ဒါဆိုလည်း တိုက်ခိုက်ပြီး ဖောက်ထွက်ကြတာပေါ့
Vol. 31 Ch. 304
"သခင်... သတိထားပါ"
ရှန်းယီ၏ စိတ်ထဲတွင် အမွှေးဖြူနတ်ဆိုးဧကရာဇ် ၏ စူးရှသောအသံ ပေါက်ကွဲထွက်ပေါ်လာသည်။
တစ်ချိန်တည်း မှာပင်။ သူသည် ကြီးမားသော အရှိန်အဝါကြီးတစ်ခု၏ ပိတ်လှောင်ခြင်းကို ခံလိုက်ရလေ၏။
ရှန်းယီ၏ ပုံရိပ်သည် လျင်မြန်စွာ ရွေ့လျားပြီး အရပ်မျက်နှာအသီးသီးသို့ ပြေးထွက်ရန် ကြိုးစားသော်လည်း နတ်ဆိုးဧကရာဇ်၏ထိန်းချုပ်မှုအောက်မှ မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
သူသည် စိတ်ကို အတင်းအကြပ်တည်ငြိမ်အောင် ထားလိုက်ပြီး၊ ရှောင်တိမ်းမနေတော့ဘဲ ဧည့်ခန်းမဆောင် ဆီသို့ တည့်တည့် ဦးတည်လိုက်သည်။
"ငါ့အတွက် တားပေးထား"
"ချင်းဟွာ အမိန့်နာခံပါတယ်"
ချက်ချင်းဆိုသလိုပင် ချင်းဟွာ နှင့် ဆက်သွယ်ပြီးနောက် ရှန်းယီသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မြင့်မားသောမုခ်ဦးကြီးကို ဝင်တိုက်လိုက်လေ၏။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် က သူ့ကို အနောက်မှ ကာကွယ်ပေးထားသော်လည်း ပြိုကျနေသော ဧည့်ခန်းမဆောင်ကို သူ တွေ့လိုက်ရသည့်အခါ ထူးဆန်းသောပုံသဏ္ဍာန်နှင့် လူတစ်ဦးသည် အပျက်အစီးများပေါ်တွင် အေးဆေးစွာ ထိုင်နေသည်။
ထိုလူ၏ မျက်နှာသည် ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်ကဲ့သို့ဖြစ်နေပြီး အစိမ်းရောင်အမွှေးများဖုံးလွှမ်းနေကာ အသွေးအသားများကို စားသောက်နေ၏။
သူသည် ရွှေခန္ဓာကိုယ်ကိုပင် ပြုံးပြလိုက်ပြီး "လွတ်လွတ်လပ်လပ် ပြေးစမ်းပါ၊ ဒီဧကရာဇ်နဲ့ ယဉ်ကျေးနေစရာ မလိုပါဘူး" ဟု ပြောလိုက်လေ၏။
ရွှေခန္ဓာကိုယ် မုခ်ဦးအောက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း၊ထိုလူသည် လက်ဖဝါးပေါ်မှ သွေးများကိုစင်ကြယ်အောင် လျှာဖြင့် ယက်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ လက်မောင်းများကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ထိုနေရာမှ သူပျောက်သွားကာ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သည်။
မုခ်ဦး၏အပြင်ဘက်တွင် ရှန်းယီ ကောင်းကင်ယံ၌ ပျံသန်းနေပြီး အောက်ဘက်ရှိတောင်များနှင့် မြစ်များသည် မမြင်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့်နောက်တွင် ကျန်ရစ်ခဲ့သည်။
ရွှေခန္ဓာကိုယ်သည် အမြဲတစေ သတိရှိနေပြီး သူတို့အနောက်မှ ကာကွယ်ပေးထား၏။
ထိုအချိန်မှာပင် ချင်းဟွာသည် သူမ၏ သခင် ရွေ့လျားမှု ရပ်တန့်သွားသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
အခြားဘက်သို့ လှည့်ကြည့်လိုက်သောအခါ။စောစောက လူသည် သူတို့ရှေ့တွင် တိတ်ဆိတ်စွာ ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏အပြာရောင် အမွှေးများသည် ခမ်းနားထည်ဝါသော အဖိုးတန်ကိရိယာတစ်ခုတွဲလောင်းကျနေသကဲ့သို့ တောက်ပနေသည်။
