← Chapters

အဆင့်မြင့် ဝိညာဉ်အမြစ်ကိုသန့်စင်ခြင်း

Vol. 31 Ch. 308

အဆင့်မြင့် ဝိညာဉ်အမြစ်ကိုသန့်စင်ခြင်း

Vol. 31 Ch. 308

ရွှီဟုန်တဲသည် မိသားစုဝင်များကို သစ်သားတဲအိမ်လေးတစ်လုံးအား သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။

သူ ရှန်းယီကို ထိုနေရာသို့ ခေါ်သွားရန် ပြင်ဆင်နေချိန်တွင်၊အားချင်းသည် သူ့အဖေကို အလျင်အမြန် တားဆီးလိုက်ပြီး အနီးအနားတွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ သနားစရာမျက်နှာထားဖြင့် ပြောလိုက်၏။

"အဖေက အစ်ကိုကြီးရှန်းကို ဒီမှာခဏနေပြီး အနာရောဂါကုသခွင့်ပေးမယ်လို့ သဘောတူလိုက်ပြီပဲ။ သူ့အတွက် အရပ်လေးမျက်နှာ နတ်ဆိုးဖိနှိပ်ခြင်းအစီအရင်လေးပါ တစ်ခါတည်းစီစဉ်ပေးလိုက်ပါလား။"

"..."

ရွှီဟုန်တဲသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွား၏။ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့်၊ ရွှီမိသားစုနှင့် မဟာချန်တို့အကြားမည်သည့်အငြိုးအတေးမျှမရှိသည်ကိုထောက်ထား၍လည်းကောင်း၊ သမီးနှင့် ညီမဖြစ်သူတို့၏လေးလေးနက်နက် တောင်းဆိုမှုများကြောင့်လည်းကောင်း၊ ရှန်းယီကို အန္တရာယ်ကင်းသွားသည်အထိ ဤနေရာတွင် ခေတ္တခိုလှုံခွင့်ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

လူငယ်လေး ကတိပေးခဲ့သော ဆုလာဘ်များဆိုသည်ကို သူ အလေးအနက် မထားခဲ့ပေ။

သို့သော် ကျေးဇူးတင်စကား အပြောမခံရသည့်အပြင်အဘယ်ကြောင့် သူက အရှုံးခံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပေးရဦးမည်နည်း။

အရပ်လေးမျက်နှာ နတ်ဆိုးဖိနှိပ်ခြင်းအစီအရင်၏ ကုန်ကျစရိတ်သည် အလွန် များပြားသည်။

ရွှီမိသားစု၏ လက်ရှိအခြေအနေအရ မိုးမြေရတနာများကို ရှာဖွေရန်အပြင်ထွက်တိုင်း အလွန်အန္တရာယ်များလှသည်။

ဆိုလိုသည်မှာ တစ်ခါအပြင်ထွက်တိုင်း သူတို့၏ အခြေခံအင်အားသည် လျော့နည်းလာနေခြင်း ဖြစ်သည်။

"အဖေ..."

အားချင်းသည် သူ့ဖခင်၏ လက်မောင်းကို ဖက်တွယ်ပြီးညင်သာစွာ လှုပ်ရမ်းလိုက်၏။ သူမ စကားမဆုံးခင်မှာပင် ရုတ်တရက်ပြင်းထန်စွာ ချောင်းဆိုးလာပြီး အတွင်းကလီစာများပါ အန်ထွက်တော့မတတ် ဖြစ်လာသည်။

ရွှီဟုန်တဲ၏ မျက်နှာ တင်းမာသွား၏။

"သမီး အရင်..."

"သွား... ဒဏ်ရာကို အရင်ကုလိုက်။" ရှန်းယီ ဘေးတိုက်ကြည့်ရင်း ပြောလိုက်သည်။

"အို..." အားချင်းသည် ဖြူဖပ်ဖြူရော မျက်နှာဖြင့် ဗိုက်ကို ပွတ်သပ်ရင်း သူ့အဖေ၏လက်မောင်းကို လိမ္မာစွာလွှတ်ပေးလိုက်ကာ အဒေါ်ဖြစ်သူနှင့်အတူ ထွက်ခွာသွားလေသည်။

"..."

