နတ်ဆိုးဧကရာဇ်အိုကြီး၏ခြေစိုက်စခန်းအား စူးစမ်းရှာဖွေခြင်း
Vol. 31 Ch. 301
(ဒီအပိုင်းမှာပါပါတဲ့နတ်ဝိညာဉ်ဆိုတာ နတ်အာရုံပါနော်)
"မင်းမှတ်ဉာဏ်ထဲမှာ အရည်အသွေးအကောင်းဆုံး ဝိညာဉ်အမြစ်က ဘယ်မှာလဲ။ ညစ်နွမ်းနေတဲ့အမျိုးအစားဆို ပိုကောင်းတယ်။"
ရှန်းယီက သူ၏နတ်ဝိညာဉ်ကို အသုံးပြုပြီး ဆက်သွယ်မေးမြန်းလိုက်၏။
မဟာချန်၏ အရှင်သခင် နှင့် ထန်ယွမ်တို့ ပြောခဲ့သလိုပင်၊ရှေ့ဆက်သွားမည့် နတ်ဆိုးတစ်ထောင်ဂူသည် ပို၍သာ အန္တရာယ်များလာပေလိမ့်မည်။
လိုချင်သော ရတနာများအားလုံးကို တစ်ခါတည်း အပြီးရှာဖွေသွားသည်က ပိုကောင်းပေမည်။
အချိန်အကြာကြီး စဉ်းစားပြီးနောက်မှ အမွေးဖြူနတ်ဆိုးဧကရာဇ်က စကားပြောလာ၏။
"အမွေးဖြူက... သခင်ကြီးကို... ဂါရဝပြုပါတယ်..."
တုံ့ပြန်မှုက နှေးကွေးလိုက်တာ။
ရှန်းယီ ခဏစောင့်နေလိုက်ရာ ကြိုးကြာဖြူဆက်ပြောသည်ကို ကြားလိုက်ရလေ၏။
"ဆိုးယုတ်ခြင်းအငွေ့အသက်ပါတဲ့ အဆင့်မြင့် ဝိညာဉ်အမြစ်က ၁၆ မြောက်ဂူထဲမှာ ရှိပါတယ်။ အဲဒီမှာ ယိုဝေနတ်ဆိုးဧကရာဇ်က သူ့ရဲ့နတ်လှံတံကို ပျိုးထောင်ဖို့အဲဒီအရာတွေကို သုံးနေတာပါ။ တခြား သတင်းအချက်အလက်တော့ မရှိတော့ပါဘူး... အမွေးဖြူမသိတော့ပါဘူး"
"ယိုဝေနတ်ဆိုးဧကရာဇ်က အပေါင်းအသင်း မလုပ်တတ်တဲ့ သဘာဝရှိပြီး တစ်ကိုယ်တည်းနေတတ်ပါတယ်။ တခြားနတ်ဆိုးတွေနဲ့လည်း သိပ်မပတ်သက်ပါဘူး"
ထိုအရာကိုကြားလျှင် ရှန်းယီအဓိကအချက်ကို ချက်ချင်း သတိထားမိလိုက်၏။
အဲဒီအရာတွေဟုတ်လား။ ဒါဆိုရင် ဝိညာဉ်အမြစ်က တစ်ခုမက ရှိနေတာပေါ့။
ဒါပေမဲ့ ၁၆ ခုမြောက်ဂူမှာ ဘယ်လိုအင်အားမျိုး ရှိနေတာလဲ။
သူ အမွေးဖြူကို လှမ်းကြည့်လိုက်ရာ ကြိုးကြာအိုကြီးသည် တွေဝေငေးငိုင်နေဆဲဖြစ်သော်လည်း မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ အလိုအလျောက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက သူက နီကျွင်းနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သိုင်းကွက်တစ်ဝက်အကွာနဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ"
"မဟာချန်အထွန်းကားဆုံး အချိန်တုန်းကလည်း တခြား နတ်ဆိုးဧကရာဇ်တစ်ပါးနဲ့ ပူးပေါင်းပြီး ခြောက်ကျန်းအမြင့်ရှိတဲ့ ရွှေရောင်ခန္ဓာကိုယ် သုံးခုကို သတ်ဖြတ်ခဲ့ဖူးပါတယ်"
ဤစကားနှစ်ခွန်းကတင် သူ၏ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ရှန်းယီ ခန့်မှန်းမိလိုက်၏။
လက်ရှိအချိန်မှာ သူ ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ပေ။ အကယ်၍ထိပ်တိုက်တွေ့ခဲ့လျှင် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲချက်ချင်း အသတ်ခံရနိုင်သည်။
"..."
