← Chapters

နောက်ကွယ်မှ အကြံအစည်များ။

Vol. 72 Ch. 861

နောက်ကွယ်မှ အကြံအစည်များ။

Vol. 72 Ch. 861

စုရီစကားကြောင့် အဘိုးအိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ဝန်ခံလာတော့သည်။

“ မှန်ပါတယ် ... ငါ အဲဒီလိုပဲ စမ်းကြည့်ချင်နေတာပါ။ ”

ထို့နောက် သူသည် ဘေးပတ်ဝန်းကျင်ရှိ လူအများထံ အေးစက်စက် ဝေ့ကြည့်လိုက်ပြီး ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

“ ငါ့ရဲ့ဝိညာဉ်ထဲမှာ ... ငါတို့ ဂိုဏ်းတည်ထောင်သူရဲ့ ဆန္ဒဝိညာဉ်တစ်ခု ရှိနေတယ် ... ဒါက မင်းတို့အားလုံးကို သတ်ဖို့တော့ လုံလောက်ပါတယ်။ ”

သူ့စကားအပေါ် စုရီမှ တုန်လှုပ်ခြင်း မရှိချေ။ ယင်းအစား ပြုံးရွှင်စွာဖြင့် စိတ်လှုပ်ရှားလာပြီး၊

“ မင်းတို့ဂိုဏ်းချုပ်ရဲ့ ဆန္ဒဝိညာဉ်က ငါ့အတွက်တော့ တကယ့်ကိုရှားပါးပြီး တန်ဖိုးရှိ လွန်းပါတယ် ဒီလိုဓားသွေးကျောက်မျိုး ...

... ရှာတွေ့နိုင်ဖို့ရှားတယ် ကောင်းပြီ ... မင်းရဲ့နောက်ဆုံးဆန္ဒကို ငါကူညီမယ် မင်းတို့ ဂိုဏ်းချုပ်ကို ထွက်လာပါစေ။ ”

-ဟု ပြောကြားလိုက်၏။

စုရီသည် ပန်းချီဆရာ၏ ဝိညာဉ် အကြွင်းအကျန်နှင့် နှစ်ကြိမ်တိုင်တိုင် ဆုံတွေ့ဖူး ချေ၏။ အကြိမ်တိုင်းတွင် ထိုပန်းချီဆရာသည် ခန့်ညားသောဟန်ပန်ဖြင့် ကြွားဝါခဲ့သည်။

သို့သော် စုရီသည် သူ့ကိုဓားဖြင့် ခုတ်ပိုင်းလိုက်သည့်အခါတွင် ဒေါသတကြီးနှင့် တအံ့တဩဖြစ်သွားတတ်သည့်ပုံစံမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလေသည်။

ဆန္ဒဝိညာဉ်ဟူသည် ကျင့်ကြံမှုနှင့် စိတ်ဆန္ဒကိုပေါင်းစပ်ထားသော အပိုင်းအစသာ ဖြစ်သည်။ စစ်မှန်သော ကိုယ်ပွားမဟုတ်သဖြင့် ဉာဏ်ရည်ဉာဏ်သွေးမှာ အကန့်အသတ်ရှိ၏။

“ ဓားသွေးကျောက် ဟုတ်လား။ ”

အဘိုးအို၏မျက်နှာသည် အလွန်ပင် ဆိုးရွားသွားသည်။ ဤလူငယ်သည် မောက်မာ လွန်းလှ၏။ ထို့ကြောင့် အံကြိတ်လျက်၊

“ ဒါဆို ... ငါ့ကို အလင်းပြပါဦး။ ”

-ဟု ပြောကြားလိုက်တော့သည်။

စုရီက သူ့ကိုဂရုမစိုက်တော့ဘဲ နွားပြာမိစ္ဆာဧကရာဇ်ထံသို့ လှည့်ကြည့်လိုက်၏။ နွားပြာမိစ္ဆာဧကရာဇ်ခမျာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် မြေပြင်ပေါ်ဝပ်စင်းကာ၊

“ သခင်စု ... ဒီနွားလေး မှားသွားပါတယ် ငါကျိန်းသေနောင်တရနေပါပြီး အသစ်တစ်ဖန် ပြုပြင်ပါ့မယ် နောင်ဘယ်တော့မှ ဒုက္ခတွေ ...

