← Chapters

အခန်း (၁၈၈၉)

Vol. 135 Ch. 1889

အခန်း (၁၈၈၉)

Vol. 135 Ch. 1889

အပိုင်း(၁၈၈၉)

လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကစ၍ အီလီဆီယံ အသေးစား သင်္ဘောပေါ်ရှိ လေထုမှာ ပျော်ပွဲစားခရီးထွက်နေကြသကဲ့သို့ ပေါ့ပါးလန်းဆန်းနေသည်။ ဝေ့ဝူယင်ကဲ့သို့ပင် ကျင့်ကြံခြင်း၌ အာရုံစိုက်ထားကြသူများမှာ မိမိတို့၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ရန် အာရုဏ်ဦး လေပွေဇုံများကို အသုံးပြု နေကြပြီး၊ အပန်းဖြေချိန်များတွင်မူ သင်္ဘောကုန်းပတ်ပေါ်သို့ ထွက်လာကြကာ အမြဲမပြတ် ပြောင်းလဲနေသည့် စကြဝဠာကြီး၏ အလှတရားကို ငေးမောကြည့်ရှုလေ့ ရှိကြသည်။

ယွီစွန်းလီကတော့ သူမ၏ အနုပညာဝါသနာထဲတွင် စိတ်နှစ်ထားသည်။ သူမသည် သင်္ဘောထက်၌ နေရာများ ပြောင်းလဲကာ မိမိမြင်တွေ့ရသမျှသော ကြယ်တာရာ ဖြစ်စဉ်များ သို့မဟုတ် စိတ်ကူးထဲတွင် ပေါ်လာသမျှသော အတွေးပုံရိပ်များကို ပန်းချီကားချပ်များအဖြစ် ဖန်တီးနေသည်။

သူမသည် တာတာရပ်၊ တစ်သားတည်းသော ဝိညာဉ် ကုန်းမြေတိုက်ကြီးနှင့် တောက်ပသည့် ရောင်စဉ် သုံးပါး အင်ပါတို့ကို ပန်းချီကားများ ရေးဆွဲ မှတ်တမ်းတင်ခဲ့ပြီး ဖြစ်သည်။ ထိုပန်းချီကားများမှာ အလွန်ပင် ထူးခြားဆန်းပြားပြီး အရောင်အသွေး စုံလင်လှပေသည်။ တောင်တန်းကြီး သုံးလုံး၏ လေးလံထိုင်မှိုင်းမှု၊ ပုံသဏ္ဌာန် အမျိုးမျိုးရှိသည့် ကုန်းမြေများ စုစည်းနေသော ထူးဆန်းသော အဝိုင်းချပ်ကြီးနှင့် အလင်းခွံများအတွင်း တည်ရှိနေသည့် ကမ္ဘာငယ်လေးများကို ပီပြင်စွာ သရုပ်ဖော်ထားလေသည်။

ချင်ကူးယဉ်သည်လည်း သူမနှင့်အတူ ပူးပေါင်းနေသည်။ သို့သော်လည်း... သူမက နေရာဒေသများကို ပုံဖော်မည့်အစား လူပုံများကိုသာ ရေးဆွဲလေသည်။ လက်ရှိတွင်မူ ဝေ့စီက သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးနှင့် အတူ နုံအအ အပြုံးကို ဆင်မြန်းကာ သူမအတွက် ပန်းချီမော်ဒယ်အဖြစ် လုပ်ဆောင်ပေးနေရသည်။

"ပြီးပြီလား အမကြီးချင်..."

