← Chapters

ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါ။

Vol. 72 Ch. 853

ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါ။

Vol. 72 Ch. 853

စုရီနှင့်အဖွဲ့သည် မီးတိမ်လှိုဏ်ဂူရှိရာသို့ ဦးတည်၍ခရီးဆက်ခဲ့ကြ၏။ တစ်လမ်းလုံးတွင် သူတို့သည် အရှိန်အဝါကို လုံးဝဖုံးကွယ်ခြင်း မရှိဘဲ ပေါ်ပေါ်တင်တင် သွားလာခဲ့သည်။

ယင်းကြောင့် ဝမ်ကျိုးဖူတစ်ယောက် ရင်တထိတ်ထိတ် ဖြစ်နေ၏။ သူနှင့်ဝမ်မိသားစုမှ ထိုအဖိုးကြီးများ ဤတောင်တန်းအတွင်းသို့ ဝင်ရောက်ခဲ့စဉ် ခြေလှမ်းတိုင်းကို သတိထားခဲ့ကြရသည်။

‌ရောင်ဝါကြောင့် နတ်ဆိုးသားရဲများနှင့် အခြားသော မမျှော်လင့်ထားသည့် အန္တရာယ်ကို ဆွဲဆောင်မိမည်ကို ကြောက်ရွံ့ခဲ့ကြ၏။

သို့သော် ယခုမူ ယွီလောင်နှင့် စုရီသည် မည်သည့်အရာကိုမျှ ဂရုမစိုက်သည့် အလား အေးအေးလူလူပင် ဖြတ်သန်းနေသည်။

( ဒီလူငယ်က တကယ်ပဲ နတ်ဓားရှင်ရွှမ်ကြွယ် ဝင်စားတာများလား။ )

ဝမ်ကျိုးဖူတစ်ယောက် စိတ်နှလုံး တုန်လှုပ်နေခဲ့သည်။ ယခုအချိန်အထိ သူသည် အပြည့်အဝ မယုံကြည်နိုင်သေးချေ။

မကြာသေးမီက အရိုင်းမြေကိုးပါးတွင် ပျံ့နှံ့နေသော ကောလာဟလများအရ စုရီသည် မရဏကမ္ဘာမှလာသူဖြစ်ပြီး နတ်ဓားရှင်အဖြစ် ဟန်ဆောင်ကာ ဟောင်ယောင်ကို သတ်လျက် ယွီလောင်ကို ကျွန်ပြုထားသူဟု ဆိုကြသည်။

မည်သို့သော အရူးမျိုးက ဤမျှ ကြီးလေးသော တားမြစ်ချက်ကို ချိုးဖောက်ပြီး နတ်ဓားရှင်အဖြစ် ဟန်ဆောင်ဝံ့သနည်း။

သို့သော် စုရီသည် သူ့ကိုကယ်တင်စဉ် ပြသခဲ့သောစွမ်းရည်များကို မြင်လိုက်ရချိန်တွင် ပို၍ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။

ဤလူငယ်သည် အလွန်ဆုံးရှိလှ အသက်နှစ်ဆယ်ဝန်းကျင်သာရှိ၏။ သို့သော် သူ့ ခွန့်အားသည် မမြင်ဖူးလောက်အောင် ထူးခြား ဆန်းပြားလှသည်။

တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ကြောက်မက်ဖွယ်ကောင်းကာ မျက်စိတမှိတ် အတွင်း မြွေနက်ကြီးနှင့် ကြေးမီးတောက် ပုရွက်ဆိတ်များကို သုတ်သင်နိုင်ခဲ့သည်။

ဤအချက်များအရ ပျံ့နှံ့နေသော ကောလာဟလများသည် မှားယွင်းနေကြောင်း သံသယဝင်စေသည်။

မဟုတ်ပါက ဝမ်ချွယ်အတွက်နှင့် မည်သူသည် ဤမျှအန္တရာယ်များသောနေရာသို့ အသက်စွန့်၍ လာမည်နည်း။

( ဒါသာ အမှန်ဆိုရင် ... ပင်းမိုက တကယ်ပဲသစ္စာဖောက်ခဲ့တာပေါ့ ... ။ )

