အခန်း (၁၈၈၃)
Vol. 135 Ch. 1883
အပိုင်း(၁၈၈၃)
"သူတို့က အီလီစီယံ အသေးကို သိမ်းပိုက်လိုက်တာလား..."
ရွှေဖုန်းပေါင်နှင့် ယောင်ဟုန်ရီတို့ နှစ်ယောက် ပူးပေါင်းကာ သူ့ သင်္ဘောအား သိမ်းပိုက်လိုက်သည်ကို ကြည့်ရင်း သခင်လေးရှန့်မှာ မှင်တက်သွား၏။ နောက်ပြီး ထိုဆံပင်နီနှင့် လူငယ်က မီးဥပဒေသကို နားလည်ထားသည်လား။ ထို့အပြင်... မျက်စိစည်းထားသည့် လူကလည်း သင်္ဘော၏ လုပ်ဆောင်ချက်တွေနှင့် အစီအရင်များကို ခဏလေးအတွင်းမှာ ထိန်းချုပ်သွားနိုင်ကြသည်လား။
ဤလူများမှာ... သာမန်လူများ မဟုတ်ကြပေ။
‘မဟုတ်ဘူး... သူတို့က မိစ္ဆာတွေပဲ...’
အမှန်စင်စစ် ဝေ့ဝူယင်သည် လှည့်စားခြင်း အာရုံကို အသုံးချနေစဉ်ကတည်းက သင်္ဘော၏ အစီအရင်များကို သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။ လူအိုကြီးက သင်္ဘောအား အသုံးပြု၍ သူ့အား ပြန်လည် တိုက်ခိုက်ရန် ကြိုးပမ်းမည်ကို သူ ခွင့်ပြုလိုခြင်း မရှိချေ။
သို့သော်လည်း... ဤသင်္ဘောကို မောင်းနှင်ရန်အတွက် ဥပဒေသများနှင့် တိကျပြတ်သားသည့် ဝိညာဉ်အင်အားများ လိုအပ်ကြောင်း သူ သိရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့မှာ ထိုအရည်အချင်း နှစ်မျိုးစလုံးနှင့် ပြည့်စုံနေကြသည်။
"ငါတို့ရဲ့ ခရီးစဉ်နဲ့ ရတနာ ချိုင့်ဝှမ့် ဂလက်ဆီကို ရောက်မယ့် ခန့်မှန်းခြေအချိန်ကို တွက်ချက်လိုက်..."
ဝေ့ဝူယင်က စုမေ့အား ပြောလိုက်ရာ သူမက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်... သူမသည် သခင်လေးရှန့်ထံသို့ လျှောက်သွားပြီး အချက်အလက်များကို စတင်မေးမြန်းတော့၏။ သခင်လေးရှန့်ကလည်း ဘာကိုမှ ဖုံးကွယ်မထားဘဲ ဝိုင်ကို အငမ်းမရ သောက်ရင်း စိတ်လှုပ်ရှားစွာ ပြောပြနေလေသည်။
"ငါတို့သွားမယ့် လမ်းကြောင်းမှာရှိတဲ့ အန္တရာယ်တွေနဲ့ အချက်အလက်တွေကို မင်း အတတ်စွမ်းဆုံး ရှာဖွေကြည့်ပါ... ပုံမှန်မဟုတ်တဲ့ ဟင်းလင်းပြင် ဖြစ်စဉ်တွေနဲ့ အမှောင်ဟင်းလင်းပြင် ရဲ့ ထူးဆန်းတဲ့ သက်ရှိတွေကို သတိထားကြည့်ပေးပါ"
ဝေ့ဝူယင်က မင်ရှုဖုန်းအား ပြောလိုက်၏။ မိန်းကလေးက ခိုင်မာစွာ ခေါင်းညိတ်ပြကာ နိမိဖတ် ကျင့်စဉ်ကို စတင် အသက်သွင်းလိုက်တော့သည်။
အဖွဲ့၏ ကောင်းကင် နိမိတ်ဖတ် ပညာရှင် အနေဖြင့် သူမသည် ခရီးစဉ်အတွင်း ကြုံတွေ့နိုင်သည့် အန္တရာယ်များ၊ ဘေးဒုက္ခများ သို့မဟုတ် ကံကောင်းမှုများကို ကြိုတင်ဟောကိန်းထုတ်ရန် လိုအပ်သည်။ ပြောရလျှင်... မင်ရှုဖုန်းသည် အခြားသူများအတွက် ဤကဲ့သို့ လုပ်ဆောင်ပေးရခြင်းကို ကျင့်သားရနေပြီးသား ဖြစ်သည်။
