အခန်း (၁၈၈၀)
Vol. 135 Ch. 1880
အပိုင်း(၁၈၈၀)
ရွှင်း...
အိုမီဂါ ဓားအင်အား ကြောင့် ထွက်ပေါ်လာသည့် ဓားအလင်းသည် သင်္ဘောထက်ရှိ လူတိုင်း၏ ဝိညာဉ်များကို တုန်လှုပ်သွားစေ၏။
ဆေဘာသွားတွင် ထာဝရအလင်းတစ်ခု ချိတ်ဆွဲနေ၏။ ထိုအလင်းနှင့်အတူ အဆုံးမဲ့သည့် ကြယ်တာရာများ ကိန်းအောင်းနေသည့် အလင်း တစ်ခု၊ အဆုံးမဲ့ နက်နဲလှသည့် လျှို့ဝှက်ချက်များ၊ အကန့်အသတ်မဲ့ စိတ်ဆန္ဒများ ပါဝင်နေသည့် လျှို့ဝှက်အလင်းတစ်ခုတို့လည်း ရှိနေသည်။ ၎င်းတို့မှာ ဆေဘာ အလင်းအတွင်း၌ တစ်သားတည်းကျအောင် ဖြည်းညှင်းစွာ ပေါင်းစည်းသွားကြသည်။
ဆေဘာ၏ အရှိန်အဝါကို လူအိုကြီးတစ်ဦးတည်းသာ ခံစားနိုင်၏။ သူ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ဝေ့ဝူယင်၏ လူနှင့် မတူတော့သော ပုံရိပ်သည် အချိန်နှင့် အာကာသကို ကျော်ဖြတ်ကာ၊ အရာ ခပ်သိမ်းတို့၏ ဖန်တီးခြင်းကို လက်ဝယ်ပိုင်စိုးလျက် နီးကပ်လာသည်ကို မြင်လိုက်ရ၏။
လောက၏ စွမ်းအားအားလုံးသည် တစ်ဦးတည်းသော အရှင်သခင် ကိုင်စွဲထားသည့် ဓားတစ်လက်ပေါ်တွင် စုစည်းနေချေပြီ ဖြစ်သည်။
ချောက်ချားခြင်း...
ကြောက်ရွံ့ခြင်း...
လူအိုကြီး၏ တစ်သက်တာတွင်၊ အထူးသဖြင့် ဤမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း... သေခြင်းတရားကို ကြောက်ရွံ့သည့်စိတ်မှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော် ယနေ့တွင်မူ ထိုကြောက်ရွံ့မှုမှာ အဆပေါင်း ထောင်သောင်းမက ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းက သူ၏ ဘဝတွင်လုပ်ကြံသတ်ဖြတ်သူများနှင့် ပထမဆုံး ရင်ဆိုင်ခဲ့ရသည့် သေရေးရှင်ရေး အတွေ့အကြုံထက်ပင် ပို၍ ကြီးမားလှသည်။ လျှို့ဝှက် အာဏာရှင်အဆင့် တက်လှမ်းစဉ်က ကြုံတွေ့ခဲ့ရသည့် ကပ်ဘေးများထက် ပို၍ ပြင်းထန်သည်။ မိမိချစ်ရသူများ အချိန်ကာလ၏ ရက်စက်မှုအောက်တွင် ပျောက်ကွယ်သွားသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်ခဲ့ရသည့် နာကျင်မှုထက် ပို၍ နက်ရှိုင်းသည်။
၎င်းက စစ်မှန်သည့် ကြောက်ရွံ့ခြင်းမျိုးပင်...။
"နေအုံး..."
ရွှင်း...