ထိုအတွေးကြောင့် ဝမ်ကျိုးဖူနှလုံးသား တစ်ဖန်တုန်ခါသွားရပြန်လေသည်။ ပင်းမိုသည် သူ့ဆရာ့နာမည်အသုံးပြု၍ ရွှမ်ကျွယ်မဟာမိတ် အဖွဲ့ကို တည်ထောင်ကာ အရိုင်းမြေတွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်နေ၏။

ယင်းကြောင့် အကယ်၍သာ ပင်းမိုတစ်ယောက် သစ္စာဖောက်ဖြစ်ကြောင်းကို လူအများသိသွားပါက ရိုက်ခတ်သွားမည့် ဂယက်မှာ မတွေးဝံ့စရာပင်။

ဝမ်ကျိုးဖူတစ်ယောက် အတွေးလွန်နေစဉ် ယွီလောင်သည် စုရီကို စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်။

“ ဆရာ ... စီနီယာဝမ်ကျိုးဖူ ... ပေါ်လာတာက တိုက်ဆိုင်လွန်းနေတယ်လို့ မထင်ဘူးလား။ ”

“ ဒါကို နတ်ဆိုးနေလိပ်ပြာက စီစဉ်ထားတာဆိုရင်တော့ တိုက်ဆိုင်မှုတစ်ခု မဟုတ်တော့ဘူး။ ”

“ ဘာကိုဆိုလိုတာလဲဆရာ ... ။ ”

“ နတ်ဆိုးတစ်သောင်း တောင်တန်းမှာ ခရမ်းရောင်တောင်ပံဝိညာဉ်ပိုးဖလံက မျိုးတုန်း လုနီးပါး အလွန်ရှားပါးနေပြီး သူတို့ကိုယ်သူတို့ ပုန်းအောင်းဖို့သာ ဆန္ဒရှိကြတယ် ...

... ဒီလိုသတ္တဝါလေးတွေက သိပ်အားမကြီးသလို မွေးမြူထိန်းချုပ်ဖို့လည်း အလွန်ခက်ခဲပါတယ် ငါသိသလောက်တော့ ...

... နတ်ဆိုးနေလိပ်ပြာတွေကသာ ခရမ်းရောင်တောင်ပံ ဝိညာဉ်ပိုးဖလံတွေကို အောင်မြင်စွာ မွေးမြူနိုင်ပါတယ်။ ”

“ ဒါဆို ဝမ်ကျိုးဖူမှာ ပြဿနာတစ်ခုခုရှိနေတာလား ဆရာ။ ”

“ ဒါတွေက အရေးကြီးလို့လား ... ။ ”

စုရီစကားကြောင့် ယွီလောင်မှ မှင်တက်သွား၏။

“ ငါတို့က ဓားသမားတွေပဲ ... ငါတို့အတွက်အကြီးမားဆုံး တားမြစ်ချက်က အရာရာအတွေးလွန်ပြီး သံသယဝင်နေတာပဲ အဲဒါက စိတ်ကိုပျံ့လွင့်စေပြီး ဓားတာအို အုတ်မြစ်အပေါ် ထိခိုက်စေလိမ့်မယ် ...

... တစ်ဖက်က ကြည့်ရင်တော့ ... အားနည်းတဲ့သူတွေက သန်မာတဲ့ရန်သူအပေါ် နှိမ်နင်းဖို့ လှည့်ကွက်တွေ အကြံအစည်တွေကို စဉ်းစားတတ်ကြတယ် ...

... စစ်မှန်တဲ့ သန်မာသူတွေကတော့ အတားအဆီးမှန်သမျှကို ဓားတစ်ချက် ဝှေ့ယမ်း လိုက်ရုံပါပဲ ... ဘာလို့ အကြံအစည်တွေအတွက် အချိန်ဖြုန်းနေမှာလဲ။ ”

ယွီလောင်တစ်ယောက် ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ‘နားလည်ပါပြီ ဆရာ’-ဟု တုန့်ပြန်လိုက်သည်။ စုရီမှ ခေါင်းခါ၏။

“ မဟုတ်ဘူး ... မင်းနားမလည်သေးဘူး ငါပြောနေတာက လူတိုင်းအတွက် ရည်ရွယ်တဲ့ အဓိပ္ပါယ်မျိုးမဟုတ်ဘူး ငါ့အတွက်သာ သက်ဆိုင်တာပါ ...

