← Chapters

ကောင်းကင်ကို လှုပ်ခတ်စေသော ဓားချက်။

Vol. 72 Ch. 854

ကောင်းကင်ကို လှုပ်ခတ်စေသော ဓားချက်။

Vol. 72 Ch. 854

ဝမ်ကျိုးဖူတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားရသည်။ ရွှမ်ဟဲအဆင့် ဧကရာဇ် တစ်ပါးသည် ဤသို့‌မောက်မာဝံ့သည်လော။

“ ဟေ့ ... စုမျိုးရိုးနဲ့ကောင်လေး ... ငါ့ရဲ့အားထုတ်မှုတွေကို အလဟသဖြစ်အောင် မလုပ်နဲ့တော့နော် ... ။ ”

လေထဲလှမ်းတက်လာသော နွားပြာမိစ္ဆာဧကရာဇ်သည် လှောင်ပြောင်လျက် သူ့ပုံရိပ်မှာ ကောင်းကင်သန့်စင်ခြင်းနတ်ဆိုး ဝင်္ကပါအတွင်းမှ ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။

“ ဝူး ... ။ ”

တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း ဝင်္ကပါသည်လည်ပတ်လျက် ကောင်းကင်နှင့် မြေကြီးကြား ထစ်ချုန်းမြည်ဟည်းလာ၏။

မြင်ကွင်းအားလုံး ပြောင်းလဲကုန်သည်။ အဆုံးမရှိသောဝင်္ကပါစွမ်းအင်များ ဒီရေအလား မြင့်တက်လာပြီးနောက် စုရီ၏မြင်ကွင်းထဲတွင် ထူးဆန်းသော အလင်းတံခါးကြီးများ ပေါ်ထွက်လာ၏။

၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသည့် မုခ်ဝကိုးခုကဲ့သို့ ပိတ်ဆို့ ထားချေပြီ။

ထိုကောင်းကင်တံခါးတိုင်းတွင် နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါသော ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါး စောင့်ကြပ်သည်။ သူ့ကိုယ်ပေါ်တွင် ဝင်္ကပါ၏စွမ်းအားများ ရစ်သိုင်းနေ၏။

ထို့ပြင် တံခါးဝတစ်ခုစီတွင် နတ်ဆိုးကျင့်ကြံသူများ စောင့်ကြပ်နေကြပြီး ရောင်ဝါများ တစ်သားတည်းဖြစ်နေသည်။

၎င်းတို့ပေါင်းစည်းထားသော ရောင်ဝါခွန်အားများသည် ဝင်္ကပါမှတဆင့် ရွှမ်ယုအဆင့် ဧကရာဇ်များထံသို့ စီးဝင်ကုန်၏။

ထို့ကြောင့် ရွှမ်ယုအဆင့် ဤဧကရာဇ်ကိုးပါး၏ အရှိန်အဝါသည် ခန့်မှန်း၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

တံခါးကိုးချပ်ကြားရှိ စွမ်းအားများသည် အပြန်အလှန်ချိတ်ဆက်လျက် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေ၏။

၎င်းထံမှလာသော ဖိအားသည် ယွီလောင်ကိုပင် အသက်ရှူကျပ်စေသည်။ တစ်ဖက်တွင် ဝမ်ကျိုးဖူတစ်ယောက်သည် ကြောက်လန့်တကြားဖြင့် ချွေးစေးများ ထွက်လာတော့၏။

“ ကောင်းကင်တံခါးတစ်ခုဟာ ခံတပ်အလွှာတစ်ခုပဲ နတ်ဆိုးဧကရာဇ်ကိုးပါးက ဝင်္ကပါစွမ်းအားနဲ့ နတ်ဆိုးခုနစ်သောင်းရဲ့ ...

