← Chapters

အခန်း (၁၈၉၁)

Vol. 136 Ch. 1891

အခန်း (၁၈၉၁)

Vol. 136 Ch. 1891

အပိုင်း(၁၈၉၁)

နာရီအနည်းငယ် ကြာပြီးနောက် ချောင်စွေ့ဖုန်းမှာ နှုတ်ခမ်းထောင့်တွင် အပြုံးစလေး တစ်ခုဖြင့် ကုန်းပတ်ပေါ်သို့ ပြန်တက်လာ၏။ သူမ၏ စိတ်ထဲရှိ သိမ်ငယ်မှုနှင့် ကြောက်ရွံ့မှုများမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကြီးမှာ ယခင်ကထက်ပင် ပို၍ လှပနေသကဲ့သို့ ခံစားရသည်။

မူလ အာဏာရှင်များနှင့် ခြားနားစွာပင် ချောင်စွေ့ဖုန်းမှာ ကျင့်ကြံခြင်း အခြေခံ အလွန် မြင့်မားလှသော်လည်း ဗဟုသုတ နည်းပါးမှုကြောင့် ကြောက်ရွံ့မှုများကို ခံစားရလွယ်ခြင်း ဖြစ်သည်။ လျူစုယင်မှာ သူမထက် အဆပေါင်း များစွာ အသက် ပိုမို ငယ်သော်လည်း အာကာသ ဝေဟင်ဂိုဏ်း၏ လက်ထောက် ဂိုဏ်းချုပ် ဖြစ်လေရာ ပိုမို၍ အသိပညာ ကြွယ်ဝသည်။

"နာရီပိုင်းပဲ ကြာသေးတာလား"

ချောင်စွေ့ဖုန်း အံ့အားသင့် သွားခဲ့၏။ ဝေ့ဝူယင်၏ အခန်းအတွင်းရှိ အချိန် စီးဆင်းမှု အရှိန်က အံ့မခန်းပင်။ မည်သို့ပင် ဆိုစေ... အခြားသူများမှာလည်း စိတ်ရွှင်လန်းနေကြသဖြင့် သူမလည်း သူတို့နှင့်အတူ ပြန်လည် ပူးပေါင်းလိုက်တော့သည်။

"သတ္တဝါအသစ်တွေ ထပ်တွေ့သေးလား"

ချောင်စွေ့ဖုန်းက လျူစုယင်ထံသို့ သွားရင်း မေးလိုက်သည်။

"တွေ့တယ်... လေးထောင့်ပုံသဏ္ဌာန်နဲ့ အကြေးခွံတွေပါတဲ့..."

သင်္ဘောအား မောင်းနှင်နေသည့် စုမေ့သည် ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ ခေါင်းညိတ်လိုက်မိ၏။ ဝေ့ဝူယင်သည် လူများ၏ စိတ်ပညာကို ကိုင်တွယ်ရာတွင် အလွန်ပင် ကျွမ်းကျင်လှပေသည်။ ချောင်စွေ့ဖုန်းအနေဖြင့် လောကကြီး၏ ကျယ်ပြောမှုကို သတိပြုမိပြီး စိတ်ဓာတ်ကျလာမည့် အချိန်တွင် သူမအား အောက်ထပ်သို့ လွှတ်ရန် ဝေ့ဝူယင်က ကြိုတင် မှာကြားထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ၌ အရာရာက အဆင်ပြေသွားပြီ ဖြစ်လေရာ သူမ အနေဖြင့် ထိုမိန်းကလေးများ အာရုံပြောင်းစေမည့် ထူးခြားသော ဖြစ်စဉ်များကိုသာ ရှာဖွေပေးရန် လိုတော့သည်။

အမှန်စင်စစ် စုမေ့ ချောင်စွေ့ဖုန်းတို့ကို ညာခဲ့ခြင်း ဖြစ်သည်။ သူတို့ သွားနေသည့် လမ်းကြောင်းမှာ အဖြူရောင် အဘိဿဲလ် ဂလက်ဆီဆီသို့ တိုက်ရိုက်သွားရောက်ရန် မဟုတ်ချေ။ နတ္ထိ ဟင်းလင်းပြင် အတွင်းရှိ ထူးဆန်းသော အရာများကို ရှာဖွေရန်သာ ဖြစ်သည်။ ဥပမာအားဖြင့် 'ကာကူး စားသုံးသူများ’ ရှိသည့် နယ်မြေကို ဖြတ်သန်းရန်မှာ သူတို့ ကြိုတင် သတ်မှတ်ထားသည့် အစီအစဉ် တစ်ခုပင်။