... မပေးတော့ပါဘူး ... ပြီးတော့ ရွှမ်ကြွယ်မဟာမိတ်နဲ့လည်း တစ်ကမ္ဘာတည်းမှာ အတူမနေတော့ပါဘူး။ ”

-ဟု ထပ်တလဲလဲ တောင်းပန်တော့၏။

သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်သန်နိုင်ခဲ့ပြီး ကျော်ကြားလွန်းသော ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်သည်။

သို့သော်လည်း မျက်ရည်များစွာဖြင့် နွားပေါက်လေးကဲ့သို့ ပြုမူပြနေသည်။ ယင်းက ထင်းရှူးနီနတ်ဆိုးဧကရာဇ်ကိုပင် စိတ်ပျက်စရာ ကောင်းလွန်းသဖြင့် မျက်နှာလွှဲသွားစေ၏။

အရှက်မဲ့လွန်းသော နတ်ဆိုးဘုရင် တစ်ပါးပေပင်။ သို့သော် ထိုနွားပြာကြီးသည် ဝမ်မိသားစုဝင်အဘိုးအိုသုံးဦးကို ဖမ်းဆီးရာတွင် များစွာကူညီခဲ့ကြောင်း ငြင်းမရချေ။

“ သခင်စု ... ဒီနွားပြာကြီးက ထောင်ချောက်မှာ ပါဝင်ခဲ့တာမှန်ပေမဲ့ သူက လက်ကိုင်တုတ် သက်သက်မျှသာပါပဲ ...

... ပင်းမိုရဲ့အမိန့်ကို မလွန်ဆန်ဝံ့လို့သာ သခင်စုကိုလုပ်ကြံဝံ့တာပါ ... သခင်စုသာ ဒါကို အပြစ်မမြင်ရင် သူ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်မိပါတယ်။ ”

ထင်းရှူးနီနတ်ဆိုးက စုရီထံ နောင်းပန်စကားဆိုပေးလိုက်သည်။ နွားပြာမိစ္ဆာ ဧကရာဇ်၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်သည့် မျက်ရည်များ ဝဲတက်လာ၏။ စုရီက ခေါင်းအသာညိတ်ပြကာ၊

“ သူ သေဘေးက လွတ်နိုင်ပေမဲ့ အပြစ်ဒဏ်ကတော့ မလွတ်နိုင်ဘူး ... ထင်းရှူးနီ မင်းရဲ့မျက်နှာကို ထောက်ထားပြီး ပြုပြင်ဖို့ အခွင့်အရေးတစ်ခု ငါပေးလိုက်မယ်။ ”

“ ကျေးဇူးတင်ပါတယ် သခင်စု ကျေးဇူးတင်ပါတယ် ငါပြုပြင်ပါ့မယ်။ ”

နွားပြာမိစ္ဆာဧကရာဇ်မှ ဝမ်းသာအားရဖြင့် ချက်ချင်းဦးညွှတ်လိုက်သည်။ စုရွှမ်ကြွယ်သည် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးဖြစ်ပြီး နှလုံးသား ပြတ်သားလှသူ ပေပင်။

သူ့စကားသည် သူ့အမိန့်ဖြစ်ပြီး အမြဲစောင့်ထိန်းချေပြီ။ ယနေ့ အသက်ရှင်လျက် လွတ်မြောက်နိုင်သည်မှာ ကြီးစွာသော ကံကောင်းမှုဖြစ်၏။

“ အရင်ဆုံး တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ပါ ... မင်းရဲ့အပြစ်ဒဏ်ကို ငါဆုံးဖြတ်ပြီးရင် ပြန်လာခဲ့မယ်။”

“ ဟုတ်ကဲ့ပါ သခင်စု ... ဟုတ်ကဲ့ပါ ... ဒီနွားလေး စောင့်နေပါ့မယ်။ ”

နွားပြာမိစ္ဆာဧကရာဇ်ခမျာ ပျာပျာသလဲဖြင့် ခေါင်းညိတ်ကာတိုက်ပွဲမြေပြင်အနှံ့သို့ သိုလှောင် လက်စွပ်များ ရှာဖွေတော့သည်။