... မင်းကတော့ ငါ့ကို အတုမယူနဲ့ ... ငါ့ဆီကနေသင်ယူတာ ကောင်းပေမယ့် ငါ့ပုံစံ အတုယူသူကတော့ ပျက်စီးလိမ့်မယ် ... မင်းရဲ့ ပန်းတိုင်က မတုန်မလှုပ်၊ မကြောက်မရွံ့တဲ့ တာအိုနှလုံးသားအဖြစ် မွေးယူရမယ် ...

... မင်း အားနည်းတဲ့အခါ အခြေအနေအရ ဆုတ်သင့်ဆုတ်၊ တက်သင့် တက်ရမယ် ... မင်း သန်မာလာတဲ့အခါမှာတော့ အရာရာခွန်အားနဲ့ ဖြတ်ကျော်ပြီး ကိုယ့်နှလုံးသားအလိုအတိုင်း မသွေဖည်ဘဲ လုပ်ဆောင်နိုင်လိမ့်မယ် ...

... ဒါပေမဲ့ နှလုံးသားအလိုအတိုင်း မကြောက်မရွံ့ရဘူးဆိုတာ အရာရာဂရုမစိုက်ဘဲ အသက်ကိုစတေးတာမျိုး မဟုတ်ဘူး ဆင်ခြင်တုံတရားမဲ့ပြီး ဇွတ်တိုးတာက ...

... ကိုယ့်အသက်ကို အလဟဿ ပစ်ပယ်တာနဲ့အတူတူပဲ အမှန်နဲ့အမှားကြားမှာ မျှတအောင် ကျင့်ကြံဖို့လိုတယ်။ ”

ထို့နောက် စုရီမှ ယွီလောင်ပခုံးကို အသာပုတ်ကာ၊

“ ငါ ဒါတွေ ပြောပြနေပေမယ့် ... နောက်ဆုံးမှာတော့ မင်းရဲ့စိတ်နေစိတ်ထားက အဓိကပါပဲ ... ရွှမ်ဟဲအဆင့်ကို မင်းတက်လှမ်းဖို့ ပြင်ဆင်တဲ့အခါ မင်းရဲ့တာအိုနှလုံးသားကို သန့်စင်ဖို့မမေ့နဲ့ ...

... ဒါဟာ မင်းရဲ့ အနာဂတ် ဓားတာအို လမ်းခရီးအပေါ် အများကြီးကို သက်ရောက်မှု ရှိလိမ့်မယ်။ ”

ယွီလောင်မှ စိတ်လှုပ်ရှားစွာဖြင့် နာခံမှုရှိရှိ ခေါင်းညိတ်ပြလိုက်တော့သည်။

“ ထူးဆန်းတယ် ... ကျွန်တော်တို့ နွားပြာမိစ္ဆာဧကရာဇ်နယ်မြေထဲ ရောက်လုနီးပါး ဖြစ်နေပြီ ဒါပေမဲ့ လမ်းခရီးမှာ ဘယ်နတ်ဆိုးမှ ထပ်မမြင်ရဘူး။ ”

ဝမ်ကျိုးဖူမှ အံ့သြစွာရေရွတ်သည်။

“ ဟားဟားဟား ... နွားပြာမိစ္ဆာဧကရာဇ်က ငါတို့လာတာသိနေပါပြီ ... အိမ်ထဲဝင်လာမယ့် အချိန်ကို စောင့်နေတာနေမယ်။ ”

ယွီလောင်မှ ရုတ်တရက် ရယ်မောလျက် တုန့်ပြန်လိုက်၏။ ထို့နောက် အကြည့်များ အေးစက်လာပြီး၊

