အခန်း (၁၈၇၇)
Vol. 135 Ch. 1877
အပိုင်း(၁၈၇၇)
"ဘာလဲ..."
လက်တစ်ဖက်ပြတ် လူအိုကြီးသည် မိမိ၏ ရုပ်ခန္ဓာ အပါအဝင် တစ်လောကလုံး သဲဖြင့် တည်ဆောက်ထားသည့် ရဲတိုက်တစ်ခုကဲ့သို့ ပြိုကွဲပျက်စီးနေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရ၏။ နှစ်ပေါင်း တစ်သိန်းကျော်တိုင်အောင် ခက်ခဲကြမ်းတမ်းလှသည့် တိုက်ပွဲများ၊ လှည့်ကွက်များကြားတွင် ရှင်သန်ခဲ့သည့် ဗီဇစိတ်တို့က ရုတ်ချည်းပင် နိုးထလာကာ တုံ့ပြန်မှုများကို ဆက်တိုက် လုပ်ဆောင်တော့သည်။
လျှို့ဝှက် အကာအကွယ် အစီအရင်... ခုခံခြင်း အာဏာရှင်ကျင့်စဉ်... စိတ်ဝိညာဉ် မန္တန်...
တဒင်္ဂ အတွင်းမှာပင် သူသည် စိတ်၊ ရုပ်နှင့် ဝိညာဉ်တို့ကို ပြင်ပလွှမ်းမိုးမှု အလုံးစုံမှ ကာကွယ်ရန် နည်းလမ်း သုံးခုကို ထုတ်ဖော်လိုက်ပြီး မူမမှန်သည့် အရာမှန်သမျှကို မောင်းထုတ်ကာ နောက်ထပ် ကျူးကျော်ဝင်ရောက်မှု မရှိစေရန် တည်ဆောက်လိုက်သည်။
ဟူး... ဟူး...
စိတ်ဝိညာဉ် မန္တန်ကို ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ် ပြိုပျက်နေမှုမှာ နှေးကွေးသွားပြီး အသိစိတ်ပင်လယ်အတွင်း၌ လက်ခြောက်ဖက်ပါသည့် မိစ္ဆာတစ်ကောင် ပေါ်ထွက်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်အာရုံနှင့် အာရုံခံစားမှုများအား ချည်နှောင်ထားသည့် ငွေရောင် ဝိညာဉ်အလင်း မြူခိုးများကိုလည်း မြင်တွေ့လိုက်ရလေသည်။
"ဒါက... အာရုံ လှည့်စားခြင်းလား...”
လက်ခြောက်ဖက်ပါ မိစ္ဆာမှာ လူအိုကြီးကဲ့သို့ပင် ပိန်လှီလှသော်လည်း အပေါ်ပိုင်း ဗလာကျင်းတွင် အသားအရေမှာ အနီရင့်ရောင် သန်းလျက် ကြွက်သားအမျှင်တန်းများမှာ ထင်ထင်ရှားရှား ပေါ်လွင်နေ၏။ သူ၏ လက်မောင်းများထဲ၌ ဂြိုဟ်များ၊ ကမ္ဘာများကို ရိုက်ခွဲနိုင်ပြီး ကြယ်တာရာများကို ဆွဲယူနိုင်သည့် အင်အားများ ကိန်းအောင်းနေပုံရသည်။
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ငွေရောင် ဝိညာဉ်အလင်းတန်းများကို အပ်ချည်ကြိုးများကဲ့သို့ ဆွဲယူကာ အမြစ်ပြတ် ဖမ်းဆုပ်ပစ်လိုက်၏။
လက်သီးတစ်ချက် ဆုပ်လိုက်တိုင်း သူသည် ယခင်ကထက် ပိုမို အားကောင်းလာသည်။ လက်မောင်း ခြောက်ဖက်စလုံးဖြင့် ခြောက်ကြိမ်တိုင်တိုင် ဆုပ်ကိုင်ချေဖျက်ပြီးနောက် နောက်ဆုံး ခုနစ်ကြိမ်မြောက်တွင်မူ လက်ခြောက်ဖက်စလုံးကို ပေါင်းစည်းကာ လက်ခုပ် တစ်ချက် တီးလိုက်သည်။
ဘုန်း...