ထိုမြင်ကွင်းကို ကြည့်ပြီး ရွှီဟုန်တဲ၏ ရင်ထဲတွင် ထူးဆန်းစွာ မသက်မသာ ခံစားလိုက်ရလေ၏။ တစ်စုံတစ်ခုက သူ့ကို မွန်းကြပ်စေသကဲ့သို့ပင်။

သူ၏ အကြည့်သည် ရှန်းယီ၏လက်မောင်းဆီသို့ ပြန်ရောက်သွားသည်။ အပြာရောင် ဝတ်ရုံလက်အောက်တွင် မည်းနက်သော ကြေးခွံများသည် မကောင်းဆိုးဝါးဆန်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။

"အရာရှိရှန်း... အဲ့ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ။"

ရှန်းယီ ဘာမျှဖုံးကွယ်မထားဘဲ အလွန်အေးစက်သောလှံတံကို သူ့သိုလှောင်ရတနာထဲမှ တိုက်ရိုက် ထုတ်ပြလိုက်သည်။

"သူက ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာ။"

လှံတံကို မြင်လိုက်သည့်အချိန်တွင် ရွှီဟုန်တဲ၏ မျက်ဆန်များ ကျဉ်းမြောင်းသွားပြီး နေရာမှာတင် ရပ်ရင်း တုံ့ဆိုင်းသွား၏။

"ဒါ ယိုဝေလှံတံ များလား။"

သူသည် တည်ငြိမ်သောမျက်နှာထားကို ထိန်းသိမ်းထားသော်လည်း ရင်ထဲတွင် ခါးသီးနေ၏။

မိန်းကလေးနှစ်ယောက်က ပြင်ပလူတစ်ယောက်ကို ခေါ်လာရုံတင် မကဘူး၊ နတ်ဆိုးဧကရာဇ်တစ်ပိုင်းကိုပင် ခေါ်လာသေး၏။

ရှန်းယီ၏ အခြေအနေကို ကြည့်ရသည်မှာ ယိုဝေလှံတံနှင့် တိုက်ပွဲတွင် အသာမရဘဲ အရေးနိမ့်နေပုံရသည်။

လှံတံက ထင်တိုင်းကြဲနေသည်ကို ဤအတိုင်း ကြည့်နေလိုက်လျှင် ရွှီမိသားစုအတွင်း မည်သို့သောဖရိုဖရဲအခြေအနေများ ဖြစ်လာမည်ကို မည်သူ သိနိုင်မည်နည်း။

"အရာရှိရှန်းက တကယ်ကို ရဲရင့်တာပဲ... ပြီးတော့ သတိလည်း ကြီးတယ်။ ကျေးဇူးပြုပြီး ဒီနေရာမှာ အရင် အနားယူလိုက်ပါ။"

ရွှီဟုန်တဲ အနည်းငယ် ဦးညွှတ်ပြီး ခေါင်းခါလိုက်၏။

"ကျုပ်လူကြီးတွေနဲ့ အရင် ဆွေးနွေးလိုက်ပါဦးမယ်။တကယ်လို့ အစီအရင်ကြီးကို တည်ဆောက်ပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခင်ဗျားကို လာခေါ်ပါ့မယ်။"

သူ လှည့်ထွက်သွားရုံသာ ရှိသေး၏။

ဘေးနားရှိ တဲအိမ်အနောက်ဘက်မှ ရှည်သောပုသော ခေါင်းနှစ်လုံးက ပြူထွက်လာကြသည်။

အားချင်း၏တိုက်တွန်းမှုအောက်တွင် ရွှီဝမ်ယွင်သည် ခြေဖျားထောက်ကာ တိုးကပ်လာပြီး ရှန်းယီလက်ထဲသို့ စာအုပ်တစ်အုပ် ထိုးထည့်လိုက်၏။

"ဒါ စောစောက သူ့စာကြည့်ခန်းထဲကနေ ခိုးလာတာ။သေချာ သိမ်းထားနော်။ တခြားလူတွေကို မမြင်စေနဲ့။"

"..."