ရှန်းယီ တိတ်ဆိတ်သွား၏။အချိန်အကြာကြီး နေပြီးမှ စိတ်ထဲကနေ မေးလိုက်သည်။
"တကယ်လို့ ငါ အဲဒီဝိညာဉ်အမြစ်ကို လိုချင်တယ်ဆိုရင်ဘယ်လိုနည်းလမ်းရှိလဲ။ အောင်မြင်နိုင်ချေ ဘယ်လောက်ရှိမလဲ"
အမွေးဖြူနတ်ဆိုးဧကရာဇ်က တွန့်ဆုတ်မနေဘဲ ဖြေလိုက်၏။
"ငါးဆယ်ရာခိုင်နှုန်းပါ"
"ဘယ်လိုလုပ်ပြီးတော့လဲ"
ရှန်းယီ အနည်းငယ် အံ့သြသွားပြီး မော့ကြည့်လိုက်မိသည်။ အောင်မြင်နိုင်ချေက ထင်ထားတာထက် ပိုများနေခဲ့၏။
"တကယ်လို့ သူသာဂူထဲမှာရှိနေရင် ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့မူလခန္ဓာကိုယ်က ယိုဝေမိစ္ဆာရေနဂါးဖြစ်တဲ့အတွက် ရေနက်ထဲငုပ်နေတာ ကြိုက်တယ်လို့ အမွေးဖြူကြားဖူးပါတယ်။ သူက ဂူထဲကနေ မကြာခဏထွက်လေ့ရှိပါတယ်... သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဂုဏ်သတင်းက အရမ်းကြီးလွန်းနေလို့ ဘယ်သူမှ မစမ်းကြည့်ရဲကြတာပါ"
"အမွေးဖြူက သခင်ကြီးအတွက် ရှေ့ကနေ သွားပြီး အခြေအနေ ကြည့်ပေးပါ့မယ်"
ကြိုးကြာဖြူက ရိုသေစွာ ခေါင်းညိတ်လိုက်၏။
နတ်ဆိုးဝိညာဉ်ဖြစ်နေသည့်အတွက် ထောက်လှမ်းခြင်းက အလွန်လွယ်ကူသည်။
ရှန်းယီ မျက်လုံးမှိတ်ပြီး လေးလေးနက်နက် စဉ်းစားလိုက်သည်။ အနည်းဆုံးတော့ ဤအချိန်ထိ သူ့ဖြစ်တည်မှုအား မထုတ်ဖော်ရသေးသည့်အတွက် သက်ပြင်းချနိုင်သွားသည်။
ယခုလို နတ်ဆိုးဧကရာဇ်မျိုးကသာ မဟာချန်ကို အာရုံစိုက်လိုက်မယ်ဆိုရင် ကျိုကျိုး(ကျိုးဆိုတာ ပြည်နယ်ပါ ကျိုဆိုတာတရုတ်ဂဏန်း ၉ ) အတွက် တကယ့်ကပ်ဘေးဆိုးကြီး ဖြစ်လာလိမ့်မည်။
"လမ်းပြတော့"
ရှန်းယီ မျက်လုံးဖွင့်လိုက်၏။ ရတနာရမည်ဟူသော အသိကြောင့် အသိစိတ်လွတ်သွားခြင်း မရှိပေ။ ထိုအစား သူသည်ယခင်ကထက် ပိုမိုတည်ငြိမ်နေသည်။
ထိပ်တန်းကျွမ်းကျင်သူအဆင့်သို့ ဝင်ရောက်ရန်အတွက် အဆင့်မြင့် ဝိညာဉ်အမြစ်က မရှိမဖြစ် လိုအပ်သည်။
အမွေးဖြူရှိနေခြင်းကြောင့် အန္တရာယ်က အနည်းဆုံးအဆင့်ထိ လျော့ကျသွားပြီဖြစ်သည်။
စမ်းကြည့်ဖို့ ထိုက်တန်လေ၏။ အချိန်ဆွဲနေလျှင် လူများကသူ့အား ပိုသိလာလေဖြစ်ပြီး ကိစ္စရပ်များရှုပ်ထွေးလာနိုင်၏။
သို့သော် စမ်းသပ်ခြင်းက စမ်းသပ်ခြင်းသာ ဖြစ်သည်။ လိုအပ်သော ပြင်ဆင်မှုများကို လျစ်လျူရှု၍ မရပေ။
ရှန်းယီ သစ်ပင်ကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး အားချင်းဘေးသို့ ရောက်လာကာ ငန်းဥကျောက်တုံးကို ထုတ်လိုက်သည်။
