သစ္စာဖောက်များ ... ။
Vol. 72 Ch. 868
ဓားတစ်ချက်တည်းဖြင့် စစ်တုရင်ကစားကွက်သဖွယ် ဖန်တီးထားသော ကမ္ဘာကြီးတစ်ခုလုံး ဖိနှိပ်ခံလိုက်ရချေပြီ။
ရွှေတောင်ပံဂဠုန်နှင့် အပြာရောင် နွားမိစ္ဆာတို့၏ခန္ဓာကိုယ်များသည် နတ်တောင် တစ်လုံးဖြင့် ဖိနှိမ်ထားသကဲ့သို့ လေးလံကုန်၏။
“ ခရစ် ... ။ ”
မျက်နှာများနီမြန်းလျက် အရိုးအဆစ်များသည် မခံမရပ်နိုင်ဖြစ်လာပြီး တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ပြိုလဲမည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။
အထူးသဖြင့် အပြာရောင်နွားမိစ္ဆာ ဧကရာဇ်သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ အမြင့်မီတာ(၁၀)မီတာကျော်ရှိသည့် နွားပြာကြီး အဖြစ်သို့ ပြောင်းလဲလိုက်ရ၏။
“ ရှူး ... ။ ”
သို့တိုင် သူ၏သန်မာလှသော ခြေလေးချောင်းသည် ဒူးထောက်ကျလုနီးပါး ဖြစ်လာပြီး အသက်ရှူသံများ ပြင်းထန် လာတော့သည်။
“ အကြီးအကဲယင် ငါတို့ကိုကယ်ပါဦး။ ”
ရွှေတောင်ပံဂဠုန်သည် မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်ကာ အကူအညီ တောင်းလေသည်။
“ လာခဲ့ ... ။ ”
အဝေးရှိ အကြီးအကဲယင်ခမျာ မျက်နှာပျက်သွားပြီး တည်ငြိမ်မှုမရှိတော့ဘဲ ညာလက်ဖြင့် လေထဲဆွဲချလိုက်၏။
နိဗ္ဗာန်ဝိညာဉ်နိယာမများက ဧရာမလက်ဝါးကြီးအဖြစ် စစ်တုရင်ကမ္ဘာအပေါ် ခြုံလွှမ်းသွားကာ ကြယ်တာရာစစ်မြေပုံကို ဖမ်းယူရန်ကြိုးစားတော့သည်။
“ ရွှပ် ... ။ ”
သို့သော် ထိုခဏမှာပင် စူးရှထက်မြက်လှသော ဓားအလင်းတစ်လက် သူ့ဘေးသို့ ဝင်ရောက်လာ၏။
ဤတိုက်ခိုက်မှုသည် လျင်မြန်လွန်းလှသဖြင့် အကြီးအကဲယင်းတစ်ယောက် ကာကွယ်ရန်သာ အာရုံစိုက်လိုက်ရသည်။
“ ဝုန်း ... ။ ”
ဓားအလင်းတန်း ကွဲကြေသွားသော်လည်း အကြီးအကဲယင်ခန္ဓာကိုယ်သည် အနောက်သို့ ပေရာချီလွင့်စင်သွားကာ ညာဘက်လက်တွင် သွေးချင်းချင်းနီသွားတော့၏။
ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် ကြယ်တာရာစစ်မြေပုံကို ဖမ်းယူလိုက်သည့် လက်ဝါးကြီးသည်လည်း လေထုအလယ် ပျောက်ကွယ်သွားခဲ့သည်။
“ ချီစုန့် ... မင်း ဒါ ဘာလုပ်တာလဲ။ ”
အကြီးအကဲယင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုဓားအလင်းသည် ထင်းရှူးနီမိစ္ဆာဧကရာဇ် ချီစုန်းထံမှ လာခြင်းဖြစ်၏။
ဤအလှည့်အပြောင်းကြောင့် အဝေးမှ ကြည့်နေသောယွီလောင်နှင့် ဝမ်ကျိုးဖူတို့ပင် မှင်တက်သွားကြသည်။
“ တာအိုမိတ်ဆွေ ... စိတ်လျှော့ပါ ဒီအတိုင်းဘေးကနေ ပွဲကြည့်နေလိုက်စမ်းပါ။ ”
