်ရက်ကြာလျှင် အဖြေပေါ်လာလိမ့်မည်ဟုသာ မှတ်ယူလိုက်သည်။ ဤအခွင့်အရေးက သူ့ကို စိတ်ပျက်စေမည်မဟုတ်ဟု သူ မျှော်လင့်နေမိသည်။

"ဟုတ်သားပဲ... ခုနက နေမင်းကြီးဓားဂိုဏ်းသား ငါးယောက်ဆီက ရတဲ့ ဝိညာဉ်သိုလှောင်အိတ်တွေလည်း ရှိသေးတာပဲ"

"အထဲမှာ ဘယ်လိုရတနာတွေ ပါမလဲ ကြည့်ရသေးတာပေါ့"

ကျန်းဖန်သည် သိုလှောင်အိတ် ငါးအိတ်လုံးကို ထုတ်ယူကာ တစ်အိတ်ချင်းစီကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ထိုအခါ အိတ်များအတွင်းရှိ ရတနာများမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။

"မဖြစ်နိုင်တာ... ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်တောင် များတာလား"

"အခုတော့ ငါ တကယ်ပဲ ချမ်းသာသွားပြီဟေ့"

ကျန်းဖန်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။ သိုလှောင်အိတ်များအတွင်းရှိ ဝိညာဉ်ကျောက်တုံး စုစုပေါင်းမှာ တစ်သောင်းခန့် ရှိနေသည်။

တစ်ဖက်လူများမှာလည်း နေမင်းကြီးဓားဂိုဏ်းမှ 'ချီ' ကျင့်ကြံခြင်း အဆင့်နှောင်းပိုင်း ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့တစ်ဦးစီတွင် ဝိညာဉ်ကျောက်တုံး တစ်ထောင်၊ နှစ်ထောင်ခန့် ရှိနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

ကျန်းဖန်၏ လက်ဝယ်တွင် မူလက ရှစ်ထောင်ရှိပြီး အဆိပ်ဖြေအင်းများ ရောင်းရငွေ နှစ်သောင်းခုနစ်ထောင်နှင့် ယခုရရှိသော တစ်သောင်း၊ အားလုံးပေါင်းလိုက်ပါက ဝိညာဉ်ကျောက်တုံး လေးသောင်းငါးထောင်အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် ဤမျှများပြားသော ပမာဏမှာ 'အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး' တစ်လုံးကိုပင် အေးအေးဆေးဆေး ဝယ်ယူနိုင်သည်။

သာမန် ကျင့်ကြံသူ မိသားစုလေး တစ်ခုအတွက်ပင်လျှင် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားနိုင်ရန်မှာ မလွယ်ကူလှပေ။

"နေဦး... ဒါတွေက အဆင့်မြင့်ဆေးလုံးတွေဖြစ်တဲ့ 'သစ်သားဓာတ် ဆေးလုံး' တွေ မဟုတ်လား"

"သုံးပုလင်းတောင် ရှိတာလား..."

ကျန်းဖန်မှာ ဝမ်းသာအားရ ဖြစ်သွားပြန်သည်။ ဤ 'သစ်သားဓာတ် ဆေးလုံး'ဆိုသည်မှာ မှို၊ ဂျင်ဆင်း နှင့် လေလွင့်ပန်း စသည့် ဝိညာဉ်ဆေးပင်များဖြင့် ဖော်စပ်ထားသော ဆေးလုံးများ ဖြစ်သည်။

၎င်းကို သောက်သုံးလိုက်ပါက ပြင်းထန်သော ဆေးစွမ်းအင်များ ပါဝင်သဖြင့် 'ချီ' ကျင့်ကြံခြင်း အဆင့်နှောင်းပိုင်း ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် အလွန်သင့်တော်လှသည်။

ဆေးတစ်လုံးတည်းနှင့်ပင် လပေါင်းများစွာ ကြိုးစားကျင့်ကြံရမည့် အဆင့်ကို ချက်ချင်း ရောက်ရှိစေနိုင်သည်။

ဤဆေးလုံး တစ်ပုလင်း၏ တန်ဖိုးမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ရှိသော်လည်း ဝိညာဉ်ကျောက်တုံး ရှိရုံနှင့် ဝယ်ယူရန် မလွယ်ကူလှပေ။