... ခွန်အားကိုငှားယူထားတယ် ... ဒီလိုဝင်္ကပါမျိုးကို ရွှမ်ဟဲအဆင့်ဧကရာဇ်တောင် ချိုးဖောက်နိုင်ပါ့မလားပဲ ... ။ ”

ဝင်္ကပါ၏ပြင်ပတွင် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးဧကရာဇ် အုပ်စုတစ်စုက အကြောင်းအရာကို ဆွေးနွေးနေကြသည်။

၎င်းတို့ထဲတွင် ငယ်ရွယ်သော တစ္ဆေမြေခွေးနတ်ဆိုးဧကရာဇ်၊ ဟွန်ယွမ် နတ်ဆိုးဧကရာဇ်နှင့် အစရှိသည့်အခြားသော နတ်ဆိုးကြီးများ ပါဝင်လေသည်။

“ ဒီဝင်္ကပါကို မြင်ရတာနဲ့တင် ... ငါ့နှလုံးသားက တုန်လှုပ်နေပြီ အထဲမှာရှိနေတဲ့ သူတွေ ဘယ်လောက်တောင် ဖိအားပေး ခံနေရမလဲဆိုတာ မတွေးဝံ့စရာပဲ။ ”

ဟွန်ယွမ် နတ်ဆိုးဧကရာဇ်က ဝင်္ကပါထံမော့ကြည့်ကာ မှတ်ချက်စကားဆို၏။

“ ဒီဝင်္ကပါဟာ သခင်ပင်းမိုရဲ့ လက်ရာလို့ ငါသတင်းကြားတယ် ရွှမ်ယုဧကရာဇ်မှန်သမျှကို သတ်နိုင်စွမ်းရှိတယ် ဒါကြောင့်အရှိန်အဝါက ဒီလောက် ပြင်းထန်နေတာပေါ့။ ”

တစ္ဆေမြေခွေးနတ်ဆိုးဧကရာဇ်က ပြုံးလျက်ရှင်းပြသည်။ ထို့နောက် သူမကပင်၊

“ ဒါဆိုရင်တော့ ... နတ်ဓားရှင် ရွှမ်ကြွယ်အဖြစ် ဟန်ဆောင်နေတဲ့ ဒီကလေး သေချာပေါက်သေရလိမ့်မယ် ... ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ ... ။ ”

-ဟု စကားကို ရပ်လိုက်၏။

“ ဘာလဲ ... ။ ”

တစ္ဆေမြေခွေး နတ်ဆိုးဧကရာဇ်မှပင်၊

“ တကယ်လို့သာ ...ဒီကောင်လေးက တကယ်ပဲ နတ်ဓားရှင်ဖြစ်နေရင် ငါတို့ဒီပွဲကို တိုက်နေစရာမလိုပါဘူး အားလုံးဒူးထောက် အရှုံးပေးလိုက်ရုံပါပဲ။ ”

-ဟု လှောင်ပြောင်လိုက်သည်။

“ ဟားဟားဟား ... ။ ”

လွန်ခဲ့သော နှစ်ပေါင်းငါးရာတည်းက နတ်ဓားရှင်ရွှမ်ကြွယ် ကွယ်လွန်သွားကြောင်းကို မည်သူ မသိဘဲ ရှိမည်နည်း။ ထို့ကြောင့် လူတိုင်း ရယ်မောလိုက်ကြသည်။

များမကြာမီ နွားပြာမိစ္ဆာဧကရာဇ်သည် ဝင်္ကပါအတွင်းမှ ဆုတ်ခွာလျက်နှင့် သူ့ထံသို့ ပြန်လည်ရောက်ရှိလာ၏။

အားလုံး၏ မျက်ဝန်းများသည် ဝင်္ကပါ အတွင်းရှိ တိုက်ပွဲထံသို့ကြည့်ရန် စိတ်လှုပ်ရှား နေကြပြီဖြစ်သည်။

တပြိုင်နက်တည်းမှာပင် လေထဲ လှမ်းတက်သွားသောစုရီနှင့် ဝင်္ကပါလှိုင်းများထံ မော့ကြည့်ကာ ယွီလောင်တစ်ယောက် တည်ငြိမ်နေသည်။