လူအိုကြီး၏ စကားမဆုံးခင်မှာပင် ဓားအလင်းသည် သူ၏ လည်ပင်းကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌မူ ဥပဒေသချင်း မမြင်နိုင်သည့် တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပွားနေ၏။
ဓားဥပဒေသ ဦးဆောင်သည့် အချိန်ဥပဒေသ၊ အာကာသဥပဒေသ၊ မူလဥပဒေသ၊ ပျက်သုဉ်းခြင်းဥပဒေသ နှင့် အင်ပါယာဥပဒေသ တို့သည် အဟုန် ဥပဒေသကို ဝိုင်းဝန်း နှိမ်နင်းနေကြသည်။
ဥပဒေသ အပေါ် အာဏာကို ပိုင်စိုးထားသူများသာ ကြားနိုင်သည့် စူးရှလှသော အော်ဟစ်သံတစ်ခုမှာ အပြောကျယ်လှသည့် ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွား၏။ ၎င်းက ဖန်တီးထားသမျှ ခပ်သိမ်းသော အရာတို့အပေါ် အဆုံးမဲ့သော ဂယက်လှိုင်းများ ရိုက်ခတ်သွားစေလေသည်။
ဥပဒေသများ၏ အစွမ်းကို ကိုင်စွဲထားသည့် အစစ်အမှန် သူတော်စင် တစ်ဦး...
နှစ်ပေါင်း သိန်းချီ၍ အသက်ရှင်ခဲ့ပြီးနောက်တွင်တော့ ယနေ့သည် သူ၏ နောက်ဆုံးနေ့ ဖြစ်သွားခဲ့ချေပြီ။
ဆက်စပ်မှု စစ်အလံသည် မမြင်နိုင်သည့် ဥပဒေသချင်း တိုက်ပွဲအပေါ်တွင် တောက်ပလာပြီး စစ်ဥပဒေသ၏ အစွမ်းဖြင့် စစ်သုံ့ပန်းများကို သိမ်းပိုက်လိုက်၏။ ဝိညာဉ်၌ ချည်နှောင်ထားသည့် အဟုန်ဥပဒေသ အစိတ်အပိုင်းပင်လျှင် အသိမ်းခံလိုက်ရလေပြီ။
ဘုန်း...
လူအိုကြီး၏ ဦးခေါင်းသည် ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားပြီး အနည်းငယ် လိမ့်သွား၏။ သူ၏ မျက်ဝန်းအစုံရှိ အလင်းရောင်များမှာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ကာ ဦးခေါင်းမှာ တိုက်ဆိုင်စွာပင် သခင်လေးရှန့်ရှိရာဘက်သို့ မျက်နှာမူလျက် ရှိနေသည်။ သေဆုံးသွားသည့် သူ၏ သူငယ်အိမ်ထဲတွင် သခင်လေးရှန့်၏ ပုံရိပ်မှာ ထင်ထင်ရှားရှား ထင်ဟပ်နေ၏။
ဝေ့ဝူယင် ဒြပ်စင်ကို ဓားအိမ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်သည်။
...
အသက်ရှူသံပင် မကြားရလောက်အောင် ခြောက်ခြားဖွယ်ကောင်းသည့် တိတ်ဆိတ်မှုက ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုးနေ၏။ ထိုတိတ်ဆိတ်မှု မတိုင်မီကမူ ဆေဘာကို သိမ်းဆည်းလိုက်သည့် သာယာကြည်လင်သော အသံတစ်ခုသာလျှင် နောက်ဆုံးသော အသံအဖြစ် ကျန်ရစ်သည်။
"ကောင်းတယ်ဟေ့... အရမ်းကောင်း... "
ကောင်းကင်စစ်ဝိညာဉ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူမ၏ ရွှေရောင် ကိုယ်ထည်ကြီးမှာလည်း ကခုန်သလို လှုပ်ခတ်သွားသည်။ ထိုအသံထဲ၌ ကျောချမ်းဖွယ်ကောင်းသည့် သွေးဆာမှုနှင့် လောဘရမ္မက်တို့ ပြင်းထန်စွာ ပါဝင်နေသည်။
ဝေ့ဝူယင်မှာ သေမျိုး တစ်ဦးသာ ဖြစ်သော်လည်း... အစစ်အမှန် သူတော်စင် တစ်ဦးကို ဆေဘာကို အသုံးပြု၍ သတ်နိုင်ခဲ့သည်။ ဤသည်မှာ တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာပင် ဖြစ်သည်။ ထို့အပြင်.. ဝေ့ဝူယင်မှာ သူ့ကို ကိုယ်ပိုင် အစွမ်းအစဖြင့် သတ်နိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ဆက်စပ်မှု စစ်အလံသည် ၎င်း၏ ဥပဒေသ စွမ်းအားများပို အပြည့်အဝ ဖော်ဆောင်နိုင်ခဲ့ကာ စစ်သုံ့ပန်း အဖြစ် အရာရာကို အကျိုးဆက်မရှိ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"သူတော်စင် တစ်ယောက်... အစစ်အမှန် သူတော်စင် တစ်ယောက်...”
