← Chapters

အခန်း (၁၈၈၆)

Vol. 135 Ch. 1886

အခန်း (၁၈၈၆)

Vol. 135 Ch. 1886

အပိုင်း(၁၈၈၆)

"ယုံကြည်မှု လျော့နည်းသွားတာလား..."

ဝေ့ဝူယင် ကောင်းကင် စစ်ဝိညာဉ်၏ ထိုမေးခွန်းကို ပြန်လည်ရေရွတ်လိုက်သည်။ ရတနာ ချိုင့်ဝှမ်း ဂလက်ဆီ အကြောင်းနှင့် သူ၏ တည်ရှိမှုအပေါ် ကောင်းချီးခံ ရီအင်ပါယာ၏ သဘောထားများအား သိရှိရခြင်းက သာမန်လူတစ်ဦး အတွက်မူ စိုးရိမ်ထိတ်လန့်မှုများနှင့် မသေချာမှုများကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်။ သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုနေရာသို့ ကောင်းကောင်းမွန်မွန် သွားရောက်၍ ညှိနှိုင်းရန် ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပေ။

"မဟုတ်ပါဘူး... အရင်က အစိတ်အပိုင်း အားလုံးက ပြည့်စုံမနေသေးလို့ပါ"

"အရင်ကလား"

"အင်း... အရင်တုန်းက ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက အခြေတကျ မဖြစ်သေးတော့ ငါ့ရဲ့ အခြေခံစံနှုန်းတွေနဲ့ ကန့်သတ်ချက်တွေကို သေချာ မသိသေးဘူး... ပြီးတော့ ငါကိုယ်ပိုင်သုံးဖို့အတွက် အာရုဏ်ဦး လေပွေဇုန် ဆေးလုံးရဲ့ လျှို့ဝှက်အဆင့် ပုံစံကို ဖန်တီးဖို့ ကြိုးစားနေတုန်းမို့လို့ပါ"

ဝေ့ဝူယင်က ရှင်းပြလိုက်သည်။ ဤအချက်နှစ်ချက်မှာ အရေးကြီးဆုံး အကြောင်းပြချက်များပင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံ အခြေတကျ ဖြစ်သွားမှသာ စံနှုန်းများနှင့် လိုအပ်ချက်များကို သေချာနားလည်နိုင်ပြီး ၎င်းတို့အား မည်သို့ ကျော်ဖြတ်ရမည်ကိုပါ သိရှိနိုင်မည် ဖြစ်သည်။

အာရုဏ်ဦး လေပွေဇုန် ဆေးလုံး၏ ပုံစံသစ်ကို ဖန်တီးရခြင်းမှာမူ ထိုအတွင်း၌ ရှိနေစဉ် အချိန် ဥပဒေသ အပေါ် သာမည အာဏာကို အသုံးပြုနိုင်စွမ်း သို့မဟုတ် နားလည်နိုင်စွမ်း တိုးတက်လာမလားဟု စမ်းသပ်လိုခြင်းကြောင့်လည်း ပါဝင်သည်။

"သိပြီ..."

ကောင်းကင်စစ်ဝိညာဉ်မှာ ဝေ့ဝူယင်၏ ရှင်းပြချက်ကို တစ်ဝက်တစ်ပျက်သာ ယုံကြည်သည်။ ဝေ့ဝူယင်ထံတွင် မပြောပြလိုသည့် အခြားအကြောင်းရင်းများလည်း ရှိနေဦးမည်ဟု ခံစားနေရသည်။ သူမ ထပ်မံ၍ စူးစမ်းမနေတော့ဘဲ ထိုအကျိုးအကြောင်းပြချက်ဖြင့်သာ ကျေနပ်လိုက်လေသည်။