ထိုမှ ထွက်ပေါ်လာသည့် လှိုင်းအဟုန်သည် ပြင်းထန်လှသော စွမ်းအားများဖြင့် ပြင်ပမှ ကျူးကျော်လာသည့် စွမ်းအား အားလုံးကို အမြစ်ပြတ် ချေမှုန်းကာ ဖယ်ရှားပစ်လိုက်လေသည်။ အသိစိတ်ပင်လယ်အတွင်း၌ပင် သူသည် အံ့မခန်း ထူးခြားသော နိယာမများကို ထုတ်ဖော်ပြသနေခြင်း ဖြစ်၏။
"တကယ့်ကို ထူးခြားတဲ့ နည်းလမ်းပဲ... သူတော်စင် တစ်ယောက် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပေတယ်"
နတ်ဘုရားတစ်ပါး အလား ခန့်ညားထည်ဝါသော အသံတစ်ခုသည် အရပ်မျက်နှာ အနှံ့အပြားမှ သူ၏ စိတ်ထဲ၌ ဟိန်းထွက်လာ၏။
ဝှစ်... ဝှစ်...
ငွေရောင် ဝိညာဉ်အလင်းတန်းများမှာ နူးညံ့ ပျော့ပျောင်းသွားကာ လက်ခြောက်ဖက်ပါ မိစ္ဆာ မလိုက်နိုင်သည့် အရှိန်အဟုန်ဖြင့် ပြန့်ကားသွား၏။ ၎င်းမှာ မိစ္ဆာ အသုံးပြုနေသည့် အဟုန် ဥပဒေသ၏ အားနည်းချက်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းပင်။ အရာရာတိုင်းတွင် အကန့်အသတ် ရှိစမြဲ ဖြစ်သည်။
အဟုန်ဥပဒေသကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် သူတော်စင် တစ်ဦးသည် သူ၏ အစစ်အမှန် ဝိညာဉ်ကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်ခံရပြီး သေခါနီးအချိန်၌ ခေတ်အဆက်ဆက် ပဲ့တင်ထပ်စေမည့် စကားတစ်ခွန်းကို ပြောကြားခဲ့ဖူးသည်။
"ငါ့ရဲ့ အဟုန်က အဆုံးမဲ့ ကမ္ဘာကို မရောက်နိုင်ခဲ့ဘူး.. နှမြောစရာပဲ... ငါသာ ဒီထက် ပိုအစွမ်းထက်ခဲ့မယ်ဆိုရင်..."
ဟူ၍...။
ဟူး... ဟူး...
လက်ခြောက်ဖက်ပါ မိစ္ဆာပုံရိပ်သည် ရုတ်ချည်းဆိုသလိုပင် ငွေရောင် ဝိညာဉ်အလင်းတန်းများ၏ ဝါးမြိုခြင်း ခံလိုက်ရတော့၏။
ခရက်... ခရက်...
လူအိုကြီး၏ ကမ္ဘာကြီးမှာ ဆက်လက်၍ ပြိုကွဲ ပျက်စီးလာပြန်၏။ နှစ်ပေါင်းသောင်းချီ ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်မှုတို့ ကိန်းအောင်းလာသည်။ မကြာခင်မှာပင် လောကကြီးမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အာရုံများနှင့်အတူ မှောင်အတိ ကျသွားလေ၏။ အမှန်စင်စစ် သူ၏ ရုပ်ပိုင်းဆိုင်ရာ အာရုံများမှာ နိုးထနေခြင်း မရှိချေ။ ၎င်းမှာ အပြီးတိုင် သိမ်းပိုက်ခံထားရကာ သူ၏ လျှို့ဝှက်ဝိညာဉ်ပင်လျှင် လှည့်စားခြင်း ခံထားရခြင်း ဖြစ်သည်။
"ဟူး..."
လူအိုကြီး၏ အဆုတ်နှင့် စိတ်အာရုံတို့မှာ အချိန်အတော်ကြာ အသက်ရှူကြပ်နေခဲ့ရသည့်အလား လေကို အငမ်းမရ ရှူသွင်းလိုက်မိ၏။
ဘုန်း...
