← Chapters

အခန်း (၁၈၈၅)

Vol. 135 Ch. 1885

အခန်း (၁၈၈၅)

Vol. 135 Ch. 1885

အပိုင်း(၁၈၈၅)

တတိယမြောက် နယ်မြေမှာ အခြားနှစ်ခုနှင့် မတူပေ။ ထိုနေရာ၌ တောက်ပလှသည့် အလင်း စက်ဝန်းကြီး သုံးလုံး ရှိနေ၏။ အလွန် ဝေးကွာသည့် နေရာတွင် ရှိနေသော်လည်း သူတို့သည် အရေပြားပေါ်၌ အပူရှိန်အနည်းငယ်ကို ခံစားနေရသည်။

၎င်းမှာ ပူလောင်သကဲ့သို့ ရှိသော်လည်း ခြောက်သွေ့ကာ စိတ်ကို ကြည်လင်စေသည်။ အလင်း စက်ဝန်း တစ်ခုချင်းစီသည် မတူညီသည့် အလင်း အမျိုးအစား၊ မတူညီသည့် နွေးထွေးမှုများကို ထုတ်လွှတ်နေ၏။ တစ်ခုစီမှာလည်း မိုင်ပေါင်း ထရီလီယံချီ၍ ကြီးမား ကျယ်ပြန့်လှလေရာ ဧရာမ အရွယ် နေကြယ်များထက်ပင် များစွာ ပိုမို ကြီးမားနေတော့သည်။

ချင်ချူးမူက ထိုအလင်းစက်ဝန်းများကို နေမင်းများဟု မှားယွင်းထင်မှတ်ခြင်းမှာ အကြောင်းရှိပေသည်။

ဝေ့ဝူယင်က ယွီစွန်းလီကို ခေါ်ဆောင်ကာ သူမ၏ ဘေးနားသို့ ရောက်လာ၏။

"အဲဒါကို ရောင်စဉ် အင်ပါယာ သုံးပါးလို့ ခေါ်တယ်... တောက်ပသော လင်း၊ အမှောင် အလင်းနဲ့ အစစ်အမှန် အလင်းတို့ပေါ့လေ... သူတို့က နေကြယ်တွေနဲ့ တူပေမယ့် နေကြယ်တွေ မဟုတ်ဘူး... သူတို့က အဲဒီ အခွံတွေထဲမှာ အခြေချပြီး နေထိုင်ကြတာ... အဲဒီအထဲမှာ ဂြိုဟ်တွေအစား လတွေပဲ ရှိတယ်... ကြယ်တာရာ နယ်မြေတွေ အစား အဲဒါတွေကို လနယ်မြေတွေလို့ ခေါ်ကြတယ်... အင်ပါယာနဲ့ တည်နေရာပေါ် မူတည်ပြီး အမြဲတမ်း နေ့ဖက်ဖြစ်နေတာ ဒါမှမဟုတ် ညဖက်ဖြစ်နေတာမျိုးတွေ... ဒါမှမဟုတ် အချိန်တိုအတွင်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေတာမျိုးတွေလည်း ရှိတတ်တယ်လို့ ဆိုကြတယ်"

ဝေ့ဝူယင် ချင်ချူးမူကို ရှင်းပြနေစဉ် သူ၏ အသိစိတ် ပင်လယ်အတွင်းရှိ ဖီဆန်လေးမှာ တုန်ခါနေလေသည်။ ၎င်းက သူ ကောင်းကောင်း ရင်းနှီးပြီးသား ခံစားချက်ဖြစ်သည်။

ဆာလောင်မှုပင်။

ချင်ချူးမူက အံ့ဩချီးကျူးမှုများ ပြည့်နှက်နေသည့် လှပသော အပြုံးလေးကို ပြသလိုက်သည်။ နယ်မြေ သုံးခုစလုံးကား တစ်ခုမှ သာမန် မဟုတ်ကြချေ။

"ကျွန်မ..."