ထိုအတွက်... စုမေ့သည် သင့်တော်သည့် အချိန်ရောက်သည်အထိ တစ်ရက်တိုင်တိုင် ပတ်မောင်းနေခဲ့ပြီး အနီးအနားတွင် သူတို့ကို ချက်ချင်း ဝါးမြိုပစ်နိုင်သည့် အရွယ်ရောက် သတ္တဝါကြီးများ မရှိတော့မှသာ ထိုနယ်မြေကို ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးမှာ ထိုဖြတ်သန်းမှုကို သတိကြီးစွာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အကာအကွယ် အစီအရင်များကို လျှော့ချလိုက်မိပါက မည်သို့မှန်း မသိဘဲ ချက်ချင်း သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

ချောင်စွေ့ဖုန်းနှင့် ကျန်လူများမှာ လှပပြီး ထူးဆန်းသည့် အခြား ဟင်းလင်းပြင် သတ္တဝါများကို ကြည့်ရှုနေကြသည်။ ဤသည်မှာ တိရစ္ဆာန်ရုံ သို့မဟုတ် ငါးပြတိုက်တစ်ခုကဲ့သို့ပင် အမျိုးသမီးများအတွက် လှပသော အာရုံပြောင်းစရာ တစ်ခု ဖြစ်နေတော့သည်။

...

ဝေ့ဝူယင်သည် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးရှေ့တွင် ရပ်နေ၏။ သူ၏ အဂ္ဂိရတ် ဧဒင် ကြယ်စွမ်းအင်များမှာ မှော်ဆေးအိုးအတွင်းသို့ အံ့ဖွယ်ကောင်းအောင် စီးဝင်နေပြီး အခန်းတစ်ခုလုံးတွင်လည်း အသန့်စင်ဆုံး မြူနှင်းများမှာ အသက်ရှူရခက်လောက်အောင်ပင် ထူထပ် များပြားစွာ ဖုံးလွှမ်းနေသည်။ ကံကောင်းထောက်မတာ တစ်ခုက ဝေ့ဝူယင်မှာ အသက်ရှူရန် မလိုတော့ခြင်းပင်။

အာရုဏ်ဦး လေပွေဇုံ အတွင်း၌ တစ်နှစ်ကျော် အချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုအတောအတွင်း လျှို့ဝှက်မြေကြီးနှင့် လျှို့ဝှက်လောကအဆင့် ထုတ်ကုန်များကို ဆက်တိုက် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။

ဟူး... ဟူး...

မှော်ဆေးအိုးအတွင်းမှ အဂ္ဂိရတ် ဖော်စပ်ခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သည့် 'ပေါင်းစပ်ခြင်း' ၏ ထူးခြားသော အရောင်အဝါများ တောက်ပလာသည်။ ဆေးအိုးမှာ အနည်းငယ် တုန်ခါသွားပြီးနောက် အသန့်စင်ဆုံး မြူနှင်းများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာကာ အခန်းတွင်းရှိ မြူခိုးများကို ပို၍ ထူထပ်သွားစေသည်။ ထိုပန်းထွက်လာသည့် မြူခိုးပမာဏမှာ ဝေ့ဝူယင် ယခင်က ဖော်စပ်ခဲ့သမျှ အဆင့်ကိုး ဆေးလုံးများ အားလုံးပေါင်းထက်ပင် သာလွန်နေသေးသည်။ ထို့အပြင်... မြူခိုးများအတွင်း၌ လောက၏ အရှိန်အဝါကို ထုတ်လွှတ်နေသည့် အဂ္ဂိရတ် သင်္ကေတလေးများ မှိတ်တုတ်မှိတ်တုတ် ပေါ်ပေါ်လာတတ်သည်။

"တစ်ကြိမ်လေးတောင် မကျရှုံးဘူးလား"

ဝေ့ဝူယင်၏ အသိစိတ်ပင်လယ်အတွင်းမှ နေ၍ မယုံနိုင်လောက်အောင် အံ့ဩနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ချောင်စွေ့ဖုန်းနှင့် ခဏတာ အနားယူခဲ့သည်မှလွဲ၍ တစ်ဆယ့်ခြောက်လတိုင်တိုင် ဆေးဖော်စပ်ခဲ့ရာတွင် ဝေ့ဝူယင် တစ်ကြိမ်တစ်ခါမျှ မကျရှုံးခဲ့ချေ။

တစ်ကြိမ်လေးတောင် မကျရှုံးခဲ့ခြင်းပင်...။

ထို့ပြင်... ဤသည်မှာ 'လျှို့ဝှက်လောက' အဆင့်ရှိ 'အာရုဏ်ဦး နေကြယ် မှော်ဆေးလုံး' ဖြစ်နေသည် မဟုတ်ပါလား။

