ပထမဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံခြင်း
Vol. 31 Ch. 310
အဘွားအိုသည် လက်ကိုအသာအယာ ဝှေ့ယမ်းကာ မိန်းကလေးနှစ်ဦးကို ထွက်သွားရန် အချက်ပြလိုက်၏။
အားချင်းနှင့် ရွှီဝမ်ယွင်တို့ ဇဝေဇဝါဖြင့် ထွက်ခွာသွားပြီးနောက်၊ သူမသည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးကျန်ရှိသော မျိုးနွယ်စုအကြီးအကဲများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
အကြီးအကဲ ခုနစ်ဦးစလုံး၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုများကို အသီးသီး တွေ့မြင်နေရသည်။
စောစောက အားချင်း ပြောပြခဲ့သမျှသည် သူတို့၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ သူတို့သည် အကြီးအကဲများ ဖြစ်သည့်အားလျော်စွာ သိက္ခာကို ထိန်းထားရသဖြင့်သာ ထိုမိန်းကလေးနှစ်ဦးရှေ့တွင် အထိတ်တလန့် မပြခဲ့ကြခြင်းပင်။
မဟာချန် သိုင်းဘုံကျောင်းက ဘယ်အချိန်ကစပြီး ဒီလောက်တောင် စွမ်းအားကြီးသွားရတာလဲ။
နတ်ဆိုးတစ်ထောင်ဂူ ရော ရွှမ်ကွမ်းကူကိုပါ တစ်ပြိုင်နက်တည်း ရန်စရဲတယ်ဆိုတာ မလွယ်ကူလှဘူး။
...
အဘွားအိုသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် တိုးတိုးလေး ပြောလိုက်၏။ "ဟုန်တဲ စောစောက ပြောသလိုဆိုရင် သူ ငါတို့ ရွှီမိသားစုဆီ လာတာဟာ ယိုဝေလှံကို ကိုင်ထားရလို့ပဲ။ အဲဒီ နတ်ဆိုးဧကရာဇ်ကို ခဏလောက် ရှောင်ချင်ရုံသက်သက်ပဲ ဖြစ်လိမ့်မယ်။ တခြား မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမရဘူး။"
သူမသည် ဖြည်းဖြည်းချင်း အကြည့်ကို လွှဲလိုက်ပြီး "ဒါက အခွင့်အရေးတစ်ခုပဲ။"
"ငါးယောက်မြောက် အစ်မ... အစ်မပြောချင်တာက ဒီလို လူငယ်လေးတစ်ယောက်ကို အားကိုးပြီး ငါတို့ ဒီနေရာကနေ ထွက်သွားဖို့လား။" အကြီးအကဲတစ်ဦးက လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်ပြီး ဆက်ပြော၏။
"ကျွန်တော့်အမြင်ပြောရရင် မဟာချန်မှာ တကယ်ပဲ အဲဒီလို အင်အားမျိုးရှိတယ်ဆိုရင် သူ ဘာလို့ ရွှီမိသားစုဆီမှာ လာပြီး ခိုလှုံနေမှာလဲ။"
"နင်ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက အရေးမကြီးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါလည်း ဒီနေရာကနေ ထွက်သွားဖို့ မတွေးထားလို့ပဲ။"အဘွားအိုက ဆက်ပြော၏။