ဝေ့စီမှာ ကြွက်သားများ တောင့်တင်းလာသဖြင့် လှမ်းမေးလိုက်၏။ သူ ပုံစံတစ်မျိုးတည်းဖြင့် ရပ်နေရသည်မှာ နှစ်ရက်နီးပါး ရှိနေပြီဖြစ်သည်။ ထို့ပြင် ချင်ကူးယဉ်မှာ ပုံကြမ်းများကို စိတ်တိုင်းမကျသဖြင့် ဖျက်လိုက်၊ ပြန်ဆွဲလိုက် လုပ်နေသောကြောင့် သူ၏ တာဝန်မှာ ပို၍ပင် ကြာရှည်နေတော့သည်။

"ပြီးတော့မယ်"

ချင်ကူးယဉ်က မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို အနည်းငယ် ကိုက်ရင်း ပြန်ဖြေလိုက်၏။ သူမက လက်ထဲရှိ စုတ်တံတွင် ဆေးရောင်သစ်များ တင်လိုက်ပြီးနောက် ပန်းချီကား၏ ထောင့်စွန်းများကို အနုစိတ် မွမ်းမံလိုက်ပြန်သည်။ မိန်းကလေးမှာ အရာတစ်ခုခုကို လုပ်ဆောင်ပြီဆိုလျှင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်တတ်သူ ဖြစ်သည်။ ဤသည်မှာ သူမ၏ မူလဗီဇပင် ဖြစ်သည်။

ဝေ့ဝူယင်က သူမအား မိမိ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ကို ပြုစုပျိုးထောင်ရန် ပြောကြားခဲ့ဖူးရာ၊ ဦးနှောက်အတွင်း ရုတ်တရက် ပေါ်လာသည့် စိတ်ကူးစိတ်သန်းများမှာ ထိုသို့ ပြုစုပျိုးထောင်ရန် လမ်းစတစ်ခု ဖြစ်လာခဲ့သည်။

သူမအနေဖြင့် ယခုလိုမျိုး စိုးရိမ်ပူပန်မှု အားလုံးကို မေ့ပျောက်သွားစေလောက်အောင် ပြင်းထန်လှသည့် အာရုံစိုက်မှုနှင့် ရည်မှန်းချက်တို့ ပြင်းပြင်းထန်ထန် ခံစားရသည်မှာ ကြာပြီ ဖြစ်သည်။

မင်ရှုဖုန်းမှာမူ ကုန်းပတ်ပေါ်တွင်ပင် နေထိုင်ရင်း ကျင့်ကြံနေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် အခါအားလျော်စွာ နက္ခတ်ဗေဒင် ဟောကိန်းများကို ဖော်ထုတ်လေ့ရှိပြီး၊ စုမေ့ထံ သွား၍ အကျိုးအကြောင်း ပြောပြတတ်သည်။ စုမေ့က ထပ်ဆင့်ပင် ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့ထံ သွားကာ သင်္ဘော၏ လမ်းကြောင်းကို အနည်းငယ် ပြောင်းလဲစေလေသည်။

ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ဦးသည် ကောင်းကင်တာအို၏ ရည်ရွယ်ချက်များနှင့် ဗဟုသုတအချို့ကို သိမြင်နိုင်ရုံသာမက၊ တစ်ခါတစ်ရံတွင် လောက၏ ကပ်ဘေးများ၊ ကံကောင်းမှုများနှင့် လောကအလားအလာများကိုပါ အရိပ်အမြွက် သိရှိနိုင်စွမ်း ရှိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မည်သည့် ပြဿနာမျှ မရှိခဲ့ခြင်းမှာ မင်ရှုဖုန်း၏ အမြဲမပြတ် ကြားဝင်ကူညီမှုများကြောင့်ပင် ဖြစ်သည်။

သေမျိုးတစ်အုပ်နှင့် အဆင့်နိမ့် လျှို့ဝှက် အာဏာရှင်များ စုစည်းကာ ဂလက်ဆီတစ်ခုလုံးအား ဖြတ်သန်းသွားလာခြင်းမှာ အလွန် အန္တရာယ်များလှသည်။ အချိန်မရွေး အသက် အန္တရာယ်ကို နှုတ်ယူသွားနိုင်သည့် ကပ်ဘေးများနှင့် ကြုံရနိုင်သည်။