လျူစုယင်နှင့် ချောင်စွေ့ဖုန်းတို့၏ ပြင်းပြသော ဆန္ဒများကို အပြည့်အဝ ဖြည့်ဆည်းပေးပြီးနောက် ဝေ့ဝူယင်သည် နောက်ဆုံးမိနစ် ညွှန်ကြားချက်များကို ထုတ်ပြန်လိုက်သည်။ စုမေ့က သခင်လေးရှန့် ပေးထားသည့် အချက်အလက်များကို အသုံးပြု၍ ရတနာ ချိုင့်ဝှမ်း ဂလက်ဆီသို့ သွားမည့် လမ်းကြောင်းကို စနစ်တကျ ရေးဆွဲပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ရတနာ ချိုင့်ဝှမ်း ဂလက်ဆီသည် အဇူရာ မူလ ဂလက်ဆီဇုံ (တစ်နည်းအားဖြင့် ကြယ်တစ်လုံး ဂလက်စီ) မှ ဂလက်ဆီ လေးခုအကွာတွင် တည်ရှိသည်။ ကြယ်တစ်လုံး ဂလက်ဆီ ဆိုသည်မှာ 'ကြယ်တစ်လုံး ခေတ်' ကို အစွဲပြု၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ ထိုခေတ်တွင် နေကြယ် တစ်စင်းတည်းက ဂလက်ဆီတစ်ခုလုံးကို လင်းထိန်စေခဲ့သဖြင့် ဂလက်ဆီတစ်ခုလုံး ကြယ်တာရာ နယ်မြေ ကဲ့သို့ ပတ်ဝန်းကျင်မျိုး ဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြသည်။

ဂလက်ဆီတစ်ခုအား အမည်ပေးခြင်း သို့မဟုတ် အမည်ပြောင်းလဲခြင်းမှာ တစ်စုံတစ်ဦးက ထိုဂလက်ဆီတစ်ခုလုံးကို စိုးမိုးထိန်းချုပ်နိုင်မှသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ကောင်းကင်ဘုံ၏ အလိုတော်နှင့် သေမျိုးတာအို၏ ဥပဒေသများကသာ ဆုံးဖြတ်ပေလိမ့်မည်။ ကြယ်တစ်လုံး ဂလက်ဆီ ဟူသော အမည်မှာ ထိုနေရာရှိ သက်ရှိများ၏ သဘာဝအလျောက် ယုံကြည်မှုများနှင့် ကောင်းကင်ဘုံ၏ အဆုံးအဖြတ်အရ ပေါ်ထွက်လာခြင်း ဖြစ်၏။

အာဏာရှင် အင်ပါယာကြီး သုံးပါးတို့သည် ကြယ်တစ်လုံး ဂလက်ဆီကို သိမ်းပိုက်ပြီးနောက်တွင် အဇူရာ မူလ ဂလက်ဆီဇုံ အဖြစ် ပူးပေါင်းအုပ်ချုပ်ခဲ့ကြသော်လည်း၊ သူတို့သည် ဂလက်ဆီကို အမည်သစ်ပေးနိုင်လောက်သော အရည်အချင်း မရှိကြသေးပေ။ သို့သော်လည်း သူတို့၏ စိုးမိုးမှုအောက်တွင် ထိုဂလက်ဆီကို နယ်မြေသုံးခုအဖြစ် ကောင်းမွန်စွာ ခွဲခြားထားနိုင်သည်။

ဂလက်ဆီ လေးခုစာ အကွာအဝေး ဆိုသည်မှာ မယုံနိုင်လောက်အောင် ဝေးကွာလှသည်။ အကယ်၍ မြေကြီး ရှန့်ထို တစ်ဦး အနေဖြင့် လမ်းတစ်လျှောက်ရှိ အန္တရာယ်များကို ကျော်ဖြတ်နိုင်စွမ်း ရှိစေဦးတော့ ခရီးဆုံးသို့ မရောက်မီ သက်တမ်း ကုန်သွားနိုင်သည့် အကွာအဝေး ဖြစ်၏။

ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း သို့မဟုတ် အလားတူ နည်းလမ်းမျိုး မရှိပါက ခရီးနှင်ရန် မဖြစ်နိုင်သလောက်ပင်...။

ထို့ပြင် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းကို အသုံးမပြုနိုင်သည့် ဟင်းလင်းပြင် နယ်မြေကြီးများစွာလည်း ရှိနေသေးသည်။ အထူးသဖြင့် အခြေချနေထိုင်ပြီးသား ဂလက်ဆီဇုံများတွင် ဖြစ်၏။

'ဟင်းလင်းပြင် တံခါး' များကဲ့သို့ပင် ဂလက်ဆီဇုံများစွာ၌ ပြင်ပရန်သူများ ရုတ်တရက် ကျူးကျော်ခြင်းကို ကာကွယ်ရန်အတွက် အာကာသ ကာကွယ်ရေးစနစ်များ ထားရှိကြသည်။

ဆက်စပ်မှု စစ်မြေပြင်သို့ သွားသည့် အစီအရင်မှာ မည်သည့် အင်အားစုမှ မတားဆီးနိုင်သည့် ဘုံလမ်းကြောင်း ဖြစ်သော်လည်း၊ အခြားသော ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းများမှာမူ ထူးခြားသည့် ခွင့်ပြုချက်များ လိုအပ်သည်။