ရုပ်ပိုင်းဆိုင်ရာ အာရုံများ ပြန်လည် ရရှိလာသည်နှင့် တစ်ပြိုင်နက် လူအိုကြီး၏ ပိန်လှီသော ခန္ဓာကိုယ်သည် မာကျောသော မျက်နှာပြင်တစ်ခုပေါ်သို့ လဲကျသွားသည်။ သူ ပထမဆုံး မြင်လိုက်ရသည်က သူနှင့် ရင်းနှီးပြီးသားဖြစ်သည့် အဖြူရောင် သင်္ဘော ကြမ်းပြင်ဖြစ်ပြီး ပထမဆုံး ခံစားလိုက်ရသည်မှာလည်း သင်္ဘော၏ အပူချိန်ထိန်းညှိခြင်း အစီအရင်မှ ပေးစွမ်းနေသည့် နွေးထွေးမှုပင် ဖြစ်သည်။
"ကျုပ်က စိတ်တာအို နဲ့ ကိုယ်ပိုင်လမ်းစဉ်ကို အခြေခံပြီး စိတ်ဝိညာဉ် နိယာမတွေကို အပျော်တမ်း စမ်းသပ်ကြည့်ရုံပဲ ရှိသေးတာပါ"
ရုတ်တရက်... ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ လူအိုကြီး၏ စိတ်အစဉ်မှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ ထိုစကားလုံးများက သူ လှည့်စားခြင်း အာရုံထဲ၌ ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုပေးလိုက်ခြင်း ဖြစ်ပေသည်။
တစ်ခဏကြာပြီးနောက်... ဝတ်ရုံဖြူနှင့် လူငယ်၏ အသံသည် သူ၏ နားထဲ၌ ထပ်မံ ထွက်ပေါ်လာပြန်၏။
"ခင်ဗျားရဲ့ စိတ်မန္တန်က ထူးခြားပေမဲ့ အမြဲတမ်း ခုခံပေးနိုင်တဲ့ ဂုဏ်သတ္တိ မရှိဘူး... အသုံးပြုတဲ့ အချိန်ကျမှပဲ ထိရောက်တယ်... တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အားနည်းချက်လေးပဲ"
စိတ်မန္တန် ဆိုသည်မှာ ရုပ့်ပိုင်းဆိုင်ရာ ခန္ဓာအတွက် သိုင်းပညာ၊ ဝိညာဉ်အတွက် ဝိညာဉ် အစီအရင်၊ မန္တာနများကဲ့သို့ပင် ဖြစ်၍... စိတ်စွမ်းအင်နှင့် အသိစိတ်ကို အခြေခံထားခြင်း ဖြစ်သည်။ ထိုနှစ်ခုကိုသာ အခြေခံသည် ဆိုသော်လည်း အာဏာရှင် အဆင့် ကျင့်စဉ်များတွင်မူ နိယာမ လေးမျိုးစလုံး ပါဝင်နိုင်သည်။ ဝင်္ကပါ၊ အစီအရင်များ ကဲ့သို့ပင် ၎င်းတို့ကို အမြဲမပြတ် ထိန်းချုပ်အသုံးပြုရန် လိုအပ်သည်။
လက်တစ်ဖက်ပြတ် လူအိုကြီး၏ လက်သီးခြောက်ဖက် အသူရာ စိတ်ကူးပုံဖော်ခြင်း နည်းလမ်းနှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ အာရုဏ်ဦး စိတ်ကူး ပုံဖော်ခြင်း နည်းလမ်းမှာ အာရုံ လှည့်စားခြင်းများနှင့် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုများကို အမြဲတမ်း ခုခံပေးသည့် ဂုဏ်သတ္တိ ရှိသည့်အပြင် မိမိကိုယ် မိမိ သိစိတ်နှင့် မိမိတည်ရှိရာ လောကအစစ်အမှန်ကို အမြဲ သတိရှိစေသည်။
ရှင်းရှင်းပြောရလျှင်... အာရုဏ်ဦး စိတ်ကျင့်စဉ်မှာ လှည့်စားခြင်း အာရုံများ၊ ညှို့ယူ ဖျားယောင်းမှုများ၊ အတွေးအခေါ် လမ်းလွဲစေမှုများကို အလိုအလျောက် ခုခံနိုင်သည်။ ထိုအစွမ်းမှာ ကောင်းကင်ဘုံ တာအိုထံမှ နိမိတ်ဖတ်သည့် ပုရောဟိတ်များ အသုံးပြုလေ့ရှိသော နည်းလမ်းပင် ဖြစ်သည်။ ဝမ်မင်ယာသည် တစ်ချိန်က စန်းယွန်းလီကို ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး အလွန်အန္တရာယ်များသော အစွမ်းဖြင့် လှည့်စားခဲ့ဖူးသည်။ ၎င်းသည် ကပ်ဘေးများကို ရှောင်တိမ်းရန် သို့မဟုတ် ဖန်တီးရန်အတွက် အလွန် အသုံးဝင်လှသည်။
အာရုဏ်ဦး စိတ်ကူးပုံဖော်ခြင်း နည်းလမ်း ကို ဖန်တီးရာတွင် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်မှ လှည့်စားခြင်း မျက်လုံး က များစွာ အထောက်အကူ ဖြစ်ခဲ့သည်။
လက်တစ်ဖက်ပြတ် လူအိုကြီးက သူ၏ ပိန်လှီလှသော ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ထူလိုက်၏။ အရင်တုန်းက ကြောက်ရွံ့ခဲ့သည့်အတိုင်း အင်ပါယာ ဥပဒေသ များမှာ သူ့ကို လက်ပေါင်း ကုဋေကုဋာဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသကဲ့သို့ ဖမ်းချုပ်ထား၏။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အော်ရာသည်လည်း သူ၏ အသားအရေအတွင်းသို့ စိမ့်ဝင်ကာ စွမ်းအင်စီးဆင်းမှုများကို ရပ်တန့်စေလျက် ဟင်းလင်းပြင် စွမ်းအားများဖြင့် ခန္ဓာကိုယ်ကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်ရန် ခြိမ်းခြောက်နေသည်။
သူ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"ငါ ဒီနေရာကနေ လုံးဝ မခွာခဲ့ဘူးပေါ့လေ..."