ယွီစွန်းလီ၏ မျက်ဝန်းများမှာ စိတ်ကူးသစ်များနှင့် အတူ အနုပညာဆန်သည့် အလင်းတန်းများ လင်းလက်နေ၏။ သူမက ဝေ့ဝူယင်၏ လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ကြယ်တာရာ ရွှေ့ပြောင်းခြင်း ဝင်္ကပါ လည်ပတ်နေတုန်း ငါတို့ ဒီနေရာမှာ သုံးနာရီလောက် နားကြမယ်... ဒီအချိန်ကို မင်း စိတ်ကြိုက် အသုံးပြုနိုင်တယ်"

ဝေ့ဝူယင်က ပြောလိုက်ရာ ယွီစွန်းလီ၏ မျက်ဝန်းလေးများမှာ တလက်လက် တောက်ပသွားခဲ့၏။ သူမက ဝေ့ဝူယင်ကို ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်မိသည်။ ဝေ့ဝူယင် အနေဖြင့် မည်သည့် ဝင်္ကပါကိုမျှ ကြိုတင်ပြင်ဆင်နေရန် မလိုကြောင်းနှင့် ဤသည်မှာ ဤနေရာတွင် ခေတ္တခဏ ပိုနေနိုင်ရန် သူ ဖန်တီးပေးသည့် အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း သိရှိပေသည်။

အကယ်၍ ထိုမျှလောက် အချိန်ယူရန် လိုအပ်ပါက လှည့်စားခြင်းအာရုံအတွင်း၌ လူအိုကြီးမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားပေလိမ့်မည်။

ယွီစွန်းလီ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်သော်လည်း ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများထဲမှ နူးညံ့မှုနှင့် ဂရုစိုက်မှုများကို မြင်လိုက်ရသောအခါ ကျေးဇူးတင်စကားများ မလိုအပ်ကြောင်း သိလိုက်သည်။ သူမ ပေးနိုင်သည့် အကောင်းဆုံးသော ကျေးဇူးတုံ့ပြန်မှုမှာ သူ၏ ဘေးနားတွင် သစ္စာရှိစွာနှင့် ရိုးသားစွာ ရှိနေပေးခြင်းပင် ဖြစ်သည်။

မိန်းကလေးက ဝေ့ဝူယင်၏ လက်ကို လွှတ်လိုက်ပြီး မြင်ကွင်းအား ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်မည့် နေရာတစ်ခုသို့ အပြေးအလွှား သွားလိုက်တော့သည်။

သူမ ပန်းချီဆွဲချင်နေပြီ ဖြစ်သည်။

ခမ်းနားလှသည့် မြင်ကွင်းနှင့် သူမရရှိလိုက်သည့် ခံစားချက်တိုင်းကို ပန်းချီကားပေါ်တွင် စိတ်နှလုံး အကြွင်းမဲ့ဖြင့် အစွမ်းကုန် ပုံဖော်ချင်သည်။ လှောင်အိမ်ထဲမှ လွတ်မြောက်လာခြင်း၊ ကမ္ဘာသစ်ကို မြင်တွေ့ရခြင်း အပြင် သူမ ချစ်ရသည့် ပုဂ္ဂိုလ်နှင့်အတူ ခရီးစတင်ရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် စစ်မှန်လှသော စိတ်လှုပ်ရှားမှုများကို ပြသချင်သည်။

မိန်းကလေး၏ ပါးပြင်လေးများက နီမြန်းလာကာ သူမ၏ ပစ္စည်းများကို စတင်ထုတ်ယူတော့သည်။

ယွီစွန်းလီ၏ အပြုအမူကြောင့် ချင်ချူးမူမှာ သိချင်စိတ် ပြင်းပြလာ၏။ ဝေ့ဝူယင်က သူမအား ကြည့်လိုက်ရင်း အလိုက်တသိပင်...

"သူက ပန်းချီဆွဲတော့မလို့လေ... သူနဲ့အတူ သွားပြီး မင်းရဲ့ နှလုံးသားကို ပုံဖော်ကြည့်ပါ... အဲဒါကို စိတ်နဲ့ ပင်ကိုယ်စရိုက်တွေကို ကျင့်ကြံခြင်းလို့ သတ်မှတ်လိုလည်း ရတယ်”

ချင်ချူးမူ၏ မျက်ဝန်းများမှာ တောက်ပသွား၏။ နှုတ်ခမ်းကို အသာကိုက်ကာ တုံ့ဆိုင်းနေသော်လည်း၊ ဝေ့ဝူယင်၏ တွန်းအားပေးသည့် အကြည့်ကြောင့် ခေါင်းညိတ်ပြကာ ယွီစွန်းလီ၏ ဘေးတွင် သွားရပ်လိုက်သည်။

