ဓားကိုးချက် ... ။
Vol. 72 Ch. 855
“ ချွင် ... ချွင် ... ချွင် ... ။ ”
ဓားမြည်သံများက လှိုင်းတံပိုးများပမာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို တုန်ဟည်း သွားစေသည်။
လေဟာနယ်ထဲတွင် စုရီ၏ ကျောက်စိမ်းရောင်ဝတ်လုံစမှာ တဖျတ်ဖျတ် လွင့်ပျံနေပြီး ဓားကိုင်စွဲထားပုံအရ နတ်ဘုရား တစ်ပါးနှယ်ပေပင်။
သူထံမှ ထွက်ပေါ်လာသော ဓား ရည်ရွယ်ချက်တို့သည် အရပ်ရှစ်မျက်နှာထံသို့ ထိုးဖောက်ပြန့်ကားနေ၏။
ထို့နောက် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ဓားကိုးချက်ကို ဆက်တိုက် ဆိုသလို ပစ်လွှတ်လိုက်တော့သည်။
“ ရွှပ် ... ။ ”
ပထမဓားချက်သည် မိုးသည်းထန်စွာ ရွာချလိုက်သည့်အလား သောင်းကျန်းလွန်း လှချေ၏။
“ ဝူး ... ။ ”
ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များသည် လမ်းကြောင်းများအတိုင်း တံခါးကိုးပေါက်ဆီသို့ ပြေးဝင်သွားကြ၏။
ဝင်္ကပါ၏ အရပ်မျက်နှာ အသီးသီးသို့ ဓားအလင်းများ ထိုးဖောက်ဝင်ရောက်သကဲ့သို့ တောင်ကြီးတစ်ခုလုံး တုန်ခါသွား၏။
ထို့နောက်ဒုတိယဓားသည် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော နေမင်းကြီးကဲ့သို့ တောက်ပ လွန်းချေပြီ။ ကောင်းကင်နှင့် မြေကြီးကြား လင်းထိန်လျက် ပထမဆုံးတံခါးဆီသို့ တိုက်ရိုက်ဖိနှိပ်လိုက်တော့၏။
တတိယဓားသည် နတ်ဘုရားတစ်ပါးမှ ပုဆိန်ကြီးဖြင့် တောင်နှင့်မြစ်ကိုခွဲချလိုက်သည့် အလား ရှေ့သို့သာ ဦးတည်တိုးဝင်သွားသည်။
စတုတ္ထဓားချက်သည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကိုရောယှက်လျက် လောကကြီးကို နှစ်ခြမ်းခွဲပစ်တော့မည့်အလားပေပင်။
ရှေ့တွင် ကာဆီးနေသော ဟင်းလင်းပြင်တိုင်းကို ဖောက်ထွက်သွားပြီး ဓားဦးဖြင့်ထိမှသမျှ အရာအားလုံး အမှုန့် အဖြစ် ပြောင်းလဲသွားစေသည်။
ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးကို အလွယ်တကူဖျက်ဆီးနိုင်သော ဤတိုက်ပွဲဝင် ပုံစံသည် လုံးဝတုန်လှုပ်ပျက်စီးသွား၏။
“ ဘောင်း ... ဘောင်း ... ။ ”
၎င်းအတွင်း ပျံ့နှံ့နေသော တားမြစ်ထားသည့်ပုံစံများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်သည်။
“ သတ် ... ။ ”
“ မြန်မြန် ... သူ့ကိုတား ... ။ ”
မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာပြီး ရွှမ်ယုအဆင့် ဧကရာဇ်ကိုးပါးသည် အစွမ်းရှိသမျှ အားကုန်အသုံးပြုလျက် နတ်ဆိုးစစ်သည်ပေါင်း ရှစ်ထောင်ထံမှ ပေါင်းစပ်စွမ်းအားကို ချက်ချင်း ထုတ်ယူလိုက်၏။