ဆံပင်ဖြူဖြူနှင့် နတ်ဘုရားအလား တည်ငြိမ်သောချီစုန်းက ပြုံးလျက် တုန့်ပြန် ပြောကြားလိုက်သည်။
“ မင်း ... သစ္စာဖောက်နေတာလား။ ”
အကြီးအကဲယင်း၏ မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းသွားပြီး ထင်းရှူးနီမိစ္ဆာထံ တိုက်ခိုက်လိုက်သည်။ ချီစုန်းမှ တုန့်ပြန်စကား မဆိုဘဲ ခေါင်းကိုသာ ခါယမ်းပြလိုက်၏။
စစ်တုရင်ကမ္ဘာထဲမှ အကူအညီကို မျှော်လင့်နေသော နတ်ဆိုးကြီးများခမျာ အဆိုပါ မြင်ကွင်းထံ သတိထားမိကုန်ပြီး စိတ်ဓာတ်များ ပြိုလဲကုန်တော့သည်။
ချီစုန်းသည် နတ်ဆိုးတစ်သောင်း တောင်တန်းကြီးတွင် နံပါတ်(၁)ဧကရာဇ်ဘုရင် ဖြစ်ပြီး တစ်ဦးတည်းသော ရွှမ်ဟဲအဆင့် ဧကရာဇ်လည်းဖြစ်၏။
ယခုမူကား သူတို့၏အားကိုးရာ ထိုရွှေတောင်ကြီးသည် အကြီးအကဲယင်းကို ပြန်လည်တိုက်ခိုက်နေခဲ့ချေပြီ။
ယင်းသည် အချိန်တိုအတွင်း သူတို့အပေါ် အကူအညီမဲ့နေတော့မည်ကို နားလည်လိုက်၏။ စုရီသည်သာ ထိုအခြေအနေထံ အံ့ဩခြင်းမရှိဘဲ သတ်ဖြတ်ခြင်းအမှုကို ဆက်လုပ်နေခဲ့သည်။
ထိုစဉ်က ချီစုန်းနှင့် သူသည် အကြည့်ချင်းဖလှယ်လိုက်ကာ လျှို့ဝှက်စွာ သဘောတူညီမှု ရယူထားပြီးဖြစ်၏။
“ အား ... ။ ”
ကြောက်လန့်တကြား အော်ဟစ်သံများနှင့်အတူ ရွှမ်ယုအဆင့်နတ်ဆိုး များသည် ချက်ချင်းပေါက်ကွဲသွားတော့သည်။
ဤသွေးပျက်ဖွယ် မြင်ကွင်းကြောင့် ရွှေတောင်ပံဂဠုန်သည် မျှော်လင့်ချက်ကင်းမဲ့ သွားရ၏။
စုရီက လရိပ်ဓားကို လွှဲရမ်းလိုက်သည် နှင့်အမျှ ဓားရောင်ဝါသည် ပိုမိုပြင်းထန်လာကာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲ သေဆုံးနေ၏။
များမကြာမီတွင် ရွှေတောင်ပံဂဠုန်၊ အပြာရောင်နွားမိစ္ဆာ၊ ကြယ်တာရာလိပ်ပြာနှင့် အမှောင်တောင်တန်းတို့ လေးဦးသည်သာ ကျန်ရစ်တော့သည်။
“ ချီစုန်း .. မင်းသာ ငါ့ကို ဒီလို ဆက်တားနေဦးမယ်ဆိုရင် တစ်နေ့ ငါ့ဂိုဏ်းက မင်းရဲ့သားရဲတွင်းကို မြေလှန်ပစ်ရလိမ့်မယ်။ ”
အကြီးအကဲယင်းက ကြိမ်းဝါးလျက် ကြေးနီစုတ်တံကိုထုတ်ယူပြီး နိဗ္ဗာန်ဝိညာဉ် ဥပဒေများဖြင့် တိုက်ခိုက်ရန် ပြင်တော့သည်။
“ ဟမ့် ... ။ ”
သို့သော် ချီစုန်းသည်လည်း သူ၏ အနက်ရောင်ဓားကိုဝှေ့ယမ်းလျက် တွန့်ဆုတ် တွေဝေခြင်းမရှိ ဟန့်တားနေခဲ့၏။ ထို့ကြောင့် အကြီးအကဲယင်းတစ်ယောက် ပို၍ပင် ဒေါသထွက်လာတော့သည်။
“ ဝေါ့ ... ။ ”
ထိုအချိန်အတောအတွင်း စစ်တုရင်ကမ္ဘာထဲတွင် ကြယ်တာရာလိပ်ပြာ နတ်ဆိုးခမျာ သွေးအန်လျက် ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။
