← Chapters

သစ္စာဖောက်များ ... ။

Vol. 72 Ch. 859

သစ္စာဖောက်များ ... ။

Vol. 72 Ch. 859

အဝေးတွင် စုရီနှင့် ရွှေတောင်ပံဂဠုန်တို့၏ စကားဝိုင်းအပေါ် နားစွင့်နေသော ယွီလောင်က လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

နှလုံးသားထဲတွင် ဖော်ပြမတတ်သော ဒေါသနှင့် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပြည့်နှက်နေခဲ့၏။

အပြစ်ကျူးလွန်သူ အများစုသည် မိမိကိုယ်ကိုယ် အဖက်ဖက်မှ ခုခံကာကွယ် တတ်ကြသည်မှာ သဘာဝပင်။

သို့သော် ဤရွှေတောင်ပံဂဠုန်၏ သစ္စာဖောက်ရခြင်း အကြောင်းပြချက်သည် သည်မျှရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ တိရစ္ဆာန်ကောင် ငါ့ဆရာက ဘက်လိုက်တယ်ဟုတ်လား ... ငါ့ဆရာသာ မရှိလျှင် မင်းလိုငှက်စုတ်က ဒီလိုဂုဏ်သတင်းနဲ့ အဆင့်အတန်းမျိုး ရနိုင်မယ်များ ထင်နေလား ...

... ဒီကမ္ဘာကြီးမှာ ငါ့ဆရာက တပည့်တွေအပေါ် ဘယ်လောက်အထိတောင် အကာအကွယ်ပေးပြီး အလေးထားတယ်ဆိုတာ လူတိုင်းသိကြတယ် ...

... ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်ကြတဲ့ အဲဒီမြေခွေးအဖိုးကြီးတွေတောင် ဆရာ့မျက်နှာနဲ့ ငါတို့အပေါ် အလေးအမြတ်ထားတာ မင်း အသိဆုံး မဟုတ်လား။ ”

အဆုံး၌ သည်းမခံနိုင်တော့ဘဲ ယွီလောင်တစ်ယောက် ဒေါသတကြီးဖြင့် အော်ငေါက်ကျိန်ဆဲလိုက်သည်။

စစ်တုရင်ကမ္ဘာအတွင်းမှ ရွှေတောင်ပံဂဠုန်သည် အတန်ကြာတိတ်ဆိတ် သွားပြီးနောက် ခေါင်းငိုက်စိုက်ကျသွား၏။ ထို့နောက် အရှုံးကို လက်ခံလိုက်ဟန်ဖြင့်၊

“ မင်းပြောသလို ... ငါ့ကိုဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု ဆိုကာ သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုကိုထုတ်ယူလျက် လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

“ ဝမ်ချွယ်ကို ဒီရတနာထဲမှာ ပိတ်လှောင်ထားတယ် မင်းရဲ့အစွမ်းနဲ့ဆိုရင် တံဆိပ်ကို ဖျက်ဆီးဖို့ မခက်ပါဘူး။”

စုရီက မလှုပ်ချေ။ တံဆိပ်ထံ စိုက်ကြည့်နေ၏။ ထို့ကြောင့် ‌ရွှေတောင်ပံ ဂဠုန်က ထိုတံဆိပ်ကို ပစ်ပေးလာသည်။

“ ဝှစ် ... ။ ”

ဤသည်မှာ ခြောက်လက်မအရွယ် အနက်ရောင်တံဆိပ်တစ်ခုဖြစ်၏။ တံဆိပ်တွင် ထူးခြားသောအမိန့်များ ရေးထွင်းထားသည်။

ထိုတံဆိပ်၏ အငွေ့အသက်နှင့် လက်ရာသည် နှလုံးသားပြခန်းအဖွဲ့၏ လက်ရာ ဖြစ်ကြောင်း စုရီမှ တစ်ချက်ကြည့်ရုံဖြင့်သိ၏။

“ ချိုးဖြတ် ... ။ ”

ရုတ်တရက် ထင်းရှူးနီနတ်ဆိုးနှင့် တိုက်ခိုက်နေသော အကြီးအကဲယင်းသည် အော်ဟစ်အမိန့်ပေးလိုက်သည်။

“ ဘောင်း ... ။ ”