သခင်လေးရှန့်နှင့် လူအိုကြီးတို့မှာ အလွန်တရာ ဈေးကြီးလှသော အခွန်အခများကို ပေးဆောင်ကာ၊ စုံစမ်းစစ်ဆေးမှုများစွာကို ခံယူပြီး ဤနေရာသို့ လာခဲ့ကြရခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိန်ကျန့်ဝမ်ကဲ့သို့သော သူတော်စင် တစ်ဦးထံမှ အကူအညီများ သို့မဟုတ် လမ်းညွှန်ချက်များကို လိုချင်ကြသည့် မြေခွေးအိုကြီးများကြောင့်လည်း လမ်းခရီးမှာ ကြန့်ကြာခဲ့ရသေးသည်။

"ထိန်ကျန့်ဝမ်ရဲ့ ကျင့်ကြံခြင်း အခြေခံက အစစ်အမှန် သူတော်စင် အဆင့် ဖြစ်နေတော့ ကျုပ်တို့ကို စစ်ဆေးတဲ့သူတွေက သူတို့ရဲ့ မောက်မာတဲ့ သဘောထားတွေကို လျှော့ချခဲ့ကြတယ်... တကယ်လို့ ခင်ဗျားတို့ အဆင်ပြေစေချင်ရင် သူ့ကို အပြင်ထုတ်ပြီး အကာအကွယ်အနေနဲ့ အသုံးပြုလို့ ရပါတယ်"

သခင်လေးရှန့်က စုမေ့ကို အကြံပေးသော်လည်း၊ စုမေ့ကမူ သူ့ကို ကူရာကယ်ရာမဲ့ အကြည့်ဖြင့်သာ ကြည့်လိုက်သည်။ ထိုအရက်သမားက ထိန်ကျန့်ဝမ် အသက်ရှင်နေသေးသည်ဟု ထင်နေသည်လား...။

စုမေ့ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမ ရှင်းပြဖို့ ပျင်းပေသည်။ စုမေ့၏ မျက်လုံးများက ချင်ချူးမူ၊ ယွီစွန်းလီနှင့် မင်ရှုဖုန်း တို့အပေါ်သို့ ကျရောက် သွားခဲ့သည်။

ထိုမိန်းကလေး သုံးဦးမှာ ကြယ်တာရာ နယ်မြေများကိုပင် တုန်လှုပ်စေနိုင်လောက်သည့် အလှတရားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ အထူးသဖြင့် ယွီစွန်းလီ၏ ဆွဲဆောင်မှုမှာ မည်သည့် အမျိုးသားကိုမဆို ရမ္မက်ဇော ကြွစေနိုင်လောက်သော အဆင့်တွင် ရှိနေသည်။

ထိုမိန်းကလေးများကို သီးခြား ဟင်းလင်းပြင်တစ်ခုထဲတွင် ဖုံးကွယ်ထားရန် စိတ်ကူး ပေါ်လာသော်လည်း၊ ဝေ့ဝူယင် ရှင်းပြထားသည့် ချင်ချူးမူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ယွီစွန်းလီ၏ လွတ်လပ်မှုကို တောင့်တသော ဆန္ဒတို့ကို စဉ်းစားမိသောအခါ ထိုစိတ်ကူးမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝေ့ဝူယင်မှာ သူတို့ကို ထပ်မံ လှောင်ပိတ်ခံရစေမည့်အစား ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မည့်သူ ဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။

လမ်းခရီး၌ သူတို့ ဖြတ်သန်းသွားရမည့် ဂလက်ဆီ လေးခု၏ အမည်များမှာ အစီအစဉ်အတိုင်း ပြောရလျှင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၊ ကောင်းကင်နှလုံးသား ဂလက်ဆီ၊ အမည်မဲ့ ဂလက်ဆီ နှင့် အဆုံးမဲ့ သန့်စင် ဂလက်ဆီတို့ ဖြစ်ကြသည်။

ဤအရာများမှာ ဂလက်ဆီ အမည်များသာ ဖြစ်ပြီး၊ ဂလက်ဆီဇုံများမှာမူ သက်ဆိုင်ရာ အင်အားစုများ၊ မျိုးနွယ်စုများနှင့် ယဉ်ကျေးမှုများအပေါ် မူတည်၍ ကွဲပြားသည့် အမည်များ ရှိကြသည်။

"အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ဆိုတာက အဖြူရောင် သက်သက်ပဲ ရှိတဲ့ နတ္ထိ ဟင်းလင်းပြင် နယ်မြေကို အစွဲပြုပြီး ခေါ်တာပေါ့လေ... အဲဒီ နတ္ထိ ဟင်းလင်းပြင် နယ်မြေက ဂလက်ဆီရဲ့ အလယ်ဗဟိုမှာ ရှိပြီးတော့ အကြီးမားဆုံး အန္တရာယ်တွေနဲ့ ကံကောင်းမှုတွေ ရှိနေတဲ့ နယ်မြေလို့ ဆိုကြတယ်"

သခင်လေးရှန့်က ရှင်းပြသည်။

"အဲဒီ ဂလက်စီထဲမှာ ရှိတဲ့ ဂလက်ဆီဇုံတွေရဲ့ နာမည်တွေမှာ အဘိဿဲလ် ဆိုတဲ့ စာလုံး ပါလေ့ရှိတယ်... ပြီးတော့ အဲဒီမှာ တွင်းနက် မျိုးနွယ်၊ လူသား၊ မျိုးစပ်၊ ရှို့ရန်နဲ့ မိစ္ဆာ မျိုးနွယ်စု တွေ ရောနှောနေထိုင်ကြတယ်.... လူသားတွေရဲ့ မျိုးပွားနိုင်စွမ်းက အံ့ဩစရာ ကောင်းလွန်းလို့ အများစုက လူသားတွေပဲ ဖြစ်နေတာပေါ့..."

"အဘိဿဲလ် မျိုးနွယ်စုလား"

"ဟုတ်တယ်... အဘိဿဲလ် မျိုးနွယ် ဆိုတာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် လူသားတွေ၊ ကောင်းကင် မျိုးနွယ်တွေ၊ တိုက်တန်တွေထက် နိမ့်ကျမှုမရှိတဲ့ ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုပဲ... သူတို့မှာ အဖြူရောင် အသားအရေ ရှိတယ်... တချို့က ဖြူဖျော့နေပေမဲ့ တချို့ကတော့ နည်းနည်း ညိုပြီး ထူးခြားတယ်... အသားမည်းတဲ့ သူတွေလည်း ရှိတယ်... သူတို့ရဲ့ မျက်လုံးသူငယ်အိမ်တွေက အနီရောင်၊ အစိမ်းရောင် ဒါမှမဟုတ် အဝါရောင် တောက်တောက်တွေ ဖြစ်တတ်ပြီးတော့ သာမန် သေမျိုးအဆင့်မှာတောင် လုံးဝ အမှောင်ထုထဲမှာ မြင်နိုင်စွမ်း ရှိကြတယ်လို့ ဆိုကြတယ်... သူတို့ရဲ့ မျိုးပွားနှုန်းက လူသားတွေထက် သိပ်မနိမ့်ကျပေမဲ့ လူသားတွေထက် သက်တမ်း သုံးပုံတစ်ပုံလောက် ပိုတိုတတ်ကြတယ်..."

"ဒါပေမဲ့ ကောင်းကင်ဘုံက တရားမျှတပါတယ်... သူတို့က အပျက်အစီး မန်နာ နယ်မြေတွေမှာ အသက်ရှင်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်... သေမျိုးအဆင့်မှာတောင် အမှောင် ဟင်းလင်းပြင် ရဲ့ အအေးဓာတ်ကို ခံနိုင်ရည် ရှိကြတယ်... ပြီးတော့ သူတို့တွေ လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်တဲ့အခါ အများစုက မန်နာ အမျိုးအစား လျှို့ဝှက် သင်္ကေတကို အလိုအလျောက် နားလည်ကြတယ်..."

"ဒါတင်မကသေးဘူး... ကောင်းကင် အုပ်စိုးသူ အဆင့်ကို မရောက်ခင်မှာတောင် သူတို့ထဲက အတော်များများက ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ မာနာတွေကို အသုံးပြုပြီး ပျံသန်းနိုင်ကြတယ်... ဒါက ကျုပ်တို့လို အားကောင်းတဲ့ ကျင့်ကြံသူတွေအတွက်တော့ အရေးမကြီးဘူးလို့ ထင်ရပေမဲ့၊ ကျင့်ကြံခြင်း ဆိုတာ ခက်ခဲတဲ့အလုပ် ဖြစ်တဲ့အတွက် အဆင့်တိုင်းမှာ ရရှိတဲ့ အကျိုးကျေးဇူးတိုင်းက အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့"

