ရွှေတောင်ပံဂဠုန်နှင့် နတ်ဆိုးဘုရင် ကိုးပါး။
Vol. 72 Ch. 856
“ ဟားဟားဟား ... ။ ”
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် အေးစက်သောရယ်သံ တစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာ၏။
“ စုမျိုးရိုးအမည်နဲ့ ကောင်လေး ... မင်းအရင်လိုပဲ ရက်စက်ပြီး နှလုံးသားမဲ့ နေတုန်းပါလား ...
... ဒါပေမယ့် စိတ်ချပါ ဒီဓားစာခံတွေကို အသုံးပြုပြီး မင်းအပေါ် အတင်းအကျပ်လုပ်ဖို့ ငါတို့မရည်ရွယ်ထားပါဘူး။ ”
စကားဆုံးသည်နှင့် ရွှေရောင် အလင်းတန်းတစ်ခုသည် လေထုအလယ်တွင် ရုတ်ချည်းပေါ်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့ဆံပင်သည် ရွှေရောင်ဖြစ်ပြီး ချောမောသောမျက်နှာနှင့် ထက်ရှလွန်းသော မျက်လုံးများရှိသည်။
“ ရွှေလေး ... ။ ”
ယွီလောင်မှ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ စုယီတစ်ယောက် မျက်ခုံးတစ်ဖက်လျက် ကြည့်၏။
ဤချောမောသောလူသည် သူ၏တပည့်တစ်ဦးဖြစ်သည့် ရွှေတောင်ပံဂဠုန် မှတပါးအခြားမဟုတ်ခြေ။
ရွှေတောင်ပံ ခွန်ပန်များ၏ သွေးမျိုးဆက်သည် သူ့သွေးကြောများအတွင်း စီးဆင်းနေသည့် ရှေးဟောင်းမျိုးစိတ်ပေပင်။
လွန်ခဲ့သောနှစ်ပေါင်း ရှစ်သောင်းခန့်က ကောင်းကင်တံခါးအပြင်ဘက်၌ ဆယ်ရက်နှင့် ဆယ်ညကြာ ဒူးထောက်လျက် တပည့်အဖြစ် ခံယူလိုကြောင်း တောင်းဆိုခဲ့သည်။
သို့သော် စုရီတစ်ယောက် ပြန်လည် ဝင်စားချိန်တွင် ဤငှက်သည် ‘ကောင်းကင်မီးဖို’ ခိုးယူသွား၏။ ထိုကဲ့သို့သော သစ္စာဖောက်သည် သူ့ရှေ့တွင် ပေါ်လာဝံ့လိမ့်မည်ဟု မမျှော်လင့် ထားချေ။
“ ယွီလောင် ... မင်းရဲ့အသုံးအနှုန်းကို သတိထားပါ။ ”
ရွှေတောင်ပံဂဠုန်သည် အပြာရောင် နွားမိစ္ဆာကို ဂရုမစိုက်ဘဲ ယွီလောင်ထံကြည့်ကာ ဖြည်းညှင်းစွာ ပြောကြားလိုက်၏။
“ ကောင်းကင်လှိုဏ်ဂူမှာ မင်းက ငါ့ရဲ့အစ်ကိုကြီးပဲ ဒါကြောင့် ငါ့ကိုဒီလိုခေါ်တာ ပြဿနာမရှိဘူး ... ဒါပေမယ့် အခုတော့ မင်း ငါ့ကို ဒီလိုခေါ်ဖို့ မထိုက်တန်တော့ဘူး။ ”
သူ့စကားများသည် မထီမဲ့မြင်ပြုမှုဖြင့် ပြည့်နှက်နေသည်။ အပြာရောင်နွားမိစ္ဆာနှင့် အခြားသောနတ်ဆိုးအိုကြီးများသည် လမင်းကို ဝိုင်းရံနေသောကြယ်များကဲ့သို့ပင် ရွှေတောင်ပံ ဂဠုန်အနား အပြေးအလွှားရောက်ရှိကုန်၏။