သူက ပြုံးပြီး ဘေးဘက်သို့ ညွှန်ပြလိုက်သည် "ဒီကနေ နောက်တစ်ခါထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားချင်သေးလား"
ရှန်းယီ ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။
သူ မော့ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဝါးမြို နတ်ဆိုးဝိညာဉ်အတွင်းမှ အစစ်မှန်သူရိယချီလင်ကျောက်တုံး သည် ပူပြင်းသော နေမင်းကြီးကဲ့သို့ ပူလောင်နေသည်။
ခရမ်းရွှေရောင်မီးတောက်များသည် တိမ်တိုက်များကဲ့သို့ လှိမ့်ဝင်လာပြီး ကောင်းကင်ယံတွင် ခမ်းနားစွာ ပျံ့နှံ့သွား၏။
"ဟမ်"
တစ္ဆေမျက်နှာလင်းယုန် ချင်းလင်နတ်ဆိုးဧကရာဇ် သည် လက်ခုပ်တီးလိုက်၏။
"မင်း ထပ်မပြေးတော့ဘဲ ဒီဧကရာဇ်နဲ့ အသက်လုတိုက်ပွဲ ဆင်နွှဲချင်ပုံရတယ်"
စကားပြောပြီးနောက် သူ၏ အပြုံး ပျောက်ကွယ်သွားလေ၏။
"ဒါဆို စကြမလား"
...
နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်
ကျင့်ကြံသူအားလုံးနီးပါး ကောင်းကင်သို့ မော့ကြည့်နေကြလေ၏။
ခရမ်းရွှေရောင်နေဝင်ချိန်အလင်းရောင်သည် သူတို့၏ အမြင်အာရုံကို ပြည့်နှက်နေသည်။
ဤရှားပါးသော မြင်ကွင်းနှင့် ယှဉ်လျှင် ကောင်းကင်သို့ ထိုးတက်နေသော နတ်ဆိုးအရှိန်အဝါသည် သူတို့ အာရုံစိုက်ရသည့် အဓိက အကြောင်းရင်းဖြစ်သည်။
"ခရမ်းရောင်မီးလျှံတာအိုသခင် က နောက်တစ်ကြိမ် လှုပ်ရှားလိုက်တာလား"
အရက်ဆိုင်၏ဒုတိယထပ်တွင် ကျင့်ကြံသူတစ်ဦးသည် ရုတ်တရက် ပေါင်ကို ရိုက်ကာ သူ၏ အပေါင်းအဖော်များကို လှမ်းခေါ်လိုက်၏။
"ကျန်းမိသားစုအကြောင်း ငါပြောပြဖူးတာ မှတ်မိလား။ ဒါ ငါပြောပြခဲ့တဲ့ မြင်ကွင်းပဲ"
သူ၏အပေါင်းအဖော်များ အလျင်အမြန် ထလိုက်ကြသည်။
"မင်းက တာအိုသခင်အကြောင်း ဘာတွေ လာပြောနေတာလဲ၊ အဲဒီ နတ်ဆိုးအရှိန်အဝါ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မခံစားမိဘူးလား"
"နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် နဲ့ယှဉ်နိုင်တဲ့ စွမ်းအားရှိတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါး နတ်ဆိုးတစ်ထောင်ဂူ ထဲကနေ ထွက်လာပြီ" ဟု တစ်စုံတစ်ယောက်က ရေရွတ်လိုက်၏။
ထိုစကားများသည် ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားစေပြီး လူတိုင်းနီးပါး ခါးကိုပုတ်လိုက်ကြသည်။
တခဏချင်းတွင် အမျိုးမျိုးသော မင်္ဂလာတိမ်တိုက်များနှင့် ပျံသန်းရေးကိယာများ ပေါ်ထွက်လာလေ၏။
"ခရမ်းရောင်မီးလျှံတာအိုသခင်... ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
ထန်ယွမ်သည် ကောင်းကင်ကို မော့ကြည့်ရင်း အသက်ရှူမှန်အောင် ထိန်းညှိနေသည်။ သူ့မျက်နှာထား လေးနက်နေပေ၏။
နတ်ဆိုးတစ်ထောင်ဂူထဲတွင် ဝူထုံတောင်မှ တာအိုသခင် အများအပြား ရှိနေကြောင်း သူ သိသော်လည်း ယခုမြင်ကွင်းနှင့် ကိုက်ညီသူ မရှိပေ။