ကောင်းကင်စစ်ဝိညာဉ်၏ အသံထဲမှ လောဘရိပ်များမှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ ယခုအခါ သူမသည် အလွန်အရေးကြီးသည့် အသွင်ပြောင်းလဲမှု အခြေအနေကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထိုအတွက် အာဏာရှင် ရှန့်ထို တစ်ဦး၏ ဝိညာဉ်ကို လိုအပ်နေသည်။
အာဏာရှင် ရှန့်ထို ဆိုသည်မှာ လျှို့ဝှက် အာဏာရှင်အဆင့်၏ သတ္တမအဆင့်ဖြစ်ပြီး လျှို့ဝှက် အာဏာရှင် နောက်ဆုံးအဆင့်၏ အစဦးမျှသာ ဖြစ်သည်။ သို့သော်လည်း... ဤပိန်လှီသည့် လက်တစ်ဖက်ပြတ် အဘိုးအိုမှာမူ အစစ်အမှန် သူတော်စင် တစ်ဦး ဖြစ်သည်။
အစစ်အမှန် သူတော်စင် အဆင့်မှာ နောက်တစ်ဆင့်ဖြစ်သည့် အဋ္ဌမအဆင့် ဖြစ်သောကြောင့် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။ တကယ်ကို ကြီးမားလှပေသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ အဆင့်တစ်ခုစီ၏ ကွာခြားချက်မှာလည်း အလွန် နက်ရှိုင်းသည့် ချောက်နက်ကြီး ကဲ့သို့ ဖြစ်လာတတ်သည်။ ကျင့်ကြံခြင်းအပေါ် နားလည်မှု၊ သက်တမ်း၊ စုစည်းထားသည့် အင်အား သို့မဟုတ် လျှို့ဝှက်နည်းလမ်းများ ဖြစ်စေ... အားလုံးမှာ အစွန်းကုန် မြင့်မားသွားကြသည်။
အကယ်၍ သာမန် အဆင့် မြေကြီးရှန့်ထို အယောက်တစ်ရာသည် သာမန် အဆင့် လောကရှန့်ထို တစ်ဦးနှင့် ရင်ဆိုင်ရပါက အလွယ်တကူပင် အမြစ်ပြတ် ချေမှုန်းခံရမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ... အချိန်လေပွေ အတွင်းမှာတုန်းက လျှို့ဝှက် အာဏာရှင် အယောက်တစ်ထောင် ပါသည့် စစ်တပ်ကို မြင်ခဲ့ရသော်လည်း ကျန့်ယု (ယခင် ရှုယု) ၏ မာန်တက်နေသည့် အပြုအမူမှာ ထိုကွာခြားချက်ကို ဖော်ပြနေခဲ့သည်။ ထိုအဆင့်များတွင် ကွာခြားချက်မှာ ပို၍ပင် ကြီးမားလာကာ ကျင့်ကြံရန် ခက်ခဲမှုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင် အစစ်အမှန် သူတော်စင်တစ်ဦးကို ဖမ်းဆီးနိုင်လိမ့်မည်ဟု ကောင်းကင်စစ်ဝိညာဉ် မတွေးခဲ့ဖူးချေ။ သတ်ဖြတ်နိုင်လိမ့်မည်ဟု ဆိုလျှင် ဝေလာဝေး...။
သို့သော်လည်း... ယခု ဝေ့ဝူယင်က လုပ်ပြခဲ့သည်။ သူမထံတွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများစွာ ရှိသော်လည်း ဝေ့ဝူယင် မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကိုမူ ယခုတိုင် နားမလည်နိုင်သေးပေ။
ထိုအခိုက်၌... ပြင်းထန်လှသည့် စိတ်ခံစားမှုများနှင့် အတူ တုန်လှုပ်နေသူက သူမတစ်ဦးတည်း မဟုတ်ပေ။
သခင်လေးရှန့်မှာလည်း မျက်လုံးများ အစွန်းကုန် ပြူးကျယ်သွားကာ ခဏချင်းပင် အမူးပြေသွား၏။ သူသည် မြေပြင်ပေါ်၌ လိမ့်နေသည့် ခေါင်းပြတ်ကို အနီးကပ် မြင်တွေ့နိုင်ရန် ရှေ့သို့ ကိုင်းညွတ်လိုက်ရင်း မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို အသည်းအသန် အစာခြေနေမိသည်။
‘သေမျိုးတစ်ယောက်... သာမန် သေမျိုးတစ်ယောက်က... သူတော်စင် တစ်ယောက်ကို... သတ်လိုက်တာလား...’