အပြောကျယ်လှသည့် ဟင်းလင်းပြင်ကြီးမှာ ပေါ့ပေါ့တန်တန် ကစားရမည့် နေရာမဟုတ်ပေ။ ကံကောင်း ထောက်မစွာပင် အီလီဆီယံ အသေးသည် ကျွမ်းကျင်စွာ မောင်းနှင်နိုင်လျှင် အလွန်ပင် ထူးခြားကောင်းမွန်သည့် သွားလာရေးယာဉ် တစ်ခု ဖြစ်နေပေသည်။

ယောင်ဟုန်ရီက သင်္ဘောဦးပိုင်းတွင် ထိန်းကျောင်းပြီး ရွှေဖုန်းပေါင်က သင်္ဘော၏ ဝင်္ကပါများနှင့် အစီအရင်များကို လည်ပတ်စေရန် လိုအပ်သည့် 'ဥပဒေသ' အရှိန်အဝါများကို ပံ့ပိုးပေးနေသဖြင့်၊ သူတို့သည် အီလီဆီယံ အသေးကို သာမန်သေမျိုးများထက် သာလွန်သည့် အဆင့်တစ်ခုအထိ အသုံးချနိုင်ကြသည်။

ထို့ပိဟန်မျာမူ အခါအားလျော်စွာ အောက်ထပ်သို့ ဆင်းလိုက်၊ ပြန်တက်လာလိုက် လုပ်နေသည်။ တစ်ကြိမ် ပြန်တက်လာတိုင်း သူ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမို သန့်စင်ကာ တည်ငြိမ်ရင့်ကျက်လာသည်ကို တွေ့ရသည်။ သူ၏ အားထုတ်မှုက ကျင့်ကြံခြင်း လမ်းစဉ်၌ သိသာထင်ရှားသည့် ရလဒ်များကို ပြသနေခြင်းပင်။ လေပွေဇုံ၏ အချိန်အရှိန်မြှင့်မှုကို အသုံးချကာ ထို့ပိဟန်သည် တစ်ရက်အတွင်းမှာပင် ရက်သတ္တပတ်ပေါင်းများစွာ၏ အတွေ့အကြုံများကို ရရှိနေပြီး သူ၏ ကျင့်ကြံခြင်းမှာလည်း အဟုန်ဖြင့် တိုးတက်နေတော့သည်။

ချောင်စွေ့ဖုန်းသည် ပထမရက်အနည်းငယ်အတွင်း အခန်းထဲ၌သာ အောင်းနေခဲ့သော်လည်း နောက်ပိုင်းတွင်တော့ အပြင်သို့ ထွက်လာကာ အပြောကျယ်လှသော ဟင်းလင်းပြင်ကြီးကို စိတ်ဝင်တစား ကြည့်ရှုနေသည်။

လက်ရှိ၌ ဝေ့ဝူယင်မှာ ကျင့်ကြံရင်း အလုပ်ရှုပ် နေသဖြင့် သူမကပင် လိုအပ်သမျှသော ကိစ္စရပ်များကို ကြီးကြပ်ရန် ဆုံးဖြတ်ထားသည်။

သို့သော်လည်း... ကံကောင်းထောက်မစွာပင် ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင်နှင့် စုမေ့တို့အားလုံးမှာ အလွန်ပင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သုံးယောက်တည်းနှင့်ပင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပြီးသား ဖြစ်လေရာ၊ သူမအနေဖြင့် အနည်းငယ် မေးမြန်းစုံစမ်းရုံမှလွဲ၍ အခြား ဘာမှ လုပ်စရာ မရှိပါချေ။ တစ်ခုခုဖြစ်လျှင်သာ သူမအား ချက်ချင်း အကြောင်းကြားရန် ညွှန်ကြားထားသည်။ မည်သို့ပင် ဆိုစေ... သူမမှာ ဤသင်္ဘောထက်၌ ကျင့်ကြံခြင်း အခြေခံ အမြင့်မားဆုံးလူသာ မဟုတ်ပါလား။