“ ပင်းမိုက ဒီထောင်ချောက်အတွက် ဒီလောက် အားစိုက်ထားတာ ငါတို့အန္တရာယ်ကို ရိပ်မိပြီး ထွက်ပြေးသွားရင် သူ့အစီအစဉ်တွေ အလဟဿ ဖြစ်ကုန်မယ် မဟုတ်လား။ ”

-ဟု ညည်းတွားလိုက်၏။ စုရီက ခေါင်းညိတ်လျက်၊

“ ငါ ကျိန်းသေ ပြောရဲတာကတော့ ... ငါတို့တွေသာ အခုချိန်ဆုတ်ဖို့ကြိုးစားခဲ့ရင် အဲဒီ နွားပြာကြီးကငြိမ်နေမှာ မဟုတ်ဘူး ကျိန်းသေ သူ့လက်အောက်ခံတွေကို လွှတ်ပြီး ပိတ်ဆို့လာလိမ့်မယ်။ ”

ဝမ်ကျိုးဖူမှ ခါးသက်စွာ ပြုံးသည်။ စုရီနှင့်ယွီလောင်တို့သည် ဤမျှအန္တရာယ်ရှိမှန်း သိသိကြီးနှင့် ဂရုစိုက်ပုံမပြကြချေ။ ဤသည်မှာ ရူးသွပ်ခြင်းပေပင်။

ယွီလောင်တစ်ယောက် ဝမ်ကျိုးဖူ၏ မျက်နှာကိုမြင်သည်နှင့် တစ်ဖက်လူမှမည်သည့် အရာများ တွေးနေကြောင်း သိရှိလိုက်သည်။

နောက်ထပ် မိုင်တစ်ရာခန့် ဆက်သွားပြီးနောက် ဝေးကွာလှသောအရပ်တွင် ခရုသင်းမှုတ်သံတစ်သံ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီး တုန်ခါလျက် ရှုခင်းများ ပြောင်းသွားတော့၏။

တစ်ဆက်တည်းမှာပင် ကောင်းကင်ပေါ် ထိုးတက်နေသော မကောင်းဆိုးရွားရောင်ဝါနှင့် အတူ နတ်ဆိုးသားရဲများ အုပ်စုလိုက် ထွက်ပေါ် လာသည်ကို မြင်လိုက်ရသည်။

“ ဝူး ... ။ ”

မျက်စိတစ်မှိတ်စာအတွင်း ထိုနတ်ဆိုးသားရဲများစွာသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

သူတို့၏ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းရည်ရွယ်ချက်သည် ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်လှုပ်စေသည်။

“ ဒါက ... ဒီတောင်တန်းထဲက နတ်ဆိုးတွေ အကုန်လုံး ထွက်လာကြတာလား။ ”

ဝမ်ကျိုးဖူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်မှ ဤမြင်ကွင်းကို မြင်လိုက် ရသောအခါ အသက်ရှူမှားသွားခဲ့သည်။

နတ်ဆိုးသားရဲများ အရေအတွက်သည် မျက်စိတစ်ဆုံးမြင်နေခဲ့ရသော အဆုံးမဲ့ သားရဲ ပင်လယ်ကြီး အလားပေပင်။

“ ဘယ်လောက်များများ ... ဒါတွေက ရွှံ့ရုပ်တွေ၊ ကြွေရုပ်တွေလို အသုံးမကျပါဘူး ဂရုစိုက်မနေနဲ့ ... ။ ”

ယွီလောင်မှ တုန့်ပြန်ပြောကြားသည်။

“ ဒါပေမဲ့ ဧကရာဇ်အဆင့် နတ်ဆိုး ဘယ်နှစ်ကောင် ပါလာမလဲဆိုတာတော့ ငါ စိတ်ဝင်စားသားပဲ။ ”