သို့သော် ပထမဓားချက် ကျရောက်လာစဉ်တည်းကပင် ဝင်္ကပါကြီးသည် ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။
ထို့နောက် ဒုတိယ၊ တတိယနှင့် အခြားသောဓားချက်များ ဆက်တိုက် ကျဆင်း လာချိန်တွင် ဝင်္ကပါအလွှာများခမျာ တစ်စစီ ပျက်စီးသွားရတော့သည်။
“ အား ... ။ ”
ကောင်းကင်တံခါးကိုးချပ်ကို စောင့်ကြပ်နေသော နတ်ဆိုးစစ်သည်များ၏ ခန္ဓာကိုယ်များပေါက်ကွဲလျက် အသားနှင့် သွေးများပက်ဖျန်းကာ စူးရှသော အော်ဟစ်သံများညံကုန်သည်။
သွေးငှက်မွှေးနတ်ဆိုးအပါအဝင် ရွှမ်ယုအဆင့် ဧကရာဇ်ကိုးဦးစလုံး မျက်နှာများ ဖြူဖျော့သွားပြီး ထိတ်လန့်မှုနှင့်ဒေါသများ ပြည့်နှက်လာတော့၏။
“ ပဉ္စမဓား ... ။ ”
“ ဆဠမဓား ... ။ ”
“ သတ္တမဓား ... ။ ”
“ အဋ္ဌမဓား ... ။ ”
“ နဝမဓား ... ။ ”
ဤဓားကိုးချက်သည် အောင်နိုင်ခြင်း သုတ္တန်၏ အနှစ်သာရကို အထွတ်အထိပ်အထိ ဖော်ဆောင်နေခြင်းဖြစ်သည်။
ဓားချက်များသည် လွတ်လပ်ပေါ့ပါးပြီး ကောင်းကင်ကိုခွဲဖွင့်နိုင်ကာ ယင်နှင့်ယန်အပေါ် ဖြတ်တောက်လျက် လေနှင့်တိမ်များကို ကမောက်ကမဖြစ်စေ၏။
ဓားကိုင်ထားသော စုရီသည်ပင် ကောင်းကင်ဘုံကိုးပါးမှ ဆင်းသက်လာသည့် ဓားနတ်ဘုရားတစ်ပါးနှယ် ကမ္ဘာကြီးတစ်ခုလုံး အပေါ် လွှမ်းမိုးထားသည်။
လောကကြီးကို ငုံ့ကြည့်နေခဲ့သည့် မြင့်မြတ်သာလွန်သော အရှိန်အဝါဖြင့် ဘေးမှ ရပ်ကြည့်နေသူများအတွက်ပင် ဤဓားကိုးချက် ထွက်ပေါ်လာချိန်တွင် ကမ္ဘာပျက်မည့်အလား ခံစားနေရ၏။
“ ဝုန်း ... ။ ”
ပြိုင်ဘက်ကင်းသော ဓားအလင်းများသည် ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါအတွင်း သောင်းကျန်းကုန်တော့သည်။
ဝင်္ကပါကြီးတစ်ခုလုံး ပြင်းစွာတုန်ခါလျက် ကောင်းကင်တံခါးကိုးချပ်သည် မတွေးဝံ့စရာ တိုက်ခိုက်မှုများကို ချေဖြတ်နေရသည်။
ဓားကိုးချက်၏ စွမ်းအင်များ မကျရောက်သေးခင်မှာပင် ထွက်ပေါ်လာသော ရောင်ဝါကြောင့် သွေးတောင်ပံနတ်ဆိုး ဧကရာဇ် အပါအဝင် ရွှမ်ယုအဆင့်ဧကရာဇ်များ အားလုံး သွေးပျက်ကုန်၏။
“ ခရစ် ... ။ ”
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
မိုးပြာကြံ့နတ်ဆိုး ဧကရာဇ်မှ ဂရုတစိုက် တည်ဆောက်ထားသော ပြိုင်ဘက်ကင်းဝင်္ကပါ ကြီးသည် ချက်ချင်းပြိုကွဲသွားခဲ့၏။
ကောင်းကင် တံခါးကိုးခုသည်လည်း ပြိုကျလျက် နတ်ဆိုးစစ်သည်တော်များ အာလုံး ပြာကျသွားလေသည်။
