အခန်း (၁၈၈၁)
Vol. 135 Ch. 1881
အပိုင်း(၁၈၈၁)
ဝေ့ဝူယင်မှာ စိတ်ကျေနပ်မှုကို ခံစားနေရ၏။ အမှန်အတိုင်း ဝန်ခံရပါက... သူသည် ထိုအစစ်အမှန် သူတော်စင်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု လုံးဝဥဿုံ သေချာခြင်း မရှိခဲ့ချေ။ သို့သော်လည်း... သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် အတွင်း ထာဝရ ကိန်းအောင်းနေသည့် စွမ်းအားများနှင့် ဆေဘာ၏ ထက်မြက်မှုကို အသုံးချကာ ဥပဒေသများ၏ အကာအကွယ်ကို ပိုင်းဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဓားကို ဝှေ့ယမ်းလိုက်သော အခိုက်၌ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် အတွင်းရှိ ထာဝရ အော်ရာ၊ ဥပဒေသ ခြောက်မျိုးနှင့် ဝိညာဉ်အပေါ် သူ၏ ထူးကဲသော နားလည်မှုတို့က စိတ်ထဲတွင် သဘာဝအလျောက် ပေါင်းစည်းသွားကာ သူ၏ စိတ်ဆန္ဒအတိုင်း ပြီးပြည့်စုံစွာ ဟန်ချက်ညီသွားခဲ့သည်။
သို့သော်လည်း... ထိုဓားချက်ကို ထုတ်ဖော်ရန် သူ မည်မျှ အထိ ရင်းနှီးခဲ့ရသည်ကိုတော့ မည်သူမှ မသိပါချေ။ အကယ်၍ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ အံ့မခန်း ပြန်လည်ကုစားနိုင်စွမ်းသာ မရှိပါက မျက်လုံးများမှအပ အရိုး၊ ကြွက်သားနှင့် ကိုယ်တွင်းအင်္ဂါ အားလုံးမှာ သွေးအိုင်အဖြစ် ပြိုကွဲပျက်စီးသွားနိုင်လောက်သည်။ ဥပဒေသ ခြောက်မျိုးစလုံးကို တစ်ပြိုင်နက်တည်း အစွမ်းကုန် ထိန်းချုပ်အသုံးပြုရခြင်းမှာ အံ့ဩစရာ ကောင်းလှသော်လည်း ပေးဆပ်ရမှုမှာလည်း အလွန်ပင် ကြီးမားလှသည်။
ယနေ့၌... ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်သည် အံ့ဖွယ်ဂုဏ်သတ္တိများကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်ပြသခဲ့ပြန်ပြီ ဖြစ်သည်။ ၎င်းမှာ ယနေ့အထိ သူဖန်တီးခဲ့သမျှထဲတွင် အကောင်းဆုံး ဖြစ်ပြီး မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
သခင်လေးရှန့်မှာ စုမေ့၏ လှုပ်ရှားမှုများကို စိုက်ကြည့်နေမိသည်။ သူက လူအိုကြီး ပြန်လည် နိုးထလာမည့် သို့မဟုတ် လောကထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာမည့် လက္ခဏာများကို ရှာဖွေနေခြင်း ဖြစ်သည်။ ဤသည်ကပင် သူ၏ ယုံကြည်မှုကို အတည်ပြုပေးမည် မဟုတ်ပါလား။
‘သူက တကယ်ကြီး သေသွားတာတော့ မဟုတ်နိုင်ဘူးမလား... ဟုတ်တယ်မလား...’
ထိုအခိုက်တွင်ပင်... ထို့ပိဟန်က သူ၏ နဖူးကို အသာပုတ်လိုက်၏။ သခင်လေးရှန့် လန့်သွားပြီး ကြည့်လိုက်ရာ ဝေ့ဝူယင်မှာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူ့ ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဝေ့ဝူယင်မှာ စကားမပြောသော်လည်း သူ၏ မျက်နှာပေးက အရာရာကို ဖော်ပြနေသည်။
သခင်လေးရှန့် တံတွေးကို အနိုင်နိုင် မျိုချလိုက်မိ၏။ ရေငတ်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။ ယခုအချိန်တွင် ဝိုင်တစ်ငုံ သောက်လိုက်ရလျှင် ကောင်းမှာပဲဟု သူ တွေးနေမိသည်။
"ရှင်က သေမှာကို မကြောက်ဘူးလား..."