"ငါ နတ်ဆိုးဧကရာဇ်ရဲ့စခန်းကို သွားစူးစမ်းမလို့။ ငါတို့ရဲ့အငွေ့အသက်ကို ဖုံးကွယ်လို့ရသမျှအကုန်သုံးလိုက်တော့။ မင်းက အပြင်မှာ စောင့်နေ။ တကယ်လို့ အစီအရင်နဲ့ပတ်သက်တဲ့ ပြဿနာ တစ်ခုခုကြုံလာရင် ဒီကျောက်တုံးကို သုံးပြီး ငါ ဆက်သွယ်လိုက်မယ်"
ဤအရာက အနည်းငယ်ရှုပ်ထွေးပေမဲ့ အကောင်းဆုံး ရွေးချယ်မှုပင်။
မည်သို့ပင်ဖြစ်စေ ယခုလိုနေရာမျိုးတွင် အားချင်းကိုကာကွယ်ပေးနိုင်သည်ဟူသောယုံကြည်မှု သူ့မှာ မရှိသလို၊ သူမ၏အစီအရင်စွမ်းရည် မပါလျှငလည်း မဖြစ်ပြန်ပေ။
"ရပါတယ်... ကျွန်မလိုက်ခဲ့လို့ ရပါတယ်"
အားချင်းက ခေါင်းကုတ်လိုက်၏။
"တကယ်တော့ ကျွန်မအတွက် နတ်ဆိုးဧကရာဇ်နဲ့ နတ်ဆိုးဘုရင်ဆိုတာ ဘာမှ မကွာခြားပါဘူး"
နတ်ဆိုးတစ်ထောင်လိုဏ်ဂူထဲတွင် မည့်သည့်အရာနှင့်တွေ့ပါစေ သူမအတွက်ရလဒ်က တစ်ခုတည်းသာ ရှိလေ၏။ ထိုအရာကတော့ သေဆုံးခြင်းပင်။
"ဟုတ်သားပဲ"
ရှန်းယီ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ငန်းဥကျောက်တုံးကို ပြန်သိမ်းလိုက်၏။
သူသည် အားချင်းကို သူ့အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံပေးလိုက်ပြီး အငွေ့အသက် ဖုံးကွယ်သော အစီအရင်ပြားကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။
သူတို့နှစ်ယောက်စလုံး၏ အငွေ့အသက်များသည် တစ်ခဏအတွင်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
...
တောင်တန်းပေါင်းထောင်ချီနှင့် ဂူပေါင်းများစွာ ရှိသောနေရာဖြစ်ရာ ဒေသမကျွမ်းကျင်သူဆိုလျှင် လမ်းပျောက်သွားသည်မှာ ကြာပေပြီ။
ကံကောင်းစွာပင် ကြိုးကြာဖြူတစ်ကောင် ရှေ့က လမ်းပြနေ၏။
၎င်းက ရှန်းယီကို တောင်တန်းများ ဝန်းရံထားသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။
"သခင်ကြီး ဒီမှာပဲ စောင့်ပြီး အမွေးဖြူရဲ့ သတင်းကို နားစွင့်နေပါ"
ကြိုးကြာဖြူက အတောင်ပံခတ်ကာ အတွင်းဘက်သို့ အမြန်ဝင်ရောက်သွား၏။
အားချင်းသည် ဝိညာဉ်ကို မမြင်ရသလို ပတ်ဝန်းကျင်ကိုလည်း နားမလည်သည့်အတွက် အစ်ကိုကြီးရှန်း ရုတ်တရက် ရပ်တန့်လိုက်သည်ကို မြင်သောအခါ အလိုက်တသိပင် အနက်ရောင်ဝတ်ရုံအောက်၌ပုန်းနေလိုက်သည်။
လူငယ်လေးသည် ရှားရှားပါးပါး တင်းမာသော အခြေအနေသို့ ရောက်ရှိနေကြောင်း သူမ အာရုံခံမိသည်။ သူသည် အသက်ရှူအောင့်ပြီး အာရုံစိုက်ထားရုံသာမက တစ်ကိုယ်လုံးကလည်း လှုပ်ရှားရန် အသင့်ပြင်ထားခဲ့၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ။ ထိုချောမောသော မျက်နှာထောင့်စွန်းအနည်းငယ် လှုပ်ရှားသွား၏။
"သခင်ကြီးကို တင်ပြပါတယ်။ ယိုဝေနတ်ဆိုးဧကရာဇ်ရဲ့ အရိပ်အယောင် လုံးဝ မတွေ့ရပါဘူး"
"သူ ဂူထဲမှာ ရှိမနေပါဘူး"