'နေဦး... မဟုတ်ဘူး... ဒါက မဖြစ်နိုင်ဘူး... သူတော်စင် တစ်ယောက်ကို သတ်ဖို့ဆိုရင် ရုပ်ခန္ဓာကို ဖျက်ဆီးလိုက်ရုံနဲ့ မလုံလောက်သေးဘူး...'
သခင်လေးရှန့်သည် လူအိုကြီး သေဆုံးသွားပြီဟူသည့် အသိစိတ်ကို ဆင်ခြင်တုံတရားဖြင့် တိုက်ထုတ်ရင်း စိတ်ကို ဖြည်းညင်းစွာ ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။
တစ်ချိန်တည်း၌ ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင် နှင့် ထို့ပိဟန် တို့မှာမူ အေးဆေးစွာပင် ရှိနေကြသည်။ လူအိုကြီးသည် ဝေ့ဝူယင်အပေါ် ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့စဉ်ကတည်းက ဤကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ကို သူတို့ သိမြင်ခဲ့ကြသည်။
မင်ရှုဖုန်းမှာမူ ခက်ခဲသည့် ပြဿနာတစ်ခုကို စဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်လျက် ရှိနေပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူလျော့နေ၏။ လျူစုယင်၏ အေးစက်စက် မျက်နှာထားမှာ ဂရုမစိုက်သည့်အလား ရှိနေသော်လည်း သူမ၏ အကြည့်တို့က ယွီစွန်းလီထံသို့ ခဏခဏ ရောက်ရှိနေသည်။
ယွီစွန်းလီမှာ နှလုံးသား တစ်ခုလုံး နွေးထွေးနေသလို ခံစားရကာ တဒိန်းဒိန်း ခုန်နေလေ၏။ သခင်လေးရှန့်က လူအိုကြီး မသေနိုင်ကြောင်း အသေအချာ ပြောဆိုခဲ့သော်လည်း၊ ဝေ့ဝူယင်၏ ဓားတစ်ချက်အောက်မှာပင် ထိုစက်ဆုပ်ဖွယ်လူသားမှာ ကွပ်မျက်ခံလိုက်ရပြီ ဖြစ်သည်။ ထိုတစ်ချက်တည်းဖြင့်ပင်... ဝေ့ဝူယင်အပေါ် သူမ၏ ယုံကြည်ကိုးစားမှုမှာ ပိုမို ခိုင်မာလာခဲ့သည်။ မိန်းကလေး၏ အနုပညာဆန်သည့် နှလုံးသားထဲ၌ စိတ်ကူးသစ်များ ပြည့်လျှံလာခဲ့၏။
ချောင်စွေ့ဖုန်း၏ တုံ့ပြန်မှုမှာမူ ပျော်ရွှင်မှုပင် ဖြစ်သည်။ သူမသည် ကိုယ်တိုင်ပင် သတိမထားမိဘဲ ပြုံးနေမိ၏။ သူမ၏ အပြုံးမှာ အလွန်ပင် တောက်ပလှ၏။ လှည့်စားခြင်း အာရုံထဲတွင် ထိုလူယုတ်မာသည် သူမကို သတ်ဖြတ်ခဲ့သည်။
ယခု၌ ဝေ့ဝူယင်က သူ့အား ပြန်လည် အဆုံးသတ်လိုက်သည်ကို မြင်ရသောအခါ လွန်ခဲ့သေည့် ရက်အနည်းငယ်က ဝေ့ဝူယင် ပြောခဲ့သည့် စကားများကို ပြန်လည် ကြားယောင်လာခဲ့မိသည်။