"ငါ ဆိုလိုတာက ရွှီမိသားစုဟာ အပြင်လောကမှာ တကယ်ပဲမဟာမိတ်တစ်ယောက် လိုအပ်နေတာ။ အားချင်းနဲ့ ဝမ်ယွင်ကို ကြည့်ပါဦး... သူတို့က မျိုးဆက်သစ်တွေထဲမှာ ထူးချွန်ကြပေမဲ့ အတွေးအခေါ်က အရမ်းနုနယ်လွန်းသေးတယ်။ ငါတို့အားလုံး အသက်ကြီးလို့ သေကုန်ကြပြီဆိုရင် ဒီဘာမှမသိတဲ့ ကလေးတွေနဲ့တင် သူတို့ကို ဘယ်သူက စောင့်ရှောက်ပေးမှာလဲ။"
"အကယ်၍ ငါတို့မှာအပြင်လောကမှာ ယုံကြည်ရတဲ့သူတစ်ယောက် ရှိနေမယ်ဆိုရင် မျိုးဆက်သစ်တွေခရီးထွက်ဖို့ပဲဖြစ်ဖြစ်၊အစီအရင်တွေအတွက် ပစ္စည်းစုဆောင်းဖို့ပဲဖြစ်ဖြစ် အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်။"
"မဟာချန်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ဆိုတာ မလွယ်ဘူး။ သူတို့က အရမ်းကြီးလွန်းလို့ ယုံကြည်ဖို့ ခက်တယ်။ ငါတို့အတွက်လည်း အဲဒီလောက် အင်အားကြီးတဲ့ မဟာမိတ် မလိုပါဘူး။ ဒါပေမဲ့ လူတစ်ယောက်တည်းနဲ့ပဲ ဆက်ဆံရေး တည်ဆောက်မယ်ဆိုရင်တော့ အများကြီး ပိုလွယ်သွားလိမ့်မယ်။" ဤသို့ပြောပြီးနောက် အဘွားအိုသည် အသက်ပြင်းပြင်း ရှူလိုက်၏။
မဟာချန်ထက်စာလျှင် သူမသည် ထိုလူငယ်လေးနှင့်သာ မဟာမိတ်ဖွဲ့လိုသည်။ အကယ်၍ သူက အားချင်းပြောသလို တကယ်ပဲ ပါရမီရှိသူ ဖြစ်နေမယ်ဆိုရင်ပေါ့။
"မေးစရာရှိတာက သူက သဘောတူပါ့မလား။ သူက ချင်းအာနဲ့ ပိုပြီး ရင်းနှီးပုံရတယ်" ဟု အခြားအကြီးအကဲတစ်ဦးက နဖူးကို ပွတ်ရင်း ပြောလိုက်၏။
"ဒီလောက် အစီအရင်ပညာမှာ ပါရမီရှိတဲ့ ချင်းအာက ငါတို့ရွှီမိသားစုရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်လာမှာလေ။ မျိုးနွယ်စုခေါင်းဆောင်ကို လက်ထပ်မဟာမိတ်အဖြစ် အသုံးချတာ နင်ဘယ်မှာ မြင်ဖူးလို့လဲ။"
အဘွားအိုက သူ့ကို စိတ်ပျက်သလို ကြည့်လိုက်ပြီး နှုတ်ခမ်းကို သပ်ကာ "အစီအရင်အတွက် ပြင်ဆင်ကြတော့" ဟု အမိန့်ပေးလိုက်သည်။
သူမ၏အမိန့်နှင့်အတူ မရေမတွက်နိုင်သော မျိုးနွယ်စုဝင်များသည် ရွာထဲသို့ ပျံနှံ့သွားကြပြီး ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားကာ ရွာအပြင်ဘက်ရှိ သီးခြားဧရိယာဆီသို့ ဦးတည်သွားကြ၏။
အလုပ်ခွဲဝေမှုက ရှင်းလင်းလှသည်။ လူတိုင်းသည် မိမိတို့တာဝန်ကို အသီးသီး ထမ်းဆောင်ကြလေ၏။