"တခြားသူတွေ ပြောတာကြားတာတော့ ကျန်းမိသားစုကို ဖျက်ဆီးခဲ့တဲ့သူပဲတဲ့" ဟု မဟာချန် အရှင်သခင် အချို့က တိုးတိုးလေး ပြောလိုက်၏။ စကားသံ မဆုံးခင် ဟိုဝမ်ဟိုင် သည် သူ့ဘေးရှိ ရွှီဝမ်ယွင်၏ ကြောက်ရွံ့နေသော မျက်နှာကို မြင်လိုက်ရသည်။
သူ ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ "ခင်ဗျား ဘာဖြစ်နေတာလဲ"
ထန်ယွမ် ခေတ္တကြောင်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားလေ၏။
"ဒါ တာအိုရောင်းရင်းရှန်းများလား"
တစ်ဖက်လူက မီးကို ကစားတတ်ကြောင်း သူ သတိရလိုက်လေ၏။
ရွှီဝမ်ယွင် ဘာမှများများစားစား မပြောဘဲ သူမတစ်ကိုယ်လုံး အရက်ဆိုင်ထဲမှ ပြေးထွက်သွားပြီး ဖြစ်ရပ်ဆန်းဖြစ်ပေါ်ရာ အရပ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
"မကောင်းတော့ဘူး"
ထန်ယွမ်နှင့် ကျန်လူများ အချင်းချင်း ကြည့်လိုက်ကြလေ၏။
နတ်ဆိုးတစ်ထောင်ဂူထဲတွင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု သူတို့ ထင်ခဲ့သော်လည်း ၎င်းသည် သူတို့နှင့် သက်ဆိုင်နေပုံရသည်။
"ငါတို့ သွားကြည့်ကြမလား"
ထန်ယွမ် မတ်တတ်ရပ်လိုက်၏။ တနေ့ကျရင် အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်မယ်လို့ သူ ပြောခဲ့ဖူးတာကို သတိရလိုက်သည်။
ကြည့်ရသည်မှာ ထိုအခွင့်အရေး ရတော့မည် မဟုတ်လောက်ပေ၊ သူ့အသက်အားကယ်တင်ပေးခဲ့သောသူမှာ အရင်ဆုံးပျောက်ကွယ်သွားနိုင်ခြေ ရှိနေသောကြောင့်ပင်။
မဟာချန် အရှင်သခင် အနည်းငယ်က ပြန်မပြောသော်လည်း တိတ်ဆိတ်စွာမတ်တတ်ရပ်လိုက်ကြ၏။
ရုတ်တရက် ပုံရိပ်အများအပြား ကောင်းကင်သို့ တပြိုင်နက် ပျံတက်သွားပြီး ရွှီဝမ်ယွင်နောက်သို့ လိုက်ပါသွားကြသည်။
အားလုံးသည် လေးနက်သော အစွမ်းသတ္တိရှိသည့် ကျင့်ကြံသူများ ဖြစ်ကြလေ၏။
အကွာအဝေးသည် မျက်တောင်တစ်ခတ်အတွင်း ကျဉ်းမြောင်းသွားသည်။
ထန်ယွမ်သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာ ထုံကျဉ်သွားသည်။
ချင်းလင်အမွှေးများလွှမ်းခြုံထားသော လူသည် ရွှေနဂါး၏လည်ပင်းကို လက်ဖြင့် ဖောက်ထွင်းထားပြီးနောက် ရွှေခန္ဓာကိုယ်က သူ့ကိုမြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် အရပ်ရှည်ရှည် ပိန်ပါးပါး လူငယ်လေးသည် လေထဲတွင် တွဲခွဲနေ၏။သူ၏ အနက်ရောင်ဝတ်ရုံသည် လုံးဝ စုတ်ပြတ်နေပြီး ကိုယ်အထက်ပိုင်း ဗလာကျင်းနေကာ လတ်ဆတ်သော အနီရောင်အလင်းများနှင့် ခရမ်းရွှေရောင် မီးတောက်များ အပြန်အလှန်ထင်ဟပ်နေသဖြင့် သွေးရေစိမ်ထားသော ပုံရိပ်တစ်ခုနှင့် တူနေသည်။
သူသည် နေမင်းမီးတောက်ကိုးခု ကို သယ်ဆောင်လျက် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ဒိုင်ဗင်ထိုးဆင်းချလာလေ၏။
"ဟားဟားဟားဟား"
ချင်းလင်နတ်ဆိုးလင်းယုန် သည် စူးရှစွာ ရယ်မောလိုက်ပြီး ရှန်းယီ၏ပခုံးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူသည် နေမင်းမီးတောက်များ သူ့ကို အပြည့်အဝ ဗုံးကြဲတိုက်ခိုက်ခွင့် ပြုလိုက်၏။