ကောင်းကင်ကြီး ပြိုကျပါစေ၊ ဆရာ့အနားတွင်ရှိနေသရွေ့ ကြောက်ရွံ့နေစရာ မလိုကြောင်း သိရှိထား၏။

တစ်ဖက်တွင် ဝမ်ကျိုးဖူအတွက်မူ တုန်လှုပ်နေကာ ခုခံကာကွယ်ရေးရတနာများကို ထုတ်၍ပြင်ဆင်နေရှာသည်။

“ ဝူး ... ။ ”

ထိုစဉ် အဖျက်စွမ်းအားပြင်းသော အငွေ့အသက်လှိုင်းများ စုရီထံသို့ တိုးဝင်လာ တော့သည်။ စုရီက လက်ထဲမှဓားကို တစ်ချက် ဝှေ့ယမ်းလိုက်၏။

“ ဂျိန်း ... ။ ”

ကောင်းကင်ကြီး အက်ကွဲလျက် အလင်းမှုန်များပေါက်ကွဲကာ လှိုင်းလုံးများသည် ဒီရေအလားဆုတ်ခွာ ပျောက်ကွယ် သွားတော့သည်။

“ ဟမ့် ... ကောလာဟလတွေအတိုင်းပဲ ဒီစုမျိုးရိုးကောင်လေးက ရွှမ်ကျောက်အဆင့်မှာ ရှိနေပေမယ့် ...

... သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအားတွေက ကောင်းကင်ကို ဖောက်ထွက်နိုင်လောက်အောင် ပြင်းထန်နေတာပဲ။ ”

ဝင်္ကပါပြင်ပမှ ကြည့်နေသော ဟွန်ယွမ်နတ်ဆိုးဧကရာဇ်က အံ့သြစွာဖြင့် ရေရွတ်လိုက်လေသည်။

“ ပွဲက အခုမှစတာပါ ပထမတံခါးကို စောင့်နေသူက သွေးတောင်ပံနတ်ဆိုးဧကရာဇ်ပဲ သူက အပြာ‌ရောင်နွားမိစ္ဆာကြီးရဲ့ ...

... လက်ရုံးတစ်ဆူ မဟုတ်လား အဲဒီကောင်လေး ဘယ်လောက် ခံနိုင်မလဲ ကြည့်ရအောင်။ ”

အခြားသော နတ်ဆိုးဧကရာဇ်တစ်ပါးမှ ပြောကြားလိုက်သည်။ သူ့စကားများကြောင့် အပြာရောင် နွားမိစ္ဆာဧကရာဇ်မှ ပြုံး၏။

ပထမ မုဒ်တံခါးဝတွင် လှပကျော့ရှင်းသော နတ်ဆိုးအမျိုးသမီးတစ်ဦး စောင့်ကြပ်နေသည်။ ဤသည်ကား ရွှမ်ယု အလယ်အလတ်အဆင့် သွေးတောင်ပံနတ်ဆိုးဧကရာဇ်ဖြစ်၏။

လက်ထဲတွင် အပြာရောင် ယပ်တောင်ကိုင်ထားကာ ရောင်ဝါသည် နတ်ဆိုး စစ်သည်ပေါင်း ရှစ်ထောင်နှင့် ပေါင်းစပ်လျက် ကောင်းကင်ယံကို လွှမ်းမိုးထားသည်။

“ ယွီလောင် ... ဒီနတ်ဆိုးသားရဲရဲ့ အလောင်းကို သိမ်းဆည်းထားဖို့ မမေ့နဲ့။ ”

တစ်ဖက်တွင် စုရီက ဂရုမစိုက်ဘဲ ရောင်ဝါလှိုင်းကိုဖြေရှင်းပြီးနောက် ယွီလောင်ထံ လှမ်းပြောလိုက်၏။ ယွီလောင်မှ ချက်ချင်း ခေါင်းညိတ်ကာ၊