အကြောင်းမှာ မြစိမ်းတော ဈေးတန်း ရှိ အဆင့်မြင့်ဆေးလုံး အများစုကို ဂိုဏ်းဝင်ကျင့်ကြံသူများကသာ သိမ်းကျုံးယူထားလေ့ရှိသောကြောင့် ဖြစ်သည်။

လေလွင့်ကျင့်ကြံသူ များအတွက်မူ ဝယ်ယူရန်မှာ အလွန်ခဲယဉ်းလှပေသည်။

ယခင်က ကျန်းဖန်မှာလည်း ဤအခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ငွေအမြောက်အမြား ရှိသော်လည်း လိုချင်သော ရတနာများကို ဝယ်မရခြင်းမှာ စျေးကွက်အတွင်း အရင်းအမြစ်များ ရှားပါးမှုကို သက်သေပြနေခြင်းပင်။

သို့သော် ယခုမူ သူသည် ဂိုဏ်းဝင်ကျင့်ကြံသူများကို သတ်ဖြတ်ကာ ထိုဆေးလုံးများကို ပိုင်ဆိုင်နိုင်ခဲ့ချေပြီ။

"ဒီဆေးလုံး သုံးပုလင်းသာ ရှိမယ်ဆိုရင် ငါ 'ချီ' ကျင့်ကြံခြင်း အဆင့် (၈) ကို ရောက်ဖို့က သိပ်မလိုတော့ဘူးပဲ" ဟု ကျန်းဖန်က ကျေနပ်စွာ တွေးလိုက်သည်။

၎င်းအပြင် အဆင့်လတ်ဆေးလုံး ဆယ်ပုလင်းနှင့် အဆိပ်ဖြေဆေး၊ အနာကျက်ဆေး စသည့် အထောက်အကူပြု ဆေးလုံးများစွာကိုလည်း သူ ရရှိခဲ့သေးသည်။

ထို့ပြင် အင်း များစွာနှင့် အဆင့်မြင့် ဝိညာဉ်လက်နက် သုံးခုကိုလည်း ရရှိခဲ့ရာ ဂိုဏ်းဝင်တပည့်များသည် သာမန် လေလွင့်ကျင့်ကြံသူ များထက် များစွာ ချမ်းသာကြကြောင်း သက်သေပြနေတော့သည်။

ကျန်းဖန်သည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး 'သစ်သားဓာတ် ဆေးလုံး' တစ်လုံးကို ထုတ်ယူကာ ချက်ချင်း မျိုချလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ 'ဓာတ်ကြီးငါးပါး အင်းကျမ်း’ ကို လည်ပတ်စေကာ ဆေးစွမ်းအင်များကို အမြန်ဆုံး ချေဖျက်လိုက်တော့သည်။

စင်ကြယ်သော ဆေးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ တိုးဝင်သွားသည်။ သူ၏ ကျင့်စဉ်အဆင့်မှာလည်း တရှိန်ထိုး တိုးတက်လာတော့၏။

လပေါင်းများစွာ ကြိုးစားအားထုတ်ရမည့် ကျင့်စဉ်အဆင့်မှာ ဆေးတစ်လုံးတည်းနှင့်ပင် မျက်တောင်တခတ်အတွင်း ရောက်ရှိလာခဲ့လေပြီ။

ဆေးလုံးများသည် ကျင့်ကြံသူများအတွက် အရှိန်မြှင့်စက်များကဲ့သို့ပင် အလွန် အရေးကြီးလှပေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် ခုနစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ကျန်းဖန်သည် အမည်မဲ့ချိုင့်ဝှမ်းအတွင်းမှာပင် အခြေချကာ ကျင့်ကြံနေခဲ့ပြီး မြစိမ်းတော ဈေးတန်း သို့ ထပ်မံ မသွားရောက်ခဲ့ပေ။

ရရှိထားသော ရတနာများနှင့် ဆေးလုံးများကို အသုံးချရန် အချိန်ယူနေခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် 'သစ်သားဓာတ် ဆေးလုံး' များ ရရှိထားသဖြင့် လောလောဆယ်တွင် အခြားကျင့်ကြံရေး အရင်းအမြစ်များကို သူ မလိုအပ်သေးပေ။

……

အခန်း (၂၀၂) - ပဉ္စမအဆင့် အခွင့်အရေးနှင့် အဆင့်မြင့် 'သစ်သားဓာတ်' ဆေးလုံးများ (အပိုင်း ၂)