ချင်းလင်အမွှေးများသည် လျင်မြန်စွာ မီးကျွမ်းသွားပြီး သူ၏အရေပြားများ အရည်ပျော်ကျလာသည်။
သူ၏ရုပ်သွင်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပိုမို ရုပ်ဆိုးပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။
"ဒီဧကရာဇ်က မင်းကို အရှင်လတ်လတ် ဆွဲဆုတ်ပစ်နိုင်မလားဆိုတာ ကြည့်ချင်သေးတယ်"
သူ့လက်ဝါးများ ရုတ်တရက် အားစိုက်လိုက်ချိန်မှာပင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထာ်၏ လက်သီးချက်ကြောင့်မြေကြီးထဲသို့ ပြင်းထန်စွာ ထုရိုက်ခံလိုက်ရသည်။
"..."
ရှန်းယီ အခွင့်ကောင်းယူပြီး ရုန်းထွက်လိုက်၏။
စောစောက ဆုပ်ကိုင်ခံရမှုကြောင့် သူ၏ ပခုံးတစ်ခုလုံး ကြေမွသွားသည်။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး အမွှေးဖြူနတ်ဆိုးဧကရာဇ်၏ကိုယ်တွင်းအမြုတေကို သူ၏ သိုလှောင်ရတနာထဲမှ ထုတ်ယူကာ တွန့်ဆုတ်ခြင်း မရှိဘဲ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
သူ၏ခိုင်မာသော ခန္ဓာကိုယ်တွင် ကြွက်သားများ ပီပြင်နေသည်။
ကြက်သွေးရောင်နတ်ဆိုးသွေးများနှင့် ခရမ်းရွှေရောင် မီးတောက်များသည် သူ၏ အရေပြား အက်ကြောင်းများမှ စိမ့်ထွက်လာသည်။
သူ့ကို တိုက်ရိုက် ပေါက်ကွဲထွက်စေတော့မည့်အလားပင်။ ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးဧကရာဇ်ချင်းလင်သည် အလျင်စလို မဟုတ်ဘဲ မတ်တတ်ရပ်လိုက်ပြီး ဖုန်များကို ဂရုမစိုက်သလို ခါလိုက်သည်။
ထို့နောက် ရွှေနဂါးကို အားစိုက်ထုတ်စရာမလိုဘဲ အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမွပစ်လိုက်၏။
"မင်းတို့ ရွှေခန္ဓာကိုယ်ကျင့်ကြံသူတွေက အရမ်း စိတ်ရှုပ်စရာ ကောင်းတာပဲ၊ ဓမ္မကိုယ်ထည်တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်၊ ငါကတော့ အစစ်အမှန် ဒဏ်ရာတွေရနေရတယ်၊ မင်းတို့ကျတော့ အမွှေးတိုင်ယုံကြည်မှုစွမ်းအား တွေနဲ့ လျှောက်ကစားနေကြတယ်၊ ရွံစရာ မကောင်းဘူးလား"
"ကျွတ်... အဲဒီကောင် ဖြစ်နေတာကိုး"
ထန်ယွမ်ခေါင်းကိုက်စွာဖြင့် ဆံပင်ကို ဆွဲလိုက်၏။
ဤနတ်ဆိုးဧကရာဇ်မှာ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်တွင် အသန်မာဆုံးဟုမဆိုနိုင်သော်လည်း သူ၏အံ့မခန်း အမြန်နှုန်းမှာတော့ သူ့အား ဖြေရှင်းရအခက်ခဲဆုံးဖြစ်စေသည်တော့ ငြင်းဆန်၍မရပေ။
အစ်ကိုကြီးရှန်း မပြေးတာ အံ့သြစရာ မရှိပါဘူး။ ဘယ်နေရာကို ပြေးလို့ လွတ်မှာမို့လို့လဲ။
သူ့လက်ဖဝါးထဲမှ သိုလှောင်အိတ်ကို ပွတ်သပ်လိုက်ရာ နောက်ထပ် ကြက်သွေးရောင် ကြာစေ့သုံးစေ့ သူ့လက်ထဲသို့ ကျရောက်လာ၏။
၎င်းတို့ကို ဝါးစားရင်း သူ လှမ်းအော်လိုက်သည်။
"အစ်ကိုကြီးရှန်း... ဒီတစ်ခါတော့ ငါတို့ သရေပဲနော်"