“ သခင်စု ... အသက်ချမ်းသာပေးပါ ငါမှားပါတယ် ... အရင်က မင်းကိုကျောပိုးပြီး တောင်တန်းကြီးတလျှောက် ခရီးနှင်ခဲ့ဖူးတဲ့ ဒီနွားလေးအပေါ် ငဲ့ညှာပေးပါ။ ”
ဤရလာဒ်သည် နွားပြာကြီးအပေါ် လုံးဝစိတ်ဓာတ်ကျစေပြီး ဒူးထောက်ငိုယိုကာ ချက်ချင်းတောင်းပန်တော့သည်။
နတ်ဆိုးဘုရင်တစ်ပါးသည် သူ့ကိုယ်သူ သည်နွားလေးဟုရည်ညွှတ်ကာ အသက်အတွက် တောင်းပန်နေသောမြင်ကွင်းသည် လူတိုင်းကို အံ့ဩမဆုံးဖြစ်စေ၏။
“ ဟမ့် ... မင်းလို နတ်ဆိုးဘုရင်တစ်ပါးက သေရမှာကို ဒီလောက်တောင် ကြောက်နေရတာလား။ ”
ရွှေတောင်ပံဂဠုန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း နွားပြာမိစ္ဆာမှာမူ ခေါင်းငိုက်စိုက်ချလျက် တုန်တုန်ရင်ရင်ဖြင့် စုရီထံမှ တုန့်ပြန်မှုကို စောင့်မျှော်နေ၏။
“ စန်းမင် ... ဒီကောင်ကိုခေါ်ပြီး အပြင်ထွက်သွားတော့ ... ။ ”
“ အမိန့်အတိုင်းပါ သခင်စု။ ”
တစ်ဖက်တွင် ဖိနှိပ်ခံထားရသကဲ့သို့ ဟန်ဆောင်နေသော အမှောင်တောင်တန်းသခင် နတ်ဆိုးဘုရင်က ချက်ချင်းပင် ခါးဆန့်လျက် ခေါင်းညိတ်လိုက်တော့၏။
“ မင်း ... မင်းလည်း သစ္စာဖောက်ပဲလား။ ”
အမှောင်တောင်တန်း နတ်ဆိုးဘုရင်သည် တစ်ချိန်လုံး သူတို့ကို လိမ်ညာဟန်ဆောင်ခြင်း ဖြစ်ကြောင်း နားလည်လိုက်သဖြင့် ရွှေတောင်ပံ ဂဠုန်ခမျာ မျက်နှာပျက်သွားတော့သည်။
“ သစ္စာဖောက်လား ... မင်းလို ကိုယ့်ဆရာကိုပြန်သတ်ဖို့ ကြိုးစားနေခဲ့တဲ့ တိရစ္ဆာန်ကသာ သစ္စာဖောက်ပဲ။ ”
အမှောင်တောင်တန်းဘုရင်မှ လှောင်ပြောင်ကဲ့ရဲ့လျက်ဖြင့် နွားပြာကြီးကို ခြေထောက်မှဆွဲပြီး စစ်တုရင်ကမ္ဘာပြင်ပသို့ ထွက်ခွာသွားတော့သည်။
ထို့ကြောင့် စစ်တုရင်ကမ္ဘာထဲတွင် စုရီနှင့် ရွှေတောင်ပံဂဠုန်တို့ နှစ်ဦးတည်းသာကျန်ရှိ၏။
“ ဝမ်ချွယ် ဘယ်မှာလဲ။ ”
စုရီက လှုပ်ရှားခြင်း မပြုတော့ဘဲ တည်ငြိမ်စွာမေးလိုက်သည်။ သူ့မျက်ဝန်းများ၌ ခံစားချက်များ ကင်းမဲ့နေတော့၏။
“ ငါပြောရင်... ငါ့အသက်ကို ချမ်းသာပေးမလား။ ”
“ မဟုတ်ဘူး မင်းသေရမယ်။ ”
ရွှေတောင်ပံဂဠုန်က ညှိနှိုင်းရန် ကြိုးစားလာသည်။ သို့သော် စုရီက ပြတ်သားစွာ ငြင်းဆန်၏။ ရွှေတောင်ပံဂဠုန်ခမျာ မျက်နှာ ပျက်ယွင်းသွားပြီး၊
“ ဒါဆိုရင်တော့ ... ငါ မင်းရဲ့မေးခွန်းကို ဖြေမှာမဟုတ်ဘူး ... မင်းငါ့ရဲ့ဝိညာဉ်ကိုရှာဖွေဖို့ ကြိုးစားရင် ငါ့ကိုယ်ငါဖောက်ခွဲပစ်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်သည်။
“ ဒီနေရာက နိဗ္ဗာန်ဝိညာဉ်ဥပဒေရဲ့ နယ်မြေပဲ မင်းကိုယ်မင်း ဖောက်ခွဲပစ်ရင်တောင် မင်းရဲ့ဝိညာဉ်အစအနတွေကို ပြန်ပေါင်းစည်းပြီး ငါရှာဖွေလို့ရပါတယ် ...