စုမေ့က အလိုက်တသိပင် သဘောတူသည်။ သို့သော်လည်း... အာဏာရှင်များကမူ ဝေ့ဝူယင် မရှိခိုက်တွင် စုမေ့သည်သာ အငြင်းပွားဖွယ်မရှိ ခေါင်းဆောင်ဖြစ်ကြောင်း သိကြသည်။ တိုက်ရိုက် ရင်ဆိုင်ကြမည် ဆိုလျှင်ပင် စုမေ့မှာ ချောင်စွေ့ဖုန်းကို အသာကလေး အနိုင်ယူနိုင်သည်။ သို့သော်လည်း... စုမေ့ကိုယ်တိုင်က ချောင်စွေ့ဖုန်းကို ထိပ်တိုက် ရင်မဆိုင်ပဲ လွှတ်ထားသဖြင့် သူတို့လည်း နှုတ်ဆိတ်နေကြသည်။

သခင်လေးရှန့်ကတော့ သောက်လိုက်၊ စားလိုက်၊ အိပ်လိုက်နှင့် အပန်းဖြေနေတော့သည်။ သူသည် မည်သည့် ကန့်သတ်ချက်မျှ မရှိဘဲ သင်္ဘောကုန်းပတ်ပေါ်တွင် ထိုင်ကာ ကဗျာများ ရွတ်ဖတ်ခြင်း၊ အရက်သောက်ခြင်းတို့ဖြင့်သာ အချိန်ကုန်စေသည်။ သူ့ကို ကြည့်ရသည်က လွတ်လပ်သည့် တန်ခိုးရှင် တစ်ပါးလို အလွန်ပင် ပေါ့ပါး နေတော့သည်။

စုမေ့သည် ရှောင်ပိုင်ကို ဘေးတွင် ထားကာ အမှောင် ဟင်းလင်းပြင်ကို သတိရှိရှိ စောင့်ကြည့်နေ၏။ သူမ၏ မျက်ဝန်းများက နက်မှောင်ကာ စူးရှ တောက်ပနေသည်။

"ငါတို့ အခု ဘယ်ကို ရောက်နေတာလဲ"

ချောင်စွေ့ဖုန်းသည် စုမေ့အနီးသို့ လျှောက်လာပြီး မေးမြန်းလိုက်၏။ ဝေ့ဝူယင် ခေါ်ဆောင်လာခဲ့သည့် ကောင်းကင် နိမိတ်ဖတ် ပညာရှင်၏ အကြံပြုချက်များ အပါအဝင် ခရီးစဉ်လမ်းကြောင်း တစ်ခုလုံးကို စုမေ့ကသာ စီမံခန့်ခွဲနေခြင်း ဖြစ်သည်။

ယခုဆိုလျှင် သူတို့သည် 'ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း' ဖြင့် စီးနင်းလိုက်ပါလာသည်မှာ လေးရက်ရှိပြီဖြစ်သည်။ ၎င်းမှာ အံ့မခန်း အရှိန်ဖြင့် ခရီးနှင်နေခြင်း ဖြစ်သည်။ သို့သော်လည်း... ဤမျှကြာအောင် ခရီးနှင်ခဲ့ပြီးနောက်တွင်ပင် အာကာသ အကျိုးအပဲ့အချို့မှလွဲ၍ မည်သည့် ကြယ်ကွင်းပြင် သို့မဟုတ် သက်ရှိများကိုမျှ မတွေ့ရသေးချေ။ ထို့ကြောင့်လည်း... သူတို့ လမ်းကြောင်းမှန်ပေါ် ရောက်နေခြင်း ရှိမရှိ သူမ စိုးရိမ်လာမိသည်။

