← Chapters

ဝမ်ချွယ်၏ သတင်း။

Vol. 72 Ch. 860

ဝမ်ချွယ်၏ သတင်း။

Vol. 72 Ch. 860

ယွီလောင်နှင့် ဝမ်ကျိုးဖူတို့သည် ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။ ရုတ်တရက် ဖြစ်သဖြင့် သူတို့သတိထားမိချိန်တွင် ခုခံရန်ပင် နောက်ကျသွားခဲ့ပြီဖြစ်သည်။

“ မကောင်းတော့ဘူး ... ။ ”

ထိုမျှ အရေးကြီးလှသောအချိန်တွင် ဓားတစ်လက်သည် ဝမ်မိသားစုဝင်အဘိုးအိုများ ပူးပေါင်းတိုက်ခိုက်မှုကို ချေဖျက်ပေးလာ၏။

“ ဝုန်း ... ။ ”

နားကွဲမတတ် မြည်ဟည်းသံကြီး ထွက်ပေါ်ကာ ဝမ်မိသားစုဝင်အဘိုးအိုများသည် သူတို့တိုက်ခိုက်မှု တားဆီးခံလိုက်ရသဖြင့် မျက်နှာများ ချက်ချင်း ပျက်ယွင်းလျက်နှင့် နောက်သို့ ဆုတ်ခွာသွားကုန်သည်။

ယွီလောင်နှင့် ဝမ်ကျိုးဖူတို့မှာ ကြောက်လန့်စိတ်ဖြင့် ချွေးစေးများ ထွက်လာ တော့သည်။

ဘေးသို့ လှည့်ကြည့်သောအခါတွင် အမှောင်နတ်ဆိုးဧကရာဇ်သည် သူတို့အပေါ် ကယ်တင်ပေးခဲ့ကြောင်း နားလည်လိုက်၏။

ဤကဲ့သို့လုပ်ကြံမှုမျိုးသည် တားဆီးရန် အလွန်ခက်ခဲလှပြီး အခြေအနေတစ်ခုလုံးအပေါ် ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။

ကံကောင်းစေသည်မှာ အမှောင် တောင်တန်းသခင်နှင့် နွားပြာနတ်ဆိုးဧကရာဇ် တို့ကို ပြင်ပသို့စေလွှတ်လိုက်ခြင်းပေပင်။

ယင်းသည် စုရီမှ အနာဂတ်အပေါ် ကြိုတင်မြင်၍မဟုတ်ဘဲ ထင်းရှူးနီနတ်ဆိုးနှင့် အမှောင်တောင်တန်းသခင်မှ သတင်း ပေးချက်ကြောင့် ဖြစ်သည်။

“ သူတို့ကို အရင်ဖမ်းလိုက်။ ”

“ ဟုတ်ကဲ့ ... ။ ”

စုရီက အမိန့်ပေးသည်။ ယွီလောင်၏ မျက်ဝန်းထဲတွင် လူသတ်လိုသောရောင်ဝါများ လျှံတက်လာတော့၏။

ဝမ်ကျိုးဖူသာလျှင် အနည်းငယ် ဆိုးရွားနေခဲ့သည်။ ဝမ်မိသားစုဝင်သုံးဦးသည် ရန်သူ့ဓားများ ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။

သို့တိုင် နောက်တွန့်မနေဝံ့ဘဲ ယွီလောင်၊ အမှောင်တောင်တန်းသခင်တို့နှင့်အတူ ပြေးဝင် တိုက်ခိုက်လိုက်ရတော့သည်။

“ ပြန်ဆုတ် ... ။”

ဝမ်မိသားစု အဘိုးအိုသုံးဦးသည် အခြေအနေမဟန်သည်ကို သိရှိလာသည်နှင့် ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။ သို့သော် ဆုတ်ခွာရာလမ်းကို နွားပြာမိစ္ဆာဧကရာဇ်၏ ပိတ်ဆို့ခြင်းခံလိုက်ရသည်။