စုရီ၏အမူအရာသည် တည်ငြိမ်နေပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခုသာ ပေါ်လာသည်။
“ လူတိုင်း ... ထွက်လာကြပြီး ဒီကောင်လေးကို လိုက်ပို့လိုက်ရအောင် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တယ်။ ”
ဝေးလံလှသော လေဟာနယ်အတွင်းမှ ပန်းတစ်ပွင့်ကြွေကျလာသကဲ့သို့ နူးညံ့သော အသံတစ်သံ ပဲ့တင်ထပ်လာပြီး အမျိုးသမီး တစ်ယောက် လေထဲပေါ်လာ၏။
ဤသည်မှာ ကြယ်ကြွေလိပ်ပြာဧကရာဇ် ဖြစ်သည်။ နတ်ဆိုးတစ်သောင်းတောင်၏ ဘုရင် ကိုးပါးအနက်တစ်ပါးဖြစ်ပြီး စစ်မှန်သောအသွင် ပုံစံသည် လိပ်ပြာပေပင်။
“ ဟမ့် ... ဒီကောင်လေးရဲ့ တိုက်ပွဲဝင် စွမ်းအားက ကောင်းကင်ဘုံကိုအံတုနေတာ မှန်ပါတယ် ဒါပေမယ့် ... ဒီနေ့ ငါတို့အားလုံး လှုပ်ရှားရအောင် ထိုက်တန်ရဲ့လား ဟားဟားဟား။ ”
တစ်ချိန်တည်းမှာပင် အခြားသောအရပ်မှ ပုံရိပ်သုံးခုထွက်ပေါ်လာ၏။ ယင်းသည်မီးဘုရင်၊ လေဘုရင်နှင့် သတ္ထုဘုရင်တို့ဖြစ်သည်။
ထိုမြင်ကွင်းသည် ယွီလောင်ကို အံ့အားသင့်စေ၏။ သူ့ဆရာ ကြိုတင်ဟောကိန်း ထုတ်ထားသည့်အတိုင်း ယနေ့သည် များစွာ ရှုပ်ထွေးနေပုံရချေပြီ။
ဝမ်ကျိုးဖူ မျက်နှာအမူအရာသည်လည်း တဖြည်းဖြည်းလေးနက်လာခဲ့ပြီး သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုးကဲ့သို့ ခံစားလိုက်ရသည်။
“ တာအိုမိတ်ဆွေ ငါတို့လည်း ထည့်တွက်ပါဦး။ ”
စကားဆုံးသည်နှင့် အဝေးမှ နောက်ထပ်ပုံရိပ်သုံးခု ထပ်မံချဉ်းကပ်လာ၏။ ဦးဆောင်သူသည် အနက်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ချောမောသော မျက်နှာနှင့် ရှည်လျားသော မုတ်ဆိတ်မွှေးများ ပါရှိလေသည်။
သူ့ဘေးတွင် ငယ်ရွယ်ပုံပေါက်သော ဆံပင်ဖြူဖြူအဘိုးကြီးတစ်ဦးနှင့် ဖျင်ကြမ်းအင်္ကျီ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အဘိုးကြီး တစ်ဦးနှင့် ဓားသမား လူထွားကြီးတစ်ဦးတို့ လိုက်ပါလာ၏။
ထိုသုံးယောက် ပေါ်လာမှုသည် လူတိုင်းကိုရုတ်ရုတ်သဲသဲ ဖြစ်စေတော့သည်။ လူငယ်အသွင် ဆံပင်ဖြူဖြူနှင့် အဘိုးကြီးသည် ထင်းရှူးနီနတ်ဆိုးဧကရာဇ်ဖြစ်၏။