စကားသံ လေထဲတွင် ရှိနေစဉ်မှာပင် ယခင် ခရမ်းရွှေရောင်မီးတောက်များထက် ပိုမို အားကောင်းသော မီးလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။
"ထန် မျိုးနွယ်... မင်းဆရာ ဒီမှာ ရှိနေတာလား"
နတ်ဆိုးဧကရာဇ် ချင်းလင်က ပြုံးနေဆဲပင်။ နောက်ထပ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ရောက်ရှိလာခြင်းကို လုံးဝ ဂရုမစိုက်ပေ။
"ရှိတယ်လို့ ပြောရင် မင်း ယုံမှာလား"
ထန်ယွမ် နှုတ်ခမ်းသပ်လိုက်ပြီး ဖြည်းညှင်းစွာ ခြေတစ်လှမ်းတိုးကာ အခြားသူများနှင့် တြိဂံပုံစံ နေရာယူလိုက်၏။
"အင်း..."
နတ်ဆိုးဧကရာဇ် ချင်းလင်က စက်ဝိုင်းပုံစံ လှည့်ပတ်ကြည့်ရှုလိုက်ပြီး လူသုံးယောက်ကို အလှည့်ကျ ကြည့်ကာ နောက်ဆုံးတွင် ရှန်းယီထံ အကြည့် ရောက်သွားသည်
"ကွာခြားချက်က မင်းဆီမှာ ရှိနေပုံရတယ်၊ မဟုတ်ရင် ဒီနေ့ ဒီဧကရာဇ် တကယ်ပဲ အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရနိုင်တယ်"
အသံမဆုံးခင်မှာပင် သူသည် ထန်ယွမ်၏ရှေ့တွင် ရုတ်တရက် ပေါ်လာ၏။
ရှင်းလင်းနေသည်မှာ ဤနတ်ဆိုးဧကရာဇ်၏ မျက်လုံးထဲတွင် ချင်းဖုန်းတာအိုသခင်၏ တပည့်က အန္တရာယ်အရှိဆုံးပင်။
ထန်ယွမ်၏ မျက်နှာထား ခါးသီးသွားသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် သူ့လက်မောင်းများကို တစ်ဖက်လူက ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားချင်း ယှဉ်ပြိုင်ခြင်းသည် မိုက်မဲမှု သက်သက်သာ ဖြစ်သည်။
သူ ခုခံမှုကို စွန့်လွှတ်လိုက်ပြီး သူ့ရှေ့ လက်မအနည်းငယ်အကွာရှိ တစ္ဆေမျက်နှာကို အေးစက်သောကြောက်ရွံ့မှုဖြင့် စိုက်ကြည့်လိုက်ကာ ချက်ချင်းပင် မီးနဂါးတစ်ကောင်ကို မှုတ်ထုတ်လိုက်သည်။
မီးနဂါးသည် နတ်ဆိုးဧကရာဇ်၏ ကိုယ်ပေါ်သို့ လှိမ့်ဝင်စီးဆင်းသွား၏။
"မင်းက... ငါ့ကို... အနွေးဓာတ်ရအောင် လုပ်ပေးနေတာလား"
နတ်ဆိုးဧကရာဇ် ချင်းလင်သည် ပါးစပ်ကို ကျယ်လောင်စွာဟလိုက်ပြီး ဖြူဖွေးသော သွားချွန်များကို ထုတ်ဖော်ပြသလိုက်၏။ သူ့တစ်ကိုယ်လုံးရှိ အမွှေးဝတ်စုံများသည် မဲတူးသွားသော်လည်း သူ၏ အရှိန်အဝါသည် လျော့နည်းသွားသည့် လက္ခဏာ မပြပေ။
တရှဲရှဲ မြည်သံနှင့်အတူ ထန်ယွမ်၏ လက်မောင်းတစ်ဖက် တစ်ဝက်ခန့်ကို သူက ကြမ်းတမ်းစွာ ဆွဲဆုတ်ပစ်လိုက်သည်။
ရွှေခန္ဓာကိုယ်သည် အစွမ်းကုန် အားစိုက်လိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားသည်။
၎င်းသည် နတ်ဆိုးဧကရာဇ် ချင်းလင်အား ပြင်းထန်သော လက်သီးဖြင့် ထိုးလိုက်သော်လည်း နတ်ဆိုးဧကရာဇ်က ရုတ်တရက် နောက်ပြန်လှည့်ကြည့်ကာ ရက်စက်ကြမ်းကြုတ်မှု ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြန်လည် ထိုးနှက်လိုက်သည်ကိုသာ တွေ့လိုက်ရသည်။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ လက်မောင်းသည် ပြင်းထန်စွာ ပေါက်ကွဲသွား၏။
"မင်းက ရွံစရာကောင်းတယ်၊ မင်းကို နောက်ဆုံးမှ ဖြေရှင်းဖို့ စီစဉ်ထားတယ်..."