တစ်ဖက်တွင် စုရီမှ ဝိုင်တစ်ငုံ သောက်လိုက်ကာ၊

“ ပင်းမိုရဲ့ ထောင်ချောက်က ဒီလောက်နဲ့တော့ အဆုံးသတ်မယ်မထင်ပါဘူး သူ ငါ့ကို စိတ်ပျက်အောင် မလုပ်မိစေဖို့ပဲ မျှော်လင့်ရပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထိုတပည့်သည် တပည့်များထဲတွင် သူ့အနားအချိန်အတော်ကြာ နေထိုင်ခဲ့သူဖြစ်၏။ အကယ်၍သာ ပင်းမိုသည် အသုံးမကျခဲ့သော် သူ့ကိုသင်ကြားပေးခဲ့သော ဆရာဖြစ်သူ သည်လည်း ညံ့ဖျင်းရာကျပေမည်။

“ ဝှစ် ... ။ ”

ဤသည်မှာ အလွန်ပင် ရှုပ်ထွေးလှသော ခံစားချက်ပင်။ များမကြာခင် ပုံရိပ်တစ်ခု လေထဲ ပျံတက်လာပြီး စုရီတို့ထံ ငုံ့ကြည့်လာသည်။

ဆံပင်နှင့် မုတ်ဆိတ်များ လေထဲ တလွင့်လွင့်မျောနေပြီး ခန္ဓာကိုယ်သည်လည်း ထွားကျိုင်းလှ၏။ သွေးနှင့် အသက်ရှူသံသည် လေဟာနယ်ကိုပင် ပြိုကျစေနိုင်လောက်အောင် အစွမ်းထက်ချေပြီ။ နွားပြာမိစ္ဆာဧကရာဇ်ဖြစ်၏။

“ မင်းက စုမျိုးရိုးက ကောင်လေး မဟုတ်လား။ ”

နွားပြာမိစ္ဆာဧကရာဇ်၏ မျက်လုံးများသည် နေမင်းနှစ်စင်းအလား တောက်ပနေကာ စုရီထံ တိုက်ရိုက်စိုက်ကြည့်လျက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်မေးမြန်းလိုက်သည်။

ထိုအသံကြောင့် တောင်တန်းများ တုန်ခါသွားကာ တိမ်တိုက်များ လွင့်စင်ကုန်၏။ ယွီလောင်တစ်ယောက် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပျံ့လွင့်လာသည်။

“ မင်းဘယ်လိုမြင်လဲ ... ။ ”

စုရီမှ တည်ငြိမ်စွာ တုန့်ပြန်လိုက်၏။ ဝမ်ကျိုးဖူတစ်ယောက် တစ်ကိုယ်လုံး အေးစက် သွားလေသည်။

သူ့အမြင်တွင် ဤထောင်ချောက်သည် ရိုးရှင်းကာ ရှုပ်ထွေးခြင်းမရှိသော်ငြားလည်း ပို၍ ကြောက်စရာကောင်းကြောင်း ခံစားချက်များ ရရှိနေခဲ့၏။

ထို့အချိန်တွင် နွားပြာမိစ္ဆာဧကရာဇ်က သူ့အောက်ရှိ နတ်ဆိုးတစ်သောင်းတောင်ထံသို့ လက်ညှိုးညွှန်ပြကာ အော်ဟစ်လိုက်သည်။

“ ဝမ်မိသားစုက အဘိုးကြီးသုံးယောက်ကို အဲဒီတောင်ထဲမှာ ပိတ်လှောင်ထားတယ် မင်းတို့ သူတို့ကိုကယ်နိုင်တဲ့စွမ်းရည်ရှိရင် ဝမ်ချွယ် ဘယ်မှာရှိနေတယ်ဆိုတာ ငါ ပြောပြမယ်။ ”

နွားပြာမိစ္ဆာဧကရာဇ်က ပြုံးလိုက်ပြီး ကောင်းကင်တုန်အောင် ဟိန်းဟောက်လိုက်၏။

“ ဝင်္ကပါအသက်ဝင် ... ။ ”

“ ဝုန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော နတ်ဆိုးစစ်တပ်ကြီးသည် ချက်ချင်းပင် လှုပ်ရှားလာသည်။

မျက်စိတမှိတ်အတွင်း ကြီးမားလှသော ဝင်္ကပါတစ်ခု အသက်ဝင်လာ၏။ ထိုဝင်္ကပါသည် ပေရှစ်သောင်းပတ်လည်တိုင်အောင် ဖုံးလွှမ်း ထားချေပြီ။

ကောင်းကင်နှင့် မြေကြီးကြား စုရီတို့အဖွဲ့အပေါ် ဗဟိုပြုလျက် ကြီးမားသော လှောင်အိမ်ကြီးတစ်ခု ပေပင်။

“ ဒီဝင်္ကပါကို ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါလို့ခေါ်တယ် ... ပေရှစ်သောင်း အတွင်း စွမ်းအားတွေစုစည်းထားပြီး ...