အမွေးဖြူဆီမှ သတင်းစကားကို ကြားလိုက်ရသော်လည်း ရှန်းယီ လှုပ်ရှားခြင်းမပြုဘဲ ဆက်လက် ပုန်းအောင်းနေလိုက်၏။
"ဆက်ရှာ"
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြန်သည်။
နောက်ဆုံးတွင် ကြိုးကြာဖြူ၏ရှိမနေလောက်ဘူး ဆိုသည့်စကားမှ သေချာပေါက်ဆိုသည့် အနေအထားသို့ ပြောင်းလဲသွားပြီး တိုက်ရိုက် အစီရင်ခံလာသည်။
"အမွေးဖြူ ဝိညာဉ်အမြစ်တွေကို တွေ့ပါပြီ။ တကယ်ပဲ နှစ်ခုတောင်ရှိတာပါ။ ပြီးတော့ သူ့ရဲ့ လှံတံလည်း ဒီမှာရှိနေပါတယ်"
ထိုခဏ၌ပင် ရှန်းယီ၏ ပုံရိပ်သည် ပေါက်ကွဲထွက်သွားသကဲ့သို့ ပြေးထွက်သွား၏။
တုံ့ဆိုင်းမနေရဲဘဲ တောင်တန်းများထဲသို့ တည့်မတ်စွာ ပျံသန်းဝင်ရောက်သွား၏။
အားချင်းသည် နားထဲတွင် လေတိုးသံများကို ကြားလိုက်ရသည်။
သူမ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွား၏။
နောက်တစ်ခဏတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ မျက်လုံးများ ပြူးကျယ်သွားရ၏။
ရေကန်နက်ကြီးတစ်ခုထဲတွင် သူမ မြင်လိုက်ရသည်မှာ...
ရေများစုစည်းပြီးဖြစ်ပေါ်လာသကဲ့သို့ ကြည်လင်နေသောခန္ဓာကိုယ်ရှိသည့် ကျန်းအနည်းငယ်ရှည်လျားသော နဂါးငါးကြီးတစ်ကောင်ပင်။
ရေကန်နက်ကြီး၏အထက်တွင်မူ မိုးကြိုးလျှပ်စီးများဖြင့် ဖွဲ့စည်းထားသော ဧရာမမိုးကြိုးသိန်းငှက်ကြီးတစ်ကောင်က အတောင်ပံများကို ဖြန့်ကားထား၏။
သူတို့နှစ်ကောင်ကြားတွင်တော့ မည်းနက်နေသော လှံတံတစ်ချောင်း ရှိနေသည်။
လှံသွားသည် မိုးကြိုးသိန်းငှက်၏ဝမ်းဗိုက်ကို ဖောက်ထွင်းထားပြီး၊ လှံအရိုးသည် နဂါးငါးကြီး၏ ဦးခေါင်းကို စိုက်ဝင်နေသည်။
ထိုသတ္တဝါနှစ်ကောင်သည် ယင်းကို ကျင့်သားရနေသကဲ့သို့ ရုန်းကန်ခြင်းမပြုဘဲ ရေနှင့် မိုးကြိုးလျှပ်စီးများကို လှံတံပေါ် လွှမ်းခြုံစေကာ အကြိမ်ကြိမ် သနိ့စင်ဆေးကြောပေးနေကြသည်။
သူတို့၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး အဆုံးမရှိသော ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ပြင်းထန်သော နာကျည်းမုန်းတီးမှုများကို စုစည်းထားသလိုပင်။
အနားကပ်လာသူ မည်သူမဆိုလွှမ်းမိုးနေသော ဆိုးယုတ်ခြင်းအငွေ့အသက်များ၏ ရိုက်ခတ်မှုကို ခံရပေမည်။
ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သော အားချင်းဆိုလျှင် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။
"ဝိညာဉ်အမြစ်တွေက ပုံသဏ္ဍာန်ဖြစ်ပြီးသားပဲ... အစ်ကိုကြီးရှန်း... အဆင့်မြင့်... နှစ်ခုစလုံးက အဆင့်မြင့်တွေပဲ"
"ဟူး..."