စုရီက ထင်းရှူးနီနတ်ဆိုးဧကရာဇ်ထံသို့ လက်ချောင်းများယှက်၍ နှုတ်ဆက်လိုက်သည်။

“ ဒီတစ်ခါ မင်းနဲ့ ရှန်းမင်တို့ ငါ့ကို အများကြီးကူညီပေးတယ် ကျေးဇူးတရားဆိုတာ စကားလုံးနဲ့ ဖော်ပြလို့မရပါဘူး ... တစ်နေ့နေ့မှာ မင်းတို့ကို ငါကျိန်းသေ ပြန်ပေးဆပ်ပါ့မယ်။ ”

ထိုသို့သော စုရီ၏ မပြုအမူကြောင့် ထင်းရှူးနီနတ်ဆိုးမှ ချက်ချင်းပင် ဦးညွှတ်လျက်၊

“ ငါတို့အပေါ် ဒီလောက် ယဉ်ကျေးနေဖို့မလိုပါဘူး လုပ်သင့်တာကို ငါတို့ လုပ်ခဲ့တာပါ ... စိတ်ထဲမထားပါနဲ့။ ”

လွန်ခဲ့သော နှစ်ပေါင်းများစွာက ထင်းရှူးနီနတ်ဆိုးသည် ရွှမ်ယုအထွတ်အထိပ် ကျင့်ကြံမှု၌ပိတ်မိနေစဉ် နတ်ဆေးတစ်မျိုး လာရောက်ရှာဖွေသော စုရွှမ်ကြွယ်နှင့် တွေ့ဆုံခဲ့သည်။

ထိုစဉ်က သူသည် စုရွှမ်ကြွယ်၏ လမ်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သဖြင့် အပြန်၌ ရွှမ်ဟဲအဆင့်သို့ ချိုးဖြတ်နိုင်သော အခွင့်အရေး တစ်ခု ရရှိခဲ့ဖူးသည်။

ထိုကြောင့်သာ ယနေ့ ကြောက်မက်ဖွယ် ကောင်းသော ထင်းရှူးနီနတ်ဆိုးဘုရင်အဖြစ်သို့ ကျော်ကြားလာခြင်းပေပင်။

“ စီနီယာထင်းရှူးနီ ပြောတာ မှန်ပါတယ် သခင်စုမင်းစိတ်ထဲမထားပါနဲ့။ ”

အမှောင်တောင်တန်းသခင် နတ်ဆိုး ဧကရာဇ်သည်လည်း စုရီထံလျှောက်လှမ်းကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ စုရီကပြုံးလျက် ထိုအကြောင်း ဆက်မပြောတော့ချေ။

လွန်ခဲ့သော လဝက်ခန့်က သူ့ကို မဟာမိတ်အဖွဲ့တစ်ခုလုံး၏ ဘုံရန်သူအဖြစ်သို့ ပင်းမိုမှ ကြေညာခဲ့သည်။

ထို့နောက် ရွှေတောင်ပံဂဠုန်နှင့် အကြီးအကဲယင်းတို့ကို နတ်ဆိုးတောင်တန်းသို့ စေလွှတ်၍ ထောင်ချောက်ဆင်စေ၏။

ဤအစီအစဉ်တွင် ဝမ်မိသားစုမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဝမ်ချွယ်သည် တောင်တန်းအတွင်း ပိတ်မိနေကြောင်းကို ဝမ်မိသားစုမှ သတင်းလွှင့်ပေးရ၏။

သို့မှသာ စုရီမှ ယုံကြည်ချေမည်။ ဤနည်းဖြင့် စုရီကို တောင်တန်းဗဟိုအတွင်းသို့ ဆွဲခေါ်ကာ နွားပြာမိစ္ဆာဧကရာဇ် ဦးဆောင်သော ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါနှင့် သတ်ရန်ကြိုးစားသည်။

အရံအစီစဉ်အနေဖြင့် ဝမ်မိသားစုဝင် အဘိုးအိုသုံးဦးကို စုရီအနားသို့ ရောက်အောင် ပို့ဆောင်ပြီး ပိုင်ရီကိုလည်း ပြင်ဆင်ခဲ့၏။

ဝမ်ကျိုးဖူသည်ပင် ထိုအကြောင်းကို မသိရှိချေ။ သူသည်ပင် လှည့်စားခြင်းခံရကာ စုရီအပေါ် အယုံသွင်းနိုင်ခဲ့သည်။