သခင်လေးရှန့်မှာမူ မင်ရှုဖုန်း ရှိနေသည်ကို သိရသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာပြီး သူ သိသမျှကို အကုန်ပြောပြနေတော့သည်။ ဤလူများသည် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေစေဦးတော့ မည်သို့မျှ သာမန်လူများ မဟုတ်ကြောင်း ခံစားမိနေသည်။
"အခုလောလောဆယ်တော့ မင်းတို့နှစ်ယောက် မလိုအပ်သေးဘူး... ခေါ်တဲ့အထိ ကျင့်ကြံနေကြပါ"
ဝေ့ဝူယင်က ရင်သားထွားကြိုင်းသော အမျိုးသမီးငယ်နှင့် ထို့ပိဟန်တို့ကို ညွှန်ကြားလိုက်၏။ ထိုအမျိုးသမီးက ထို့ပိဟန်ကို တစ်ချက်ကြည့်ကာ သူ့နောက်ကျောဖက်မှ အဝတ်များဖြင့် ပတ်ထားသည့် အရာကြီးကို မြင်သော အခါ စိတ်ရှုပ်ထွေးသွားပုံ ပေါ်၏။ သို့သော်လည်း သူမက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်... သူမက လော့နင် ရှိရာ အောက်ထပ်သို့ ဦးတည်လိုက်သည်။ အောက်ထပ်တွင် ကျင့်ကြံရန် သင့်တော်သည့် သီးခြားကမ္ဘာငယ်လေးများစွာကို အခန်းများအဖြစ် ပြုလုပ်ထားသည်။ ထိုကမ္ဘာငယ်လေးများမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေတွင် အကြီးဆုံးဟု သိကြသည့် အဆုံးမဲ့ သိုင်းဂိုဏ်း၏ ဟင်းလင်းပြင် သင်္ဘောကြီးလောက် မကြီးမားသော်လည်း၊ အရည်အသွေး အားဖြင့် များစွာ သာလွန်ပြီး အစစ်အမှန် သူတော်စင် အဆင့်နှင့် အောက်အဆင့်များပင် သင့်တော်လှပေသည်။
“ကောင်းပါပြီ...သူဌေး...”
ထို့ပိဟန်ကလည်း ခေါင်းညိတ်ရင်း ဆိုလိုက်၏။ သူ့ထံတွင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။ ဝေ့ဝူယင်အတွက် အသုံးဝင်သူတစ်ဦး ဖြစ်လိုပါက သူ ပိုမို သန်မာလာရန် လိုအပ်သည်။ သူ ဘာမေးခွန်းမျှ မမေးဘဲ မိန်းကလေး နည်းတူ အောက်ထပ်သို့ ဦးတည်လိုက်သည်။
"နေဦး"
ဝေ့ဝူယင်က ထိုနှစ်ဦးကို တားလိုက်၏။
ယွီစွန်းလီက သူမ၏ လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိ၏။ ဝေ့ဝူယင်၏ အမိန့်ပေးနိုင်စွမ်းနှင့် ခန့်ညားထည်ဝါမှုတို့ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများမှာ ပိုမို တောက်ပလာခဲ့သည်။ သူမ တစ်ဦးတည်း မဟုတ်ပေ။ ချောင်စွေ့ဖုန်းနှင့် လျူစုယင် တို့သည်လည်း ဝေ့ဝူယင်ကိုသာ အာရုံစိုက်ထားရင်း တစ်စုံတစ်ခုကို မျှော်လင့်နေကြပုံရသည်။ ထိုအချိန်တွင် ချင်ချူးမူ မှာမူ လက်ရန်းကို မှီရင်း အတွေးကမ္ဘာ၌ လွင့်မျောနေလေသည်။