စုမေ့က ချောင်စွေ့ဖုန်းကို လှည့်ကြည့်လိုက်၏။

"ကြယ်တစ်လုံး ဂလက်စီနဲ့ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ကြားက ဟင်းလင်းပြင်ထဲမှာ ရောက်နေတာ... ဒီနေရာမှာ အခြေချ နေထိုင်လို့ မရသလို ကျင့်ကြံသူတွေလည်း မရှိဘူး”

ထိုအဖြေကြောင့် ချောင်စွေ့ဖုန်းမှာ တုန်လှုပ်သွားခဲ့၏။ ဂလက်ဆီများကြားရှိ ဟင်းလင်းပြင်မှာ မည်မျှများ ကျယ်ပြောလိုက်သနည်း။

"ဘာဖြစ်လို့ ဒီနေရာလွတ်တွေကို လျှို့ဝှက် အာဏာရှင်တွေက အပိုင်မစီးကြတာလဲ"

သူမက မေးလိုက်ပြန်၏။ ဟင်းလင်းပြင် နယ်မြေ ဆိုသည်မှာ များသောအားဖြင့် ကြယ်ကွင်းပြင်များ သို့မဟုတ် ဂလက်ဆီ ဇုန်များကဲ့သို့သော နယ်နိမိတ်များကြားရှိ နေရာလွတ်များအဖြစ် သတ်မှတ်ထားကြောင်း သူမ သိထားသည်။

"သူတို့က ကောင်းကင်ဘုံရဲ့ သဘာဝ စွမ်းအားတွေ သတ္တဝါ အဖြစ် ပုံပေါ်လာမှာကို ကြောက်ကြတာလေ... အတိုချုပ် ပြောရရင်တော့ ဥပဒေသ အရှိန်အဝါတွေကို ရှောင်ကြတာပေါ့... ဒါပေမဲ့ အဲဒီကောင်ကြီးတွေက လုံလောက်တဲ့ စွမ်းအားတော့ ရှိဖို့ လိုတာပေါ့လေ"

သခင်လေးရှန့်က အရက်ကို တစ်ငုံ၊ နှစ်ငုံ သောက်လိုက်ရင်း ဟားတိုက် ရယ်မောကာ ဝင်ရောက် ပြောလိုက်သည်။

"သူတို့ကို ကာကူး စားသောက်သူ လို့ ခေါ်ကြတယ်... ဒီကောင်တွေက ဟင်းလင်းပြင်ထဲမှာ တစ်ခုတည်းသော သတ္တဝါတွေ မဟုတ်သလို အန္တရာယ် အရှိဆုံးလည်း မဟုတ်ဘူး... အချို့က ကောင်းကင်ဘုံရဲ့ သဘာဝ စွမ်းအားတွေကို စားသုံးကြသလို၊ အချို့ကတော့ မီးစာကို တိုးတဲ့ ပိုးဖလံတွေလို အဲဒီ စွမ်းအားတွေနောက်ကို လိုက်ကြတာ... သူတို့ အားလုံးက ရန်လိုနေတာမျိုး မဟုတ်ပေမဲ့၊ အဲဒီကောင် အချို့အတွက်တော့ ငါတို့က ငါးမန်းရှေ့က ငါးလေးတွေလိုပဲ... တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငါတို့ဟာ အစားအစာ ဖြစ်သွားနိုင်တယ်"

"ပြီးတော့ ဒီလို နေရာတွေကို အပိုင်စီးဖို့ ကြိုးစားတယ်ဆိုတာ အဲဒီ သတ္တဝါတွေကို မျိုးဖြုတ်ပစ်ဖို့ ဒါမှမဟုတ် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူတွေကိုတောင် မျက်တောင် တစ်ခတ်စာ အချိန်အတွင်း သတ်ပစ်နိုင်တဲ့ ကြယ်တာရာ ကပ်ဘေးတွေကို ငြိမ်ဝပ်သွားအောင် လုပ်ဖို့ ကြိုးစားတာနဲ့ အတူတူပဲ... အဲဒီ သတ္တဝါတွေထဲက တချို့က ဦးနှောက်မရှိတာမျိုး မဟုတ်ဘူး... သူတို့က ရူးစရာ ကောင်းအောင် ကလဲ့စားချေတတ်ကြသေးတာ...”