သူ့အမိန့်သံဆုံးသည်နှင့် လေထဲရှိ အနက်ရောင်တံဆိပ်သည် ချက်ချင်းပေါက်ကွဲ သွားကာ ဓားတစ်လက်က လျှပ်စီးအလား ပြေးထွက်လာတော့၏။

၎င်းဦးတည်ရာသည် စုရီ၏ မျက်ခုံးအလယ်သို့ တည့်တည့်မတ်မတ် ပေပင်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသော လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ အသက်စွန့် တိုက်ခိုက်မှုနှင့်မခြားချေ။

“ ထန် ... ။ ”

သို့သော် ဓားသွားသည် စုရီမျက်ခုံးနှင့် (၃)လက်မအကွာသို့ရောက်ချိန်၌ လရိပ်ဓားဖြင့် တားဆီးခြင်း ခံလိုက်ရလေသည်။

“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”

ဓားနှစ်လက်ထိတွေ့မှုကြောင့် ထွက်ပေါ်လာသော အကြွင်းအကျန်စွမ်းအင် လှိုင်းများကြောင့် စုရီတစ်ယောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။

သူ့မျက်ခုံးအလယ်တွင် သွေးတစ်စက် စွန်းထင်းသွားချေပြီ။ အနည်းငယ်မျှ နောက်ကျ သွားပါက ဦးခေါင်းတစ်ခုလုံး ပွင့်ထွက် သွားနိုင်၏။

“ ဟမ့် ... ဟန့်တားနိုင်တာလား။ ”

အကြီးအကဲယင်းမှ အံ့ဩသွားသည်။ တစ်ဖက်တွင် ရွှေတောင်ပံဂဠုန်သည် ချက်ချင်း နောက်သို့ ဆုတ်ခွာသွားပြီဖြစ်၏။

ထင်းရှူးနီနတ်ဆိုးသည် သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။ သူ့ပေါ့လျော့မှုကြောင့် ပြိုင်ဘက်သည် စုရီအပေါ် လုပ်ကြံခွင့် ရသွားခြင်းဖြစ်၏။

တစ်ဖက်တွင် စုရီသည် တည်ငြိမ်စွာဖြင့် လုပ်ကြံသူကို မော့ကြည့်လိုက်၏။ ဝတ်ရုံနက်ကို ခြုံထားပြီး မျက်နှာဖုံးစွပ်ထားသည်။ သို့သော် ထိုသူ၏ စူးရှသောမျက်ဝန်းအစုံကို မြင်ချိန်တွင် မည်သူဖြစ်ကြောင်း သိရှိလိုက်၏။

ဤသည်မှာ အဋ္ဌမမြောက်တပည့် ပိုင်ရီပေပင်။ ယွီလောင်သည်လည်း လေထဲရှိ အနက်ဝတ်လူကို ကြည့်ကာ မှတ်မိသွား၏။

“ ပိုင်ရီ ... ငါမင်းကိုစိုးရိမ်စိတ်နဲ့ လိုက်ရှာနေတာ မင်းကတော့ပင်းမိုနဲ့ပေါင်းပြီး ဆရာ့ကိုသတ်ဖို့ ချောင်းမြောင်းနေတာလား။ ”

ယွီလောင်က ဒေါသထွက်သွားသည်။ ပိုင်ရီသည် ဓားကိုရူးသွပ်သူ၊ တိုက်ပွဲအပေါ် နှစ်သက်သူဖြစ်၏။

ဆရာ့တပည်များအတွင်း၌ တိုက်ပွဲအတွေ့အကြုံ အကြွယ်ဝဆုံးတပည့် တစ်ဦးပေပင်။

“ ရွှပ် ... ။ ”

စစ်တုရင်ကမ္ဘာထဲရှိ ပိုင်ရီက မည်သည့် စကားမျှတုန့်ပြန်ခြင်းမပြုဘဲ ဓားကိုသာ ထပ်မံ ဝှေ့ယမ်းလျက် တိုက်ခိုက်လိုက်ပြန်၏။

သူ့ဓားသည် ရိုးရှင်းကာ ပြတ်သား၏။ တစ်ချက်တည်းဖြင့် အရာခပ်သိမ်းအပေါ် အဆုံး သတ်နိုင်သည့် အရှိန်အဝါမျိုးပေပင်။

“ ထန် ... ထန် ... ။ ”