ဝေ့ဝူယင်၏ ဘေးရှိ ယွီစွန်းလီက မေးလိုက်၏။ သခင်လေးရှန့်၏ ပုံစံက အသက်ဆုံးရှုံးရမည်ကို ကြောက်ရွံ့သည့် လက္ခဏာ အနည်းငယ်မျှ မရှိချေ။ ထို့ကြောင့်ပင် သူမ သိချင်နေခြင်း ဖြစ်သည်။
"သေမှာကို ဟုတ်လား..."
သခင်လေးရှန့်က ထို့ပိဟန်နှင့် သူ၏ လက်ထဲရှိ ဝိုင်အိတ်ကို တောင့်တသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်... သေမှာကို... ရှင် ကျွန်မတို့ကို လိမ်ခဲ့တယ်၊ သတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်"
ယွီစွန်းလီက သူမ၏ ဒေါသကို ဖွင့်ဟလိုက်၏။ ဝေ့ဝူယင်၏ လက်ကို ဆုပ်ကိုင်ထားသဖြင့် သူမ စိတ်အေးနေသော်လည်း အော်ဟစ်ချင်လောက်အောင် ဒေါသထွက်နေဆဲ ဖြစ်သည်။
"ကျုပ် ခင်ဗျားတို့ကို သတ်ဖို့ မကြိုးစားခဲ့ပါဘူး"
သခင်လေးရှန့်က ပခုံးတွန့်ပြလိုက်၏။ ထို့နောက် ထို့ပိဟန်ကို တစ်ချက် ကြည့်လိုက်သည်။
"နောက်တစ်ငုံလောက် ထပ်သောက်လို့ ရမလား"
သူက မေးကာ လျှာသပ်နေလေသည်။
"မေးခွန်းကို အရင်ဖြေဦးမှပေါ့"
ထို့ပိဟန်က သားရေဘူးကို လှုပ်ခါပြရင်း ဆိုလိုက်၏။ သူလည်း သိချင်နေမိသည်။ အစွမ်းထက် အစေခံမှာ ကွပ်မျက်ခံလိုက်ရပြီ ဖြစ်သော်လည်း ဤလူငယ်မှာ အနည်းငယ် ထိတ်လန့်သွားသည်မှလွဲ၍ ဘာမှမဖြစ်သကဲ့သို့ ရှိနေခြင်း ဖြစ်သည်။ လူအိုကြီး မသေသေးဟု ယူဆနေလျှင်ပင် ထိုသူမှာ သူ့ကို ကာကွယ်ပေးရန် ဤနေရာတွင် ရှိမနေတော့ပေ။
သခင်လေးရှန့်က တံတွေးမျိုချလိုက်ရင်း ဝေ့ဝူယင်ရှိရာဘက်သို့ မေးထိုးပြလိုက်၏။
"ကျုပ် အခုထိ အသက်ရှူနေနိုင်သေးတယ်ဆိုကတည်းက ခင်ဗျားတို့ရဲ့ အရှင်မင်းကြီးက ကျုပ်ရဲ့ ရည်ရွယ်ချက်ကို သိပြီးသားဖြစ်မှာပါ...”
ဝှစ်...
ချွမ်... ချွမ်...