အခြားသူများနှင့် ခြားနားစွာပင်... သူမသည် စောစောက လှည့်စားခြင်းအာရုံထဲတွင် ပါဝင်ခြင်း မရှိခဲ့ပေ။ ဝေ့ဝူယင်က သူမအား အခြားသူ၏ လက်ထဲတွင် အဖမ်းခံရသည်ဟူသော ခံစားချက်မျိုးကို ထပ်မံ မကြုံတွေ့စေလိုသဖြင့် ထိုအာရုံထဲသို့ မထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ မိန်းကလေးအား ထိုကဲ့သို့သော အတွေ့အကြုံမျိုး ထပ်မံ မကြုံတွေ့စေရဟု ဝေ့ဝူယင် သူ့ကိုယ်သူ ကတိပေးထားခဲ့သည်။
အခြားလူများ လှည့်စားခြင်း အာရုံ အတွင်း ရောက်နေစဉ် ဝေ့ဝူယင်မှာ သူမ နံဘေးတွင်သာ ရှိနေပေးခဲ့သည်။ ထိုအတောအတွင်း သူတို့ ပြောဆိုခဲ့သည့် စကားများကြောင့် မိန်းကလေးမှာ အတွေးထဲ၌ နစ်မြောနေခြင်း ဖြစ်၏။ သူမ၏ မျက်နှာပေါ်မှ အပြုံးရိပ်လေးကို မြင်ရသောအခါ ဝေ့ဝူယင် စိတ်အေးသွားခဲ့သည်။
“စွန်းလီ... ချူးမူ... စွေ့ဖုန်း... စုယင်... မင်းတို့အားလုံးကို ငါ တစ်ခု ပြစရာ ရှိတယ်... မင်းတို့ သဘောကျမှာ သေချာတယ်... တစ်ခုမှ လွတ်မသွားအောင် သေချာကြည့်ထားနော်... ဟုတ်ပြီလား"
ဝေ့ဝူယင်က ပြုံးလျက် ကြယ်တာရာ ကောင်းကင်ယံကို ကျော်လွန်၍ ကြည့်လိုက်၏။ ချင်ချူးမူ အပါအဝင် မိန်းကလေး လေးဦးစလုံးသည်လည်း အဝေးမှ ကြယ်စုတန်းများဆီသို့ လှမ်းကြည့်လိုက်ကြသည်။
"အခုပဲလား..."
ချင်ချူးမူ လက်ရန်းကို တင်းတင်းဆုပ်ကိုင်ရင်း မျှော်လင့်တကြီး မေးလိုက်၏။ သူမ၏ မြစိမ်းရောင် မျက်ဝန်းများမှာ စွန့်စားလိုသည့် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေ၏။ မိန်းကလေး၏ ခန္ဓာကိုယ် အချိုးအစားမှာ လှပစွာ ကွေးညွတ်နေပြီး သိကျွမ်းထားသည့် ကြယ်တာရာများ၏ အလွန် ကမ္ဘာသစ်ဆီသို့ ခုန်ဆင်းရန် အသင့်ဖြစ်နေသည့်အလား...။
သူမသည် မျက်တောင်ပင် မခတ်ဝံ့ဘဲ စိုက်ကြည့်နေမိ၏။
"ဟုတ်တယ်..."
ဝေ့ဝူယင်က ညာဘက်လက်ဝါးကို ကြယ်တာရာ ကောင်းကင်ယံထံသို့ မြှောက်လိုက်သည်။ မကြာသေးခင် ကာလက သူသည် လျူရီလန်းနှင့် အခြားလူများကို သူ အလိုရှိပါက ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှ အလွယ်တကူ ထွက်ခွာနိုင်ကြောင်း ကြေညာခဲ့သည်။
လှည့်စားခြင်းအာရုံထဲတွင်မူ သူသည် လူအိုကြီးကို အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ သီးခြားခွဲထုတ်ထားသည့် ကမ္ဘာမှ လွတ်မြောက်စေရန် သင်္ဘော၏ အာကာသအစီအရင်များနှင့် ပူးပေါင်းကာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။
"မင်းတို့ထဲက အချို့ကတော့..."