၎င်းမှာ အဆင့်နိမ့် အဆင့်မျှသာ ဖြစ်သော်လည်း ရလဒ်က ကောင်းကင်စစ်ဝိညာဉ် အဖို့ အိပ်မက်တစ်ခုနှယ် ခံစားရစေသည်။ ဆရာများက ထူးချွန်သည့် ကလေးများကို ပိုမို မြင့်မားသော အဆင့်များတွင် ခက်ခဲလိမ့်မည်ဟု သတိပေးတတ်ကြသည်။ ထိုနည်းတူစွာပင် သူမသည်လည်း ဝေ့ဝူယင်၏ အဂ္ဂိရတ်တာအို စွမ်းဆောင်ရည်များမှာ အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း လက်တွေ့တွင်မူ လုံးဝ ဆန့်ကျင်ဘက်ပင်။ လျော့မသွားရုံတင်မကဘဲ ပို၍ပင် အံ့ဩစရာကောင်းကာ အဓိပ္ပာယ်မရှိလောက်အောင် တိုးတက်လာခြင်း ဖြစ်ပေသည်။

ဝေ့ဝူယင်က လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်ရင်း မြူခိုးများ ကင်းစင်သည့် နေရာလေးတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် ဆေးအိုးနှုတ်ခမ်းဝမှ လက်ကို အပေါ်သို့ မြှင့်လိုက်သည်။

ဝှစ်... ဝှစ်... ဝှစ်...

ဆေးလုံး သုံးဆယ့်သုံးလုံးမှာ ဖြည်းညင်းစွာပင် အပေါ်သို့ လွင့်တက်လာကြသည်။

အာရုဏ်ဦး နေကြယ် လောက ဆေးလုံး သုံးဆယ့်သုံးလုံး...

ထို့ပြင် အဆင့်နိမ့် သို့မဟုတ် အဆင့်မြင့် အရည်အသွေး တစ်လုံးမျှပင် မပါဝင်ချေ။ ဆေးလုံးတိုင်းမှာ 'အထွတ်အထိပ် အဆင့်' အရည်အသွေးများ ဖြစ်သည်။

သူ၏ ကြယ်တာရာ ဝိညာဉ် လေးကောင်မှာ ခန္ဓာကိုယ် ပြင်ပသို့ ထွက်ခွာလာကာ ဗိုက်ဆာနေသည့် ဝံပုလွေများကဲ့သို့ပင် တစ်ကောင်ကို ရှစ်လုံးစီ သိမ်းဆည်းလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ တစ်လုံးတည်းသာ ကျန်ရစ်တော့သည်။

ဝေ့ဝူယင်၏ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများမှာ ထူးခြားစွာ တောက်ပလာကာ လှပသော သင်္ကေတများ ပါရှိသည့် ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ထုတ်ယူ၍ ကျန်ရှိသည့် တစ်လုံးတည်းသော ဆေးလုံးကို ထည့်သွင်းလိုက်သည်။

ကြယ်တာရာ ဝိညာဉ်များက လောကအား တုန်လှုပ်စေလောက်သော အရှိန်ဖြင့် ဆေးလုံးများကို ချေဖျက်နေစဉ် သူ၏ မျက်နှာမှာ အတွေးများဖြင့် လေးနက်နေတော့သည်။

"ဆရာ... တစ်ခုခု မှားနေလို့လား"

ပိုင်ရှုက သူမ၏ ရင်ခုန်သံကို ထိန်းချုပ်ရင်း မေးလိုက်၏။ လျှို့ဝှက်လောက အဆင့်ရှိ အထွတ်အထိပ် ဆေးလုံး သုံးဆယ့်သုံးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သဖြင့် ထွက်ပေါ်လာသည့် အသန့်စင်ဆုံး မြူနျင်းများမှာ ဝေ့ဝူယင် တစ်သက်တာလုံး ဖော်စပ်ခဲ့သမျှသော ဆေးလုံးများထက်ပင် သာလွန်နေတော့သည်။

ဝေ့ဝူယင်က ဆာလောင်နေသည့် သားရဲတစ်ကောင်၏ ဝါးမြိုသံကဲ့သို့သော အသံများ ခပ်အုပ်အုပ် ထွက်ပေါ်နေသည့် ဆေးအိုးကို ကြည့်လိုက်သည်။ မြူခိုးများမှာ များပြားလွန်းသဖြင့် ပိုင်ရှုပင် အကုန်လုံးကို မထိန်းချုပ်နိုင်တော့ချေ။