"မမ.... ကျွန်မလည်း... လုပ်လို့ရမလား"

သူမက မေးလိုက်၏။ ယွီစွန်းလီမှာ အံ့အားသင့်သွားသော်လည်း ချင်ချူးမူ၏ နူးညံ့သိမ်မွေ့သည့် ပုံစံကြောင့် မငြင်းနိုင်ခဲ့ပေ။ မငြင်းချင်လည်း မငြင်းချင်ပါချေ။ ပထမဆုံး စကားစပြောကတည်းက သူမ ဤအမျိုးသမီးငယ်ကို သဘောကျနေခဲ့ပြီးသား ဖြစ်သည်။ ယခု သူမ၏ ဝါသနာအပေါ် တွင်လည်း စိတ်ဝင်စားမှုများ ပြသသည်ကို မြင်ရသောအခါ သူတို့နှစ်ဦးမှာ သူငယ်ချင်းကောင်းများ ဖြစ်လာလိမ့်မည်ဟု သိလိုက်သည်။

"ရတာပေါ့... မမ ပြင်ပေးမယ်... ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း သင်ပေးမယ်..."

ထိုနှစ်ဦးမှာ မကြာမီမှာပင် သူတို့၏ ကိုယ်ပိုင်ကမ္ဘာထဲ၌ နစ်မြောသွားကြတော့သည်။

တစ်ချိန်တည်း၌ မင်ရှုဖုန်း၏ အကြည့်များမှာ အထွတ်အမြတ် နိုင်ငံတော် ဆီသို့ ရောက်ရှိနေ၏။ ခဏကြာပြီးနောက် သူမက လက်ဟန် ချိပ်စည်း အချို့ကို ဖော်ဆောင်ကာ တစ်စုံတစ်ရာကို တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက်တွင်တော့... တင်ပျဉ်ခွေထိုင်ချကာ လျှို့ဝှက်-မြေကြီး အဆင့် အမတေကျောက်တုံး တစ်ခုဖြင့် အလေးအနက် ကျင့်ကြံနေတော့သည်။

အခြားတစ်ဖက်၌... စုမေ့က ရှောင်ပိုင် (နတ်မြင်းပျံ) ကို ထုတ်လိုက်သည်။ ထိုသားရဲမှာ ကမ္ဘာသစ်၏ ခန့်ညားထည်ဝါလှသည့် မြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ဟီသံ ပေးနေလေသည်။ နှစ်ပေါင်းများစွာ အတူတကွ ရှိပြီးနောက်တွင် ရှောင်ပိုင်နှင့် စုမေ့တို့မှာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ လိုပင် အလွန် ရင်းနှီး နေကြပြီ ဖြစ်သည်။ ရှောင်ပိုင်မှာ ဝေ့ဝူယင်၏ သားရဲ ဆိုသော်လည်း စုမေ့၏ သားရဲ ဆိုလျှင် ပို၍ပင် မှန်ကန်ပေလိမ့်မည်။

"အီလီစီယံ အသေးနဲ့ ရင်းနှီးအောင် လုပ်ထားကြ..."

ဝေ့ဝူယင်က ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ညွှန်ကြားလိုက်ရင်း နှစ်ပေါင်းများစွာ ကြာအောင် လည်ပင်းတွင် ဆွဲထားခဲ့သည့် အနန္တ ဟင်းလင်းပြင် သလင်းကျောက်ကို ညာဘက်လက်ဖြင့် အသာအယာ ပွတ်သပ်နေမိ၏။

ဝေ့ဝူယင်၏ ရှန့်ထိုလက်စွပ် အတွင်း၌ ကျူးဟိုင်သည် ထိုမြင်ကွင်းကို ပုံရိပ်ယောင်မှတစ်ဆင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ သူ၏ နီရဲသော မျက်ဝန်းများတွင် တာတာရပ်စ်၊ ငရဲဘုံအရှင်သခင်၏ နယ်မြေ တစ်ဖြစ်လည်း တိုက်တန်တို့၏ မိခင်မြေမှာ ထင်ဟပ်နေ၏။

"ဒါက... ဘယ်လို ခံစားချက်ကြီးလဲ..."