"ချောင်စွေ့ဖုန်း... မင်း ကိုယ့်ကို မင်း ငါ့မိန်းမလို့ သတ်မှတ်ထားသလား"
"ဒါဆိုရင် မင်းကို ငါ မကာကွယ်နိုင်ဘူးလို့ ထင်နေတာလား... အထူးသဖြင့် ငါ့ရဲ့ ကမ္ဘာမှာ... ငါတို့ရဲ့ ကမ္ဘာမှာလေ"
"ကောင်းပြီ... နောက်တစ်ခါကျရင် တခြားလူတွေကို ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊ ခေါင်းငုံ့ခိုင်းတာပဲဖြစ်ဖြစ်၊ အဓိပ္ပာယ်မရှိတဲ့ အဝေးက ကြယ်ကိုးပွင့် ရှန့်ထိုနန်းတော်ကို အကြောင်းပြမနေနဲ့... ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်"
ယခု၌ ဝေ့ဝူယင်သည် သူမကို အပြည့်အဝ ကာကွယ်နိုင်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။ ချောင်စွေ့ဖုန်းမှာ တဖိတ်ဖိတ် တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ဝေ့ဝူယင်၏ လှုပ်ရှားမှုတိုင်းကို တစ်ချက်မလွတ် ကြည့်နေမိ၏။ ကြယ်တာရာ ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာများသို့ ခရီးဆန့်ရန် သူမ ခံစားခဲ့ရသည့် ကြောက်ရွံ့မှုများမှာလည်း ထိုခဏမှာပင် ပျောက်ကွယ်သွားခဲ့ချေပြီ ဖြစ်သည်။
ထိုအချိန်တွင်ပင်... ဝေ့ဝူယင်က ယွီစွန်းလီ၏ လက်ကို ဆွဲကိုင်ကာ သူမထံ ဦးတည် လျှောက်လာခဲ့သည်။
"သူ သေပြီ"
လူငယ်က အတည်ပြုပေးလိုက်၏။ ချောင်စွေ့ဖုန်း တစ်ယောက် ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများကို စိုက်ကြည့်လိုက်ရာ သူမ၏ ရင်ထဲ၌ ရှက်စရာ ကိစ္စများ လုပ်ဆောင်လိုသော ဆန္ဒများ ပြည့်လျှံလာသည်။ သူမ၏ မျက်ဝန်းများက ထိုအရာအားလုံးကို ဖော်ပြနေ၏။
ဝေ့ဝူယင်က ကူရာကယ်ရာမဲ့ ပြုံးလိုက်၏။
"နောက်မှပေါ့"
တစ်ချိန်တည်း၌ စုမေ့က အလောင်းကို သိမ်းဆည်းလိုက်၏။ ထိုအလောင်းတွင် စိတ်၊ ရုပ်၊ ဝိညာဉ်နှင့် အမတေ စွမ်းအားများ လုံးဝ မကျန်ရှိတော့ဘဲ နှစ်ပေါင်း တစ်သိန်းကျော် လေ့ကျင့်ထားသည့် မာကျောသည့် ခန္ဓာကိုယ်ကြီးသာ ကျန်ရစ်တော့သည်။ သို့သော်လည်း ၎င်းကို သားရဲများအား ကျွေးမွေးရန်အတွက် အသုံးပြုနိုင်သေးသည်။