“ဒီလောကကြီးထဲက တိရစ္ဆာန် ဒါမှမဟုတ် ဘယ်လို သက်ရှိကိုမှ လျှော့မတွက်နဲ့... သူတော်စင် ဆယ်နဲ့ချီပြီး အင်အားကြီးတဲ့ အဖွဲ့အစည်းတွေတောင် နယ်မြေချဲ့ထွင်ဖို့ ကြိုးစားရင်း ဒီသတ္တဝါတွေရဲ့ ချေမှုန်းတာကို ခံလိုက်ရတာတွေ ရှိတယ်... အမှောင် ဟင်းလင်းပြင် ဆိုတာက မဆင်မခြင် လုပ်တတ်သူတွေအတွက် ကစားကွင်း မဟုတ်ဘူး"

သခင်လေးရှန့်မှာ ထိုသို့ ရှင်းပြပြီးနောက် ကျေနပ်သွားပုံရပြီး အရက်ကို ဆက်သောက်နေပြန်၏။

"သားရဲ ဒီရေလှိုင်း ဆိုတဲ့ အသုံးအနှုန် အကြောင်းတော့ ခင်ဗျားတို့ ကြားဖူးမှာပေါ့... တောရိုင်း သားရဲတွေက အုပ်စုလိုက် နေရာရွှေ့ပြောင်းတာ ဒါမှမဟုတ် ကျင့်ကြံသူတွေက သူတို့ရဲ့ သားငယ်တွေကို သတ်ဖြတ်လိုက်လို့ မြို့တွေကို တိုက်ခိုက်ကြတာမျိုးလေ... အဲဒါကို အခု ဒီသတ္တဝါတွေရဲ့ ဒီရေလှိုင်းကို မြင်ယောင်ကြည့်လိုက်ပေါ့... ဟဲ ဟဲ"

"..."

လူတိုင်း၏ လက်ဖဝါး၊ ကျောပြင်၊ နဖူးတို့တွင် ချွေးစေးများ ပျံလာကြ၏။ ထိုအတွေးမှာ ကြောက်စရာ ကောင်းလှသည်။

"ဒါဆိုရင်... ဂလက်ဆီဇုန်တွေက ဘယ်လိုလုပ် ဘေးကင်းနေတာလဲ..."

ဤကဲ့သို့ သတ္တဝါများ ရှိနေပါလျက် လူသားများ မည်ကဲ့သို့ အသက်ရှင်နေထိုင်နိုင်သနည်းဟူ၍ ချောင်စွေ့ဖုန်း တွေးမရ ဖြစ်နေသည်။

"အဲဒါက တာအိုတွေရဲ့ ကျေးဇူးကြောင့်ပေါ့..."

သခင်လေးရှန့်က စကားစလိုက်ပြီးမှ ခေတ္တမျှ ရပ်ကာ နှုတ်ခမ်းကို သပ်လိုက်သည်။

"ဒီလိုပဲ မှတ်ထားလိုက်ပါ... နေကြယ်တွေက ဟင်းလင်းပြင်ထဲမှာ မွေးဖွားတဲ့ သတ္တဝါတွေကို ဟန့်တားနိုင်တဲ့ သဘာဝ အဟန့်အတားတွေကို ထုတ်လွှတ်ပေးတယ်"‌