နတ်ဆိုး တစ်သောင်းတောင်၏ ဘုရင်ကိုးပါးအနက် ပထမဘုရင်ဖြစ်ပြီး ရွှမ်ဟဲ ပြီးပြည့်စုံမှုဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည့် တစ်ဦးတည်းသော ဧကရာဇ်ဖြစ်သည်။
သူ့ဂုဏ်သတင်းသည် ကောင်းကင်နှင့် မြေကြီးကြား ကြာမြင့်စွာတည်းက တုန်လှုပ်စေ သူ ပေပင်။ သူ့လက်အောက်တွင် ဧကရာဇ် (၆၄)ပါး အထိ အမှုထမ်းနေသည်ဟု ကောလဟာလများ ထွက်ပေါ်နေ၏။
ယင်းကြောင့် ယွီလောင်သည်ပင် နှလုံးသားများ အနည်းငယ် လေးလံလာသည်။ ရွှမ်ဟဲအဆင့်သည် ရွှမ်ယုအဆင့်ဖြင့် များစွာ ကွဲပြားသော ဖြစ်တည်မှုပေပင်။
သည့်ပြင် ထင်းရှူးနီနတ်ဆိုးဘေးတွင် ဓားကိုင်ဆောင်ထားသော ဧရာမလူထွားကြီးမှာ အလားတူပင် ကြောက်မက်ဖွယ်ကောင်း၏။
ဘုရင်ကိုးပါးတွင် ဒုတိယအသန်မာဆုံး ဖြစ်ပြီး အမည်ခံရွှမ်ဟဲအဆင့်ဖြစ်ကာ အမှောင် တောင်တန်းနတ်ဆိုးဟု လူသိများသည်။
အပြာရောင်နွားမိစ္ဆာ၊ တစ္ဆေမြေခွေး၊ ကြယ်လိပ်ပြာ၊ လေနတ်ဆိုး၊ သတ္ထုနတ်ဆိုး၊ ထင်းရှူးနီ နတ်ဆိုးနှင့် အမှောင်တောင်တန်း နတ်ဆိုးစသည့် ဘုရင်ကိုးပါးဆုံချေပြီ။
ရွှေတောင်ပံဂဠုန်နှင့် ဤနတ်ဆိုးဘုရင် ကိုးပါးပေါင်းစည်းလိုက်သော် အရိုင်းမြေကိုးပါး၌ ထိပ်တန်းအဆင့် မဟာမိတ်အင်အားစုကြီး အဖြစ် သတ်မှတ်ခံရနိုင်၏။
သို့သော် ယွီလောင်သည် ထိုနတ်ဆိုးများထက် အနက်ဝတ်လူငယ်ထံသို့ ကြည့်ကာ ရှုပ်ထွေးနေဆဲဖြစ်သည်။
“ ဆရာ ... ၊ အဲဒီအနက်ရောင်ဝတ် လူရဲ့အရှိန်အဝါက တကယ်ကိုထူးဆန်းနေပြီး မရင်းနှီးဘူး သူ့ရဲ့မူလအပေါ် မြင်နိုင်လား။ ”
ယွီလောင်မှ ပထမနတ်ဆိုးဘုရင်ကို ဦးဆောင်လာသော အနက်ရောင်ဝတ်လူငယ်ထံ ကြည့်လိုက်သည်။ ရွှေတောင်ပံဂဠုန်နှင့် အခြား နတ်ဆိုးဘုရင်များသည် ထိုသူကို နှုတ်ဆက်ရန် ရှေ့တိုးလာသည်ကို သတိထားမိ၏။
ပထမနတ်ဆိုးဘုရင်ဖြစ်သော ထင်ရှူးနီနတ်ဆိုးသည်ပင် ထိုအနက်ဝတ်လူနှင့် ပခုံးချင်းယှဉ် မလျှောက်ဝံ့ချေ။
“ သူက နှလုံးသားပြခန်းက တစ်စုံတစ်ယောက်ပဲ။ ”
စုရီမှ ပြန်ဖြေသည်။ ထိုအင်အားစုသည် နိဗ္ဗာန်ဝိညာဉ်နိယာမကိုကိုင်ဆွဲထားပြီး ခွန်းအား အရာတွင် ကောင်းကင်ဘုံပေါ် စိန်ခေါ်နိုင်သည့် စွမ်းအားများပိုင်ဆိုင်ထားသည်။