ရှန်းယီ စာအုပ်ငယ်ကို ယူကြည့်လိုက်ရာ နတ်ဆိုးရတနာသန့်စင်ခြင်းနည်းလမ်း ဟု ခေါင်းစဉ်တပ်ထားသည်ကို တွေ့လိုက်ရလေ၏။

နာမည်အတိုင်းပင် ၎င်းသည် ယိုဝေလှံကို တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းတစ်ခု ဖြစ်လောက်သည်။

ရွှီမိသားစုသည် အထွတ်အထိပ်အာဏာရှိသော အဆင့်တွင် မရှိသော်လည်း ဤကဲ့သို့သော လေ့လာစရာ ပညာရပ်မျိုးစုံနှင့် ပတ်သက်လာလျှင် သူတို့၏ စုဆောင်းမှုမှာ ကြောက်ခမန်းလိလိ ကြွယ်ဝလှ၏။

"ကျေးဇူးပါပဲ... သွားပြီး ဒဏ်ရာကို ကုလိုက်ကြပါဦး။" မိန်းကလေးနှစ်ယောက် ထွက်ပြေးသွားသည်ကို ကြည့်ရင်း ရှန်းယီ ပြောလိုက်၏။

သူသည် သစ်သားတဲအိမ်ထဲသို့ အေးအေးလူလူ လျှောက်ဝင်သွားလိုက်သည်။ အတွင်း၌ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာ ရှိပြီး ရိုးရှင်းသော်လည်း တကယ့်ကို သန့်ရှင်းသပ်ရပ်သည်။

ထူးဆန်းသော အနံ့ဆိုးများ မရှိဘဲအဖိုးတန်သစ်သားမှ ရသော မွှေးပျံ့သည့် ရနံ့သင်းသင်းလေးသာ ရှိသည်။

ရှန်းယီ တံခါးကို ပေါ့ပေါ့ပါးပါး ပိတ်လိုက်ပြီး ယိုဝေလှံကို သိုလှောင်ရတနာထဲသို့ ပြန်ထည့်လိုက်သည်။ ဤပစ္စည်းကို ဖိနှိပ်ရန်အတွက် သူ့လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်လွန်းနေသေးသည်။

ကံကောင်းသည်မှာ မိစ္ဆာတစ်ထောင်ဂူသို့ သွားရောက်ခဲ့သော ခရီးစဉ်မှ ရရှိလိုက်သော အရာများမှာ အတော်လေး များပြားသည်။

သိုလှောင်အိတ်ထဲတွင် နတ်ဆိုးဧကရာဇ် သုံးကောင်နှင့် နတ်ဆိုးဘုရင်နှစ်ကောင်တို့၏ အလောင်းများ ပါဝင်သည်။

၎င်းတို့ကို အသုံးပြုပြီး နတ်ဆိုးသွေးကို သန့်စင်ကာ မဟာနတ်ဆိုးကိုးပါးအသွင်ပြောင်းခြင်း အဆင့်ကို မြှင့်တင်နိုင်သည်။

ထို့အပြင် အဆင့်မြင့် ဝိညာဉ်အမြစ် နှစ်ခုလည်း ပါရှိသည်။

ရှန်းယီသည် မိုးကြိုးကျောက်စိမ်း နှင့် ရေစီးကြောင်းများစုစည်းထားသကဲ့သို့ ဖြစ်နေသော အသီးကို ထုတ်ယူလိုက်၏။

ထိုနှစ်ခုသည် သူ့လက်ဖဝါးပေါ်တွင် ဂနာမငြိမ် ဖြစ်နေကြသည်။

ယရင်က ရွှေရောင်ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရထားသော ဤဝိညာဉ်အမြစ်များကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေရန် အတော်လေး အားထုတ်ခဲ့ရသည်။

အကယ်၍ ဤဝိညာဉ်အမြစ်များသာ သူတို့၏ အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားပါက သူတို့၏စွမ်းအားသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် လျော့နည်းမည် မဟုတ်ပေ။ ထို့အပြင် နှစ်ပေါင်းများစွာ ယိုဝေလှံတံ၏ နှိပ်စက်မှုကို ခံခဲ့ရသဖြင့် သူတို့ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့စိတ်ထဲမှအငြိုးအတေးများကို ပြေပျောက်စေရန် သတ်ဖြတ်မှု မည်မျှ ပြုလုပ်ကြမည်ကို မည်သူ သိနိုင်မည်နည်း။

ထို မိုးမြေအဖိုးတန်ဆေးဝါးများသည် အသိစိတ် ဖွံ့ဖြိုးလာပြီး ကျင့်ကြံခြင်း မပြုဘဲနှင့် ဤအဆင့်ထိ ရောက်ရှိလာသည်မှာ တကယ့်ကို အံ့သြဖွယ်ရာပင်။

ရွှီမိသားစု၏ဝိညာဉ်အမြစ်ကိုပါ ထပ်ပေါင်းလိုက်လျှင် တာအိုဝိညာဉ်၏ ကလီစာငါးခု ပြည့်စုံသွားပေလိမ့်မည်။