ရှန်းယီ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ခုခံရန်အတွက် တာအိုဝိညာဉ်ကို မဖြစ်မနေဆင့်ခေါ်လိုက်ရ၏။
ထို့နောက် သူသည် အားချင်းကို ခပ်လှမ်းလှမ်းသို့ ပစ်လိုက်သည်။
"သခင်ကြီး... အခြေအနေက ဒီလိုဖြစ်နေမယ်လို့ အမွေးဖြူ မထင်ထားခဲ့ပါဘူး။ နည်းနည်းတော့ ပြဿနာရှိနေပြီ"
အမွေးဖြူနတ်ဆိုးဧကရာဇ်က ဝိညာဉ်အမြစ်နှစ်ခုကို ကြည့်ပြီး လက်မှိုင်ချကာ ပြောလိုက်၏။
သိသာထင်ရှားသည်မှာ ဤအရာများကို ရွှေ့ပြောင်းမည်ဆိုပါက မည်းနက်သောလှံတံကို မဖြစ်မနေ ထိတွေ့ရပေတော့မည်။
"ဒါက ယိုဝေလှံတံပါ။ သူ့ရဲ့အမြီးရိုးက ဆူးအတက်တွေနဲ့ ပြုလုပ်ထားတဲ့ အဖိုးတန်လက်နက်လို့ ကောလာဟလ ထွက်ဖူးပါတယ်။"
"ဒါက ယိုဝေနတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုမို့လို့ ဒါကို ရွှေ့တာက နတ်ဆိုးဧကရာဇ်ကို ရွှေ့တာနဲ့ ဘာမှ မခြားပါဘူး"
ဝိညာဉ်အမြစ်များကို ခိုးယူရုံဆိုလျှင် ထွက်ပြေးလွတ်မြောက်နိုင်ချေ ရှိကောင်းရှိနိုင်သော်လည်း လှံတံကို ထိလိုက်သည်နှင့် ယိုဝေနတ်ဆိုးဧကရာဇ်၏အငွေ့အသက် စွဲကပ်ကျန်ရစ်ခဲ့မည်ဖြစ်ရာ ပြေးစရာမြေ မရှိဖြစ်သွားနိုင်သည်။
အကယ်၍ ဤလှံတံကို ယူသွားလိုက်မည်ဆိုလျှင် နတ်ဆိုးဧကရာဇ်၏အမြီးအား ကိုင်ပြီးလျှောက်ပြေးနေသည်နှင့်တူနေပြီး နတ်ဆိုးဧကရာဇ်အိုကြီး သေချာပေါက် ရူးသွပ်သွားပေလိမ့်မည်။
"အစ်ကိုကြီးရှန်း... ကျွန်မ အစီအရင် ခင်းလိုက်မယ်"
အားချင်းက မြေကြီးပေါ် လဲကျရာမှ ဒယိမ်းဒယိုင် ထရပ်လိုက်ပြီး သူမအဒေါ် ပေးထားသော သိုလှောင်ရတနာကို ထုတ်ယူလိုက်သည်။
အတွင်း၌ရွှီဝမ်ယွင် အိမ်မှ ထွက်လာစဉ်က မိသားစု ပေးလိုက်သော ကာကွယ်ရေး ပစ္စည်းများ အားလုံး ပါရှိသည်။
ထိုအထဲတွင် အဖိုးတန် အစီအရင်ပြား အများအပြား ပါဝင်သည်။
သူမသည် တွန့်ဆုတ်မနေဘဲ တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်၏။
ထို့နောက် သူမ၏ကိုယ်ပိုင် သိုလှောင်အိတ်ထဲမှ တစ္ဆေတစ်ရာဝိညာဉ်ငြိမ်သက်ခြင်း အစီအရင် အပါအဝင် အစီအရင်ခင်းကျင်းရန် ပစ္စည်းများစွာကို ထုတ်ယူပြီး အားလုံးကို ချိတ်ဆက်လိုက်သည်။
အလုပ်များနေသော အားချင်း၏ပုံရိပ်ကို ကြည့်ရင်း ရှန်းယီ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ရှေ့ရှိ ရေကန်နက်ကြီးဆီသို့ အကြည့်ပြန်ပို့လိုက်၏။
ဒီအထိ ရောက်လာမှတော့ တစ်ခုယူတာကလည်း ယူတာပဲ၊နှစ်ခုယူတာကလည်း ယူတာပဲ။
အကုန်လုံး ယူသွားလိုက်တာက ပိုကောင်းမယ်။