သွေးငှက်မွှေးနတ်ဆိုးဧကရာဇ်နှင့် အခြားသော ရွှမ်ယုဧကရာဇစ်ကိုးဦးသည်လည်း ကြောက်မက်ဖွယ် ဓားရည်ရွယ်ချက်ကြောင့် တုန်လှုပ်ချောက်ချားသွားကြ၏။
ထိုထိတ်လန့်ဖွယ်မြင်ကွင်းများသည် ဝင်္ကပါပြင်ပမှ နတ်ဆိုးကြီးများကို အံ့အားသင့် သွားစေသည်။
မီးခိုးများနှင့် မိုးတိမ်များသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်မျောပြီး တောင်နှင့်မြစ်များ ပျက်စီးသွားကာ အဖျက် စွမ်းအားများ ပျံ့နှံ့နေ၏။
“ ဒါ ... ။ ”
ဝမ်ကျိုးဖူတစ်ယောက် ထိုနေရာတွင် ရပ်နေပြီး ရင်ဘတ်သည် လျင်မြန်စွာ တုန်ခါနေ တော့သည်။
ဓားကိုးချက်သည် ကောင်းကင် တံခါးကိုးချပ်ကိုချိုးဖျက်ပစ်ခဲ့ပြီး တိုက်ပွဲအနှံ့ သွေးမြစ်ကြီး စီးဆင်းလာစေ၏။
ဓားကိုးချက်ဖြင့် ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါအပေါ်ချေမှုန်းခြင်းသည် လူတိုင်း မှင်သပ်သွားစေသည်။ သတ်ဖြတ်ခြင်းဝင်္ကပါ ခမျာ စက္ကူကဲ့သို့စုတ်ပြဲကုန်၏။
“ ဝုန်း ... ။ ”
အတားအဆီးများ ပြိုကျသွားသဖြင့် စုရီတစ်ယောက် လျှပ်စီးအလား မြန်ဆန်စွာဖြင့် သွေးတောင်ပံနတ်ဆိုးဧကရာဇ်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားကာ ဓားဖြင့်ခုတ်ချလိုက်တော့၏။
“ ဟမ့် ... ။ ”
“ ရွှပ် ... ။ ”
“ ဘောင်း ... ဘောင်း ... ။ ”
သွေးငှက်မွှေးနတ်ဆိုးဧကရာဇ်အပေါ် ဝန်းရံထားသော ကာကွယ်ရေးရတနာများသည် ပူဖောင်းများကဲ့သို့ ပေါက်ကွဲသွားပြီး ခါးမှသည် နှစ်ခြမ်းပြတ်သွားလေသည်။ စကားပြောချင် သော်လည်း ဝိညာဉ်ကြွေလွင့်ကာ ပျောက်ကွယ်သွား၏။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် လေထုအလယ် ပြတ်ရှသွားသော သူမ ခန္ဓာကိုယ်နှစ်ပိုင်းကို မြေပြင်နှင့်မထိခင်မှာပင် ယွီလောင်က လက်ဝှေ့ယမ်းကာ သိမ်းယူလိုက်သည်။
ဤသည်မှာ ရှားပါးပြီး အဖိုးတန်သော အရသာရှိသည့် နတ်ဆိုသားရဲပေပင်။ ဆရာ့ ဓားသည် ဖျက်ဆီးပစ်ခြင်းမရှိချေ။
“ ဟမ့် ... ဒါက ငါ့အတွက် ထောင်ခြောက်ဆင်ထားတဲ့ မင်းတို့ယုံကြည်ရတဲ့ သတ်ဖြတ်ခြင်းဝင်္ကပါဆိုတာလား ... အရမ်း အားနည်းလွန်းတယ်။ ”
စကားပြောလျက်ဖြင့် စုရီသည် ရှေ့သို့ပြေးဝင်နေပြီဖြစ်၏။ လျင်မြန်လွန်းလှပြီ လုံးဝရပ်တန့်ခြင်းမရှိချေ။ တစ်ချက်တည်းနှင့် သွေးငှက်မွှေးဓားဧကရာဇ်ကို သတ်ပစ်ကာ ပို၍အထိန်းအကွပ်မဲ့လာသည်။
“ သေလိုက်တော့ ... ။ ”
“ ဝုန်း ... ။ ”
လရိပ်ဓားသည် ကခုန်နေတော့သည်။ လေဟာနယ်ကွဲထွက်သွားပြီး ပေပေါင်းများစွာ အကွာ၌ သွေးစွန်းနေသော ဦးခေါင်းတစ်လုံး လေထဲလွင့်စင်သွား၏။