တစ်ညတည်းနှင့်ပင် ကောင်းကင်ယံ၌ အလင်းရောင် စတင် ပေါ်လာချိန်တွင် ရွှီဟုန်တဲသည် ရှန်းယီ၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အရာရှိရှန်း... အရပ်လေးမျက်နှာဖိနှိပ်ခြင်းအစီအရင် အဆင်သင့် ဖြစ်ပါပြီ။ ကျုပ်နောက်ကို လိုက်ခဲ့ပါ။"
"ပင်ပန်းသွားစေခဲ့ပါပြီ။"
ရှန်းယီ မတ်တပ်ရပ်လိုက်ပြီး အမွှေးဖြူမိစ္ဆာဧကရာဇ်၏ အကြွင်းအကျန်များကို သိမ်းဆည်းလိုက်၏။
တစ်ညလုံး သူ အချိန်ယူခဲ့ရသည်။
နတ်ဆိုးဧကရာဇ်၏အလောင်းမှ နတ်ဆိုးသွေး အစက်နှစ်ဆယ်ကျော်ကိုသာ သူ သန့်စင်နိုင်ခဲ့၏။
သို့သော် သတင်းကောင်းမှာ မဟာနတ်ဆိုးကိုးပါး အသွင်ပြောင်းခြင်းသည် တိုးတက်မှု အသစ်များ ရရှိခဲ့ခြင်းပင်။
သမင်ဖြူသည် နတ်ဆိုးသွေး အစက်သုံးရာကျော်ကို ဝါးမြိုခဲ့ပြီး ယခင်ရရှိထားသည်များနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၄၄၅ စက် ရှိသွားပြီ ဖြစ်သည်။
ထိုအသုံးစရိတ်သည် တကယ့်ကို ထိတ်လန့်စရာပင်။
အင်မော်တယ်နတ်ဆိုး တစ်ကောင်ကို ထောက်ပံ့ရန်အတွက် အထွတ်အထိပ်အဆင့် နတ်ဆိုးဘုရင် သုံးကောင်၏ အသွေးအသား လိုအပ်သည်။
ထိုသို့သော အာဟာရကျွေးမွေးမှုကြောင့် နတ်ဆိုးစွမ်းအားသက်သက်ဖြင့် ဖွဲ့စည်းထားသော သမင်ဖြူ၏ကိုယ်ထည်သည် နတ်ဆိုးဘုရင်အားလုံးကို ချေမှုန်းနိုင်စွမ်း ရှိနေပြီ ဖြစ်လေ၏။
၎င်းသည် ဆဋ္ဌမအကြိမ်မြောက် အသွင်ပြောင်းလဲခြင်း၌သာ ရှိသေးသည်။
ရှန်းယီ ခံစားမိသည်မှာ ဤမဟာနတ်ဆိုးအသွင်ပြောင်းခြင်းကျင့်စဉ်တွင် "ရတနာ" ဟူသော စကားလုံး မပါဝင်ခြင်းမှာ ၎င်း၏ နည်းလမ်းသည် အလွန်ကြမ်းတမ်းလွန်းသောကြောင့် ဖြစ်နိုင်၏။
ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် သူသည် နတ်ဆိုးသက်တမ်း ၉၀၀၀ ကျော် အသုံးပြုခဲ့ရ၏။ ပျမ်းမျှအားဖြင့် နတ်ဆိုးသွေး တစ်စက်ချင်းစီအတွက် သက်တမ်း အနှစ် ၃၀ ခန့် ကုန်ကျပြီး အင်မော်တယ်နတ်ဆိုး ပိုမိုအားကောင်းလာသည်နှင့်အမျှ ကုန်ကျစရိတ်လည်း ပိုမို တိုးလာမည် ဖြစ်သည်။
ရှန်းယီသည် နတ်ဆိုးသိုင်းပညာကို အချိန်ကြာမြင့်စွာ မကျင့်ကြံဖြစ်ခဲ့ခြင်းမှာ သူ ဆင်းရဲလွန်းသောကြောင့် ဖြစ်သည်။ စစ်မှန်သော ကျင့်စဉ် များနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ်နှင့် ရလဒ် အချိုးအစားက အလွန်နည်းလွန်း၏။
သို့သော် ကုန်ကျစရိတ်ကို ဖယ်ထားလျှင် စွမ်းဆောင်ရည် အလားအလာ တစ်ခုတည်းမှာပင် အရင်အတိုင်း ကြောက်စရာကောင်းနေဆဲပင်။
...