ဤ 'သစ်သားဓာတ် ဆေးလုံး' များကို ချေဖျက်ရင်း သူ၏ အချိန်အတော်များများကို ကုန်ဆုံးစေခဲ့သည်။

သို့သော်လည်း ဤခုနစ်ရက်အတွင်း ကျန်းဖန်၏ ကျင့်စဉ်အဆင့်မှာ တရှိန်ထိုး တိုးတက်လာခဲ့သည်။

သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများမှာ လျင်မြန်စွာ မြင့်တက်လာပြီး 'ချီ' ကျင့်ကြံခြင်း အဆင့် (၇) ၏ အထွတ်အထိပ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။ ၎င်းမှာ တကယ့်ကို ထိတ်လန့်စရာကောင်းသော တိုးတက်မှုနှုန်းပင်။

ယခုအခါ သူ၏ လက်ဝယ်တွင် 'သစ်သားဓာတ် ဆေးလုံး' တစ်ပုလင်းသာ ကျန်တော့ရာ ၎င်းမှာ သူ၏ ဆေးလုံးချေဖျက်နိုင်စွမ်းက အခြားကျင့်ကြံသူများထက် များစွာသာလွန်ကြောင်း သက်သေပြနေသည်။

ကျန်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ အခြေအနေပြ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။

[ အမည် - ကျန်းဖန် ]

[ ကံကြမ္မာဇာတာ - ကောင်းကင်နှင့်အမျှ ကောင်းချီးခံစားရသူ (ဘေးဒုက္ခမှ သီသီလေး လွတ်မြောက်ပြီးနောက် ကံကောင်းခြင်းကြီးစွာ ရရှိတတ်သည်) ]

[ သက်တမ်း - ၁၇၀ နှစ် ]

[ ဝိညာဉ်အမြစ် - မြေကမ္ဘာ ဝိညာဉ်အမြစ် ]

[ ကံကောင်းခြင်းအမှတ် - ၆၀၀၀ အမှတ် ]

[ ပိုင်ဆိုင်မှု - ဝိညာဉ်ကျောက်တုံး ၄၅၀၀၀ ]

[ ကျင့်စဉ် - မြွေပျံကျင့်စဉ် (မပြည့်စုံ) - 'ချီ' ကျင့်ကြံခြင်း အခန်း ]

[ ဓာတ်ကြီးငါးပါး အင်းကျမ်း (ပထမအဆင့်) ၊ အသက်သွေးကြောအင်း ၊ ကြာပြာမြေမီးလျှံအင်း (အစပြုအဆင့်), ပေါ့ပါးခြင်းအင်း (အောင်မြင်မှုကြီး), အရှိန်အဝါဖျောက်အင်း (အောင်မြင်မှုကြီး), ကာကွယ်ရေးအင်း (အောင်မြင်မှုကြီး), ရွှေရောင်အလင်းအင်း (အောင်မြင်မှုကြီး), ကိုယ်ရည်စစ်အင်း (အောင်မြင်မှုကြီး), ယင်ယန်ကတ္တုဝါအင်း (အစပြုအဆင့်) ]

[ ကျင့်စဉ်အဆင့် - 'ချီ' ကျင့်ကြံခြင်း အဆင့် (၇) (၉၀%) ]

[ အသက်မွေးဝမ်းကျောင်း - ထိပ်တန်း အင်းဆရာ (၅၀%) ]

သိသာလှသည်မှာ ဤခုနစ်ရက်အတွင်း 'သစ်သားဓာတ် ဆေးလုံး' များ၏ အကူအညီဖြင့် သူ၏ ကျင့်စဉ်မှာ အဆင့် (၇) အထွတ်အထိပ်သို့ ရောက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။

အထွတ်အထိပ်သို့ ရောက်သည်နှင့် အဆင့် (၈) သို့ အလိုအလျောက် တက်လှမ်းနိုင်လိမ့်မည်။

သာမန် လေလွင့်ကျင့်ကြံသူများအတွက်မူ ဤအဆင့်မှာ ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်နိုင်သော်လည်း ကျန်းဖန်အတွက်မူ ရေဆူမှတ်သို့ ရောက်သည်နှင့် အခက်အခဲမရှိ ပေါက်ကွဲထွက်သွားမည့် ကိစ္စမျိုးသာ ဖြစ်သည်။

၎င်းမှာ မြေကမ္ဘာ ဝိညာဉ်အမြစ်၏ အကျိုးကျေးဇူးပင်။

"အချိန်တော်တော် ကြာသွားပြီဆိုတော့ အခြေအနေတွေလည်း နည်းနည်း ငြိမ်လောက်ပြီ"