“ နွားပြာကြီး ... မင်းဘာလုပ်တာလဲ။ ”

ဝမ်မိသားစုဝင် တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ နွားပြာမိစ္ဆာဧကရာဇ်ကမူ ဂရုမစိုက်ဘဲ အေးစက်စွာဖြင့်၊

“ မင်းတို့သာ ဒီနေ့လွတ်သွားရင် ငါအသက်ပျောက်သွားနိုင်တယ် မင်းတို့ကို ဖမ်းနိုင်မှသာ သခင်စုဆီကနေ အသက်ရှင်ခွင့် တောင်းဆိုနိုင်မယ်။ ”

“ မင်း ... ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ ... ။ ”

ဝမ်မိသားစုဝင်သုံးဦးခမျာ ဒေါသတကြီး အော်ဟစ်ကျိန်ဆဲ၏။ နွားပြာမိစ္ဆာဧကရာဇ်မှ ပြုံးရွှင်စွာဖြင့်၊

“ မင်းတို့လောက်တော့ မဆိုးသေးပါဘူး။ ”

-ဟု တုန့်ပြန်ကာ ပြေးဝင်တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ယွီလောင်နှင့် အဖွဲ့သည်လည်း ရောက်ရှိလာပြီး ဝမ်မိသားစု အဘိုးအိုသုံးဦးကို ဝိုင်းရံပိတ်ဆို့ဖမ်းဆီး တော့သည်။

ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ်ကောင်း၏။ ဝမ်မိသားစုဝင် သုံးဦးသည် သစ္စာဖောက်၍ သူတို့မိသားစုဝင်ကို လုပ်ကြံစဉ် အမှောင်တောင်တန်းသခင်မှ ကာကွယ်ပေးခဲ့ရသည်။

အထူးသဖြင့် အဖမ်းခံထားရသော နွားပြာမိစ္ဆာဧကရာဇ်က အသက်ရှင်လိုဇောဖြင့် ထိုဝမ်မိသားစုသစ္စာဖောက်များကို ပြန်လည် ပိတ်ဆို့ဖမ်းဆီးပေးနေခြင်းပေပင်။

“ ထင်းရှူးနီ ... မင်းဟာ တကယ်ကို သေထိုက်တဲ့ကောင်ပဲ။ ”

လေထုအလယ်တွင် တိုက်ပွဲပြင်းထန်နေသော အကြီးအကဲယင်းက ဒေါသကြောင့် မျက်နှာတစ်ပြင်လုံး သပြေသီးမှည့်ကဲ့သို့ ညိုပုတ်နေ၏။

အကယ်၍ ဝမ်မိသားစုဝင်သုံးဦးသာ ယွီလောင်နှင့် ဝမ်ကျိုးဖူကိုဖမ်းဆီးနိုင်ခဲ့ပါက ဓားစာခံအဖြစ် အသုံးချ၍ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ယခုမူ ထင်းရှူးနီနတ်ဆိုး၏ သစ္စာဖောက်မှုကြောင့် အရာအားလုံးသည် ဖျက်ဆီးခံလိုက်ချေပြီ။

“ သူဟာ ဘီလူးစုဖြစ်နေသရွေ့ ... ဒီနေ့ငါကူညီခြင်းမရှိရင်တောင် မင်းတို့ကျိန်းသေ ရှုံးနိမ့်ရမှာပါပဲ။ ”

“ ဟမ့် ... ။ ”

ထင်းရှူးနီ နတ်ဆိုးက ပြုံးလျက်ဆိုသည်။ အကြီးအကဲယင်းမှ နှာခေါင်းရှုံ့လျက် မယုံကြည် သည့်ဟန် ပြသလိုက်၏။

“ ကလန် ... ။ ”

ထိုစဉ်မှာပင် ကြည်လင်သော ဓားမြည်သံတစ်သံ ပဲ့တင်ထပ်သွားပြီး စုရီပုံရိပ် လေဟာနယ်အတွင်း ရွေ့လျားသွား၏။