ရှန်းယီ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဤအထိ ရောက်လာပြီးမှတော့ သူ သေချာပေါက် ကြိုးစားကြည့်ရမည်။

သို့သော် သူ၏စကားကို ပိုမို လေးနက်စေရန်အတွက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထပ်မံ မြှင့်တင်ရမည်။

ရွှီမိသားစု အင်အားနည်းသွားသည် ဆိုသော်လည်း လွန်ခဲ့သောနှစ်များက သူတို့သည် နတ်ဘုရားအသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများကို ထောင်ချောက်ဆင် ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့သည်။

ထို့အပြင် ရွှမ်ကွမ်းကူ၏ လက်ချက်ဖြင့် ခံစားခဲ့ရဖူးပြီး ရှုံးနိမ့်မှုအရသာကို သိသွားသောကြောင့် သူတို့ ပိုမို သတိကြီးလာကြသည်။

သူတို့ ပုန်းအောင်းနေသည့်ကာလတွင် ကာကွယ်ရေးအစီအရင်များအတွက် ပစ္စည်းများ စုဆောင်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြမည်မှာ သေချာသည်။

ဤသာယာလှပသော နိဗ္ဗာန်ဘုံလေးတွင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရဲမည့် ကျင့်ကြံသူ ရှားပါးပေလိမ့်မည်။

ယခု သူသည် မဟာချန်သည် သူတို့၏အစီအရင်ထက် ပိုမိုလုံခြုံကြောင်း ထိုသူများကို ခံစားရစေရန် လုပ်ဆောင်ရမည်... ဤတာဝန်၏ ခက်ခဲမှုမှာ မသေးငယ်လှပေ။ အောင်မြင်နိုင်ခြေမှာ သုညနီးပါး ရှိသည်။

သူ တစ်ဆင့်ချင်းစီသာ လုပ်ဆောင်ရတော့မည်။

ရှန်းယီသည် ယခင်က အာရုံမစိုက်နိုင်ခဲ့သော အသိပေးချက်များကို ကြည့်ရှုရန် ဘောင်ကွက် ကို ဖွင့်လိုက်၏။

[သင်သည် ဟွမ်ယွမ်အဆင့် ဂိုရူမူနတ်ဆိုး တစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်း သက်တမ်း ၁၈၂၀၀ နှစ်၊ လက်ကျန်သက်တမ်း ၄၃၀၀ နှစ် ။ စုပ်ယူခြင်းပြီးဆုံး]

[သင်သည် ဟွမ်ယွမ်အဆင့် မီးတောက်ကျားသစ်ပျံနတ်ဆိုး တစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။စုစုပေါင်း သက်တမ်း ၁၇၉၀၀ နှစ်၊ လက်ကျန်သက်တမ်း ၃၈၀၀ နှစ်။ စုပ်ယူခြင်းပြီး]

[သင်သည် နတ်ဘုရားအသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် ချင်းလင်တစ္ဆေမျက်နှာလင်းယုန် တစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။စုစုပေါင်း သက်တမ်း ၈၄၀၀၀ နှစ်၊ လက်ကျန်သက်တမ်း ၃၅၀၀၀ နှစ်။စုပ်ယူခြင်းပြီး]

[လက်ကျန် နတ်ဆိုးသက်တမ်း: ၆၈၇၀၀ နှစ်။]

ဤနတ်ဆိုးများ၏ အကူအညီဖြင့် ရှန်းယီသည် ရင်ထဲတွင် ယုံကြည်မှု အနည်းငယ် ပိုရှိလာသည်။

နောက်ဆုံးတွင် တကယ့် ပါရမီရှင်များသာ ရောက်ရှိနိုင်သော နယ်ပယ်သို့ ခြေချရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။

ရှန်းယီ အသက်ရှူနှုန်းကို ထိန်းညှိလိုက်၏။

ဆင်ခြင်တွက်ချက်ခြင်း ပြုလုပ်နေစဉ် အနှောင့်အယှက် မဖြစ်စေရန် ယိုဝေလှံကြောင့် ကိုယ်တွင်း၌ကျန်ရစ်ခဲ့သော တိုက်စားတတ်သည့် စွမ်းအားများကို နှိမ်နင်းရန်အတွက် နေမင်းလောင်ကျွမ်းခြင်း မီးပြင်းဖိုကို အပြည့်အဝ အသက်သွင်းလိုက်သည်။