စိတ်ကို တည်ငြိမ်အောင် ထားကာ သူ အခြေအနေကို ပြန်လည် ချိန်ညှိလိုက်သည်။ ခေါင်းမော့ကြည့်လိုက်ရာ တောက်ပစွာ ထွန်းလင်းနေသည့် ဖီဆန် ရှေးဟောင်း ချိပ်ပိတ်နယ်မြေ ရှိ အခြားသော ကောင်းကင်ခန္ဓာများကို မြင်တွေ့လိုက်ရသည်။ အလွန်အန္တရာယ်ကြီးမားသော အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း လူအိုကြီးသည် အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေလေသည်။
သူ ခန္ဓာကိုယ်ကို ပြန်လည်၍ စစ်ဆေးလိုက်၏။ ကျင့်ကြံခြင်း အခြေခံကို ချုပ်နှောင်ထားသည့် ဥပဒေသ အာဏာ ဝိညာဉ် ချိပ်ပိတ်ခြင်း ကျင့်စဉ်မှာလည်း အင်ပါယာ၊ အာကာသ နှင့် အချိန် ဟူသော ချိပ်စည်း သုံးမျိုးဖြင့် ပိုမိုခိုင်မာအောင် မြှင့်တင်ခြင်း ခံထားရသည်။ လက်ရှိ၌ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ လျှို့ဝှက်ကြယ်တာရာ အဆင့် တွင်သာ ရှိနေကြောင်း သူ ခံစားသိရှိနေရ၏။ လက်ရှိ၌ သူ၏ လျှို့ဝှက် ရည်ရွယ်ချက်များကိုပင် အပြည့်အဝ လှည့်ပတ်၍ မရနိုင်တော့ပေ။
ထို့အပြင်... သူ၏ အတွင်းပိုင်း လောကနှင့် ရှန့်ထိုလက်စွပ် များဆီသို့ ဆက်သွယ်နိုင်စွမ်း အားလုံးမှာလည်း ပိတ်ဆို့ခံထားရသည်။ ဝိညာဉ်အာရုံကိုပင် ခန္ဓာကိုယ် ပြင်ပသို့ ထုတ်လွှင့်၍ မရနိုင်တော့ဘဲ ခန္ဓာကိုယ်အတွင်း၌ပင် ရပ်တန့်နေခဲ့သည်။ သူ့အနေဖြင့် မိမိ၏ ခန္ဓာကိုယ် အတွင်းပိုင်း၊ ထျန်းတျန်နှင့် အသိစိတ်ပင်လယ်တို့မှ လှုပ်ရှားမှုမရှိသော ပုံရိပ်ယောင်ကိုသာ အာရုံခံနိုင်တော့သည်။
ဤသည်မှာ မည်သည့် ကျင့်ကြံသူမဆို ထိတ်လန့်တုန်လှုပ်ရမည့် စေ့စပ်သေချာလွန်းသော ချိပ်ပိတ်ခြင်းမျိုးပင်။
ဝေ့ဝူယင် ဆိုသည့် လူငယ်သည် သခင်လေးရှန့်အား အနိုင်ယူခဲ့စဉ် သူ၏ ဥပဒေသ ထိန်းချုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသခဲ့သည်။ ထိုစဉ်ကတည်းက လူအိုကြီး စိုးရိမ်ခဲ့သည့်အတိုင်း ယခု ဖြစ်လာခဲ့ချေပြီ။
***