သူက အရက်ကို တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။

"ဘာပဲဖြစ်ဖြစ်... နယ်မြေချဲ့ထွင်တဲ့အခါ အတင်းအဓမ္မ လုပ်တာထက် ဒီသတ္တဝါတွေကို ညင်ညင်သာသာ ဖယ်ရှားပြီး ဖြည်းဖြည်းချင်း ချဲ့ထွင်တာက ပိုကောင်းတယ်... အဲဒါကြောင့်ပဲ ဂလက်ဆီတွေကြားမှာ ဟင်းလင်းပြင် နေရာလွတ်တွေ အများကြီး ရှိနေတာပေါ့... ဒါတောင်မှ ဂလက်ဆီ စစ်ပွဲအတော်များများက နယ်မြေတစ်ခုက နောက်တစ်ခုထဲကို ကျူးကျော်ဝင်ရောက်ရာကနေ စတင်တာပဲ"

"ဆက်သွားမယ်"

စုမေ့က ပြတ်သားစွာပင် အမိန့်ပေးလိုက်သည်။ ယောင်ဟုန်ရီက ချက်ချင်းပင် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ပြန်လည် လည်ပတ်စေပြီး ခရီးဆက်လိုက်ပြန်သည်။

ချင်ကူးယဉ်နှင့် ယွီစွန်းလီတို့ကတော့ ထိုသတ္တဝါလေးများကို ချစ်စရာ ပုံဖော်၍ ပန်းချီဆွဲကြရန် စိတ်လှုပ်ရှား နေကြသည်။

သခင်လေးရှန့်က ခပ်တိုးတိုး ရယ်မောလိုက်၏။ သူ ဤဟင်းလင်းပြင် သတ္တဝါများအကြောင်း စတင် သိရှိခဲ့ရစဉ်က အချိန်ကို ပြန်လည် အမှတ်ရနေမိသည်။ ထိုစဉ်က သူသည် အမှောင် ဟင်းလင်းပြင်ကို အလွန်အမင်း ကြောက်လန့်ခဲ့ပြီး အလားတူ သတ္တဝါ တစ်ကောင်၏ အာရုံစိုက်မှုကို ခံရမှာ စိုးသောကြောင့် နှစ်ပေါင်းတစ်ရာတိုင်တိုင် ကြယ်တာရာ ကောင်းကင်ယံကိုပင် မော့မကြည့်ဝံ့ခဲ့ချေ။

သို့သော်လည်း... ထိုသေမျိုးများကတော့ ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် အတူ ဆက်လက်၍ ခရီးနှင် နေကြဆဲ ဖြစ်သည်။ သူပင်လျှင် အနည်းငယ် မနာလို ဖြစ်မိသည်။

ယေဘုယျအားဖြင့်... လူအတော်များများမှာ ဤအကြောင်းများကို သိရှိပြီးနောက်တွင် ဟင်းလင်းပြင် ပေါ်တယ် များကိုသာ အသုံးပြုကြတော့မည်ဖြစ်ပြီး အမှောင် ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် စူးစမ်းရန် သို့မဟုတ် အာကာသထဲတွင် ခရီးနှင်ရန် မည်သည့်အခါမျှ ဝံ့ရဲကြတော့မည် မဟုတ်ပေ။

မင်ရှုဖုန်းကတော့ ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ဦး ဖြစ်သည့်အလျောက် သူမ ရွေးချယ်ထားသည့် ကောင်းချီးခံ၏ ကံကြမ္မာအပေါ် ယုံကြည်မှု ရှိနေသည်။ သူမအနေဖြင့် သတိကြီးကြီး ထားပါက မည်သည့်ဆိုးကျိုးမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

"ကောင်းပြီလေ... အနည်းဆုံးတော့ သူတို့မှာ ပြောပြစရာ ပုံပြင်တစ်ပုဒ်တော့ ကျန်ရစ်ခဲ့မှာပေါ့"

သခင်လေးရှန့်က ခပ်တိုးတိုးလေး ရေရွတ်လိုက်လေ၏။

***

All Chapters