ထို အဆင့်မြင့်ဝိညာဉ်အမြစ်နှစ်ခုသည် လှံနှင့် အချိန်ကြာမြင့်စွာ ချိတ်ဆက်နေခဲ့ခြင်းကြောင့် ဖြစ်မည်၊မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော ညီအစ်ကိုများကဲ့သို့ အချင်းချင်း ရောယှက်နေသော အငွေ့အသက်များ ရှိနေသည်။

"နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း သန့်စင်လိုက်တာ ပိုအကျိုးရှိလောက်မယ်။" သူ တွေးလိုက်၏။

သူသည် ယခင်က အဆင့်မြင့် ဝိညာဉ်အမြစ်ကို မသန့်စင်ဖူးသော်လည်း ယခင်ရရှိခဲ့သော စွေ့သစ်သားတွင်လည်း အသိစိတ် ရှိခဲ့သည်။

ရှန်းယီတွင် အတွေ့အကြုံ အနည်းငယ် ရှိပြီးသား ဖြစ်လေ၏။

သူသည် ချင်းဟွာကို တံခါးစောင့်ခိုင်းလိုက်ပြီးနောက် ကောင်းကင်ဝါးမြိုစွမ်းအင်ကျင့်စဉ် အတွင်းသို့ နတ်ဆိုးသက်တမ်းများကို စတင်လွဲပြောင်းလိုက်၏။

[ပထမနှစ်တွင်၊သင်သည် နဂါးငါးတာအိုအသီး နှင့် ရွှေရောင်မိုးကြိုးကျောက်စိမ်းဖြူ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်သည်။ အသိစိတ် ဖွံ့ဖြိုးပြီးသောအဆင့်မြင့် ဝိညာဉ်အမြစ်နှစ်ခုစလုံးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သည်။ ကောင်းကင်ဝါးမြို တာအိုဝိညာဉ် သည် သူ၏နတ်ဆိုးစွမ်းအားအားလုံးဖြင့် ၎င်းတို့ကို ရစ်ပတ်ထားလိုက်သည်။]

ထိုခဏ၌ပင် မိုးကြိုးကျောက်စိမ်းပေါ်တွင် အမွှေးများ ပေါ်လာပြီး ချွန်ထက်သောနှုတ်သီးတစ်ခု ဖြစ်ပေါ်လာသည်။ အသီးပေါ်တွင်မူ ငါးအမြီးတစ်ခု ပေါ်လာ၏။

နတ်ဆိုးစွမ်းအား ဝင်ရောက်လာသည်ကို အာရုံခံမိလိုက်သဖြင့် သူတို့နှစ်ခုစလုံး နိုးထလာကြပုံရသည်။ ယခင်က နတ်ဆိုးတစ်ထောင်ဂူတွင် သူတို့ကို အဓိကဖိနှိပ်ထားသည်မှာ ယိုဝေလှံနှင့် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်တို့ဖြစ်၏။

ယခု ရွှေရောင်ခန္ဓာကိုယ်သည် ပြိုလဲလုနီးပါး ဖြစ်နေပြီ။ရှန်းယီ တစ်ယောက်သာ ကျန်တော့သည်။

သို့သော် သူ အလျင်မလိုပေ။ မည်းနက်သော ကြေးခွံများ ဖုံးလွှမ်းနေသော သူ့လက်ဖြင့် ၎င်းတို့ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ရင်းနှီးသောအနံ့ကို ရလိုက်သကဲ့သို့ ပုံသဏ္ဌာန် မပေါ်သေးသော မိုးကြိုးလင်းယုန်နှင့် နဂါးငါးတို့သည် တုန်ခါသွားပြီး အလိုအလျောက် ကွေးကောက်သွားကြသည်။

သာမန် ဝိညာဉ်အမြစ်များအတွက် အဓိကသောချက်မှာ အသက်ရှူသံဖလှယ်ခြင်း ဖြစ်ပြီး နှစ်ဖက်စလုံးအချင်းချင်း ရင်းနှီးကျွမ်းဝင်လာစေရန် ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်အသိဉာဏ်ရှိသော သက်ရှိများအတွက်မူ အသက်ရှူသံအပြင် သူတို့၏ အသိစိတ်ကပါ မိမိကိုအညံ့ခံလာအောင် လုပ်ဆောင်ရန် အရေးကြီးပေ၏။

All Chapters