"မြစိမ်းတော ဈေးတန်းကို သွားပြီး သတင်းအချက်အလက်တွေ စုံစမ်းရဦးမယ်"

ကျန်းဖန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

နေမင်းကြီးဓားဂိုဏ်းမှ ကျင့်ကြံသူ ငါးဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဤကိစ္စ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို သူ စိုးရိမ်နေမိဆဲ ဖြစ်သည်။

သူသည် မည်သည့် သဲလွန်စမျှ ချန်မထားခဲ့ဟု ယုံကြည်သော်လည်း ဘေးကင်းရန်မှာ အဓိက မဟုတ်ပါလား။

ကျန်းဖန်သည် မဆိုင်းမတွဘဲ မြစိမ်းတော ဈေးတန်းသို့ တစ်ဖန် ဦးတည်လိုက်သည်။ သို့သော် ဆင်းရဲသားရပ်ကွက်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင်၏ အခြေအနေမှာ အလွန် တင်းမာနေကြောင်း သူ သတိပြုမိလိုက်သည်။

ရံဖန်ရံခါတွင် ဂိုဏ်းဝင်ကျင့်ကြံသူများ ပေါ်လာတတ်သည်ကိုလည်း တွေ့ရ၏။ သူသည် ချက်ချင်းပင် ဖန့်ဝေ၏ အိမ်သို့ သွားရောက်ကာ လွန်ခဲ့သည့် ရက်ပိုင်းက ဘာတွေ ဖြစ်ခဲ့သလဲဆိုသည်ကို မေးမြန်းလိုက်သည်။

"မိတ်ဆွေကျန်း... မင်း ဒီရက်ပိုင်းအတွင်း မြစိမ်းတော ဈေးတန်း ကို မလာတာ တကယ် ကံကောင်းတယ်၊ မဟုတ်ရင် ပြဿနာကြီးကြီးတက်မှာ သေချာတယ်"

"မင်း ယုံမှာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ခုနစ်ရက်တုန်းက မှောင်ခိုစျေးမှာ အဆိပ်ဖြေအင်းတွေကို အမြောက်အမြား လာရောင်းတဲ့သူ ရှိတယ်လေ။ သူက ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး ရှာသွားတော့ နေမင်းကြီးဓားဂိုဏ်းသားတွေ အထိ အာရုံစိုက်မိသွားတာပေါ့"

"ဒါပေမဲ့ အဲဒါက နေမင်းကြီးဓားဂိုဏ်းသားတွေကို ချုံခိုတိုက်ဖို့ ခင်းထားတဲ့ ထောင်ချောက် ဖြစ်နေတာ။ မင်း ထင်တဲ့အတိုင်းပဲ... ဓားဂိုဏ်းက တပည့်ငါးယောက်လုံး အသတ်ခံလိုက်ရတယ်။ ဒီကိစ္စက နေမင်းကြီးဓားဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာပဲ"

"အထူးသဖြင့် အခုက 'သန္ဓေတည်ဝိညာဉ်အဆင့် ဂူဗိမာန်' ပေါ်လာတဲ့ အရေးကြီးတဲ့ အချိန်လေ။ တပည့်ငါးယောက် သေသွားတော့ နေမင်းကြီးဓားဂိုဏ်းက 'အုတ်မြစ်တည်ဆောက်ခြင်းအဆင့်' အကြီးအကဲတွေ တော်တော်လေး ဒေါသထွက်နေကြတယ်။ ဒီအလုပ်ကို လုပ်သွားတာက 'ဓာတ်ကြီးငါးပါး ဆေးလုံးဂိုဏ်း' က ကျင့်ကြံသူတွေလို့ အားလုံးက ယူဆနေကြတယ်" ဟု ဖန့်ဝေက လွန်ခဲ့သည့် ရက်ပိုင်းက အဖြစ်အပျက်များကို အသေးစိတ် ပြောပြလိုက်သည်။

"အော်... အဲဒီလိုဆိုရင်တော့ ဒီဂိုဏ်းကြီး နှစ်ခု ပြန်တိုက်ကြတော့မှာပေါ့" ဟု ကျန်းဖန်က မျက်တောင်တခတ်ခတ်ဖြင့် မေးလိုက်သည်။