... အလွှာကိုးလွှာ ဖန်တီးထားတယ် တစ်လွှာချင်းစီကို ရွှမ်ယုဧကရာဇ်တစ်ပါးစီက နတ်ဆိုးစစ်သည်တွေကို ထိန်းချုပ်တယ် ... ။ ”

ထို့နောက် နွားပြာမိစ္ဆာဧကရာဇ်က လက်နှစ်ဖက်နောက်ပို့ကာ စကားခဏရပ်ပြီး ပြုံးလျက်ဖြင့်၊

“ ဒီလိုဝင်္ကပါမျိုးက တောင်တွေ မြစ်တွေကိုတောင် အရည်ပျော်စေနိုင်သလို ကောင်းကင်ကြီးကိုပါ လောင်မြိုက်နိုင်တယ် ...

... ရွှမ်ယုအဆင့် ဧကရာဇ်တွေကို သတ်ဖို့ဆိုတာ လက်ဖဝါးကို ပက်လက်၊မှောက်ခုံ လှန်သလိုလွယ်ကူလွန်းတယ် ...

... ငါ ဒီဝင်္ကပါအတွက် အရမ်း အားစိုက်ထားခဲ့ရတာမို့ မင်းတို့တွေ ... ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ ”

စကားဆုံးသည်နှင့် တောတောင်အတွင်း သတ်ဖြတ်လိုခြင်း အငွေ့အသက်များစွာသည် ဒီရေအလား မြင့်တက်လာ၏။

ဝမ်ကျိုးဖူတစ်ယောက် တိုက်ပွဲဝင်ဆန္ဒများ ချက်ချင်းပြိုကျသွားတော့သည်။ ဤသည်မှာ အမှန်ပင် ကူကယ်ရာမဲ့စေ၏။

“ ဆရာ ... ဒီဝင်္ကပါက မရိုးရှင်းဘူး။ ”

ယွီလောင်မှ မျက်မှောင်ကြုတ်လိုက်၏။ ဤဝင်္ကပါသည် ပတ်ဝန်းကျင်နှင့် တသားတည်း ဖြစ်‌တည်နေသည့် သဘာဝဘေးအန္တရာယ်များ ကိန်းဝပ်နေသော အကျဉ်းထောင်ကြီး တစ်ခု အလားပေပင်။

ရွှမ်ယုအဆင့် ဧကရာဇ် (၉)ပါး၊ အခွဲဝင်္ကပါဧကရာဇ်(၈၁)ပါး၊ အမည်ခံဧကရာဇ် (၇၂,၀၀၀)ဟူသည် အရိုင်းမြေရှိ အထွတ်အထိပ် သုတ်သင်ရေး ဝင်္ကပါကြီးတစ်ခုဖြစ်၏။

“ လောကမှာရှိတဲ့ ဝင်္ကပါမှန်သမျှဟာ အားနည်းသူတွေက စုပေါင်းထားတဲ့ စွမ်းအားပဲ သူတို့ရဲ့တိုက်ပွဲဝင်ဆန္ဒနဲ့ ...

... ညီညွှတ်မှုကိုသာ ပျက်ပြားအောင် လုပ်နိုင်ရင် စက္ကူကျားတစ်ကောင်လို ... အရမ်း အားနည်းသွားလိမ့်မယ်။ ”

စုရီက ယွီလောင်စကားကို တုန့်ပြန်ပြီးနောက် လေထဲလှမ်းတက်လိုက်၏။ တစ်ဆက်တည်းမှာပင် သူ့ထက်ထဲ လရိပ်ဓား ထွက်ပေါ်လာတော့သည်။

***

All Chapters