စုရီက သက်ပြင်းချကာ လရိပ်ဓားဖြင့် ပုတ်ထုတ်လိုက်လေသည်။ ပြင်းထန်လွန်းသော တိုက်မိသံနှင့်အတူ ပိုင်ရီတစ်ယောက် နောက်သို့လွင့်ထွက်သွား၏။

ဝတ်ရုံစများ စုတ်ပြတ်သွားကာ ဖြူဖျော့နေသော မျက်နှာထွက်ပေါ်လာပြီး မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

“ မင်းရဲ့ဓားမှာ အမုန်းတရားတွေ များလွန်းနေတယ် မင်းရဲ့နှလုံးသားက ငါ့အပေါ် ထားတဲ့ အမုန်းကြောင့် မတည်ငြိမ်ဖြစ်နေပြီ။ ”

စုရီက အသာအယာ မှတ်ချက်ပေး၏။

“ ပိုင်ရီ ... သူ့စကားကို နားမယောင်နဲ့ ... အစ်ကိုကြီးပင်းပိုရဲ့ ... မှာကြားချက်တွေအတိုင်း သူ့ကို အခုချက်ချင်းသတ်ပါ။ ”

ရွှေတောင်ပံဂဠုန်က အဝေးမှနေပြီး အော်ဟစ်သတိပေးသည်။ ပိုင်ရီမှ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဓားကိုထပ်မံကိုင်စွဲ၍ တိုးဝင်လိုက်ပြန်၏။

“ ကလန် ... ကလန် ... ။ ”

သူသည် ဝူလျန်ဓားကျမ်းကို အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ဤစုရီနှင့် ရင်ဆိုင်ချိန်၌ နောက်သို့သာ ပြန်လည်ဆုတ်ခွာနေရ၏။ အဓိပ္ပါယ်မရှိချေ။

“ ပိုင်ရီ ... သစ္စာဖောက်ပင်းမိုက မင်းကိုဘာတွေပြောထားလဲ ငါမသိဘူး ဒါပေမဲ့ ဒီဓားနှစ်ချက်ရဲ့ အတွေ့အကြုံအရ မင်းကိုယ်တိုင် ဆုံးဖြတ်သင့်ပြီ။ ”

စုရီက နူးညံ့စွာ သတိပေးလိုက်၏။ ပိုင်ရီတစ်ယောက် မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ ပိုင်ရီ ... မြန်မြန် လက်စသတ်ပါ သူ့စကားကို နားမထောင်နဲ့။ ”

ထိုမြင်ကွင်းကြောင့် ရွှေတောင်ပံဂဠုန်တစ်ယောက် စိုးရိမ်စိတ်ဖြင့် လောဆော်လိုက်၏။

“ ပိုင်ရီ ... အမှားတစ်ခုကို သုံးကြိမ်မလုပ်နဲ့ ဆရာ့ကို မင်းထပ်တိုက်မယ်ဆိုရင် ငါကိုယ်တိုင် မင်းကိုဖြေရှင်းရလိမ့်မယ်။ ”

ယွီလောင်က ဒေါသတကြီး အော်ငေါက် လိုက်သည်။ ပိုင်ရီမှ အသက်ပြင်းပြင်းရှူလျက် စုရီထံ စိုက်ကြည့်၏။ တစ်ဖက်လူငယ်သည် ရွှမ်ကျောက်အဆင့်တွင်သာရှိသည်။

လက်နှစ်ဖက် နောက်ပို့လျက် သူ့ထံ တည်ငြိမ်စွာစိုက်ကြည့်နေ၏။ ထိုအကြည့်တွင် မာနတရားနှင့် နူးညံ့မှုကို မြင်နိုင်သည်။ ယင်းက သူ့ကို ရှင်းလင်းပြတ်သားသော ခံစားချက်များ ဝင်ရောက်လာစေ၏။

“ ငါဘာလုပ်ရမလဲဆိုတာ ငါသိပြီ။ ”

“ ရွှမ်း ... ။ ”

စကားဆုံးသည်နှင့် ပိုင်ရီထံမှ ဓားအလင်းတစ်လက် တဟုန်ထိုးပြေးထွက်လာ တော့၏။ သို့သော် ထိုဓား၏ဦးတည်ရာသည် စုရီထံဦးတည်ခြင်းမဟုတ်ဘဲ ရွှေတောင်ပံ ဂဠုန်ထံသို့ ဖြစ်နေချေပြီ။