ဝေ့ဝူယင်၏ ခြေဖဝါးအောက်တွင် သူ၏ အရိပ်မှာ အနည်းငယ် လှုပ်ခတ်သွားသည်။ ထိုလှုပ်ရှားမှုက ငြိမ်သက်နေသည့် စိတ်လှုပ်ရှားမှု တစ်မျိုးကို ဖော်ပြနေသကဲ့သို့ပင်...။

ဝေ့ဝူယင် ငေးကြည့်နေစဉ်မှာပင် မွှေးပျံ့သည့် ရနံ့နှစ်မျိုးက သူ၏ အာရုံကို နှိုးဆွလိုက်၏။ သူ ဘာမှ မပြောရသေးမီမှာပင် ချောင်စွေ့ဖုန်းက သူ့ကို အောက်ထပ်သို့ ဆွဲခေါ်သွားတော့သည်။ လျူစုယင်မှာလည်း ရှက်ရွံ့စွာဖြင့် သူ့ နောက်မှ ခါးပတ်ကို ကိုင်ထားရင်း လိုက်လာ၏။ သူမ၏ မျက်နှာမှာ ပန်းသီးတစ်လုံးထက်ပင် ပို၍ နီမြန်းနေကာ မျှော်လင့်ချက်များကြောင့် အသက်ရှူသံများပင် မြန်နေချေပြီ ဖြစ်သည်။

တံခါးအနီးသို့ ရောက်သောအခါ ချောင်စွေ့ဖုန်းက ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် နောက်လှည့်ကြည့်လိုက်၏။ သူမ၏ ရည်ရွယ်ချက်မှာ ညကောင်းကင်ယံရှိ ကြယ်ပွင့်များအလား ရှင်းလင်းနေပေသည်။ ထိုမိန်းမလှလေး နှစ်ဦးမှာ ဝေ့ဝူယင် စဉ်ဆက်မပြတ် ပြသနေသည့် စွမ်းဆောင်ရည်များကြောင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ဆန္ဒများ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေကြပြီ ဖြစ်သည်။

နောက်ထပ် နာရီပိုင်း အတွင်း ပြင်းပြသည့် ချစ်တင်းနှီးနှောမှုများ ဖြစ်ပေါ်လာတော့မည်မှာ အသေအချာပင်။

...

သခင်လေးရှန့်က ဝိုင်အိတ်ကို မော့ကာ အငမ်းမရ သောက်လိုက်၏။

"ဧကရာဇ် တစ်ယောက် ဖြစ်ရတာ တကယ်ကို ကောင်းတာပဲ...”

ထို့နောက် သူ၏ ရီဝေဝေ မျက်ဝန်းများမှာ အဇူရာ မူလ ဂလက်ဆီဇုံ နှင့် ပဲ့တင်သံ ဝိညာဉ် အဆင့် အောက်ရှိ သက်ရှိအားလုံး မမြင်နိုင်သည့် ထိုဂလက်ဆီဇုံကို ဖုံးအုပ်ထားသော အတုအယောင် မသေမျိုး ကောင်းကင်ရင်းမြစ် ချိပ်စာ်းကြီးကို ငေးကြည့်နေမိတော့သည်။

"ဒါကလည်း အဆင်ပြေပါတယ်လေ... ညီမလေး ပေးခဲ့တဲ့ အဲဒီ ဝိုင်ကောင်းကောင်းအတွက် ကျေးဇူးဆပ်တာလို့ပဲ သတ်မှတ်လိုက်ပါမယ်"

...