အကြီးအကဲယင်းခမျာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လက်ထဲရှိ ပန်းချီစုတ်တံမှ အလင်းများ ထွက်ပေါ်စေလျက် ထင်းရှူးနီ နတ်ဆိုးကို တွန်းထုတ်ပစ်လိုက်သည်။

ထို့နောက် လေထဲတွင် စုတ်တံကို မျဉ်းဖြောင့်အသွင် ဆွဲယူလိုက်၏။ စုတ်တံဖျားမှ အလင်းများရေတံခွန်ကဲ့သို့ ကျဆင်းလာကာ နိဗ္ဗာန်ဝိညာဉ်ဥပဒေစည်းမျဉ်းများ ထွက်ပေါ်လာသည်။

ဤစွမ်းအားသည် ယခင် စစ်တုရင်ခုံမှ ရွှေတောင်ပံဂဠုန်တို့ သုံးစွဲနိုင်သော စွမ်းအားနှင့် မတူဘဲ အဆမတန် အစွမ်းထက်လှ၏။

မဟုတ်ပါက ရွှမ်ယုနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ရွှမ်ဟဲကနဦးအဆင့် ထင်းရှူးနီနတ်ဆိုးကို ဤမျှကြာအောင် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် ရွှမ်ဟဲအဆင့်ကို ယှဉ်နိုင်သော ထိုစွမ်းအားကြီးသည် စုရီ၏ဓားအောက်တွင် စက္ကူကဲ့သို့ ပေါက်ကွဲပျက်စီးသွားတော့၏။

အကြီးအကဲယင်းခမျာ အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးထွက်မတတ်ဖြစ်သွားရသည်။ သို့မှသာ တစ်ဖက်လူသည် နိဗ္ဗာန်ဝိညာဉ်ဥပဒေ စည်းမျဉ်းကို ခုခံနိုင်ရုံသာမက အနိုင်ယူနိုင်စွမ်း ရှိသည်ကို သဘောပေါက်သွားတော့၏။

“ ဟမ့် ... ။ ”

ထိုထက်ပို၍ စဉ်းစားရန် အချိန်မရမီ စုရီ၏ဓားချက်များသည် သူ့ထံသို့ရောက်ရှိလာပြီ ဖြစ်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲယင်း၏ လျှို့ဝှက်နည်းစနစ်များနှင့် တံဆိပ်များအားလုံး အလွယ်တကူ အဖျက်ခံလိုက်ရ၏။

မည်မျှပင် ရုန်းကန်ပါစေ အရာမထင်ဘဲ ဒဏ်ရာဗရပွဖြင့် သွေးချင်းချင်းနီသွားချေသည်။ ထင်းရှူးနီ နတ်ဆိုးဧကရာဇ်ပင်လျှင် စုရီ၏ တိုက်ခိုက်မှုပုံစံကြောင့် ချွေးစေးများဖြင့် ဆုတ်ခွာပေးလိုက်၏။

သူနှင့်တိုက်ခိုက်စဉ်က အစွမ်းထက်လွန်းသော ဤအဘိုးကြီးသည် ချက်ချင်းပင် ကြက်ကလေးသဖွယ် ကူကယ်ရာမဲ့သွားချေပြီ။

“ ငါသိပြီ ကောင်းကင်ဖီးနစ် အကယ်ဒမီမှာ ဖုန်းကျိနဲ့ဖေးယွင်ကို သတ်ခဲ့တာ မင်းပဲ။ ”

အကြီးအကဲယင်းက တစ်စုံတစ်ရာကို နားလည်သွားခဲ့ဟန်ဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူ့မျက်နှာတွင် ဖော်ပြ၍ မရနိုင်သော ကြောက်ရွံ့မှုများ ဖုံးလွှမ်းသွား၏။ အကြောင်းမှာ နှလုံးသားပြခန်းဂိုဏ်းတွင် သူ့စွမ်းအားသည် ဖေးယွင်နှင့်တန်းတူသာ ရှိသောကြောင့်ပင်။