ဤသည်မှာ အလွှာပေါင်းစုံပါဝင်သော ထောင်ချောက်ဖြစ်ပြီး ရွှမ်ဟဲအဆင့်ဧကရာဇ် တစ်ပါးပင်လျှင် အသက်ပျောက်နိုင်ပေသည်။

သို့သော် စုရီက နောက်ဆုံးတွင် အနိုင်ရခဲ့သည်။ ပင်းမိုအတွက် ဝှက်ဖဲဖြစ်သော နှလုံးသားပြခန်းမှ ဤအဘိုးအိုနှင့် ကြယ်အဆင့် ဥပဒေသည် စုရီရှေ့တွင် အမှိုက်သာဖြစ်နေ၏။

သည့်ပြင် ထင်းရှူးနီနတ်ဆိုးနှင့် အမှောင်တောင်တန်းသခင်တို့ သစ္စာဖောက်ခြင်း သည်လည်း အရေးကြီးသောကဏ္ဍများတွင် ပါဝင်နေခဲ့သည်။

“ ပင်းမိုက ငါ့ကိုဘာလို့ အဲဒီကြေးတံဆိပ်အတွင်း လူသတ်သမား တစ်ယောက်လို ပုန်းခိုင်းထားတာလဲဆိုတာ သဘောပေါက်တော့တယ် ...

... သူက ငါအမှန်တရားကို သိသွားမှာကြောက်ပြီး ဆရာ့ကိုတွေ့တာနဲ့ ချက်ချင်း သတ်စေချင်နေတာ။ ”

ပိုင်ရီက သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သည့်အလား အသံတိုးတိုးဖြင့် ညည်းတွားရေရွတ်တော့သည်။ ယွီ‌လောင်မှ သူ့ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေး၏။

“ ဒါ မင်းအပြစ် မဟုတ်ပါဘူး။ ငါကိုယ်တိုင်လည်း ပင်းမိုကြောင့် မရဏကမ္ဘာ တလျှောက်လုံးမှာ ဆရာ့ကိုသားကောင်လို့ ထင်မြင်ပြီး ရတနာတွေကို လုဖို့ ကြိုးစားခဲ့သေးတယ်။ ”

ဤသို့ဆိုနေစဉ် သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ ပိုင်ရီခမျာ မှင်သပ်သွားပြီးနောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ချလိုက်တော့၏။

“ ပင်းမိုကို အခုသွားသတ်မယ်။ ”

အမှန်တရားကို သိရှိလိုက်ပြီးနောက် ဒေါသဖြင့်တုန်ရီနေပြီး အရိုးထိတိုင်နာကျည်းမှု ဝင်ရောက်လာတော့၏။ စုရီက လက်ပြကာ ငြိမ်သက်စေလျက်၊

“ မင်းရဲ့ စတုတ္ထအစ်မကော ပင်းမိုအနားမှာရှိနေလား။ ”

-ဟု မေးမြန်းလိုက်၏။ ပိုင်ရီက ခေါင်းညိတ်ပြကာ၊

“ ရှိပါတယ် ဆရာ ... တပည့် ထင်တာကတော့ သူလည်း အမှန်တရားကို ဖုံးကွယ်ထားတာ ခံနေရမယ်ထင်တယ်။ ”

-ဟုပြန်ဖြေ၏။

ထို့နောက် သူသည် လွန်ခဲ့သော နှစ်များအတွင်း ကြုံတွေ့ခဲ့ရသမျှကို စုရီထံသို့ ပြန်ပြောင်းပြောပြလိုက်သည်။

သို့မှသာ စုရီသည် ပိုင်ရီတစ်ယောက် လွန်ခဲ့သော နှစ်ပေါင်းငါးရာလုံးလုံး ပင်းမို၏ အကျဉ်းချထားခြင်းကို ခံခဲ့ရကြောင်း သိရှိလိုက်တော့၏။

အကြောင်းပြသည် ပိုင်ရီတစ်ယောက် ချင်းတန်နှင့် တိုက်ခိုက်ကာ အသက်အန္တရာယ် ကြုံမည်ကို စိုးရိမ်သည်ဟူ၍ပေပင်။

“ တကယ့်ကို နုံအတာပဲ။ ”