သူမက ဖြတ်တောက်ခံထားရသော ဦးခေါင်းကိုလည်း သိမ်းဆည်းလိုက်သည်။ ၎င်းတွင် အသိစိတ်ပင်လယ်၊ စိတ်မျက်လုံး၊ သို့မဟုတ် အတွင်းပိုင်း လောကတို့ အစအန တစ်ခုမျှ မကျန်ရှိတော့ချေ။ ကုန်ကုန်ပြောရလျှင် ဝိညာဉ်အော်ရာ အစအနပင် မရှိတော့...။
သူ့အား အလောင်းနှင့်တူသော အရုပ်တစ်ခုဟု ပြောလျှင်ပင် မည်သူမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။
လူလူအိုကြီး၏ မာကျောလှသော အရိုးများကို အသုံးပြု၍ ဓား သွေးရန် သို့မဟုတ် သူမ၏ ကိုယ်ပွား အတွက် အခြေခံအဖြစ် အသုံးပြုရန် စဉ်းစားလိုက်သည်။ ဝေ့ဝူယင်ကလည်း သူမ နှစ်သက်ရာ လုပ်ဆောင်ရန် ခွင့်ပြုထားသည်။
"အစစ်အမှန် သူတော်စင် အဆင့်ရဲ့ ဝိညာဉ်က မင်းအတွက် များလွန်းမနေဘူးလား..."
ဝေ့ဝူယင်သည် သခင်လေးရှန့်ဘက်သို့ ပြန်လည် ဦးတည်ရင်း ကောင်းကင်စစ်ဝိညာဉ်ကို မေးလိုက်၏။ ကောင်းကင်စစ်ဝိညာဉ် အနေဖြင့် သူမ၏ အသွင်ပြောင်းလဲမှုအတွက် အာဏာရှင် ရှန့်ထို အဆင့် ဝိညာဉ်ကိုသာ အထူး အနေဖြင့် လိုအပ်မည်ကို သူ စိုးရိမ်နေပေသည်။
"များလွန်းတယ် ဟုတ်လား... တကယ့်ကို ပြည့်စုံလွန်းတာပါ"
ပျော်ရွှင်မှုများ ပြည့်နှက်နေသည့် ကလေးငယ်တစ်ဦး၏ ရယ်သံသည် ဝေ့ဝူယင်၏ အသိစိတ်ပင်လယ်အတွင်း ပထမဆုံးအကြိမ် ပဲ့တင်ထပ်သွား၏။ ကောင်းကင်စစ်ဝိညာဉ်သည် အမြဲတမ်း တည်ငြိမ်ပြီး လမ်းညွှန်မှုများ ပေးလေ့ရှိကာ အသံ ကဲ့သို့ ငယ်ရွယ်သည့် ဘက်ခြမ်းကို ပြသခဲလှသည်။
မကြာခင်မှာပင် သူမ၏ ရယ်သံမှာ တိုးသွားကာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
"နင် စစ်ဥပဒေသ မျိုးစေ့ တစ်ခုကို နားလည်သဘောပေါက်ဖို့ လိုအပ်သေးတယ်... အဲဒီနောက်မှာတော့ ကျန်တာကို ငါ ကိုင်တွယ်နိုင်ပါပြီ"
အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင် သူတော်စင် တစ်ယောက်၏ ဝိညာဉ်ကို ရရှိလိမ့်မည်ဟု သူမ ထင်မှတ် မထားခဲ့ပေ။ သူတို့မှာ အောက်အဆင့် ကျင့်ကြံသူများအတွက် သတ်၍မရနိုင်လောက်အောင် အစွမ်းထက်သည်ဟု လူသိများကြသည်။ ယခုမူ ဝေ့ဝူယင်မှာ ထိုအချက် မှားကြောင်း သက်သေပြလိုက်လေပြီ။
သူတော်စင် အဆင့် ဝိညာဉ်၏ အကူအညီနှင့် အတူ သူမ၏ အသွင်ပြောင်းလဲမှုသည်လည်း သာမန် ကောင်းကင်စစ်ဝိညာဉ်များထက် များစွာ သာလွန်သွားပေလိမ့်မည်။
***