“ ဝှစ် ... ။ ”

“ ကလန် ... ။ ”

“ ဘန်း ... ။ ”

စုရီက စကားမဆိုဘဲ လရိပ်ဓားကို မြှောက်လျက်ဖြင့် ကြေးစုတ်တံပေါ် ရိုက်ထုတ် ပစ်လိုက်သည်။ ထို့နောက် ဓားပြားဖြင့် အဘိုးအို ခန္ဓာကိုယ်အပေါ် ရိုက်ချပစ်လိုက်၏။

အကြီးအကဲယင်းခမျာ ဥက္ကာပျံအလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဖုန်မှုန့်များ ထောင်းထောင်းထလာသည်။ ပြန်၍ထရပ်ခြင်း မပြုနိုင်မီ စုရီသည် သူ့လည်ပင်းကိုဖမ်းကာ ကျင့်ကြံမှုကို ပိတ်ချလိုက်တော့၏။

“ မင်း ငါ့ကိုသတ်ရင် ဝမ်ချွယ်လည်း အသက်ရှင်မှာ မဟုတ်ဘူး။ ”

အကြီးအကဲယင်းက ပျာပျာသလဲ အော်ဟစ်လေသည်။ သူ့ဆံပင်များဖရိုဖရဲနှင့် အဝတ်အစားများ စုတ်ပြတ်လျက် အလွန်ပင် သနားစဖွယ် ဖြစ်နေချေပြီ။

“ ဖြန်း ... ။ ”

စုရီက စကားမဆိုဘဲ ပါးရိုက်ချလိုက်၏။ သွားများလွင့်စင်ပြီး ပါးရိုးကျိုးသွားတော့သည်။ ထို့နောက် စုရီမှ အဖိုးအိုကို ဆွဲမလျက်၊

“ မင်း ပါးစပ်ပိတ်ထားတာ ပိုကောင်းလိမ့်မယ်။ ”

-ဟု သတိပေးလိုက်သည်။

“ ငါထင်းရှူးနီနတ်ဆိုးက သခင်စုကို ဂါရဝပြုပါတယ်။ ”

ထင်းရှူးနီနတ်ဆိုးဧကရာဇ်က ချက်ချင်း ရှေ့သို့တိုး၍ ဦးညွှတ်နှုတ်ဆက်သည်။ သူသည် နတ်ဆိုးတစ်သောင်းတောင်၏ ဘုရင်တစ်ပါး ဖြစ်သော်လည်း စုရီရှေ့တွင်မူ ကြည်ညို လေးစားမှုများဖြင့် ပြည့်နှက်နေ၏။

“ ဒီတစ်ခါ မင်း ကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ် ဒီလောက်အထိ ယဉ်ကျေး မနေပါနဲ့ ... နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ”

စုရီက ခေါင်းညိတ်ပြလိုက်ပြီး စစ်တုရင်ကမ္ဘာအတွင်း လှည့်ကြည့်လေသည်။ ထိုအရပ်တွင် ပိုင်ရီသည် ရွှေတောင်ပံဂဠုန်ကို ဓားဖြင့် အပိုင်းပိုင်းခုတ်သတ်လိုက်ပြီဖြစ်၏။

ရွှေတောင်ပံဂဠုန်ခမျာ သွေးအိုင်ထဲ လဲလျောင်းလျက် စုရီရှိရာသို့ လှမ်းကြည့်ကာ တစ်စုံတစ်ခုပြောရန် ကြိုးစားသော်လည်း စကားတစ်လုံးမျှ ထွက်မလာတော့ချေ။