“ ဖရူး ... ။ ”

“ ရွှပ် ... ။ ”

“ အား ... ။ ”

သွေးများပန်းထွက်လျက် လက်မောင်းတစ်ဖက် လေထဲလွင့်စင်သွားပြီး ရွှေတောင်ပံဂဠုန်မှ နာကျင်စွာအော်ဟစ် လိုက်လေသည်။ ရုတ်ချည်းဖြစ်သဖြင့် ရှောင်တိမ်းရန် အချိန်မရခဲ့ချေ။

“ ပိုင်ရီ ... မင်းသစ္စာဖောက်။ ”

ဒေသတကြီး အော်ဟစ်လျက် ရွှေတောင်ပံဂဠုန်သည် စစ်တုရင်ကမ္ဘာအတွင်းမှ ချက်ချင်းထွက်ပြေးရန် ကြိုးစားတော့၏။

သို့သော် ပိုင်ရီမှ ခွင့်မပြုချေ။ နှစ်ပေါင်းများစွာ အမုန်းတရားနှင့် ကန့်သတ်မှု အပေါ် ပေါက်ကွဲပစ်ရန်ပစ်မှတ်တစ်ခုကို တွေ့ရှိသွားချေပြီ။

“ မင်း ... ပိုင်ရီ ... ။ ”

ရွှေတောင်ပံဂဠုန်မှ အသည်းအသန် ခုခံနေရသည်။ ပိုင်ရီသည် အဆင့်အတန်းအရ သူ့ထက်သာလွန်သော အမွေခံတပည့်ဖြစ်ပြီး တိုက်ပွဲအပေါ် ရူးသွပ်နေသူဖြစ်၏။

ယခုကဲ့သို့ ဒေါသတကြီးနှင့် ဆုတ်ခွာရန်လမ်းမထားဘဲ သူ့ကိုသတ်ဖြတ်ရန် ကြိုးစားလာခြင်းသည် များစွာ ကြောက်စရာ ကောင်း‌လွန်းချေပြီ။

ပိုင်ရီအတွက်မူ မည်သည့်အရာမျှ မစဉ်းစားနိုင်ဘဲ သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ပေါက်ကြားလျက် တရစပ်လိုက်လံတိုက်ခိုက် နေခဲ့၏။ ဤလူယုတ်မာများကြောင့် သူသည် ဆရာသခင်ကို သတ်လုနီးပါးပေပင်။

သူ့ဘဝအတွက် ကြီးမားသောအမှားကို ကြူလွန်းရန် ခြေတစ်လှမ်း ရောက်ရှိခဲ့ရသည်။ တစ်ဖက်တွင် ဤမြင်ကွင်းကိုကြည့်ကာ စုရီမှ တိတ်ဆိတ်နေခဲ့၏။ ပြင်ပရှိယွီလောင်ခမျာ စိတ်သက်သာရာ ရသွားတော့သည်။

“ အသုံးမကျတဲ့ အမှိုက်ကောင်။ ”

တစ်ဖက်တွင် အကြီးအကဲယင်းသည် ‌ရွှေတောင်ပံဂဠုန်တစ်ယောက် တိုက်ပွဲဝင်ဆန္ဒ ပျောက်ဆုံးကာ အသက်လုပြေးနေခဲ့သော အဆိုပါမြင်ကွင်းကြောင့် ကျိန်ဆဲလိုက်၏။ ထို့နောက် နှာခေါင်းရှုံ့လျက်၊

“ သတ် ... ။ ”

-ဟု အော်ဟစ်လိုက်လေသည်။

သူ့စကားသံဆုံးသည်နှင့် သတိလစ်မေ့မျောနေခဲ့သော ဝမ်မိသားစုသုံးဦး တို့သည် ရုတ်ချည်း မျက်ဝန်းများပွင့်လာ၏။ ထို့နောက် ဝမ်ကျိုးဖူနှင့် ယွီလောင်တို့ထံ လှည့်ကာ တိုက်ခိုက်လိုက်တော့သည်။

“ မကောင်းတော့ဘူး ... ။ ”

ဝမ်ကျိုးဖူနှင့် ယွီလောင်ခမျာ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ နီးကပ်လွန်းသဖြင့် ရှောင်တိမ်းရန်မဆိုနှင့် ခုခံရန်ပင် အချိန်မရှိတော့ချေ။

***

All Chapters