ထိုကြောင့် ဤအနက်ဝတ်လူသည် ရွှမ်ယုအဆင့် ကျင့်ကြံမှုပိုင်ဆိုင်ထားသော်လည်း ထင်ရှူးနီနတ်ဆိုးကဲ့သို့ ရွှမ်းဟဲအဆင့်နတ်ဆိုး ဧကရာဇ်ကို အလွယ်တကူအနိုင်ယူနိုင်၏။
အထူးသဖြင့် သူ့ရောင်ဝါများသည် လူအုပ်အတွင်းထင်ရှားပြီး အခြားသောနတ်ဆိုး ဧကရာဇ်များကို အညံ့ခံရန်ဖိအားပေးနေ၏။
သို့သော် စုရီအတွက်မူ ဤအနက်ဝတ်လူရွယ်သည် အခြားသော ရွှမ်ယု အဆင့် ဧကရာဇ်များနှင့် မခြားချေ။
ကောင်းကင်ဖီးနစ်အကယ်ဒမီတွင် သူသည် ဖန်းကျိနှင့်ဖေးယွမ်တို့ကိုသတ်ခဲ့ကြောင်း ပင်းမိုမှ သိပုံမရသေးမှန်း မြင်သာနေသည်။
မဟုတ်သော် ဤလူကိုဝှက်ဖဲအဖြစ် သတ်မှတ်ကာ သူ့ထံစေလွှတ်ဝံ့မည်မဟုတ်ချေ။ စုရီတစ်ယောက် အတွေးဖြင့် မျက်ဝန်းများ လင်းလက်လာ၏။
တောင်နှင့်မြစ်များ ခမ်းခြောက်လျက် ကောင်းကင်နှင့် မြေကြီးက ဖိနှိပ်ခံနေရသည်။ နတ်ဆိုးဧကရာဇ်ကိုးပါးနှင့် ရွှေတောင်ပံအနား ရောက်လာချိန်တွင် အနက်ဝတ်လူက၊
“ ရွှေတောင်ပံဂဠုန် ... ဒီကလေးကို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ ”
-ဟု မေးမြန်းလိုက်၏။
ရွှေတောင်ပံဂဠုန်နှင့် အဖွဲ့သည် လက်နှစ်ဖက်ယှက်ကိုင်ကာ အရိုအသေပြုပြီး၊
“ အကြီးအကဲယင် ဆုံးဖြတ်ပါ။ ”
-ဟု တုန့်ပြန်သည်။
အနက်ရောင် ဝတ်ရုံဝတ်ထားသော လူအရွယ်သည် အနည်းငယ်ပြုံးလိုက်ပြီး၊
“ ကောင်းပြီ ... မင်းက တခြား တာအိုမိတ်ဆွေတွေကိုဦးဆောင်ပြီး တိုက်ခိုက်ပါ ထင်ရှူးနီနတ်ဆိုးနဲ့ ငါကတော့ အကာအကွယ် ပေးဖို့တာဝန်ယူမယ် ဘယ်လိုလဲ။ ”
“ သဘောတူတယ် ... ။ ”
“ သေဘာတူတယ် ... ။ ”
ရွှေတောင်ပံဂဠုန်နှင့် ထင်ရှူးနီနတ်ဆိုး ဘုရင်က တပြိုင်နက်တည်းခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် ရွှေတောင်ပံဂဠုန်သည် လေထဲ လှမ်းတက်ပြီးလက်ဝှေ့ယမ်းကာ စာလိပ် တစ်လိပ် ထုတ်ယူလိုက်သည်။
“ ဖရူး ... ။ ”
စာလိပ်ထဲတွင် ထူးဆန်းသော စစ်တုရင်ခုံတစ်ခုရှိပြီး စာလိပ်ပွင့်ကျလာချိန်၌ ပေတစ်ရာခန့် ဆန့်ထွက်သွား၏။
“ အားလုံးပဲ ဒီကောင်လေးကို သတ်ရအောင်။ ”
ရွှေတောင်ပံဂဠုန်သည် စစ်တုရင်ခုံသို့ ခုန်ဝင်ကာ နေရာယူလိုက်သည်။ ချက်ချင်းပင် နတ်ဆိုးဘုရင်ရှစ်ပါးသည်လည်း စစ်တုရင်ခုံ အတွင်း ဝင်ရောက်လာတော့၏။