သူသည် သူ ပြဿနာတက်လိမ့်မည်ဟု ထင်ထားသော်လည်း ယခုမူ 'ဓာတ်ကြီးငါးပါးဆေးလုံးဂိုဏ်း' က သူ့ကိုယ်စား အပြစ်ပုံချခြင်း ခံလိုက်ရချေပြီ။ သိသာလှသည်မှာ ၎င်းမှာ သူ၏ ကံကောင်းခြင်းကြောင့်ပင် ဖြစ်သည်။

ရံဖန်ရံခါတွင် ဆိုးရွားသော အခြေအနေတစ်ခုမှာ ကောင်းမွန်သော ရလဒ်အဖြစ် ပြောင်းလဲသွားတတ်၏။ ရန်သူကို လမ်းမှားသို့ ပို့ဆောင်ပေးလိုက်သဖြင့် သူသည် ဘေးကင်းစွာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

"တကယ်တော့ တိုက်ပွဲဖြစ်လုနီးပါး ဖြစ်သွားခဲ့သေးတယ်"

"ဒါပေမဲ့ 'ဓာတ်ကြီးငါးပါး ဆေးလုံးဂိုဏ်း' က သူတို့နဲ့ မဆိုင်ဘူးလို့ အပြတ်ငြင်းနေတာ၊ 'နေမင်းကြီးဓားဂိုဏ်း' မှာလည်း ခိုင်လုံတဲ့ သက်သေက မရှိဘူးလေ။ နောက်ဆုံးတော့ 'ရွှေအမြုတေ အရှင်သခင်' တွေရဲ့ ကြားဝင်မှုကြောင့်ပဲ ဒီကိစ္စကို ခဏ လက်စသတ်လိုက်ရတာ။ ဂိုဏ်းကြီးနှစ်ခုကြားက တင်းမာမှုကလည်း ခေတ္တ ငြိမ်သွားတယ်"

"အရှင်သခင်တွေအတွက်တော့ 'ချီ' ကျင့်ကြံခြင်းအဆင့် တပည့်အနည်းငယ် သေတာက အရေးမကြီးဘူးလေ၊ အရေးကြီးတာက သန္ဓေတည်ဝိညာဉ်အဆင့် ဂူဗိမာန်ပဲ။ အဲဒါက တရားဓမ္မကို ထိုးထွင်းသိမြင်နိုင်မယ့် အခွင့်အရေးဆိုတော့ ကျန်တဲ့ ကိစ္စမှန်သမျှကို ဘေးဖယ်ထားကြတာပေါ့" ဟု ဖန့်ဝေက ရှင်းပြသည်။

"ဒါပေမဲ့ ဆင်းရဲသားရပ်ကွက်ထဲမှာ ဘာလို့ ဂိုဏ်းဝင်ကျင့်ကြံသူတွေ အများကြီး တွေ့နေရတာလဲ။ အခြေအနေက တော်တော် တင်းမာနေပုံပဲ၊ တခြား တစ်ခုခု ထပ်ဖြစ်သေးလို့လား" ဟု ကျန်းဖန်က မေးလိုက်သည်။

"သက်ပြင်းချစရာပဲ မိတ်ဆွေကျန်းရာ... အပေါ်ယံမှာတော့ ဂိုဏ်းနှစ်ခုက ငြိမ်းချမ်းသွားသလိုပဲ၊ ဒါပေမဲ့ သူတို့ရဲ့ နောက်ကွယ်က အားပြိုင်မှုက ပိုပြီး ပြင်းထန်လာတယ်။ သူတို့က စျေးတန်းထဲမှာ မတိုက်ရဲတော့ ဆင်းရဲသားရပ်ကွက်ထဲမှာ လာတိုက်ကြတာပေါ့။ အခု ဒီနေရာက ဂိုဏ်းတပည့်တွေရဲ့ စစ်တလင်း ဖြစ်နေပြီ။ ခဏခဏ တိုက်ပွဲတွေဖြစ်တော့ လေလွင့်ကျင့်ကြံသူတွေလည်း အထိနာကုန်ကြတာပေါ့"

"အမှန်အတိုင်းပြောရရင် ငါလည်း အမည်မဲ့ချိုင့်ဝှမ်းကို ပြန်ဖို့ စဉ်းစားနေတာ။ ဒီဆင်းရဲသားရပ်ကွက်မှာ ဆက်နေရင် ဘယ်လောက်ကြာကြာ ခံမလဲ မသိဘူး" ဟု ဖန့်ဝေက အားကိုးရာမဲ့စွာ ဆိုလိုက်သည်။