ရှောင်တိမ်းခုခံဖို့ရန် ကြိုးစားနေသော ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးခမျာ ဓားအလင်း အောက်တွင် ထပ်မံ၍ ဦးခေါင်းပြတ်တောက် သွားပြန်သည်။
“ မြန်မြန် ... ။ ”
ရလာဒ်အနေဖြင့် အခြားသော ရွှမ်ယုဧကရာဇ်များသည် ကြောက်လန့်တကြား အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကုန်၏။
“ မကောင်းတော့ဘူး။ ”
တိုက်ပွဲဝင်ဆန္ဒများ ကွဲကြေပြီးနောက် ဧကရာဇ်များသည်ပင် ခွေးနှင့်မခြားတော့ချေ။ တုန်လှုပ်ကုန်ကြသည်။
“ မင်းတို့ လွတ်မြောက်မယ်ထင်လား။ ”
စုရီမှ သနားကြင်နာမှု မပြဘဲ မျက်စိတစ်မှိတ်အတွင်း ရွှမ်ယုအဆင့်နတ်ဆိုး သုံးကောင်ကို ထပ်မံသတ်ပစ်လိုက်၏။
သူတို့အားလုံးသည် ဓားတစ်ချက်ဖြင့် သေဆုံးသွားခြင်းဖြစ်သည်။ ဤသည်မှာ လုံးဝ ချေမှုန်းပစ်နိုင်သော ရှုံးနိမ့်မှုတစ်ခုပေပင်။
“ မြန်မြန် ဆုတ်ခွာကြ ... ။ ”
ဝင်္ကပါပြင်ပရှိ အပြာရောင် နွားမိစ္ဆာ နတ်ဆိုးဧကရာဇ်သည် မြေကြီးတုန်ခါစေသော အော်ငေါက်သံဖြင့် အော်ဟစ်အမိန့်ပေးသည်။
သူအပါအဝင် အခြားသော နတ်ဆိုးဧကရာဇ်များသည်လည်း မျက်နှာများ ဖြူဖျော့လျက် တင်းမာနေသောအသွင်ဖြင့် ရပ်ကြည့်နေတော့၏။
ကောင်းကင် သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါသည် တိုက်ပွဲပုံစံသတ်ဖြတ်ခြင်း အစီရင်တစ်ခုဖြစ်သည်။
အဖျက်စွမ်းအားသည် နတ်ဆိုးသားရဲပေါင်းများစွာနှင့် တောင်တန်းကြီး ထံမှလာ၏။ သို့သော် တစ်ဖက်လူ ပြသနေသော စွမ်းအားသည် ကောင်းကင်ကို ဆန့်ကျင်လွန်းနေသည်။
သူတို့အားလုံးကို အရိုးထိအောင် အေးစက်လာစေပြီး တာအိုနှလုံးသားအပေါ် ပြင်းစွာထိခိုက်စေ၏။
“ ရွှပ် ... ။ ”
ထိုအချိန်တွင် စုရီသည် လိုက်လံ ဖမ်းဆီးခြင်းကိုစွန့်ကာ နတ်ဆိုးတစ်သောင်း တောင်ကြီးပေါ် လှည့်ကာပိုင်းချပစ်လိုက်သည်။
“ ဝုန်း ... ။ ”
နတ်ဆိုးတစ်သောင်းတောင်သည် ချက်ချင်း နှစ်ခြမ်းကွဲသွားပြီး နားကွဲမတတ် ပြိုကျသွားကာ အကျဉ်းထောင်တစ်ခု ပေါ်လာ၏။
ထောင်ထဲတွင် သွေးစွန်းလျက်ဖြင့် ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိထားကြသော အဖိုးကြီးသုံးယောက်ရှိနေသည်။
“ ဒါ ... ငါတို့မျိုးနွယ်ရဲ့ အကြီးအကဲ သုံးယောက်ပဲ။ ”
“ ခဏစောင့်ပါ ... ဒါထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။ ”
ဝမ်ကျိုးဖူမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် ကူညီဖို့ရန် အပြေးအလွှား လှမ်းတက်လိုက်သော်လည်း ယွီလောင်က ဟန့်တားလိုက်၏။