“ စိတ်ချပါ ဆရာ ... ဒီလောက် နူးညံ့တဲ့အသားကို စွပ်ပြုတ်လုပ်သောက်ရင် ဖြစ်ဖြစ် ... ကင်စားရင်ဖြစ်ဖြစ် အရသာရှိမှာ အသေအချာပါပဲ။ ”

-ဟု ကတိပေးလိုက်သည်။

“ အသားကင်စားချင်နေတာလား။ ”

ဝမ်ကျိုးဖူမှ ထိတ်လန့်သွားသကဲ့သို့ ဝင်္ကပါအပြင်ဘက်ရှိ နတ်ဆိုးများသည်လည်း မယုံကြည်နိုင်အောင် မှင်သပ်သွားကြ၏။

ဧကရာဇ်အဆင့် နတ်ဆိုးကျင့်ကြံသူများ အတွက် မိမိတို့အပေါ် စားသောက်ဖွယ်ရာများ ကဲ့သို့ သတ်မှတ်ခံရခြင်းသည် အကြီးမားဆုံး စော်ကားမှုပေပင်။

“ မင်း သေချင်နေတာလား ကောင်လေး။ ”

ပထမတံခါးရှိ သွေးတောင်ပံ နတ်ဆိုး ဧကရာဇ်မျက်နှာတွင် ဒေါသကြောင့် နီမြန်းကာ သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

“ အရင်းဆုံး မင်းနဲ့စလိုက်မယ်။ ”

စကားဆုံးသည်နှင့် စုရီတစ်ယောက် လေထဲတစ်လှမ်း လှမ်းတက်လိုက်တော့သည်။ သူ့ဟန်ပန်သည် ဥယျာဉ်ထဲ လမ်းလျှောက် နေသည့်အလား အေးဆေးလွန်းလှ၏။

“ သေပေတော့ ... ။ ”

သွေးတောင်ပံ နတ်ဆိုးဧကရာဇ်က လှမ်းတက်လာသောစုရီထံသို့ ယပ်တောင်ဖြင့် ဝှေ့ယမ်းလိုက်တော့သည်။

“ သတ် ... ။ ”

ဝင်္ကပါ၏ စွမ်းအားများသည် မုန်တိုင်းများကဲ့သို့ ချက်ချင်းပြေးထွက်သွား၏။ တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော မုဒ်တံခါး ရှစ်ပေါက်မှ ဧကရာဇ်များသည်လည်း ဝင်္ကပါဖြင့် ပေါင်းစပ်ကာ ချက်ချင်း တိုက်ခိုက်လာသည်။

ဟိန်းဟောက်သံများ ကောင်းကင်အနှံ့ ပဲ့တင်ထပ်နေကာ လေဟာနယ်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်၏။

လျှပ်စီးများ၊ မီးတောက်များနှင့်အတူ ကြယ်တာရာများ ပျက်ကြွေလွင့်နေသည့်အလား ဖြစ်စဉ်မြင်ကွင်းများ ပေါ်ထွက်လာသည်။

ဤစွမ်းအားသည် ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးကိုပင် မှုန့်မှုန့်ညက်ညက် ကြေသွားစေနိုင်၏။

ဝင်္ကပါအတွင်း၌ ဝမ်ကျိုးဖူမှာ ကြောက်လန့်လွန်း၍ မျက်နှာဖြူဖျော့နေသည်။ တစ်ဖက်တွင် ယွီလောင်၏ မျက်လုံးများမှာမူ ကြယ်တာရာများအလား တောက်ပနေ၏။

ဤဝင်္ကပါသည် ကြောက်စရာ ကောင်းသော်လည်း ဆရာဖြစ်သူ ယခင်ဘဝ ခင်းကျင်းခဲ့သော ‘ဓားတစ်သောင်း စေညွှန်ရာ ဝင်္ကပါ’ကို မမီသေးချေ။