“ ဝမ် ... ။ ”
စစ်တုရင်ခုံသည် ချက်ချင်းတောက်ပလျက် အလင်းရောင်သည် ကောင်းကင်သို့ပျံတက်ကာ အကန့်အသတ်မဲ့ အလင်းရောင်နှင့် အရိပ်များ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။
ကမ္ဘာကြီးတစ်ခုလုံး စစ်တုရင်ခုံ ဖြစ်သွားတော့၏။ ယွီလောင်နှင့် ဝမ်ကျိုးဖူတို့ နှစ်ယောက်စလုံးသည် မျက်နှာများ အရောင်ပြောင်းသွားသည်။
ဤစာလိပ်သည် ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော ရတနာတစ်ပါးဖြစ်ကြောင်း ကောင်းကောင်း ခံစားမိကြ၏။
၎င်းမှ ဆင့်ကဲပြောင်းလဲလာသော စစ်တုရင်ကမ္ဘာသည် နားမလည်နိုင်အောင် ကြောက်စရာကောင်းသည့် စွမ်းအားများ ပြည့်နှက်နေသည်။
ရွှေတောင်ပံဂဠုန်နှင့် နတ်ဆိုးဘုရင် ရှစ်ပါး၏ရောင်ဝါကို တစ်သားတည်းပေါင်းစည်း သွားစေ၏။ ယင်းမှာ သတ်ဖြတ်ခြင်းဝင်္ကပါထက် သာလွန်ဆန်းကြယ်ပြီး ကြောက်စရာ ကောင်းလေသည်။
“ စုမျိုးရိုးနာမည်နဲ့ ကောင်လေး ... မင်းအခု အညံ့ခံရင် မင်းကိုဂုဏ်သိက္ခာရှိရှိ သေစေမယ်လို့ အာမခံတယ် မဟုတ်ရင် ...
... ဒီကြယ်တာရာ ကောင်းကင် သတ်ဖြတ်ခြင်းပုံစံကို အသုံးပြုပြီး ပြာအဖြစ် ပြောင်းလဲပစ်လို့ ငါ့ကိုအပြစ်မတင်နဲ့။ ”
ရွှေတောင်ပံဂဠုန်သည် စစ်တုရင်ကမ္ဘာထဲမှနေပြီး စုရီကို လှောင်ပြောင် ခြိမ်းခြောက်သည်။
အပြာရောင် နွားမိစ္ဆာအပါအဝင် အခြား နတ်ဆိုးဘုရင်များအားလုံးက သတ်ဖြတ်လိုခြင်း ဆန္ဒများဖြင့် အေးစက်စွာကြည့်နေကြ၏။
ထိုဆန္ဒသည် ပြင်းထန်လွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးကြား အရောင်များ ပြောင်းလဲလာစေသည်။
စုရီမှ ဝိုင်တစ်ငုံသောက်လိုက်ပြီး ယွီလောင်ထံ လှည့်ကြည့်ကာ၊
“ မင်းတို့ဒီမှာနေပြီး စောင့်ပါ ... ငါချက်ချင်းပြန်လာခဲ့မယ်။ ”
-ဟု မှာကြားလိုက်သည်။
ထို့နောက် စစ်တုရင်ကမ္ဘာကြီးအတွင်း လှည့်ကြည့်ကာ လရိပ်ဓားကိုဆွဲထုတ်လျက် လေထဲလျှောက်လှမ်းသွားပြီး၊
“ ကြယ်တာရာ ကောင်းကင် သတ်ဖြတ်ခြင်းပုံစံလား ... မင်းတို့ဘယ်လောက် အစွမ်းထက်လဲ ကြည့်ရအောင်။ ”
-ဟု ဆိုလျက် ပြေးဝင်သွားတော့၏။
***