ဝေ့ဝူယင်က လက်ဝှေ့ယမ်းလိုက်ရာ သခင်လေးရှန့်ကို ချည်နှောင်ထားသည့် သံခြေကျင်းများမှာ ပြုတ်ထွက်သွားလေ၏။
ထိုအခါမှ သခင်လေးရှန့်သည် အညောင်းအညာ ဆန့်လိုက်သည်။ ထို့နောက်... သူက လက်ကို ဆန့်ထုတ်လိုက်လေရာ ခဏချင်းမှာပင် ဝိုင်အိတ်မှာ သူ၏ ပါးစပ်ထဲသို့ ရောက်ရှိသွားတော့သည်။ ထို့ပိဟန်က သူ့ လက်ထဲ၌ ဝိုင်အိတ် မရှိတော့သည်ကို ခံစားလိုက်ရလေရာ မျက်လုံးများ မှေးသွား၏။ ထိုအိတ်မှာ လုယူခံလိုက်ရခြင်း မဟုတ်ဘဲ သူ့လက်ထဲမှ တည်ရှိမှု ပျောက်ကွယ် သွားခြင်းသာ ဖြစ်သည်။
"ကောင်းပြီလေ..."
ဝိုင်သုံးငုံခန့် အဝသောက်ပြီးနောက် သခင်လေးရှန့်က ဆက်ပြောသည်။
"ကျုပ် ဒီလောက်တော့ ပြောပြမယ်... ခင်ဗျားတို့ ကျုပ်ရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို သတ်လိုက်ရင်တောင်၊ ကျုပ်ရဲ့ အစစ်အမှန် ဝိညာဉ်ကို မဖျက်ဆီးနိုင်သရွေ့ ကျုပ်က ပြန်ရှင်လာဦးမှာပဲ... အစစ်အမှန် ဝိညာဉ်ကို ဖျက်ဆီးဖို့ကျတော့လည်း ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူဖြစ်တဲ့ ကျုပ်အဖိုးကိုယ်တိုင် ဖန်တီးပေးထားတဲ့ ရတနာက ကာကွယ်ပေးထားတယ်... ခင်ဗျားတို့ နှစ်ပေါင်း တစ်ထောင်လောက် ကြိုးစားရင်တောင် အဲဒါကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး..."
"ဒါကြောင့်ပဲ ကျုပ် မကြောက်တာပေါ့လေ...”
သခင်လေးရှန့်မှာ ကျင့်ကြံခြင်း အခြေခံ ပြန်လည် လည်ပတ်လာသဖြင့် သက်သောင့်သက်သာ ရှိမှုကို ပြန်လည် ခံစားလာရသည်။ ခန္ဓာကိုယ် အတွင်း၌ စွမ်းအားများကို အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် သူ၏ ခွန်အားများမှာ ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်သည်။
"..."
အားလုံးမှာ မှင်တက်သွားကြ၏။ ထိုလူငယ် ပြောနေသည်မှာ အမှန်ပဲလော။ သူတို့ ခွဲခြား၍ မရနိုင်ပေ။
"ပြီးတော့... ခင်ဗျားတို့ ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်တောင် ကျုပ်ရဲ့ အမေက ဒီကို ဆင်းလာပြီး အားလုံးကို သတ်ပစ်လိမ့်မယ်... အားလုံးကို ချက်ချင်း မသတ်ရင်တောင် အများစုကတော့ သေချာပေါက် သေမှာပဲ... သူက အကျိုးအကြောင်း နားမလည်တဲ့ အမျိုးအစားထဲကလေ..."
လူငယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောပြီးနောက် နောက်တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။
"ကိုယ့်နောက်မှာ အင်အားကြီးတဲ့သူ ရှိနေတဲ့ အကျိုးကျေးဇူးက တကယ့်ကို ကောင်းတယ် မဟုတ်လား"
ထို့နောက် သူက ချောင်စွေ့ဖုန်းကို ကြည့်ကာ မျက်ခုံးပင့်ပြလိုက်၏။ ၎င်းက "ကျုပ်ပြောတာကို ခင်ဗျား ကောင်းကောင်း နားလည်တယ် မဟုတ်လား" ဟု မေးနေသည့်အလားပင်။
"..."
ဝေ့ဝူယင်က ခေါင်းခါယမ်းလိုက်၏။ ယခုအချိန်တွင် ထိုအကြောင်းများကို သူ စိတ်မဝင်စားသေးပေ။
"မင်း ငါ့ကို လာရှာတဲ့ ရည်ရွယ်ချက်နဲ့ မင်းရဲ့ တတိယမြောက် သခင်မလေးအကြောင်း အမှန်အတိုင်း အကုန်ပြောပြပါ..."