ရှေ့မှ ရွှီဟုန်တဲ လမ်းပြနေ၏။
ရှန်းယီက နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာသည်။
ဤထူးခြားဆန်းပြားသော နိဗ္ဗာန်ဘုံလေးသည် ဧရိယာအားဖြင့် သိပ်မကျယ်ဝန်းသော်လည်း အဖိုးတန်အပင်မျိုးစုံနှင့် ဝိညာဉ်စိုက်ခင်းများ ပြည့်စုံစွာ ရှိနေပြီး ကိုယ့်ခြေကိုယ်ပေါ် ရပ်တည်နိုင်သော နေရာတစ်ခု ဖြစ်သည်။
ရွှီမိသားစုသည် သူ့အတွက် သီးခြားကျောက်ဂူတစ်ခုကို ပြင်ဆင်ပေးထား၏။
၎င်းသည် ခြောက်သွေ့ပြီး မှောင်ရိပ်ကျနေကာ နတ်ဆိုးသခင်တစ်ပါးကို ဖိနှိပ်ထားသော နေရာနှင့် တူလှသည်။
"ဒါက နတ်ဆိုးဧကရာဇ်နဲ့ ပတ်သက်တဲ့ အရာမို့လို့ အရာရှိရှန်းကို ရွာထဲမှာ ထားရတာ မသင့်တော်ဘူးလို့ ယူဆမိပါတယ်။ ဒီမှာပဲ သည်းခံပြီး အနားယူပေးပါ။"
ရွှီဟုန်တဲက နူးညံ့သောအသံဖြင့် ရှင်းပြပြီးနောက် လူအုပ်ကြီးရှိရာသို့ ညွှန်ပြလိုက်၏။
"တစ်ခုခု လိုအပ်တာ ရှိရင် ဝမ်ယွင်ကိုသာ ပြောလိုက်ပါ။"
ရှန်းယီ ခေါင်းလှည့်ကြည့်လိုက်၏။
စူးစမ်းလိုစိတ်ဖြင့် ပြည့်နှက်နေသော ရွှီမိသားစုဝင်များကြားတွင် အားချင်းနှင့် ရွှီဝမ်ယွင်တို့ နှစ်ဦးစလုံးသည် ထူးဆန်းသော အမူအရာများဖြင့် ရပ်နေကြသည်။
အားချင်းသည် ယခင်ကလို ခေါင်းမာသော မျက်နှာပေးမျိုး မရှိတော့ဘဲ ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။ သူမသည် သူ့ဒေါ်လေးကို စိတ်ကောက်သလို ကျောပေးထားသည်။
ရွှီဝမ်ယွင်ကမူ အနေရခက်စွာဖြင့် သူမ၏အင်္ကျီလက်များကို ပွတ်သပ်နေ၏။ အရာအားလုံးက အဆင်ပြေနေခဲ့သော်လည်း မနေ့ညက အကြီးအကဲများ၏အိမ်မှ ထွက်လာပြီးကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
အားချင်းသည် သူမ၏လက်သီးကို တင်းတင်းဆုပ်ကာ သူမ၏ဒေါ်လေးသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သင့်ပြီး နတ်ဘုရားအသွင်ပြောင်းခြင်း သို့ တက်လှမ်းနိုင်ရန် ကြိုးစားသင့်ကြောင်း၊ သိက္ခာမဲ့သောလက်ထပ်မဟာမိတ်ကို လက်မခံနိုင်ကြောင်း ပြောခဲ့သည်။
ထိုအချိန်တွင် ရွှီဝမ်ယွင်သည် သူမ ခေါင်းထဲ ဘာဝင်သွားသည်မသိဘဲ မတော်တဆပင် "တကယ်တော့ အဲဒီလောက် သိက္ခာမဲ့စရာလည်း မဟုတ်ပါဘူး" ဟု ဝင်ပြောမိခဲ့၏။
ထိုသို့ပြောပြီးနောက် မိန်းကလေးငယ်သည် သူမကို တစ်ညလုံး စကားမပြောဘဲ ပစ်ထားလေတော့သည်။
အမှန်တကယ်လည်း ရွှီဝမ်ယွင်သည် ရှက်စရာ သိက္ခာမဲ့စရာဟု မခံစားမိခြင်းပင်။
စာအုပ်များတွင် လက်ထပ်မဟာမိတ်ကို မကောင်းသော အဓိပ္ပာယ်ဖြင့် ရေးသားလေ့ရှိသော်လည်း၊ ရှန်းယီ၏ ခရီးတစ်လျှောက် အမူအရာများသည် သူမကို အတော်လေး စိတ်လှုပ်ရှားစေခဲ့သည်။
အားကောင်းပြီး ယုံကြည်ချက်ရှိကာ စကားနည်းသော်လည်း ပျင်းစရာ မကောင်းပေ။
အထူးသဖြင့် သူလှုပ်ရှားလိုက်တိုင်း ထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါသည် လူတိုင်းကို အလိုအလျောက်မော့ကြည့်မိစေရန် လုံလောက်လှသည်။