သခင်လေးရှန့်မှာ ဝိုင်ကို သောက်ရင်း စုမေ့ကို 'ပညာပေး' နေလေ၏။ အဘိဿဲလ် မျိုးနွယ်စု၏ ပင်ကိုယ်စွမ်းရည်များမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

"ဪ... သူတို့က လူသားတွေနဲ့လည်း သိပ်မကွာလှပါဘူး... ဒါပေမဲ့ လူသားတွေ ဒါမှမဟုတ် နတ်ဆိုးတွေနဲ့ မဟုတ်ရင်တော့ တခြားမျိုးနွယ်စုတွေနဲ့ လွတ်လွတ်လပ်လပ် မျိုးမပွားနိုင်ကြဘူး"

သခင်လေးရှန့်က အရေးကြီးသည့် အချက်ကို မေ့တော့မလို ဖြစ်ရာမှ ပြန်လည် ဖြည့်စွက်ပြောလိုက်သည်။

စုမေ့က ခေါင်းညိတ်လိုက်၏။ အနန္တ ဧကရာဇ်ဂိုဏ်းမှာတုန်းက လူသား၊ အယ်ဗန်၊ နတ်ဆိုးနှင့် ရှို့ရန် မျိုးနွယ်များမှာ အတူတကွ ရောနှော နေထိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် ပိုကေထံတွင်ပင် လူသား အပြင် အယ်ဗန်နှင့် နတ်ဆိုးသွေးများ ရောနှော ပါဝင်နေသည်။ ထို့နည်းတူစွာပင် ကျူးဟိုင်မှာလည်း လူသားနှင့် သားရဲ သွေးနှောထားသည့် ရှို့ရန် တစ်ဦး ဖြစ်သည်။

မျိုးနွယ်စု တိုင်းတွင် ကိုယ်ပိုင် အားသာချက်များ ရှိကြသည်။ ဥပမာအားဖြင့် လူသားမျိုးနွယ်စု၏ အားသာချက်မှာ အခြားမျိုးနွယ်စုများနှင့် ပေါင်းစပ်မျိုးပွားနိုင်ပြီး၊ ထိုမျိုးနွယ်များ၏ အားသာချက်များကို မိမိတို့၏ သွေးမျိုးဆက် အတွင်းသို့ သွတ်သွင်းကာ နယ်မြေတစ်ခုကို လျင်မြန်စွာ လူဦးရေ တိုးပွားစေနိုင်ခြင်းပင် ဖြစ်ပေသည်။

လူသားမျိုးနွယ်စု၏ ဤကဲ့သို့သော လိုက်လျောညီထွေရှိမှုကပင် သူတို့ကို ကြောက်မက်ဖွယ်ကောင်းသည့် မျိုးနွယ်စုတစ်ခု ဖြစ်စေသည်ဟု ဝေ့ဝူယင် အမြဲတွေးခဲ့ဖူးသည်။ ဥပမာအားဖြင့် သူ၊ ရွှယ်ယီဖေး နှင့် နယ်လာရှားတို့သည် လူသားနှင့် သားရဲလမ်းစဉ် နှစ်ခုလုံးကို ပေါင်းစပ်လျှောက်လှမ်းနိုင်သည့် မျိုးကွဲများ ဖြစ်လာခဲ့ကြပြီး၊ သာမန်ကန့်သတ်ချက်များကို ကျော်လွန်ကာ အင်အားကြီးမားလာခဲ့ကြသည်။ သူတို့သည် သွေးနှောခြင်းနှင့် အတူ အခြားမျိုးနွယ်စုများအတွက်သာ ရည်ရွယ်ထားသည့် ကောင်းကင်ဘုံ၏ ကံကြမ္မာများကိုပါ လုယူနေကြခြင်း ဖြစ်သည်။

၎င်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသော အစွမ်းပင် ဖြစ်၏။

ရတနာ ချိုင့်ဝှမ်း ဂလက်စီ ခရီးစဉ်မှာ စတင် နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ကျင့်ကြံနေစဉ်အတွင်း စုမေ့သည် အီလီစီယံ အသေးကို ဦးဆောင်မောင်းနှင် နေခဲ့သည်။ မည်သူ တစ်ဦးတစ်ယောက်မှလည်း သူမကို ကန့်ကွက်ခြင်း မရှိခဲ့ပါချေ။

***

All Chapters