ထိုသတိပေးသံကြောင့် ဝမ်ကျိုးဖူ နှလုံးသားခုန်ပေါက်လျက် သူ့မိသားစုဝင်များကို ကယ်တင်ချင်သောဆန္ဒကို ချက်ချင်း ဖိနှိပ်ထားလိုက်ရသည်။
ထိုအချိန်တွင် အပြာရောင်နွားနတ်ဆိုးနှင့် အခြားသော ဘီလူးအိုကြီး ဆယ်ကောင်ကျော် စုဝေးနေကြသည်ကို မြင်လိုက်ရ၏။
“ စုမျိုးရိုးနဲ့ ကောင်လေး ... ဒီလောက် မောက်မာပါနဲ့ ... သတ်ဖြတ်ခြင်းဝင်္ကပါပုံစံကို မင်းဖျက်ဆီးနိုင်ပေမယ့် ... ဒီပွဲက မပြီးဆုံးသေးဘူး။ ”
အပြာရောင်နွားမိစ္ဆာဧကရာဇ်သည် မျက်လုံးများအေးစက်လျက် အသက်ပြင်းပြင်း ရှူလိုက်ကာ လှောင်အိမ်ကို လက်ညှိုးထိုးပြီး၊
“ ဝမ်မိသားစုက ဒီသုံးယောက်ရဲ့ ဝိညာဉ်တွေကို တားမြစ်အမိန့်နဲ့ချုပ်ထားတယ် မင်းသူတို့ကို ကယ်တင်ချင်ရင်... ။ ”
“ ရွှပ် ... ။ ”
“ ထောင်း ... ထောင်း ... ။ ”
သူ့စကားမဆုံးခင်မှာပင် စုရီသည်ဓားကို ပေါ့ပေါ့တန်တန်လွှဲရမ်းလျက် လှောင်အိမ်ခွဲကာ ပိတ်မိနေသော ဝမ်မိသားစုဝင် သုံးယောက်ထံ ကယ်တင်လိုက်တော့သည်။
ဝမ်ကျိုးဖူက အလျင်အမြန် ရှေ့တိုးသွားပြီး မေ့မျောနေသော အကြီးအကဲသုံးယောက်အပေါ် စစ်ဆေးကြည့်လိုက်၏။ ပြီးနောက် သူ့မျက်နှာ ချက်ချင်းတင်းမာသွားကာ၊
“ တာအိုစု ... သူတို့ရဲ့ဝိညာဉ်တွေကို တံဆိပ်ခတ်ထားတယ်။ ”
-ဟု အသိပေးလိုက်သည်။
“ အဆင်ပြေပါတယ် ... မင်း သူတို့ကို အရင်ဂရုစိုက်ပါ ... အဲဒီမိုက်မဲတဲ့ နွားပြာကြီးကို ငါတို့ဖမ်းမိရင် ကယ်တင်နိုင်တယ်။ ”
“ မာနကြီးလိုက်တာ ... ငါမင်းကို သတိပေးလိုက်မယ် အဲဒီလူမိုက်သုံးယောက်ရဲ့ ဝိညာဉ်တွေကို ငါ့အတွေးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်။ ”
“ ဟုတ်လား ... ဒါဆို မင်းစမ်းကြည့်နိုင်တယ် ... ။ ”
အပြာရောင်နွားမိစ္ဆာဧကရာဇ်သည် စုရီ၏တုန့်ပြန်စကားကြောင့် ဒေါသများဖြင့် အေးစက်လာပြီး၊
“ ဟမ့် ... ဒီလိုအခြေအနေမျိုးမှာ မင်းသူတို့အသက်ကို ဂရုမစိုက်ဘူးဆိုရင်တောင့် ဝမ်ချွယ်ကိုတော့ ထည့်စဉ်းစားသင့်တယ် မဟုတ်လား။ ”
-ဟု ပြောင်းလဲ ပြောကြားလိုက်၏။ ယွီလောင်မှ မျက်မှောင်ကြုတ် လိုက်လေသည်။ ဝမ်ကျိုးဖူသည်လည်း စိတ်များလေးလံလာ၏။
ထိုခြိမ်းခြောက်မှုသည် မည်သူ့ကိုမဆို သက်ရောက်မှုပေးရန် လုံလောက်လေသည်။ သို့သော် စုရီအတွက်မူ တုန်လှုပ်ခြင်း မရှိချေ။ ဂရုမစိုက်ဟန်ဖြင့်၊
“ သူတို့တွေကို မင်းသတ်ဝံ့ရင် ဒီနတ်ဆိုး တစ်သောင်းတောင်က နတ်ဆိုးဧကရာဇ်အားလုံး အသက်နဲ့ပေးဆပ်ဖို့ ငါကတိပေးတယ်။ ”
-ဟု ပေါ့ပေါ့ပါးပါး ကြောငြာလိုက်တော့၏။
***