အဘယ်ကြောင့်နည်း။ ထိုအရာက ဝေ့ဝူယင် အလားတူ ဖော်စပ်ခဲ့သည့် တတိယမြောက် အသုတ် ဖြစ်သောကြောင့် ဖြစ်သည်။

ဝေ့ဝူယင်မှာ သူ မည်ကဲ့သို့ ခံစားနေရကြောင်း ဖော်ပြ၍ မရနိုင်အောင် ဖြစ်နေခဲ့၏။ ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များနှင့် လက်ရှိ သူကိုယ်တိုင်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေရုံတင်မကဘဲ နှိုင်းယှဉ်၍ပင် မရလောက်အောင် ဖြစ်နေသည်ဟု ခံစားရသည်။

"ကြယ်တာရာ ပါရဂွန် ခန္ဓာကြောင့်လား...”

ဝေ့ဝူယင်သည် ယခင်က မခံစားဖူးသည့််လျှို့ဝှက်တာအိုနှင့် တစ်သားတည်းကျမှုကို ခံစားနေရသည်။ သူသည် လျှို့ဝှက်အဆင့် ဆေးဖက်ဝင် ပစ္စည်းများ၏ အနုစိတ် အချက်အလက်များကို သိမြင်နိုင်ပြီး မြေကြီးရှန့်ထို အဆင့် ဝတ်စုံနက် ဝေ့ဝူယင်ပင် မမှန်းဆနိုင်သည့် အဆင့်အထိ သန့်စင်နိုင်စွမ်း ရှိနေသည်။ ထို့ပြင် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကလည်း သိသိသာသာ အထောက်အကူပြုနေသည်။

“ကောင်းကင်ဘုံ နတ်မျက်လုံးရဲ့ ကောင်းကင် အကြည့်နဲ့ ဖန်တီးခြင်း မျက်လုံးတွေက အဓိက ကွာခြားသွားတာ နေလိမ့်မယ်...”

ဝေ့ဝူယင် အနေဖြင့် သူ၏ ဝိညာဉ်အင်အားကို သုံး၍ ထိပ်တန်းအဆင့် ဆေးဖက်ဝင် ပစ္စည်းများကို ဖန်တီးနိုင်ပြီး ၎င်းတို့၏ ချို့ယွင်းချက်မှန်သမျှကို ပြုပြင်ပေးနိုင်လေရာ ၎င်းကပင် ဆေးဖော်စပ်မှုတိုင်း၏ အရည်အသွေးနှင့် အောင်မြင်မှုကိုသာ တိုးတက်စေခြင်း ဖြစ်ပေသည်။

သူ ပိုင်ဆိုင်ထားသည့် အားသာချက်များအားလုံးမှာ အရှိန်အဟုန်ဖြင့် စုပုံလာနေသည်။ မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ဖြတ်ကျော်သွားခြင်းမှာ မယုံနိုင်စရာ ဖြစ်သော်လည်း တကယ်တမ်းအားဖြင့် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကြောင့် သူသည် ထိုအဆင့်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသား ဖြစ်သည်။ သို့သော်လည်း... ယခု သူ့တွင် ရှိနေသော အားသာချက်များမှာမူ ဝတ်စုံနက် ထံတွင် မရှိခဲ့ချေ။

ကြယ်တာရာ ပါရဂွန် ခန္ဓာ၊ ကောင်းကင်ကို ဖီဆန်နိုင်သည့် အခြေခံ၊ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ၊ ဖန်တီးခြင်း မျက်လုံး၊ အဆုံးမဲ့ စွမ်းအင်များကို ထောက်ပံ့ပေးနေသည့် ဖီဆန်ပေါက်စ၊ ‌ဆေးဖော်စပ်မှု အဆင့်တိုင်းတွင် ကူညီပေးနေသည့် ပိုင်ရှု၏ အာရုဏ်ဦး ဖီဆန် မှော်သန့်စင်ဆေးအိုး တို့အပြင် ဝတ်စုံနက် ဝေ့ဝူယင်ထက် များစွာ သာလွန်သည့် 'အဋ္ဌမမြောက် ရင်းမြစ် ခြေချခြင်း အစီအရင်’ ကဲ့သို့သော အဂ္ဂိရတ် နည်းလမ်းများနှင့် 'ဒုတိယ စိတ်'၊ 'ဧဒင် စာကြည့်တိုက်' တို့၏ ပံ့ပိုးမှုများအားလုံးက သူ့အား ဤအဆင့်သို့ ပို့ဆောင်ပေးခဲ့ခြင်းပင်။

***

All Chapters