"အရင်တုန်းကတော့ နင် အာရုဏ်ဦး လေပွေဇုန် ဆေးလုံးတွေ သုံးဖို့ အမြဲတမ်း ဝန်လေး နေခဲ့တာ... ဘာကြောင့်လဲ ဆိုတာကိုလည်း ရှင်းမပြဘူး... ဒါပေမဲ့ အခုတော့ သုံးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... ဒီခရီးစဉ်အပေါ် ယုံကြည်မှု လျော့နည်းသွားလို့လား"

ကောင်းကင်စစ်ဝိညာဉ်က စူးစမ်းမေးမြန်းလိုက်သည်။ လွန်ခဲ့သည့် နှစ်များတုန်းက ဝေ့ဝူယင်သည် အချိန် အရှိန်မြှင့် နယ်မြေတစ်ခု ဖန်တီးရန်အတွက် အာရုဏ်ဦး လေပွေဇုန် ဆေးလုံးများကို အသုံးပြုရန် အခိုင်အမာ ငြင်းဆန်ခဲ့သည်။ သူမ မည်မျှပင် အကျိုးအကြောင်းပြ၍ ငြင်းခုံပါစေ... ဝေ့ဝူယင်က အဘယ်ကြောင့် ဆိုသည့် အဖြေကို မပေးဘဲ အမြဲတမ်း ပယ်ချခဲ့သည်။

ဝေ့ဝူယင်သည် ထူးကဲသည့် ပါရမီရှင်ဖြစ်ပြီး အလွန် ကြွယ်ဝချမ်းသာသူလည်း ဖြစ်သည်။ အထူးသဖြင့် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို တည်ဆောက်ပြီးစီးကာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေကို သူပိုင်ဆိုင်ကြောင်း ကြေညာပြီးနောက်တွင် ထိုအချက်က ပို၍ သိသာလာသည်။

ထိုမတိုင်မီကပင် ဝေ့ဝူယင်သည် သေမျိုးတစ်ဦး ပိုင်ဆိုင်ရန် မဖြစ်နိုင်လောက်သည့် အရင်းအမြစ်များနှင့် ရတနာများကို ပိုင်ဆိုင်ထားပြီးသား ဖြစ်၏။ ထို့အပြင်... သူ၏ ဖန်တီးခြင်း မျက်လုံးသည်လည်း အဆင့်နိမ့် ရင်းမြစ်များကို အဆင့်မြင့် ရင်းမြစ်များအဖြစ် ပြောင်းလဲပေးနိုင်သည့် နားလည်ရခက်သော အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

ကျင့်ကြံခြင်း အခြေခံ မြင့်မားလာလေလေ၊ ဖန်တီးခြင်း မျက်လုံးကို အသုံးပြု၍ ပိုမို အရည်အသွေးမြင့်သည့် ပစ္စည်းများကို ဖန်တီးနိုင်လေလေ ဖြစ်သည်။ သာမန် 'ချီ' အဆင့် ဆေးဖက်ဝင်အပင် တစ်ပင်ကို 'ကြယ်တာရာ' အဆင့်သို့ ပြောင်းလဲပေးနိုင်ခြင်းမှာ အခြေခံအားဖြင့် ကောင်းကင်ကို ဆန့်ကျင်နေသည့် စွမ်းရည်မျိုးပင်။

ဝေ့ဝူယင်တွင် ရှိသမျှသော ကိရိယာများနှင့် နည်းလမ်းများထဲ၌ သူ အလိုအပ်ဆုံးအရာမှာ 'အချိန်' ဖြစ်သည်။ သူသည် လောက အဆင့် အဂ္ဂိရတ် ရှန့်ထို အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်၏။ ထိုအဆင့်မှာ လျှို့ဝှက် အာဏာရှင် အဆင့် အလယ်နှင့် အထက်အဆင့်များအတွက် အဓိကထားသည့် အဆင့်ဖြစ်သော်လည် သူ၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံမှာမူ ကြယ်တာရာ အမြုတေ အဆင့်ကိုး၊ ကြယ်တာရာ သခင် အဆင့်၌သာ ရှိသေးသည်။ အဂ္ဂိရတ်ပညာ၏ နိယာမအရ မိမိကျင့်ကြံခြင်းထက် အဆင့်မြင့်သည့် ထုတ်ကုန်များအား သုံးစွဲခြင်းမှာ အလွန်ပင် အကျိုးရှိလှသည်။

အကယ်၍ ဝေ့ဝူယင်သာ သူ၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံထက် အဆင့်များစွာ ပိုမြင့်သည့် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို အသုံးပြုကာ ခန္ဓာကိုယ်ကို အားဖြည့်မည်ဆိုပါက ရလဒ်မှာ လောကကို တုန်လှုပ်စေလောက်ပေလိမ့်မည်။

***

All Chapters