ပိုင်ရီတစ်ယောက် ဓားကိုသိမ်းလျက် စုရီနှင့်ဆယ်ပေအကွာသို့ ဆင်းသက်လာကာ ချက်ချင်း ဒူးထောက်ချလိုက်သည်။

“ ဆရာ ... တပည့်မိုက် အပြစ်ကိုခံယူဖို့ ဆန္ဒရှိပါတယ်။ ”

စုရီ၏မျက်ဝန်းထဲတွင် ကျေနပ်သည့် အရိပ်အယောင်ဖြစ်ပေါ်လာကာ ‘ထ ... ၊’ -ဟု ဆိုလိုက်၏။ သို့သော် ပိုင်ရီက မထဘဲ၊

“ ဆရာ ... တပည့်ဟာ အရင်က ပင်းမိုစကားကိုယုံမိပြီး ဆရာ့အပေါ်လုပ်ကြံဖို့ ကြိုးစားမိခဲ့ပါတယ် ... ။ ”

-ဟု ထပ်ပြောသည်။ စုရီက မျက်မှောင်ကြုတ်လျက် ‘ထ... ၊’ -ဟု ထပ်မံ အမိန့်ပေးတော့၏။

ဤသည်မှာ ရိုးရှင်းသောစကားမျှသာ ဖြစ်သော်လည်း ပိုင်ရီတစ်ယောက် ခန္ဓာကိုယ် တောင့်တင်းသွားပြီး ဖြည်းညှင်းစွာ ချက်ချင်း ထရပ်လာတော့သည်။

သို့တိုင် အမှားလုပ်ထားသော ကလေးငယ်တစ်ဦးကဲ့သို့ ဆရာဖြစ်သူအပေါ် မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားဆဲပေပင်။

တစ်ဖက်တွင် ယွီလောင်၊ ဝမ်ကျိုးဖူနှင့် အမှောင်တောင်တန်းသခင်၏ ပူးပေါင်းမှုကြောင့် ဝမ်မိသားစုဝင်သုံးဦးသည်လည်း လုံးဝ အရှုံးပေး လိုက်ရပြီ ဖြစ်သည်။ များမကြာမီ သူတို့ကို အရှင်ဖမ်း၍ စုရီထံ ခေါ်ဆောင်လာ၏။

အလှည့်အပြောင်းများစွာဖြင့် ရင်တထိတ်ထိတ်ဖြစ်ခဲ့ရသော တိုက်ပွဲကြီးသည် အဆုံးသတ်သွားပြီဖြစ်သည်။ သို့သော် စုရီသည် စိတ်မအေးနိုင်သေးချေ။

တောင်တန်းများပြိုပျက်၍ မြေပြင်သည် ပေရှစ်သောင်းဧရိယာအတွင်း အပျက်အစီးမြေ အဖြစ်သို့ ပြောင်းနေချေပြီ။

ထိုအပျက်အစီးနယ်မြေအလယ်တွင် ဝမ်ကျိုးဖူနှင့် အမှောင်တောင်တန်းသခင်သည် ဝမ်မိသားစုဝင်သုံးဦးကို စစ်ဆေး မေးမြန်းနေသည်။

နွားပြာမိစ္ဆာဧကရာဇ်မှာမူ အပြစ်ရှိသူ တစ်ဦးအလား ခပ်လှမ်းလှမ်းတွင် တုန်ရင်စွာဖြင့် ရပ်နေရရှာ၏။ သူ့ဘေးတွင် ထင်းရှူးနီရှိသည်။

ယွီလောင်နှင့် ပိုင်ရီသည် စုရီနောက်တွင် ရပ်နေသည်။ စုရီရှေ့တွင်မူ အကြီးအကဲယင်းမှာ မြေပြင်ပေါ်တွင် ခွေခွေလေးလဲလျောင်းနေရ၏။

“ ဖုန်းကျိနဲ့ ဖေးယွင်တို့ ငါ့လက်မှာ သေသွားတယ်ဆိုတာ မင်းသိနေရင် ... မင်းရဲ့ ဝိညာဉ်ထဲမှာရှိနေတဲ့ အဲဒီဆန္ဒဝိညာဉ်က ငါ့ကိုဘာမှမလုပ်နိုင်ဘူးဆိုတာ ...