နတ်ဆိုးဧကရာဇ် ချင်းလင်သည် လက်မောင်းကို ပြန်ရုပ်ရင်း ရူးသွပ်စွာ ရယ်မောလိုက်၏။ ထို့နောက် ရယ်သံ ရုတ်တရက် ရပ်တန့်သွားသည်။
နက်မှောင်သော လှံရှည်တစ်ချောင်းသည် အနောက်ဘက်မှနေ၍ ၎င်း၏နှလုံးကို လွယ်ကူစွာ ထိုးဖောက်သွားသည်။ နက်မှောင်သော လှံတံသည် နတ်ဆိုးသွေးများဖြင့် စိုရွှဲတောက်ပနေသည်။
ကြွယ်ဝသော မိုးကြိုးစွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။
၎င်းသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိတော့ပေ။
"ဒါ ဘာကြီးလဲ။ မင်းက ဒါကို သုံးရဲတယ်ပေါ့"
ရှန်းယီ လှံရှည်ကို ကိုင်ထား၏။ သူ၏လက်မောင်းတစ်ခုလုံး အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး လည်ပင်းအထိပင် ပျံ့နှံ့နေသည်။
သူ့မျက်လုံးထဲရှိ လှိမ့်ဝင်နေသော ခရမ်းရွှေရောင် မီးတောက်များနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ခက်ထန်နေသည်။
သူ့အသံထဲမှ တည်ငြိမ်မှုကသာ သူမူရင်းစိတ်ရှိနေသေးကြောင်း သက်သေပြနေသည်။
"ကြည့်ရတာ တော်တော် အသုံးဝင်ပုံရတယ် မဟုတ်လား"
ရှန်းယီ၏နှုတ်ခမ်းများ ဆိုးယုတ်စွာဖြင့် တွန့်ကွေးသွားပြီး လှံကိုအထက်သို့ ပြင်းထန်စွာ ထိုးတင်လိုက်၏။ လှံထိပ်ဖျားသည် နတ်ဆိုးဧကရာဇ်၏ အသားကိုခွဲစိတ်ကာ မေးရိုးအောက်ပိုင်းကို ရိုက်ခွဲပစ်လိုက်သဖြင့် နတ်ဆိုးသွေးများ ပန်းထွက်လာသည်။
နတ်ဆိုးဧကရာဇ် ချင်းလင်သည် အစွမ်းကုန် အားစိုက်ထုတ်လိုက်ပြီး မိုးကြိုးစွမ်းအင်မှ နောက်ဆုံးတွင် ရုန်းထွက်ကာ လှံထိပ်ဖျားကို ပြင်းထန်စွာ ဖမ်းဆုပ်လိုက်သည်။
"ဂလု"
ထန်ယွမ်သည် သူ့နဖူးနှင့် တစ်လက်မအောက်ရောက်နေသော အေးစက်သော လှံထိပ်ဖျားကို ကြည့်လိုက်၏။
သူ တံတွေးမမြိုဘဲ မနေနိုင်တော့ပေ။
အစ်ကိုကြီးရယ်... ဖြည်းဖြည်းလုပ်ပါဗျာ...