စုရီမှာ ပြောစရာစကားပင် ပျောက်ရှသွားသည်။ သူ့ဆရာမှတ်ချက်ကြောင့် ပိုင်ရီခမျာရှက်ရွံ့စွာဖြင့်၊

“ ဆရာ ... တပည့်နှလုံးသားထဲမှာ ... အကုန်လုံးက မောင်နှမတွေပါပဲ ... သူတို့အပေါ် တစ်ခါမှ သံသယမဝင်ခဲ့ပါဘူး ...။ ”

-ဟု ဝန်ခံလိုက်၏။ ထို့နောက် သူမျက်နှာ ရုတ်တရက် ဝမ်းနည်းရိပ်သန်းသွားကာ၊

“ ဒါပေမဲ့ ဆရာဝင်စားလာပြီဆိုတဲ့ သတင်းကြားပြီးချိန်မှာ အရာအားလုံး ပြောင်းလဲ သွားပြီဆိုတာ သိလိုက်ရတယ် ... ။ ”

စုရီမှ စိတ်လှုပ်ရှားစွာ လှည့်ကြည့်သည်။ သူတပည့်၏စိတ်နှလုံးမှာ စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူစင်လွန်းချေ၏။ သူသည် ရွှမ်ကြွယ်လှိုဏ်ဂူကို အိမ်အဖြစ်သတ်မှတ်ထားသောကြောင့် ပင်းမိုထံ အကြွင်းမဲ့ယုံကြည်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်မှာပင် ဝမ်ကျိုးဖူသည် ဝမ်မိသားစုဝင်သုံးဦးနှင့်အတူ သူတို့အနားသို့ ရောက်ရှိလာသည်။

သူ့မျက်နှာမှာ အလွန်ပင် ဆိုးရွားနေပြီး စိတ်ပျက်အားငယ်နေပုံပေါ်သည်။ သူကစုရီကို ဦးညွှတ်ကာ၊

“ စီနီယာ ... ငါတောင်းပန်ပါတယ် ... ငါတို့အလယ်ပိုင်းဒေသဝမ်မိသားစုဟာ တကယ် ဒီအရှုပ်အထွေးအတွင်းမှာ ပါဝင်ခဲ့ပါတယ်။ ”

-ဟု ဝန်ခံလိုက်တော့၏။

“ ဒါပေမဲ့ ဂျူနီယာကဒီကိစ္စအပေါ် လုံးဝမသိခဲ့ဘူးဆိုတာ တာအိုနှလုံးသားနဲ့ ကျိန်ဆိုရဲပါတယ်။ ”

စုရီက ထိုအကြောင်းကို ကြိုတင်ခန့်မှန်းထားသဖြင့် ခေါင်းညိတ်ပြ လိုက်သည်။

“ မင်းက ဝမ်မိသားစုရဲ့ အဆင့်မြင့် အကြီးအကဲ တစ်ယောက်ဖြစ်ပေမဲ့ သူတို့တွေက မင်းအပေါ် လုံးဝအမှောင်ချထားခဲ့တယ် ဒါက ဝမ်မိသားစုထဲမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိနေပြီဆိုတာ သိသာပါတယ်။ ”

စုရီမှတ်ချက်ကြောင့် ဝမ်ကျိုးဖူတစ်ယောက် ရင်ထဲလေးလံလာ၏။

“ မှန်ပါတယ် စီနီယာ ... ပြဿနာက အရမ်းကြီးမားပါတယ် ဝမ်မိသားစုခေါင်းဆောင် အပါအဝင် အကြီးအကဲအတော်များများဟာ ပင်းမိုနဲ့ ပူးပေါင်းနေကြပုံပါပဲ။ ”

ထို့နောက် လွန်ခဲ့သောနှစ်ပေါင်း ရာချီတည်းက ဝမ်မိသားစုအကြီးအကဲများသည် ဝမ်ချွယ်ကိုအကျဉ်းချကာ သေဆုံးသွားကြောင်း သတင်းတုများလွှင့်ခဲ့ကြ၏။

ဤသည်မှာ ပင်းမို၏ အမိန့်ပေပင်။ အချိန်ကျလာသော် ဝမ်ချွယ်အပေါ်အသုံးချကာ စုရီကိုဖြေရှင်းရန်ဖြစ်၏။ ရက်စက်လွန်းသော ပူးပေါင်းကြံစည်မှုကြီးပေပင်။

***

All Chapters