... မင်းနားလည်တယ် မဟုတ်လား ဝမ်ချွယ်ဘယ်မှာလဲ ပြောပါ ... ဒါဆိုရင် မင်းကို ငါ သက်သက်သာသာ သေခွင့်ပေးမယ်။ ”

အကြီးအကဲယင်းက သက်ပြင်းချလျက် စုရီကိုမော့ကြည့်သည်။ သူ့မျက်နှာတွင် ရှုပ်ထွေး နေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

“ မင်းက တကယ်ပဲ နတ်ဓားရှင် ရွှမ်ကြွယ်အဖြစ် ထိုက်တန်ပါပေတယ် ဒါပေမယ့် ငါကျိန်းသေပြောရဲတာတစ်ခုကတော့ မင်းရဲ့ ရှေ့လျှောက်တာအိုခရီးလမ်းမှာ ...

... သတ်ဖြတ်ခြင်းတွေနဲ့ အခက်အခဲတွေ အပြည့်ရှိနေလိမ့်မယ် ငါ့ဂိုဏ်းက ကြယ်တာရာ တစ်ခုလုံးရဲ့ ထိပ်တန်းအင်အားစုတစ်ခုပါပဲ ... မင်းကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး ...

... ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ တာအိုဥပဒေက တားမြစ်ဥပဒေစည်းမျဉ်းဖြစ်ပြီး ထိပ်တန်းအင်အားစုတွေရဲ့ အုတ်မြစ်ကိုတောင် ခြိမ်းခြောက်နိုင်နေတယ်။ ”

ဤစကားကြောင့် ဘေးမှ နားထောင်နေသော လူအများ၏နှလုံးသားများ တုန်လှုပ်သွားကြသည်။ သို့သော် စုရီအတွက်မူ မျက်မှောင်ကြုတ်လိုက်ကာ၊

“ ငါ့မေးခွန်းကို မင်းနားမလည်ဘူးလား။ ”

-ဟု ထပ်မေးလိုက်၏။

အကြီးအကဲယင်းတစ်ယောက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊

“ သူဟာ ... ဝမ်မိသားစုအတွက် ရတနာတစ်ပါးပဲလေ ဒါကြောင့် ဝမ်မိသားစုမှာပဲ ရှိနေရမှာပေါ့။ ”

-ဟု ပြန်ဖြေလိုက်သည်။

ထိုအဖြေစကားကြောင့် လူတိုင်း အံ့သြသွားကြသည်။ အကြီးအကဲယင်းသည် စုရီကိုစိုက်ကြည့်လျက်၊

“ စုရွှမ်ကြွယ် ... ပြောသင့်တာတွေ ငါပြောပြီးပြီ အခုချိန်မှာ သက်သက်သာသာ သေခွင့်ပေးဖို့ပဲ ငါတောင်းဆိုပါတယ်။ ”

-ဟု ဆိုကာ သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ စုရီမှ သူ့ကိုလေးနက်စွာ စိုက်ကြည့်လိုက်ပြီး၊

“ မင်း တောင်းဆိုနေတာက သက်သက်သာသာ သေခွင့် မဟုတ်ပါဘူး ... ငါ မင်းဂိုဏ်းချုပ်ရဲ့ ဆန္ဒဝိညာဉ်နဲ့တိုက်ခိုက်မဲ့ အချိန်မှာ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုကို စမ်းကြည့်ချင်နေတာ မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။ အဖိုးအိုခမျာ မျက်နှာချက်ချင်းပျက်သွားတော့သည်။ စုရီသည် သူ့အပေါ် ထွင်းဖောက်မြင်နိုင်နေချေပြီ။

***

All Chapters