သူ့လို ကျင့်ကြံသူတစ်ယောက်နှင့် သူမကို ပေးစားမည်ဆိုလျှင် ရှန်းယီကသာ ကိုယ့်ကိုယ်ကိုယ် မတရားဟု ခံစားရသင့်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရွှီ။"
ရှန်းယီ လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး ဘာမျှ ထပ်မမေးဘဲ မှောင်ရိပ်ကျနေသော ကျောက်ဂူထဲသို့ တိုက်ရိုက် ဝင်သွားလိုက်၏။
ထိုသည်ကို မြင်သောအခါ ရွှီဟုန်တဲ ခဏမျှ မှင်သက်သွားပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"မလိုပါဘူးဗျာ။"
ကျင့်ကြံသူများသည် အပြင်လောကတွင် ရှိနေစဉ် သတိကြီးကြသည်မှာ မှန်ပါသည်။
သို့သော် နောက်ဆုံးတွင် သူတို့က ကူညီပေးနေခြင်းသာ ဖြစ်သည်။
အကယ်၍ ရှန်းယီက တစ်ခုခုကို သံသယဖြစ်ပြီး မေးမြန်းနေမည်ဆိုလျှင်လည်း ရွှီဟုန်တဲက ရှင်းပြပေးမည် ဖြစ်သော်လည်း အနည်းငယ်တော့ စိတ်ထဲ တနုံ့နုံ့ ဖြစ်နေပေလိမ့်မည်။
တစ်ဖက်လူ၏ယုံကြည်မှုရှိသော အမူအရာက သူ့ကို အတော်လေး ကျေနပ်စေခဲ့သည်။
"ဟစ်"
ရှန်းယီဂူထဲသို့ ဝင်လိုက်သည်နှင့် သူ့အရေပြားပေါ်တွင် ပူလောင်သော ခံစားချက်ကို ခံစားလိုက်ရ၏ည်။
သူ့အင်္ကျီလက်ကို လိပ်တင်လိုက်ရာ အမည်းရောင်ကြေးခွံများမှအသံများ ထွက်ပေါ်နေပြီး အက်ကြောင်းများကြားမှ အဖြူရောင် မြူခိုးများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
အရပ်လေးမျက်နှာ၏ဟိန်းဟောက်သံများသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေပြီး ၎င်းသည် နတ်ဝိညာဉ် ကိုကာကွယ်ပေးကာ စိတ်ကူးယဉ် အတွေးများကို ဖယ်ရှားပေးနိုင်သည်။
ဤကဲ့သို့သော နေရာမျိုးတွင် နေရုံနှင့်ပင် သူ ဘာမျှ လုပ်နေစရာ မလိုဘဲ ယိုဝေလှံ၏သက်ရောက်မှုများကို တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်မည်။
ရှန်းယီသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ယင်ဝိညာဉ် ကို ဂူအပြင်ဘက်တွင် စောင့်ကြပ်ခိုင်းလိုက်သည်။
ထို့နောက် အမွှေးဖြူမိစ္ဆာဧကရာဇ်၏ အလောင်းကို ထုတ်ယူကာ သန့်စင်ရန် ပြင်ဆင်လိုက်ပြီး ရွှီဝမ်ယွင် စောစောက ပေးခဲ့သော စာအုပ်ငယ်ကို လှန်ကြည့်လိုက်၏။
[နတ်ဆိုးရတနာသန့်စင်ခြင်းနည်းစနစ်- မစတင်ရသေး]
နတ်ဆိုးဧကရာဇ်၏လွှမ်းမိုးမှုကို ဖယ်ရှားရုံသက်သက်မှာ ရှန်းယီလိုချင်သည့်အရာ မဟုတ်ပေ။ ဤမျှ အဖိုးတန်သော နတ်ဘုရားလှံသည် သူနှင့် ရေစက်ပါလာပြီ ဖြစ်သဖြင့် ၎င်းကို သူပိုင်ဆိုင်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။
စာအုပ်ငယ်တွင် ကျင့်စဉ်မပါဝင်ဘဲ နည်းစနစ် သက်သက်သာ ပါဝင်ပြီး အဆင့်သတ်မှတ်ချက်ပင် မရှိပေ။
ရှန်းယီ မျက်လုံးမှိတ်လိုက်ပြီး နတ်ဆိုးသက်တမ်း ဆယ်စုနှစ်နှစ်ခုကျော်ကိုသာ အသုံးပြုကာ ၎င်းကို အပြည့်အဝ တတ်မြောက်သွားလေသည်။
သူသည် ယိုဝေလှံကို ဒူးပေါ်တွင် တင်လိုက်ပြီး နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးသွေးကို စုပ်ယူရန် အာရုံစိုက်လိုက်၏။
အလုပ်နှစ်ခုစလုံးကို လစ်ဟင်းမှုမရှိစေဘဲ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေလေတော့သည်။