ဝေ့ဝူယင်သည် မိန်းကလေး လေးဦးနှင့် အာဏာရှင်များကို ဝေ့ကြည့်လိုက်၏။
"ငါတို့ကမ္ဘာ အလွန်မှာ တခြားကမ္ဘာတစ်ခု ရှိနေတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ... ငါတို့နေထိုင်နေတဲ့ ကမ္ဘာ၊ ငါတို့ အမြဲတမ်း ငေးကြည့်နေခဲ့ရတဲ့ လက်လှမ်းမမီတဲ့ ကြယ်တာရာတွေဆိုတာ အင်အားကြီး ပုဂ္ဂိုလ်တွေ ဖန်တီးထားတဲ့ လှောင်အိမ်တစ်ခုထက် မပိုဘူးဆိုတာကိုပေါ့လေ... ငါတို့တွေ နေနေတဲ့ လောကကြီး ဆိုတာက အဲဒီပုဂ္ဂိုလ်ကြီးတွေ အချင်းချင်း အနိုင်ရဖို့ ကြိုးစားနေကြတဲ့ နားလည်ရခက်တဲ့ ကစားပွဲတစ်ခုရဲ့ စင်မြင့်တစ်ခုပဲ..."
"ပြောရရင် ငါတို့တွေရဲ့ တည်ရှိမှုကိုယ်တိုင်က သူတို့ရဲ့ ရည်ရွယ်ချက်တွေအတွက် မွေးမြူခြင်းခံထားရတာ... ထာဝရ ဧကရာဇ် လိုမျိုး သူတို့ သတိထားမိလောက်တဲ့ အဆင့်အထိ မရောက်သရွေ့... ဒါမှမဟုတ် သူတို့ရဲ့ ကစားပွဲမှာ ပါဝင်ကစားပြီး သူတို့အတွက် အောင်ပွဲခံပေးနိုင်ခြင်း မရှိသရွေ့ ငါတိုတွေ ဒီနှောင်ကြိုးတွေကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး"
ဝေ့ဝူယင်၏ အသံသည် ဟင်းလင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့၏။ သင်္ဘောပေါ်ရှိ လူတိုင်း၏ နှလုံးသားများမှာ ထိုအသံထဲ၌ ပါဝင်နေသည့် ပြင်းထန်လှသော စိတ်ခံစားမှုများကြောင့် တုန်လှုပ်နေခဲ့သည်။
ချောင်စွေ့ဖုန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။
လျူစုယင်၏ မျက်ဝန်းများတွင်လည်း တောင့်တခြင်း၊ စိတ်ပျက်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ ရောယှက်နေသည့် ခံစားချက်များ ထင်ဟပ်လာ၏။
အကယ်၍ သူမသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အိမ်မက်အတိုင်း အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ဦး ဖြစ်လာခဲ့လျင်ပင် လျူယင်လန်း ကဲ့သို့ပင် လှောင်အိမ်အတွင်း ရှိသည့် လူများ၏ ကံကြမ္မာကို စောင့်ကြပ်နေရသည့် အဆင့်မြင့် အကျဉ်းစောင့်တစ်ဦးထက် ပိုလိမ့်မည် မဟုတ်ပေ။
ယွီစွန်းလီကတော့ ခေါင်းငုံ့ကာ ဝေ့ဝူယင်၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ချင်ချူးမူသည် လေးဦးအနက် အငယ်ဆုံးဖြစ်သော်လည်း အခြားသူများ၏ အတ္တဆန်ဆန် ဆန္ဒများအတွက် လှောင်ပိတ်ခံရခြင်းနှင့် ချုပ်နှောင်ခံရခြင်း၏ အရသာကို မည်သူထက်မဆို ပိုမို နားလည်ထားသူ ဖြစ်သည်။ သူတို့အားလုံးမှာ နောက်ခံသမိုင်းကြောင်းနှင့် အတွေ့အကြုံများ ကွဲပြားသော်လည်း၊ အခြားသူ၏ စိတ်ဆန္ဒကို အန်တုကာ ပိုမိုကောင်းမွန်သည့် အနာဂတ်သစ်အတွက် အိမ်မက်မက်ခြင်း၏ အဓိပ္ပာယ်ကိုမူ အားလုံး နားလည်ကြသည်။