ထိုအခိုက်အတန့်တွင် စုရီမှ စတင် လှုပ်ရှားလိုက်သည်။ သူ့ အဝတ်အစားများသည် လေထဲတဖျပ်ဖျပ်လွင့်စင်လျက် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပြန့်ကားသွားတော့၏။

“ ရွှပ် ... ။ ”

‘လရိပ်’ဓားမှ လရောင်အလား ပျော့ပျောင်းသောဓားအလင်း ကြိုးမျှင်များစွာ ဖြာထွက်လျက် လေထုထံ ပြေးဝင်သွား၏။

“ ဂျိန်း ... ။ ”

ကြယ်မြစ်ကြီးတစ်စင်း ကောင်းကင်မှ လိမ့်ဆင်းလာသည့်အလား ကြီးမားလှသော ဓားရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။

၎င်းသည် အရုဏ်ဦး၏ နံနက်ခင်း အလင်းရောင်ကဲ့သို့တောက်ပကာ ကောင်းကင် အပေါ် လွှမ်းခြုံထားချေပြီ။

“ မကောင်းတော့ဘူး။ ”

“ ဘောင်း ... ။ ”

ထိုဓားချက်အောက်တွင် တိုးဝင်လာသော အဖျက်စွမ်းအားမုန်တိုင်းကြီးသည် စက္ကူကဲ့သို့ အလွယ်တကူ ဆွဲဖြဲခံလိုက်ရ၏။

“ ဝုန်း ... ။ ”

ယင်းသည် အဆုံး မဟုတ်သေးချေ။ ဓားအလင်းသည် ဆက်လက်တိုးဝင်လျက် ပထမတံခါးကို ထိမှန်သွားတော့၏။

ပထမတံခါးခမျာ ပြင်းစွာတုန်ခါသွားပြီး အလင်းတန်းများသဖွယ် ပေါက်ကွဲထွက်ကုန် တော့သည်။ ထိုတုန်ခါမှုသည် ကျန်ရှိနေသော တံခါးကိုးချပ်စလုံးသို့ ကူးစက်သွား၏။

ဝမ်ကျိုးဖူတစ်ယောက် စကားမဆိုနိုင်ဘဲ မှင်သပ်နေမိတော့သည်။ ဤမျှပြင်းထန်သော ဓားချက်မျိုးကို ရွှမ်ယုအဆင့်ဧကရာဇ်များပင် မထုတ်ဖော်နိုင်ချေ။

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ထိုသက်ရောက်မှု စွမ်းအားကြောင့် ဝင်္ကပါပြင်ပရှိ ဧကရာဇ်အိုကြီး ကိုးပါးစလုံးသည် မျက်နှာများ ပျက်ယွင်းသွားကြ၏။

ဤကမ္ဘာကြီးတွင် ရွှမ်ကျောက်အဆင့်ဖြင့် သည်မျှပြင်းထန်နေသော တစ်စုံတစ်ဦး မည်သို့ ရှိနေနိုင်သနည်း။

“ ဒါကြောင့်လည်း အဲဒီပင်းမိုက ဒီလောက်အထိအလေးထားပြီး ထောင်ချောက် ဆင်ခဲ့တာပေါ့ ဒါမှပျော်စရာကောင်းနိုင်မှာ မဟုတ်လား။ ”

နွားပြာမိစ္ဆာဧကရာဇ်က အေးစက်သော အသွင်အပြင်ဖြင့် စကားဆိုလိုက်သည်။ သို့သော် မျက်ဝန်းများထဲ စိုးရိမ်မှုအချို့ ဖြတ်ပြေးသွား၏။

တစ်ဖက်တွင် စုရီမှာမူ ရပ်တန့်မနေဘဲ သူ့ဓားကိုတစ်ဖန်မြှောက်ကာ ဒုတိယမြောက် ဓားချက်ထုတ်ဖော်ရန် ပြင်ဆင်နေပြီဖြစ်သည်။

***

All Chapters