"ရတာပေါ့..."
သခင်လေးရှန့်မှာ ဘာကိုမှ ဖုံးကွယ်မထားတော့ပေ။ သူ ပြောပြနိုင်သည့် အရာမှန်သမျှကို စတင် ပြောပြလေတော့သည်။
ပထမဆုံး အနေဖြင့် သူသည် တတိယမြောက် သခင်မလေးနှင့် ပတ်သက်သည့် အခြေအနေများမှာ အမှန်ဖြစ်ကြောင်း အတည်ပြုပေးခြင်းဖြင့် စတင်ခဲ့သည်။
ပြဿနာ အားလုံးသည် တတိယသခင်မလေး ဆက်စပ်မှု စစ်မြေပြင်မှ ပြန်ရောက်လာပြီးနောက် သူမအား ထိုနေရာမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည့် 'မျက်မမြင်' လူငယ်တစ်ဦးနှင့် ပတ်သက်မှုကို ပြတ်သားစွာ ကြေညာခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ကွဲပြားခြားနားသည့် အခြေအနေ သုံးမျိုးအောက်တွင် (မိမိတို့၏ နယ်မြေမဟုတ်သည့် အခြား) ဂလက်ဆီဇုံတစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် နိမိတ်ဖတ်ချက်နှင့်အတူ မွေးဖွားလာသည့် ကလေးငယ် သုံးဦးအနက် တစ်ဦးဖြစ်သည်မှာလည်း အမှန်ပင် ဖြစ်သည်။
ကံဆိုးသည်က... သခင်လေးရှန့်ကိုယ်တိုင်ပင် ထိုနိမိတ်ဖတ်ချက်များ၏ အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် စောစောက သခင်လေးရှန့်၏ မှတ်ဉာဏ်များကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ဘာကိုမှ မတွေ့ရှိခဲ့ပေ။ နိမိတ်ဖတ်ချက်များနှင့် ပတ်သက်သည်များသာမက ဘာဆို ဘာမှကို မတွေ့ခဲ့ခြင်း ဖြစ်၏။
သခင်လေးရှန့်၏ အသိစိတ်ပင်လယ်တွင် မည်သည့်မှတ်ဉာဏ်နှင့်မျှ ဆက်သွယ်မှု မရှိပေ။ မှတ်ဉာဏ်အသစ်များ ဖန်တီးနေသည့် လက္ခဏာများ ရှိနေသော်လည်း ဝေ့ဝူယင် ရှာမတွေ့နိုင်ပေ။ ယခုမှသာ ၎င်းက သူ၏ အဖိုးဖြစ်သူ ပဲ့တင်သံ ဝိညာဉ် အဆင့် စွမ်းအားဖြင့် ပြုလုပ်ထားသည့် ရတနာကြောင့် ဖြစ်နိုင်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ ထို့ကြောင့်ပင် သူသည် သေခြင်းတရားရှေ့တွင် ထိုမျှ အေးဆေးနေနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
တတိယ သခင်မလေးအား ငြင်းပယ်ရန် အတွက် ဝေ့ဝူယင်ကို ပြန်ခေါ်သွားခြင်းမှာမူ မဟုတ်ပေ။ လူအိုကြီးက ထိုအလိမ်အညာကို မပြောမီမှာပင် သခင်လေးရှန့်ကို မေ့မြောအောင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့သည် ကောင်းချီးခံ ရီအင်ပါယာမှ ပေးအပ်သည့် မည်သည့် တာဝန်ကိုမျှ ထမ်းဆောင်နေခြင်း မဟုတ်ဘဲ သခင်လေးရှန့်၏ တစ်ဦးတည်း ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။
မိမိ၏ အစ်မဖြစ်သူကို ကယ်တင်ပေးခဲ့သည့်အတွက် ဝေ့ဝူယင်အား ကျေးဇူးဆပ်ရန်နှင့် သတိပေးရန်အတွက် အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင်၏ အန္တရာယ်များကို အံတုကာ လာခဲ့ခြင်း ဖြစ်ပေသည်။
***