... ဒါပေမယ့် ဒီနည်းလမ်းက ငါ့ကို အချိန်ကုန်စေလိမ့်မယ် ဝမ်ချွယ်ရှိတဲ့နေရာကို ပြောပြရင် မင်းကိုသိက္ခာရှိရှိ သေခွင့်ပေးမယ်။ ”
“ ဟားဟားဟား ... ။ ”
ကြောက်ရွံ့ခြင်းမရှိဘဲ အေးစက်စွာ ပြောကြားလာသောစကားကြောင့် ရွှေတောင်ပံ ဂဠုန်သည် ခဏမျှတိတ်ဆိတ်သွားပြီး ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။
“ ဟမ့် ... စုရွှမ်ကြွယ် ... မင်းရဲ့ ဒီလို မောက်မာလွန်းတဲ့ အမူအရာကို ငါအမုန်းဆုံးပဲ အရင်တုန်းက မင်းဆီမှာတပည့်အဖြစ်ခံယူဖို့ ...
... ငါ(၁၀)ရက်နဲ့ (၁၀)ညတိတိ ဒူးထောက်ခဲ့ရတယ် ... ဒါပေမဲ့ မင်းက ငါ့ကို ပြင်ပတပည့်ရာထူးပဲ ပေးခဲ့တယ် ...
... ငါ့ရဲ့ပါရမီက လိပ်ကလေးရွှမ်နင်နဲ့ ဒီယီလောင်တို့ထက် ဘယ်နေရာမှာများ နိမ့်ကျ နေလို့လဲ ... အဲဒီစာဂျပိုးကျင်းရှင်းတောင် မင်းရဲ့ ဒုတိယတပည့် ဖြစ်ခွင့်ရခဲ့သေးတယ် ငါကတော့ အမြဲတမ်း ပြင်ပတပည့်အဆင့်ပဲ ...
... စုရွှမ်ကြွယ် ... မင်းရဲ့တပည့် ဟောင်ယောင်းက ဘာလို့သစ္စာဖောက်ခဲ့လဲ မင်းသိလား မင်းက ... အရမ်းဘက်လိုက်လို့ပဲ ...
... သူ့ကိုကောင်းစေချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ... ကျင့်ကြံမှုအဆင့်အပေါ် နှစ်ပေါင်းသောင်းချီ ဖိနှိပ်ထားခဲ့တယ် ဒါက ဘယ်လောက်နာကျင်ရလဲ မင်းသိလား။ ”
ရွှေတောင်ပံဂဠုန်မှ ဒေါသထွက်ပြီး တရစပ်အော်ဟစ်နေခဲ့သည်။ စုရီတစ်ယောက် စိတ်ပျက်သွားတော့၏။
ရွှေတောင်ပံဂဠုန်၏ သစ္စာဖောက်ရခြင်း အကြောင်းရင်းသည် ဤမျှအဆီအငေါ်မတည့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ တကယ်ပဲ မင်းအရည်အချင်းက သူတို့တွေထက် သာလွန်နေတယ်လို့ထင်လား ငါ့မျက်လုံးထဲမှာတော့ မင်းကသူတို့နဲ့ ယှဉ်လို့တောင်မရပါဘူး ...
... ဒါကြောင့်လည်း မင်းကို ပြင်ပတပည့်အဆင့်ပေးခဲ့တာ အခုချိန်မှာ ငါ့ အမြင်မှန်တယ်ဆိုတာ မင်းလုပ်ရပ်တွေက သက်သေပဲမဟုတ်လား။ ”
“ ဟမ့် ... ။ ”
ထိုစကားကြောင့် ရွှေတောင်ပံဂဠုန်မှ ဒေါသဖြင့် တုန်ရီနေစဉ် စုရီက ဆက်ပြောသည်။
“ ငါဘယ်လောက်ပဲ ဘက်လိုက်ပါစေ ... မင်းအခုလို ငါ့ကိုပြန်သတ်ဖို့ အကြောင်းပြချက် အဖြစ် လုံလောက်နေပြီထင်လား ...
... မင်း မကျေနပ်ရင် ဘာလို့ တခြားတစ်ယောက်ယောင်ဆီမှာ တပည့်အဖြစ် မခံယူရတာပဲ ... ဘာလို့သစ္စာဖောက်တဲ့လမ်းကို ရွေးချယ်ခဲ့ရတာလဲ ... ။ ”
စကားတစ်လုံးချင်းစီသည် မိုးကြိုး ပစ်ချလိုက်သကဲ့သို့ ရွှေတောင်ပံဂဠုန်နှလုံးသား အပေါ် ရိုက်ခတ်သွားလေသည်။ သူ့၌ ပြန်လည် ချေပရန် စကားလုံးများကင်းမဲ့နေတော့၏။
***