သံသယဖြစ်စရာ မလိုပါ၊ ဝေထုံဟိန်းနှင့် ကျန်သူများ သေဆုံးမှုမှာ ဂိုဏ်းကြီးနှစ်ခုကြားက ပဋိပက္ခကို အကြီးအကျယ် မီးမွှေးလိုက်ခြင်းပင်။

သူတို့သည် ယခင်တိုက်ပွဲများမှာကတည်းက ဆွေမျိုးမိတ်ဆွေများစွာ ဆုံးရှုံးထားကြသဖြင့် လွယ်လွယ်နှင့် ငြိမ်းချမ်းနိုင်ကြမည် မဟုတ်ပေ။

အရှင်သခင်များက ဖိနှိပ်ထားသဖြင့် အပေါ်ယံတွင် မလှုပ်ရှားရဲသော်လည်း တောထဲတောင်ထဲတွင် တွေ့သည်နှင့် အသေအလဲ တိုက်ခိုက်ကြတော့သည်။ ထို့ကြောင့် ဂိုဏ်းတပည့်များမှာ ယခုအခါ အုပ်စုလိုက်သာ သွားလာကြပြီး တစ်ဦးတည်း မသွားရဲကြတော့ပေ။

လေလွင့်ကျင့်ကြံသူများအတွက်မူ "နတ်ဘုရားတွေ တိုက်ကြတော့ သာမန်လူတွေ ခံရသည်" ဆိုသကဲ့သို့ပင်။ ဂိုဏ်းသားများ တိုက်ခိုက်ရာတွင် နေရာဒေသနှင့် လေလွင့်ကျင့်ကြံသူများကို ဂရုမစိုက်ကြသဖြင့် ဘေးထွက်ဆိုးကျိုးများကြောင့် ဒဏ်ရာရသူများစွာ ရှိနေလေသည်။

"သန္ဓေတည်ဝိညာဉ်အဆင့် ဂူဗိမာန်ဘက်မှာရော ဘယ်လို အခြေအနေရှိလဲ" ဟု ကျန်းဖန်က ဆက်မေးသည်။

"မသေချာဘူး။ ကြားရတာတော့ 'ရွှေအမြုတေ အရှင်သခင်' အချို့က ဂူဗိမာန်ရဲ့ အပြင်ဘက်ကို ရောက်နေကြပြီတဲ့။ သူတို့က အပြင်ဘက်က တားမြစ်ချက် အစီအရင်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်လို့ ဆိုတယ်။ မကြာသေးခင်ကပဲ အချို့ဂိုဏ်းတွေက လေလွင့်ကျင့်ကြံသူ တွေကို ငှားပြီး ဂူဗိမာန်ထဲကို အတူတူ စူးစမ်းဖို့ စီစဉ်နေကြတယ်တဲ့"

"လေလွင့်ကျင့်ကြံသူတွေကို ငှားတယ်ဟုတ်လား။ ဒါက 'အမြှောက်စာ' လုပ်ဖို့ ရှာနေတာ မဟုတ်ဘူးလား"၊ ကျန်းဖန်၏ မျက်နှာမှာ ထူးဆန်းသွားသည်။

ဂိုဏ်းကြီးများတွင် အကျိုးအမြတ်တစ်ခုခုရှိလျှင် လေလွင့်ကျင့်ကြံသူများထံသို့ မည်သည့်အခါမျှ အလှည့်ရောက်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

"ဟုတ်တယ်... သူတို့က အမြှောက်စာ ရှာနေတာပဲ။ ဂူဗိမာန်က အလွန်ကျယ်ပြောပြီး နေရာတိုင်းမှာ တားမြစ်ချက်တွေ၊ အစီအရင်တွေ ရှိနေတာလေ။ အဲဒီတားမြစ်ချက်တွေက ဟောင်းနွမ်းနေပြီဆိုပေမဲ့ ဂိုဏ်းတပည့်တွေကတော့ ကိုယ်တိုင် မစမ်းရဲကြဘူး။ အမှားအယွင်းတစ်ခု လုပ်မိတာနဲ့ တားမြစ်ချက်ရဲ့ ဒဏ်ကိုခံရပြီး အသက်ပျောက်သွားနိုင်တယ်လေ။ ဒါကြောင့် လေလွင့်ကျင့်ကြံသူ တွေကို သုံးပြီး ဘယ်နေရာက အားနည်းလဲ၊ ဘယ်အစီအရင်က ပျက်စီးနေပြီလဲဆိုတာကို စမ်းသပ်ခိုင်းချင်နေကြတာ" ဟု ဖန့်ဝေက ရှင်းပြသည်။