"ဒါပေမဲ့ ဒါဟာ ငါတို့ရဲ့ အိမ်ပဲ... ငါက အဲဒါကို ငါတို့ပိုင်တဲ့ အိမ်ဖြစ်အောင် လုပ်ခဲ့ပြီးပြီ... ငါတို့ တစ်ဦးတည်းပိုင်တဲ့ အိမ်ပေါ့... လှောင်အိမ်လား... အကျဉ်းထောင်လား... ကစားပွဲလား... တခြားလူတွေအတွက် ဖန်တီးထားတာလား... အဲဒါတွေကို မင်းတို့ ထည့်စဉ်းစားနေဖို့ မလိုတော့ဘူး... ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်တင်မက ငါ့ရဲ့ မူလ ဝိညာဉ်နဲ့ တည်ရှိမှုပါ ပျက်သုဉ်းသွားတဲ့နေ့အထိ၊ ဒီနေရာဟာ ငါတို့ရဲ့ ခိုလှုံရာ ဖြစ်နေလိမ့်မယ်... ငါတို့ရဲ့ ကံကြမ္မာ၊ ငါတို့ရဲ့ လွတ်လပ်မှု၊ ငါတို့ရဲ့ ဆန္ဒတွေ... ဒါတွေအားလုံးက ဒီနေ့ကစပြီး ငါတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး အရယူရမယ့် အရာတွေပဲ"
ထိုအခိုက်၌ လောကတစ်ခုလုံးမှာ ဝေ့ဝူယင်၏ အသံအောက်၌ နစ်မြုပ် နေခဲ့၏။ အားလုံးမှာ ထိုအသံက သူတို့၏ အစစ်အမှန် ဝိညာဉ်များထံသို့ တိုက်ရိုက် စကားပြောနေသည့်အလား ခံစားလိုက်ရသည်။ သူတို့၏ နှလုံးသားများမှာ တဒိန်းဒိန်း ခုန်လာကာ စိတ်အာရုံ ခံစားမှုများမှာလည်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်သွား၏။ သူတို့၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တိုင်းမှာလည်း ဖော်ပြ မရနိုင်သည့် စိတ်လှုပ်ရှားမှုများနှင့် အတူ ဟစ်အော်နေကြသည်။
ဝေ့ဝူယင်က ကံကြမ္မာကို ဘေးသို့ ဖယ်လိုက်သည့်အလား လက်ဖဝါးကို အသာအယာ တွန်းထုတ်လိုက်ပြီး အသက်ကို ဖြည်းညင်းစွာ ရှူလိုက်သည်။
ဝေါ... ဝါ...
သင်္ဘော၏ နံဘေးနားတွင် ဧရာမ ဟင်းလင်းပြင် နဂါးကြီး တစ်ကောင် ထွက်ပေါ်လာကာ ၎င်း၏ မြွေမျက်လုံးကြီးများကို ဖွင့်လျက် ဝပ်စင်းလိုက်၏။ ၎င်းက ဝေ့ဝူယင်ကို ကြည့်လိုက်ရာ အာကာသနှင့် အချိန် ဥပဒေသများကြောင့် အားကောင်းလာနေသည့် နဂါးအရှိန်အဝါများ ထွက်ပေါ်လာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ အမြီးကို သင်္ဘောဆီသို့ ဝှေ့ယမ်းလိုက်တော့သည်။
ထို့နောက်... အီလီစီယံ အသေးစား သင်္ဘောသည် ထိုအမြီးအောက်၌ ပျောက်ကွယ်သွားလေတော့၏။
***