၎င်းမှာ လေလွင့်ကျင့်ကြံသူ များ၏ အမြှောက်စာဘဝပင်။

"တကယ်ပဲ အသေခံမယ့် လေလွင့်ကျင့်ကြံသူတွေ ရှိပါ့မလား" ဟု ကျန်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

အကျိုးအမြတ် မည်မျှပင်ကြီးစေကာမူ အသက်နှင့် လဲရမည်ဆိုပါက မည်သူမျှ လိုလားမည် မဟုတ်ပေ။

"မှန်တယ်... ဘယ်လေလွင့်ကျင့်ကြံသူကမှ အသေမခံချင်ကြဘူး။ ဒါကြောင့် အဲဒီဂိုဏ်းတွေက တစ်ဦးတည်း သွားလာနေတဲ့ လေလွင့်ကျင့်ကြံသူတွေကို အတင်းအကျပ် ဖမ်းဆီးနေကြတယ်လို့ သတင်းထွက်နေတယ်။ မကြာသေးခင်ကပဲ တောထဲမှာ ပျောက်သွားတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်တဲ့။ အဲဒါကြောင့် ဆင်းရဲသားရပ်ကွက်ထဲက လူတွေလည်း အတော်လေး ထိတ်လန့်နေကြတာပေါ့" ဟု ဖန့်ဝေက စိုးရိမ်တကြီး ပြောလိုက်သည်။

သူသည်လည်း 'ဖြောင့်မတ်သောဂိုဏ်း' ဟု မိမိကိုယ်မိမိ ခေါ်ဆိုကြသော ဂိုဏ်းကြီးများမှာ ယခုကဲ့သို့ ရက်စက်လာကြသည်ကို အံ့ဩနေမိသည်။

ယခင်ကတော့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားကြသော်လည်း ယခုမူ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် ဘာမဆို လုပ်ဝံ့သည့် မိစ္ဆာကျင့်ကြံသူများကဲ့သို့ပင် ပြုမူနေကြချေပြီ။

"တကယ်ပဲ အဲဒီလိုတွေ ဖြစ်နေတာလား"

ကျန်းဖန်သည် မျက်လုံးကို မှေးလိုက်သည်။

မြစိမ်းတော ဈေးတန်းသည် ဘေးအန္တရာယ် များလာနိုင်ကြောင်း သူ သိထားသော်လည်း ထိုဘေးအန္တရာယ်မှာ ဂိုဏ်းကြီးများထံမှ လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အကယ်၍ သူတို့ကသာ လေလွင့်ကျင့်ကြံသူများကို ပစ်မှတ်ထားလာလျှင် မည်သူက လွတ်မြောက်နိုင်ပါမည်နည်း။

"ဟုတ်တယ်... အချို့လေလွင့်ကျင့်ကြံသူတွေကတော့ မြစိမ်းတော ဈေးတန်းကနေ ထွက်ပြေးဖို့ ကြိုးစားနေကြပြီ။ မကြာခင်မှာ ထွက်ခွာမယ့်သူတွေ အတွက် အစီအစဉ်တွေ လုပ်နေကြတယ်လို့ ကြားတယ်" ဟု ဖန့်ဝေက တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ သင်္ဘောပျံ မရှိဘဲနဲ့ ဘယ်လို ထွက်သွားမှာလဲ" ဟု ကျန်းဖန်က မေးလိုက်သည်။

"သင်္ဘောမရှိရင် လမ်းလျှောက်ပြီး သွားရမှာပေါ့။ အားလုံး အဆင်ပြေမယ်ဆိုရင် ကီလိုမီတာ သုံးထောင်လောက်ကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီမှာနေပြီး အသေခံမယ့်အစား ထွက်သွားတာက ပိုကောင်းပါတယ်။ အနည်းဆုံးတော့ ကိုယ့်အသက်ကို ကိုယ့်လက်ထဲမှာ ထားနိုင်တာပေါ့" ဟု ဖန့်ဝေက အားကိုးရာမဲ့စွာ ဆိုလိုက်လေတော့သည်။

All Chapters